Tuesday, July 2, 2013

နှပ်ကြောင်းပေးထားတာသိရင်လည်း ပုံအောပြီးမထိုးကြနဲ့ပေါ့

Tuesday, July 2, 2013
ဆရာတူမောင်ညိုက မျိုးစောင့်ဥပဒေဆိုတဲ့ ခဲတလုံးနဲ့ ငှက်ဘယ်နှကောင် ကားကနဲ ဖြစ်သွားသည် ဟု ပြောလေသလဲမသိ။ ကြံ့ဖွတ်က ကိုးလုံးကျည်ကိုသုံးလိုက်သည်ဟုသာ ဆိုချင်သည်။ ကိုးလုံးကျည်ဆိုသည်မှာ ထိုင်းရောက်မြန်မာများခေါ်သော သေနတ်တမျိုးဖြစ်သည်။ အရပ်စကားပြောကြသည်မှာ ကိုးလုံးကျည်မှာ ကျည်ဆံတတောင့်တည်းဖြစ်သည်။ ပစ်လိုက်သည်နှင့် ထိပ်ဖူးရှိခဲကလေးများမှာ အမြောက်အများ (ကိုးလုံးတိတိ) ဖွာထွက်သွားပြီး အပစ်ခံရသူမှာ လွတ်နိုင်ဖို့မလွယ်။ ပစ်မှတ်အများအပြားကိုလည်း ကျည်တတောင့်တည်းနှင့် ပစ်နိုင်သည်ဟုဆိုကြသည်။ ဟုတ်မဟုတ်နှင့် ထိုသေနတ်ကို ဘယ်လိုခေါ်သည်ဟု မသိပါ။ အရပ်သုံးစကားသာ ဖြစ်ပါသည်။

ဒီတခါတော့ ဖဲသမားစကားနှင့် နိုင်ငံရေးအကြောင်း နည်းနည်းပြောချင်သည်။ မဖတ်ချင်လျှင်တော့ ဘယ်နှမိနစ်မှ အချိန်ပေးမဖတ်ပါနှင့်။ ဖဲဝိုင်းတ၀ိုင်းတွင် နှပ်ကြောင်းပေးထားသည့်အလှည့် (ထောင်ချောက်ဆင်ထားသည့်အလှည့်) ကို ကြုံတွေ့ရသည် ဆိုပါစို့။ ထိုသို့ နှပ်ကြောင်းပေးထားသည့်အလှည့်တွင် ကိုယ်တိုင်ပါဝင်သိရှိနေကြသည် ဆိုပါစို့။ အဆွေဖဲသမား..... သင်ဘာလုပ်မည်နည်း။ လွယ်ပါသည်။ ဒီတလှည့်မထိုးနဲ့ပေါ့။ မထိုးမဖြစ်ထိုးရလျှင်လည်း ရှိသည့်ပိုက်ဆံထဲမှ အသေးဆုံးတရွက်သာ ချထိုးလိုက်ပါ။ မိုက်မိုက်ကန်းကန်းနှင့် ပုံအောပြီး ရှိသမျှအကုန်ထိုးလိုက်လျှင်တော့ သင့်ထိုက်နှင့်သင့်ကံပေါ့အဆွေ။

ထိုသို့မဟုတ်ဘဲ ဖဲလိမ်ရိုက်နေသည် ဘာညာနှင့် ၀ုန်းဒိုင်းထလုပ်ချင်လျှင်လည်း ရပါသည်။ ကံမကောင်းလျှင်တော့ ဓားထိုးခံရပြီး ဆေးရုံရောက်နိုင်ပါသည်။ အခန့်မသင့်လျှင်လည်း နောက်ဘ၀မှာများဆုံတွေ့ရလျှင် ဒီဘ၀လိုမဖြစ်ပါရစေနဲ့ကွာ ဟု သီချင်းလေးညည်းပြီး ဦးကျော်သူနှင့် နှစ်ပါးသွားနိုင်ပါသည်။

ပထမမ္ပိ သားဖွားနှုန်းကန့်သတ်သည့်နှပ်ကြောင်းနှင့် စကြည့်ပါမည်။ ဘင်္ဂါလီကုလားများက အနောက်မြို့ရိုးမှ မိုးစက်မိုးပေါက်ကလေးများကျလာသည့်ပမာ တပြွတ်ပြွတ်နှင့် ကလေးမွေးကြကုန်၏။ ကြံ့ဖွတ်အစိုးရက နှစ်ယောက်မွေးပြီး ချုပ်ပစ်လိုက်ကွာ ထပ်မမွေးစေနဲ့ဟု ဒေသန္တရအမိန့်ထုတ်သလိုလိုနှင့် နှပ်ကြောင်းချလိုက်သည်။ (ချုပ်ဆိုသည်မှာ ကလေးမွေးနှုန်းထိန်းချုပ်သည်ကို အတိုကောက်ဆိုထားခြင်းဖြစ်သည်) အတိုက်အခံခေါင်းဆောင် အန်တီဒေါ်အောင်ဆန်းစုကြည်က လူအခွင့်အရေးချိုးဖောက်သည်ဟုဆိုကာ အသေးသုံးလေးနှင့် ကံစမ်းလိုက်သည်။ ၀ုန်းဒိုင်းဆိုပြီးရင်ဆိုင်လိုက်ရသည်က တိုင်းပြည်ထဲမှာရှိနေသည့် တိုင်းရင်းသားအစစ် ပြည်သူတွေရဲ့အဖြစ်တောင် လူ့အခွင့်အရေးဘယ်ဆီနေမှန်းမသိ။ ခိုးဝင်ကုလားအခွင့်အရေး အန်တီတွေးပူစရာလားဆိုသည့် ပြည်သူများရဲ့စစ်မျက်နှာပြင်။ ထိုအချိန်တွင် ကြံ့ဖွတ်က အမိန့်မထုတ်ရပါဆိုသော လေပြေလေညှင်းလေးနဲ့ ထောင်ချောက်အဖုံးကိုဂွပ်ကနဲဖုံးလိုက်သည်။ နှပ်ကြောင်းချထားသည့်အတိုင်း ကွက်တိဝင်သွားသဖြင့် အန်တီ့အသေးသုံးလေးပါသွားသည်။

ပိုဆိုးသည်က အစိုးရကအမိန့်ထုတ်မထုတ်ဆိုသည်ကို လွှတ်တော်တွင်းရှိအမတ်မင်းများကိုယ်တိုင် မသိရသေးဘဲ ကာကွယ်ပေးချင်စိတ်များသွားသည်ထင်သည်။ ဒါတောင် အန်တီဒေါ်အောင်ဆန်းစုကြည်က ဂျက်ကီချန်း၊ ဂျက်လီကားများ အကြည့်များသဖြင့် အရှောင်အတိမ်းကောင်းသောကြောင့် တော်သေးသည်။ ဆယ့်လေးနှစ်၊ ဆယ့်ငါးနှစ် တကိုယ်တည်း အတွင်းအားကျင့်စဉ်ကို ကျင့်လာခဲ့သောကြောင့် ခံနိုင်ရည်အားကောင်းသည်။ ထောင်ချောက်ထဲခြေချော်လဲပြီး ခြေထောက်နာသွားရုံဒဏ်ရာရသည်။ ဘောလုံးသမားစကားညှပ်ပြောရလျှင် ဒီရာသီတွင်တော့ နှစ်ပွဲသုံးပွဲ နားရမည်ထင်သည်။

ဒုတိယမ္ပိ ကြံ့ဖွတ်က မျိုးစောင့်ဥပဒေဆိုသည့် ကိုးလုံးကျည်ကို ဘာသာရေးဆိုသည့် လက်ပစ်ဗုံးချိတ်၍ ပစ်လိုက်ပြန်သည်။ မရှောင်ရင်လွတ်တယ် ဟုပြောရမလို။ ရှောင်ကာမှပိုဆိုးကုန်သည်။ ထောင်ချောက်ကွ ထောင်ချောက်ဟုအော်ပြီး ကန့်ကွက်ကြသည်။ အမျိုးသမီးတချို့က အမျိုးသမီးအခွင့်အရေးဆိုပြီး ဆတ်ဆတ်ထိမခံ လက်တီးလက်မောင်းတန်းသည်။ အတိုက်အခံလွှတ်တော်အမတ် မဇင်မာအောင်က လက်ခမောင်းတဖြောင်းဖြောင်း ထခတ်သည်။ အန်တီဒေါ်ဇီးကွက်က ထမိန်စွန်တောင်ဆွဲကာ ပြေးလိုက်သည်။ ဒဲ့လော်ဘီလုပ်သူ၊ တွက်လော်ဘီလုပ်သူ၊ ဘေးတိုက်လော်ဘီလုပ်သူများနှင့် ဘုန်းကြီးစာချများက ဘေထိ ဘေထိ ဆိုင်းတီးပေးကြသည်။ တိုင်းမ်းမဂဇ္ဇင်းနှင့် ကိုကိုမွတ်များက အချိန်နှင့်တပြေးညီ ချိန်ကိုက်ဗုံးထဖောက်သည်။

သံဃာတော်ကြီးများလည်း မနေသာ။ ဆွမ်းပင်ဖြောင့်အောင်မဘုန်းပေးနိုင်တော့။ သင်္ကန်းကြီးတဖားဖားနှင့် လွှားကနဲ ကြိုးဝိုင်းထဲခုန်ဝင်လာကာ သင်းပိုင်ကို ခါးတောင်းကြိုက်ကြကုန်၏။ အနကိုဋ် (သံဃာများအတွင်းခံဝတ်အင်္ကျီ) ပင်မပါတော့။ သန်း ၅၀ ပမာဏခန့်ရှိသော ဘုန်းကြီးကျောင်းသားများက လောက်လေးခွများကိုင်ကာ မည်းမည်းမြင်သမျှပစ်မည်ဆိုပြီး ဘုန်းတော်ကြီးများနောက်မှ ပြေးလိုက်လာကြသည်။ ခွေးများလည်း တစီစီ အူကြကုန်၏။

ကျားနှင့်ဆင် လယ်ပြင်မှာတွေ့ကြလေပြီ။ ကြံ့ဖွတ် မြေခွေးက သားရည်တမြားမြားနှင့် ဘုရားပွဲတွေ့နေသည်။ မျိုးစောင့်ဥပဒေကား ဘယ်ဆီနေမှန်းမသိသေး။ ကြံ့ဖွတ်အစိုးရ၀န်ကြီးတဦးက မျိုးစောင့်ဥပဒေဆိုသည်မှာ ပြည်သူများကြားထဲတွင်သာ ရှိသေးသည်ဟုပြောနေပြန်ပါသည်။ ဘဘကြီးသန်းရွှေသည် စာဖတ်ချင်ယောင်ဆောင်ကာ စာအုပ်ပေါ်မှကျော်ပြီး ကြိုးဝိုင်းထဲကိုကြည့်၍ တခစ်ခစ်နှင့် ရွှေဘောတော်ကျနေ၏။

ပထမမ္ပိ နှင့် ဒုတိယမ္ပိ တို့သည် ကြံ့ဖွတ်အစိုးရ၏ အတိုက်အခံပါတီအပေါ်ထောင်ချောက်ဆင်မှုများ ဖြစ်ကြောင်းထင်ရှားသည်။ ပြည်သူနှင့် တသားတည်းဖြစ်သော အတိုက်အခံကို ပြည်သူ သံဃာတော်တို့နှင့် လှည့်တိုက်ပေးနေသည်။ အသူတို့သည် ထောင်ချောက်မှန်းသိသိနှင့် တိုးဝင်နေကြသနည်း။ အသူတို့သည် စစ်အစိုးရချပေးထားသော နှပ်ကြောင်းတွင် ပုံအောထိုးနေကြသနည်း။ အသူတို့သည် ပြည်သူနှင့်နားလည်မှုရယူရန်မကြိုးစားဘဲ စစ်မျက်နှာဖွင့်ရန် ကြိုးစားနေကြသနည်း။

နိုင်ငံရေးခေါင်းဆောင်များနှင့် အတိုက်အခံတို့သည် ပညာတတ်များ၊ ပညာရှင်များ၊ လိမ္မာပါးနပ်သူများ ဖြစ်ကြသည်။ ပြည်သူလူထုအများစုမှာ လက်လုပ်လက်စားနှင့် ပညာမဲ့သူတို့သာဖြစ်သည်။ ပညာတတ်များ၊ လိမ္မာပါးနပ်သူများမှ ပြဿနာကို ရှောင်ကွင်းသွားကြခြင်းမှာ အကောင်းဆုံးနည်းလမ်းသာဖြစ်သည်။

တတိယမ္ပိ ထောင်ချောက်ကို စောင့်မျှော်ကြရပါအုံးမည်။ ထောင်ချောက်မှန်းသိသိနှင့် တိုးဝင်မည့်ပညာတတ်များ ပုဆိုး၊ ထမိန်တို့တင်းတင်းဝတ်၍ ခါးတောင်းကျိုက်ထားစေလိုပါသည်။ ထမိန်စွန်တောင်ဆွဲ၍ ပြေးလိုက်မည့်သူများ၊ ပုဆိုးမနိုင် ပုဝါမနိုင်နှင့် လက်သီးလက်မောင်းတန်းမည့်သူများကို မမြင်လိုပါခင်ဗျား။

မောင်ပါလ
၁.၇.၂၀၁၃


http://mgpala.blogspot.com/2013/07/blog-post.html မှ .....

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...