Thursday, July 18, 2013

ဖက်ဆစ်သမား ၊ သူ့နိုင်ငံ နှင့်သူ့စိတ်

သေချာလွန်းပါ၏၊ တခြားသောသူတို့က ငါတို့ကို ပိုင်းခြားသတ်မှတ်ထားသော ပုံစံသည် တို့ကိုယ်တို့ မြင်မိသော ပုံစံနှင့်  ခြားနားတတ်သည်ကို ငါတို့ သတိမမူမိတတ်ကြ ။ အီတလီ ပုံပြင်ဟောင်း တစ်ပုဒ်တွင် စိတ်ဝင်စားဖွယ် သင်ခန်းစာ တစ်ခုကို တွေ့မိပါရဲ့  —

 ၁၉၂၀ နှစ်များက ဖက်ဆစ်နိုင်ငံရေးသည် အီတလီ နိုင်ငံအဝှမ်း အုတ်အော်သောင်းတင်း လူထုထောက်ခံမှုကို ရယူ အရှိန်ကောင်းလာလေရာ — ဖက်ဆစ်ပါတီအတွက် လူစုဆောင်းသော နိုင်ငံရေး အရာရှိသည် တောသား ဆိုရှယ်လစ်တစ်ဦးနှင့် ထိုတောသားသည် ဆိုရှယ်လစ်ပါတီ အစား ဖက်ဆစ်ပါတီကိုသာ ပူးပေါင်းပါဝင်သင့်ကြောင်း သူတို့နှစ်ဦး ငြင်းခုံကြလေ၏ ။ “ကျုပ်တော့ဖြင့်” ဖက်ဆစ်ပါတီဝင် အလောင်းအလျာ ဖြစ်လာနိုင်သော တောသားက ဆိုလေ၏  “နင့်ပါတီထဲ မဝင်နိုင်ပေါင်။ ကျုပ်အဖေသည် ဆိုရှယ်လစ် ။ ကျုပ်အဘိုးသည်လည်း ဆိုရှယ်လစ် ။ မေးနေဖို့တောင် မလို။
ဖက်ဆစ်ပါတီထဲ ကျုပ်ဝင်မှာ မဟုတ်” ဟု  ငြင်းဆန်လေရာ ဖက်ဆစ်သမားခန့် အရာရှိက “ကလိုမျိုးတော့ နင်ငြင်းလို့ မရပါ” ဟု စိတ်ရှည်လက်ရှည် နှင့် ဖြောင်းဖြလေသည် ။ “ဆိုပါစို့ ၊ သည်လိုကိစ္စမျိုး ဖြစ်ခဲ့ရင် နင်ဘာလုပ်မလဲ”  ဟု သူက တောသားဆိုရှယ်လစ်ကို မေးလေ၏ ။ “နင့် အဖေဟာ လူသတ်သမား (ရာဇဝတ်ကောင်) တစ်ဦး ဖြစ်ခဲ့ရင်၊ နောက် နင့်အဖိုးဟာလည်း လူသတ်ကောင် ရာဇဝတ်သား တစ်ဦး ဖြစ်ခဲ့ရင်” ။ “ဗျာ၊ ဒါဆိုရင်” ဖက်ဆစ် ပါတီဝင်လောင်းက ပြောရှာသည်မှာ “ အဟုတ်အမှန်ပါပဲ ခင်ဗျ၊ ကျွန်တော် ဖက်ဆစ်ပါတီထဲ ဝင်ရပါလိမ့်မယ်” ဟူသတည်း။



            ဒါမျိုးဆိုတာ လူ့စိတ်မှာ ပုံမှန်ဖြစ်ပျက်နေကျ အမြင်အစွဲ တစ်ခုဖြစ်ပါသည်။ ဤအမြင်အစွဲသည် ညစ်ပတ်တတ်သည်မှာ မျိုးရိုးဆိုသည်ကို နှိမ့်ချသော အမြင်ဖြင့် ကြည့်တတ်၍ မျိုးနဲ့ရိုးနဲ့ ဆိုးတဲ့သူဟု လူဆိုးကင်ပွန်း တပ်ပစ်လိုက်သူအား မတော်မတရား နှိပ်ကွပ်ပြုကျင့်ဖို့ရန် မိမိကိုယ်ကိုရော ပတ်ဝန်းကျင်က လူတွေကိုပါ မြှောက်ပင့်ပေးတတ်ခြင်း ပေတည်း။  “ဂျုးသည် လူတစ်ယောက် ဖြစ်၏” ။ ဂျန်ပေါ ဆပ်တရာက သူ့ ဂျုးမုန်းတီးရေးသမား ၏ ရုပ်လုံး တွင် ငြင်းခုံ ပါသည်။ “ပြဿနာက တခြားသူတွေက ဂျုးတစ်ယောက်ကို ဘယ်လို မျက်လုံးမျိုးတွေနဲ့ ကြည့်တာလဲ ဆိုတာပါ…ဂျုးကို ဖန်တီးတာဟာ ဂျုးမုန်းတီးရေး သမား (ကိုယ်တိုင်) ပါပဲ” ၄။ အပွေးမြင်အပင်သိ၊ အသွေးမြင်အသွင်သိ ဟု မျိုးရိုးချီပြီး စွပ်စွဲမှုမျိုးကို လုပ်တတ်ကြသလို အဲဒါနဲ့ တွဲ၍လည်း မကောင်းကျင့်မကောင်းကြံ အကုသိုလ် နှစ်ခုသည် တစ်ခါတည်း ပါလာတတ်ပါ၏။

ဤအကုသိုလ်နှစ်မျိုးသည် အသို့နည်း ဟူမူ ပထမ အကုသို်လ်မှာ မိမိက ပစ်မှတ်ထားသော လူတန်းစားတစ်ရပ်တွင် ပါဝင်သည့် လူတို့ကို မမှန်မကန် မကောင်းသရုပ်ဖော်ခြင်း ဖြစ်ပြီး ဒုတိယ အကုသိုလ်မှာ ဤလူတန်းစားတွင် ဤသို့သော မကောင်းသွင်ပြင်လက္ခဏာ တွေပဲရှိသည် ဆိုပြီး အတင်း ပုံချယိုးစွပ်ခြင်း ဖြစ်သည်။ လူတစ်ဦးသည် ပတ်ဝန်းကျင်ရှိလူတွေက အဲသလိုမျိုး သူ့ကို  သတ်သတ်မှတ်မှတ်လာပြီး မကောင်း သွင်ပြင်လက္ခဏာတို့ ဖြင့် အတင်းအကြပ် သမုတ်ခံရလျှင် ဒါကို တုံ့ပြန်ဖို့ရန် အတွက် နည်းလမ်းတော့ ရှိပါ၏ ။ ယင်းနည်းလမ်းမှာ အသို့နည်း ဆိုသော် စွပ်စွဲသမုတ်ခံရသူသည် စွပ်စွဲသမုတ်လာသူတို့အား သူ့တွင် လူတစ်ယောက်၏ တခြား သွင်ပြင်လက္ခဏာများစွာလည်း ရှိသေးကြောင်းကို လက်တို့ပြခြင်း ပေတည်း။ ရှိတ်စပီးယား၏ ပြောင်မြောက်သလောက် သောသောညံ လူအုပ်တို့ဖြင့် ရူပ်ထွေးသော ဗင်းနစ်မြို့က ကုန်သည် ပြဇာတ်တွင် (လောဘကြီးသော ကုန်သည်) ရိုင်းလော့က ပြောသလိုပင် “ဟယ်၊ ဂျုးတစ်ယောက်မှာလည်း မျက်လုံးရယ်လို့ မရှိဘူးလား၊ သူ့မှာ လက်တွေ၊ ကလီစာတွေ၊ အတိုင်းအထွာတွေ၊ အာရုံတွေ၊ ကရုဏာတွေ၊ ကြေကွဲမှုတွေ မရှိဘူးလား။ နင်တို့လိုပဲ အစာကို စား၊ လက်နက်နဲ့ နာကျင်၊ ရောဂါနဲ့ မကင်းနိုင်၊ သက်သာပျောက်ကင်းတဲ့ အကြောင်းရင်းခံတို့ သည်လည်း အတူတူ၊ (သူ့အသားရော နင့်အသားပါ) ဆောင်းရာသီမှာ တုန်ချမ်းပြီး နွေရာသီမှာ နွေးထွေး၊ ခရစ်ယာန် တစ်ယောက်လိုပဲ မဟုတ်ပေလား” ၅



သမိုင်းနောက်ခံ နှင့် ပစ္စုပ္ဗန် အဖြစ်အပျက်တို့ကို နိုင်းယှဉ်လေ့လာချက် ။ ။



ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီ ဆယ်စုနှစ် ဝန်းကျင်တွင် ပထမ အီတလီ၊ ပြီးတော့ ဂျာမဏီတို့သည် ဖက်ဆစ်စနစ် အောက်သို့ ဆိုးဝါးစွာ ကျရောက်သွားခဲ့ပါသည်။ သည်မှာ ကျွန်တော်တို့ သွေးနုနု သားနုနု ဒီမိုကရေစီ မြန်မာပြည်မှ ရောင်းရင်းတို့ အထူး သတိပြုဖွယ် အချက် တစ်ခု ရှိပါသည်။  ဖက်ဆစ်ခေါင်းဆောင်များ ဖြစ်သော အီတလီမှ မူဆိုလီနီ နှင့် ဂျာမဏီမှ ဟစ်တလာတို့သည် သူတို့နိုင်ငံတွေ၏ နိုင်ငံတော်အာဏာကို မြန်မာပြည် ဗိုလ်ချုပ်နေဝင်းကဲ့သို့ စစ်တပ်ကိုသုံးကာ လက်နက်အားကိုးဖြင့် အနုကြမ်းစီးကာ သိမ်းပိုက်ရယူခဲ့ခြင်းကြောင့် မဟုတ်။ အီတလီရော ဂျာမနီ နှစ်နိုင်ငံလုံးသည် လူထုကိုယ်တိုင်က ဤအယုတ်တမာ ခေါင်းဆောင်နှစ်ဦးကို ဒီမိုကရေစီစနစ်ဖြင့် မဲပေးတင်မြှောက်ခဲ့ရုံသာမက ၄င်းခေါင်းဆောင်တို့မှ ကျင့်သုံးလာသော ဖက်ဆစ်စနစ် ယန္တရားကို လိုလိုလားလား ထောက်ခံပါဝင် ခဲ့ခြင်းကိုပေတည်း။ ဤသို့ ဖက်ဆစ်စနစ်ကို လိုလားထောက်ခံခြင်းသည် နိုင်ငံသေးကလေးဖြစ်သော အီတလီတွင် ရာနူန်းပြည့် နီးပါးဖြစ်၍ (ရှေ့ဆုံးက ပုံပြင်ကို ကြည့်ပါ) မူဆိုလီနီသည် ၄င်း၏ ဖက်ဆစ်စနစ်ကျင့်သုံးမှုကို အီတလီ ပြည်သူလူထုမှ ခုခံတွန်းလှန်မှုကို စိုးစဉ်းမှ မတွေ့ကြုံခဲ့။ တစ်ဖက်တွင်မူ ဂျာမဏီလို နိုင်ငံကြီးက ဟစ်တလာမှာ ကြီးမားလှသော အတိုက်အခံ ခုခံအင်အား၏ စိန်ခေါ်မှုကို ရင်ဆိုင်ခဲ့ရပြီး  ကမ္ဘာ့ဂန္တဝင် ထိပ်တန်း ဂျာမဏီ ပညာရှင်တို့ အပါအဝင် ၅၀ ရာခိုင်နူန်းမကသော ဂျာမန်ပြည်သူလူထုက အတိအလင်းကို ဖက်ဆစ်စနစ်ကို တုံ့ပြန်ချေဖျက်ခြင်းကို ၄င်းသည် နည်းမျိုးစုံဖြင့် အသည်းအသန် နှိမ်နင်းခဲ့ရပါ၏။

မဂျုးဒစ်ပိုဂါ သည် ဒုတိယကမ္ဘာစစ် ကာလအတွင်း ဂျာမဏီတို့က သိမ်းပိုက်ပြီး သိန်းနှင့်ချီသော ဂျုးဘာသာဝင်တို့ကို မရဏ စခန်းတို့သို့ ပို့ခဲ့သော ဟန်ဂေရီ နိုင်ငံ ဘူဒါပက်မြို့၌ သည်ဘက်ခေတ် ၁၉၇၆ တွင် မွေးဖွားလာခဲ့သူ ဂျုးနွယ်ဝင် အမျိုးသမီး တစ်ဦး ဖြစ်ပါသည်။ ခုအခါ ကလေးနှစ်ယောက်၏ မိခင်ဖြစ်နေပြီ ဖြစ်သော သူမသည် ကမ္ဘာ့စစ်တုရင် သမိုင်းတစ်လျှောက်လုံးတွင် ပြိုင်ဖက်မရှိသူ ကမ္ဘာ့ နံပါတ်တစ် ထိပ်သီး အမျိုးသမီး စစ်တုရင် ကစားသမား ပေတည်း။ မကြာသေးမီ လပိုင်းက ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပခဲ့သော ကမ္ဘာ့စစ်တုရင်ချန်ပီယံကြီး အလက်ခိုင် အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲတွင် သူမသည် တိုက်ရိုက်ထုတ်လွှင့်ကစားပွဲ ဝေဖန်ရေးဆရာမ အဖြစ် တင်ဆက်ထမ်းဆောင်ရာ သူမနှင့် အတူ တင်ဆက်မှုအစီအစဉ်တွင် တာဝန်ထမ်းနေသူ ပုဂ္ဂိုလ်က “နင်ဟာ စစ်တုရင် အကွက်တွေကို သည်နေရာက ဆက်ပြီး ဘာတွေဆက်ဖြစ်လာမလည်း ဆိုတာ တယ်လည်း မြင်တာပဲ ။ အဲဒါ ဘာကြောင့်လဲဟင်” ဟု မေးပါလေတော့၏ ။ မဂျုးဒစ်က “ I have  a feel at a ceratain position. I don’t know what it is it. But I have a feel what will happen” အဓိပ္ဗာယ်မှာ - “အနေအထား တစ်ခုခုကို ရောက်လာတဲ့အခါမှာ ကျွန်မမှာ ထူးခြားလေးနက်တဲ့ သယမ္ဘူ ဥာဏ် ဆိုတဲ့ ခံစားမှုမျိုး ဖြစ်ပေါ်လာတတ်ပါတယ် ။ အဲသည် ခံစားမှုဟာ ဘာလဲဆိုတာ မသိပါဘူး။ ဒါပေမယ့် သည် ခံစားမှု သယမ္ဘူ ဥာဏ် ဟာ ကျွန်မကို (စစ်တုရင်ခုံပေါ်မှာ) ဘာတွေ ဆက်ဖြစ်လာလိမ့် မလဲဆိုတာကို ဆက်လက်သိမြင်စေပါတယ်” ။ လက္ခဏာ ပညာဖြင့် ပြောလျှင် ဤကဲ့သို့ တွေ့ကြုံနေရသော အနေအထား တစ်ခုသည် “တစ်ခုခုတော့ တစ်ခုခုပဲ” ဟု အာရုံရနိုင်သည့် ထူးခြားစွမ်းရည်ကို ပြသော လက္ခဏာရေးကို “လခြမ်းလကြောင်း” ဟု ခေါ်ပါသည်။ သည်လို ဖီလင်မျိုးရှိသော လူတွင် ဗုဒ္ဓဟူး ဂြိုလ်ခုံ (ပါးနပ်လိမ္မာမှု) ပေါ်သို့ တနင်္လာဂြိုလ်ခုံ (ခံစားမှု)  မှနေ၍ လခြမ်းပုံ ကွေးတက်သော လမ်းကြောင်းမျိုး ရှိလိမ့်မည်ဟု ရှေးဂန္တဝင် လက္ခဏာ ကျမ်းတို့က ဖွင့်ဆိုပါသည်။ လူတစ်သိန်းတွင် တစ်ယောက်မရှိနိုင်သော လက္ခဏာမျိုး ဟုလို့လည်း ဆိုပါ၏။

ဟုတ်ကဲ့၊ ဂမ္ဘီရ လက္ခဏာကျမ်းတို့က ပြသော လက္ခဏာမျိုး မဂျုးဒစ်တွင် ရှိမရှိ ဆိုတာကတော့ မသေချာပါ။ သို့ပေမယ့် မဂျူးဒစ်လို အလွန်ထူးခြားသော အမျိုးသမီးတို့သည် ပတ်ဝန်းကျင် အနေအထားတစ်ခုခုတွင် သူတို့ ဘာမှန်းမသိပေမယ့် ကျယ်ဝန်းလေးနက်သော သယမ္ဘူဥာဏ် ခံစားမှုတို့ ဖြစ်တတ်ပါ၏ ။ ထို “တစ်ခုခုတော့ တစ်ခုခုပဲ” ဟု အာရုံရသော ခံစားမှု သယမ္ဘူဥာဏ်ကို စစ်တုရင်ခုံပေါ်တွင် ဘာသာပြန်သော အလုပ်သည် မဂျုးဒစ်၏ အသက်မွေးဝမ်းကျောင်း ပါတည်း။ ဟုတ်ကဲ့၊ အလားတူ သည်ဘက်လပိုင်းတွင် အဲသလို “တစ်ခုခုတော့ တစ်ခုခုပဲ” ဟု ထူးခြားစွာ အာရုံရလာသော မိမိ၏ သယမ္ဘူ ဥာဏ်မျိုးကို ဘာသာပြန်ထားခြင်းကို ကျွန်တော် တွေ့လိုက်သည်မှာ စာနယ်ဇင်း ပညာဖြင့် အသက်မွေးဝမ်းကျောင်းသော မဟန်နဘိ၏ ကမ္ဘာကျော် တိုင်းမဂ္ဂဇင်း ဆောင်းပါး “ခြောက်ခြားစက်ဆုပ်စဖွယ် အကြမ်းဖက်မှု နှင့် ဗုဒ္ဓဘာသာဝင်၏ မျက်နှာ” နောက်ဆုံးပိုဒ်တွင် ဖြစ်ပါ၏။ မဟန်နဘိ၏ ထူးခြားအာရုံကို ကျွန်တော်တို့  တစ်ချက်လောက် ပြန်ပြောင်းလေ့လာကြည့်ကြပါစို့ လား။



မူဆလင်ဆိုရင် လူယုတ်မာပဲ ဆိုသော အဲသလို စိတ်ခံစားမှုမျိုးသည် မြန်မာဘင်လာဒင်က သြဘာပေးထောက်ခံ၍ လူထုကြားမှာလည်း လှုပ်ရှားလူးလွန့်စေလိုသော စိတ်ခံစားမှု ဖြစ်ပါသည်။ ဗုဒ္ဓ၏ ငြိမ်းချမ်းသော သုတ္တန်ဒေသနာတွေနဲ့ မူဆလင်တွေကို အကြမ်းဖက်သောကိစ္စ မြန်မာအများစု နေသည့် သူ့မြေတွင် အနှံ့အပြားဖြစ်ပေါ်နေခြင်းကို ဘယ်လို ညှိနိုင်းလို့ ရမှာလဲ ဟု ကျွန်မ ဝီရသူကို မေးပါသည် (ဘွဲ့ရှေ့တွင် ‘ရှင်’ မထည့်သည်ကို သတိပြုပါ) ။ “ဗုဒ္ဓတရားအရ ငါတို့ဟာ ရန်စောင်လို့ မရပါဘူး”  ကလေးတစ်ယောက်ကို သူ လက်ချာပေးနေရသည့်နှယ်မျိုး သူက ပြောပါသည် (ကျွန်မသည် ဗုဒ္ဓကျမ်းဂန်ပါ သဘောတွေကို လေ့လာထားပါတယ်။ ကလေးလို ညာလို့ရတယ်လို့ သူထင်နေပုံ ရပါ၏ ) ။ “ဒါပေမယ့် ဒို့ဟာ ဒို့အသိုင်းအဝိုင်းကို ကာကွယ်ဖို့ ဘာမဆိုလုပ်ပိုင်ခွင့် ရှိတယ်” (နာဇီဝါဒ - moral relativism ကို တိုက်ရိုက်ဖော်ပြသော စာသားဖြစ်ပါ၏ ၊ ဒါကို ကမ္ဘာကြီးကို မဟန်နသည် အသိပေးလိုခြင်းပါတည်း) ။ နောက်ညနေတွင် သူလူအုပ်ကို တရားဟောသောအခါ ကျွန်မလိုက်နားထောင်ပါသည်။ ပြုံးနေကြတဲ့ အိမ်ရှင်မတွေ၊ ကျောင်းသားကျောင်းသူတွေ၊ ဆရာဆရာမတွေ၊ အဘွားအိုတွေ နှင့် ကျန်သူတို့ကို သူဆိုတာကို နောက်ကလိုက်ဆိုခိုင်းပါ၏ “ဗမာလူမျိုးတို့ အတွက် ငါတို့ကိုယ် ငါတို့ အနစ်နာခံ (စတေး)ပါအံ့” ။ ဗုဒ္ဓရှင်တော်သည် (စက်ဆုပ်ကြောက်ရွှံ့ဖွယ်)   ဤတရားကို ကောင်းချီးပေးလိမ့်မည်လို့တော့ ထင်မိဖို့ ခက်လှပါ၏။



သေချာလှပါ၏ ။ မဟန်န တစ်ယောက် စစ်တုရင် ကစားတတ်သလား မကစားတတ်သလား ကျွန်တော် မသိပေမယ့် အကယ်၍ တစ်စုံတစ်ဦးသည် သူမသည် ဤနောက်ဆုံးစာကြောင်း သုံးလေးကြောင်းကို “နင်ဘယ်လိုမျိုး ရေးနိုင်ပါသလဲ” ဟု အင်တာဗျုးခဲ့ပါလျှင် မဟန်နသည် ဂျုးဒစ်ဖြေသလို “ I have  a feel at a ceratain position. I don’t know what it is it. But I have a feel what will happen” အဓိပ္ဗာယ်မှာ - “သည် လျှို့ဝှက်ဆန်းကျယ် သင်္ကန်းနောက်ကွယ်က လူနဲ့ စကား ပြောနေတဲ့ အခါမှာ ကျွန်မမှာ ထူးခြားလေးနက်တဲ့ သယမ္ဘူ ဥာဏ် ဆိုတဲ့ ခံစားမှုမျိုး ဖြစ်ပေါ်လာတတ်ပါတယ် ။ အဲသည် ခံစားမှုဟာ ဘာလဲဆိုတာ မသိပါဘူး။ ဒါပေမယ့် သည် ခံစားမှု သယမ္ဘူ ဥာဏ် ဟာ ကျွန်မကို (မြန်မာပြည်မှာ) ဘာတွေ ဆက်ဖြစ်လာလိမ့် မလဲဆိုတာကို ဆက်လက်သိမြင်စေပါတယ်”  ဟုပင် ဖြေပါအံ့။ “စီလို့သာကုံးရတယ် စာလုံးတယ်မလှပေဘူး၊ မိန်းမလက်ရေး” ဟု ဆိုပင်ငြားလည်း မဟန်နလို ထူးခြားသော အမျိုးသမီးတို့၏ လင်းလက်အာရုံရလာသော သယမ္ဘူဥာဏ်သည် ထူးခြားဆန်းကျယ် ယုတ်မာလာသည့် ယောင်္ကျားယုတ်မာတို့၏ အကြံကို (သူမသည်ပင် ဘာမှန်းမသိပေမယ့်) သူမတွင် ရိပ်စားမိလာသော အာရုံကို ကမ္ဘာကြီးအား ဘာသာပြန် တင်ပြထားနိုင်သည် သာတည်း။



            ဟုတ်ကဲ့၊ မဟန်န၏ နောက်ဆုံး စာသုံးလေးကြောင်းသည် ဖက်ဆစ်စနစ် တစ်ခုလုံးကို ထင်ဟပ်ထားခြင်းပါတည်း။ “ဖက်ဆစ်သမား ၊ ဖက်ဆစ်နိုင်ငံနှင့် ဖက်ဆစ်စိတ်” တို့ အစဉ်အဆက် မြန်မာပြည်တွင် ပေါက်ပွားလာစေရန် အကွက်ကျကျ ကြံစည်နေသော ဝီရသူနှင့် တကွ ၄င်းနောက်ကွယ်က အင်အားကြီးစွာ ပံ့ပိုးထားသော နိုင်ငံရေး အင်အားစု၏ “မရဏအကြံ” သည် မဟန်နက “တစ်ခုခုတော့ တစ်ခုခုပဲ” ဟု သိလိုက်သလို ဖန်တီးမှုမပါ အလိုအလျောက်သာ သူမ ဘာသာပြန်ထားသော ဤစာသုံးလေးကြောင်းတွင် ပေါ်လွင်နေပါသည်။ အကယ်၍ ငါတို့သည် အီတလီ နှင့် ဂျာမဏီတွင် ဒီမိုကရေစီမဲထည့် စနစ်မှသည် လူထုကိုယ်တိုင်က လိုလားသည့် ဖက်ဆစ်စနစ်ပေါ်ပေါက်လာခဲ့ကြောင်းကို သမိုင်းတွင် သင်ခန်းစာ ကြီးတောင့်ကြီးမား ရှိခဲ့သည်ဟု သိမြင်နိုင်ခဲ့ပြီ ဆိုပါလျှင် ခုအခါ ငါတို့၏ မြန်မာပြည်ကို သည်ကိစ္စသည်လည်း ခြိမ်းခြောက်နေပြီဟု သိမြင်နိုင်ပြီး ဒါကို ငါတို့ သေချာစွာ စူးစမ်းလေ့လာ ကြပါစို့။ သည်သို့ စူးစမ်းရင်းမှပင် လောကတွင် အလယ်အလတ် အမျိုးသားရေးဝါဒ ဟူ၍ မရှိကြောင်း ၊ အမျိုးသားရေး ဝါဒ မှန်သမျှသည် ယုတ်မာသော အစွန်းရောက် ဝါဒချည်းသာ ဖြစ်ကြောင်း၊ ယင်း အမျိုးသားရေးဝါဒ သို့မဟုတ်လည်း ဗုဒ္ဓဘာသာ သန့်စင်တည်တံ့ရေး ဝါဒတို့သည် (နာမည်မရှိသော) ဖက်ဆစ်ဝါဒကို နာမည်ပြောင်းထားသော ဝါဒတို့သာ ဖြစ်ကြောင်း ငါတို့သည် ခိုင်မာစွာ သိမှတ်လာနိုင်ပါအံ့။

            ဖက်ဆစ်စနစ်ကို မြန်မာတို့ အမှတ်မှားကြသည်မှာ ကျွန်တော်တို့ကို ကျုးကျော်ခဲ့သော ဂျပန်ဖက်ဆစ်ကို ကြည့်ပြီး ရက်စက်ကြမ်းကြုတ်သော အမူအရာမှန်သမျှတို့ကို ဖက်ဆစ်ဟု ခေါ်သည်ဟု ထင်ကြပါသည်။ စင်စစ် အဲသည် အမြင်နှင့် လုံးလုံးတလွဲ ဖက်ဆစ်စနစ်ဟူသည် “မဟာကရုဏာ၊ မဟာပညာဖြင့် ပြီးပြည့်စုံသော”  အန္တိမ အစုအပေါင်း အခြေအနေ (ဝါ) တရားမျှတမှုအပေါင်းနှင့် ပြည့်စုံသော နိုင်ငံတော်ကြီး တစ်ခု  ဆိုသည်ကို အခြေခံမူတည်ကာ တည်ဆောက်ထားခြင်း ပေတည်း။ ၄င်း ‘သန္တိသုခ နိုင်ငံတော်’ ဟူသည် ၄င်းနိုင်ငံတော်အောက်က နိုင်ငံတော်သား အားလုံး၏ ဦးထိပ်ပန်ရာ အထွတ်အမြတ်ဖြစ်ရပြီး ၄င်း “သန္တိသုခ နိုင်ငံတော်” ၏ လောကသင်္ခါရ သဘောအတိုင်း ပြောင်းလဲရွှေ့လျားမှုကို နိုင်ငံတော်သား အားလုံးသည် လိုက်ပါစတေး ဆောင်ရွက်ရမည် ဆိုသည်လျှင် ဖက်ဆစ်စနစ်၏ အသက်ဝိဥာဉ် ပေတည်း။ အရေးကြီးလှသော အချက်မှာ ဖက်ဆစ်စနစ်တွင် “နိုင်ငံသား”ဟူ၍ မရှိစေရ၊  အားလုံးသည် “နိုင်ငံတော်သား” သန့်သန့်စင်စင်ကလေးတွေသာ မုချ ဖြစ်ရမည် ဟူသတည်း။

            ဤသည်ကို သိရှိပြီ ဆိုပါလျှင် ရှေ့တွင် ကျွန်တော်ဆိုခဲ့သလို မြန်မာဘုန်းကြီး လူမိုက်တွေက ခု မျိုးစောင့်ဥပဒေ ဆိုပြီး လုပ်လာသော “ဗုဒ္ဓဘာသာ သန့်စင်ဝါဒ” ၊သို့မဟုတ်လည်း မြန်မာ အစိုးရက သည်ဘက်နှစ်ပိုင်းများတွင် လုပ်လာသော “မြေမြို၍ လူမျိုးမပြုတ်” စသော “လူမျိုးသန့်စင်” ၊ ဒါမှမဟုတ်လည်း “တိုင်းရင်းသားသန့်စင် ဝါဒ” တို့သည် ရာနူန်းပြည့် ဖက်ဆစ်အခြေခံ သဘောတရားတွေ ဖြစ်ကြောင်း အကဲဖြတ်နိုင်ပြီ ဖြစ်ပါ၏ ။ ဟုတ်ကဲ့ ၊ နောက်တစ်ချက်လည်း ရှိပါ၏။  မြန်မာသောက်ပေါတွေ လုပ်သော သောက်ပေါအလုပ်တို့ဟု ထင်ရသော  ချေးလူးချွေးလူး ခန္ဓာကိုယ်ကို “ကိုယ်တော်” ၊ လူအစုအပေါင်း အသိုင်းအဝိုင်း သက်သက်သာ ဖြစ်သော “နိုင်ငံ” ကို “နိုင်ငံတော်” ၊ သည်ဘက်ခေတ် နောက်ပိုင်းမှာ တိုင်းရင်းသားကို (၁၉၈၂ ဥပဒေအရ) “တိုင်းရင်းသားတော်” ဆိုပြီး လုပ်လာသော အလုပ်တို့ကို သွား အထင်မသေးလိုက်ပါနှင့်။ ဒါတွေအားလုံးသည် ဖက်ဆစ်စနစ်၏ အခြေခံသဘောတရားတို့ အတိအကျ ဖြစ်ပါ၏။ လွယ်လွယ်ပြောမည် ဆိုပါလျှင် ဘာမှန်းမသိသော ဖြုသန့်စင်သည့် “တော်” ကြီးတစ်ခုကို အားလုံးအထက်မှာ ရှိသည်ဟု လူအားလုံးကို ဦးထိပ်ရွက်ကာ ကန်တော့ခိုင်းခြင်းသည် ဖက်ဆစ်စနစ်၏ မူလအခြေခံ သဘောပေတည်း။ ‘၉၆၉’  ကို ငြိမ်းချမ်းရေး သင်္ကေတဆိုပြီး အထွတ်အမြတ် လုပ်နေတာဟာလည်း ဖက်ဆစ်သဘော စစ်စစ်ပါပဲ။

ဖက်ဆစ်စနစ်အကြောင်းကို အသေအချာ သုတေသနပြု လေ့လာခဲ့သူ အက်တွန်က ပြောခဲ့သည်မှာ ဖက်ဆစ်စနစ်၏ အခြေခံဖြစ်သော “နိုင်ငံတော်တည်းဟူသော ဝိဥာဉ်” သည် ဘာနဲ့ ဆင်တူယိုးမှား သလဲဆို အရှေ့တိုင်း တရုတ်ပြည်မှာ ဘိုးဘွားဝိဥာဉ်တွေကို ကန်တော့ကိုးကွယ်တဲ့ အစဉ်အလာမျိုး နဲ့ သွားလို့ တူသည် ဟူသတတ်။ ခုစာရူသူ ဖတ်ရူနေသော ဘာသာရပ်ပိုင်းဆိုင်ရာ၏ ကမ္ဘာ့ထိပ်တန်း ပညာရှင် ကားပေါ့ပါးမှ သုံးသပ်ပြသည်မှာ ဖက်ဆစ်စနစ်ဟူသည် “လူ့သမိုင်းဟူသည် အတိအကျ ဦးတည်ရာ အဓိပ္ဗာယ်ပြည့်ဝစွာဖြင့် ရွှေ့လျားနေသော ဝိညဉ်ကြီး” ရှိသည် ဟု ယူဆသော သမိုင်းအနှစ်စဉ်လာ ဝါဒ (Historicism) ၏ အောက်တွင်ပင် ဖြစ်ပါ၏ ။ ပညာရှင်နှစ်ဦးတို့ ပြောခဲ့တာကို အနှစ်ချုပ်ပြမည် ဆိုပါလျှင် “ သီးသန့် အသိုင်းအဝို်င်း တစ်ခုတွင် အသိုင်းအဝိုင်း၏ အနှစ်ဝိဥာဉ်ဟူသည် ရှိ၏။ ယင်းဝိဥာဉ်ကြီးသည် အသိုင်းအဝိုင်းဝင် မည်သူမဆို၏ ကိုးကွယ်ရာ အထွတ်ဖြစ်ပြီး ယင်းဝိဥာဉ်ကြီး သန့်စင်သေချာ အနှစ်သာရပြည့်စွာ ဆက်လက်ရွှေ့လျားဖို့ရန် အတွက် အသိုင်းအဝိုင်းဝင် ပုဂ္ဂိုလ်တို့မှ စတေးအနစ်နာခံ ထမ်းဆောင်ခြင်းသည် လူ့ဘဝ၏ အနှစ်သာရ အဓိပ္ဗာယ် (ဝါ) လူသား၏ တရားမျှတမှု (ဝါ) လူသား မည်သူမဆိုက ကျင့်သုံးရမည့် အမြတ်ဆုံး ကရုဏာ နှင့် ပညာ ပေတည်း” ဟူသည်မှာ လွန်ခဲ့သော ရာစုနှစ်တွင် ကမ္ဘာကြီးကို အကြီးကျယ်ဆုံး ခြိမ်းခြောက်ခဲ့သည့် ဖက်ဆစ်ဝါဒ၏ အခြေခံ သဘောတရားတို့ ပေတည်း။ ဟုတ်ပေသပ၊ ကျွန်တော်တို့ ဗမာတွေ အမှတ်မထားမိပေမယ်လို့ မြန်မာ ဝေါဟာရတွေမှာ ထဲထဲဝင်ဝင် စွဲဝင်နေပြီ ဖြစ်တဲ့ ‘အမျိုးသားရေး စိတ်ဓာတ်’ ‘သမိုင်းပေးတာဝန်’ စသည်တို့သည် ဖက်ဆစ်ဝါဒကို တရွေးမလျှော့ ပြသနေတဲ့ စကားလုံးတွေ ဖြစ်ပါ၏။

အက်တွန်ရော ပေါ့ပါးကပါ ဖက်ဆစ်စနစ်ကို ပြောင်မြောက်စွာ ဥပမာပေးသည်မှာ ယင်းသည် Organic State (နိုင်ငံတော်ဟူသည် ခြေလက်အင်္ဂါတို့ဖြင့် ဖွဲ့စည်းထားသည်ဟု မြင်သော) ဝါဒပေတည်း။ ဆိုလိုသည်မှာ လူတစ်ဦးချင်းသည် နိုင်ငံတော်၏ အဝိဥာဏိက အသက်မရှိသော တန်ဖိုးနိမ့်ကျသည့် ခြေလက်အင်္ဂါ တို့သာဖြစ်ပြီး စုပေါင်းထားသော နိုင်ငံတော်သာလျှင် ဝိဥာဏိက အသက်ဝိဥာဉ် ရှိ၍ အထွတ်အမြတ် တရားဖြစ်သည်ဟု မြင်သော ဝါဒ ဖြစ်ပေသတည်း။ တကယ်တော့လည်း အရှေ့တိုင်း ဟိန္ဒူ ဗြဟ္မဏ ဝါဒ၏ ဗြဟ္မာကြီး၏ ကိုယ်လက်အင်္ဂါနေရာတို့မှ အမျိုးလေးပါးတို့ ပေါက်ပွားလာသည် ဆိုတာမျိုးနှင့်လည်း ဆင်ပါ၏ (အနောက်တိုင်း ဖက်ဆစ်စနစ် (ဝါ) နည်းစနစ်အားဖြင့် သမိုင်းစဉ်လာ ဖြုသန့်စင် ဝါဒစွဲသည် ဟိန္ဒူဗြဟ္မဏ ဝါဒကို အမွေခံခဲ့ကြောင်း သည်ဆက်စပ်မှုကို  နောက်ပိုင်းဆောင်းပါး တစ်နေရာတွင် ကျွန်တော် အကျယ်တဝင့် ရှင်းပြပါအံ့) ။ ဤတွင် ဖက်ဆစ်စနစ်က သွတ်သွင်းလိုက်သည်မှာ အထွတ်အမြတ်တရား ဖြစ်သော “အစုအပေါင်း ဝိဥာဉ်တော်ကြီး” အတွက် ကို်ယ်လက်အင်္ဂါတို့သည် ရုန်းကန် လှုပ်ရှား စတေးရမည် ဆိုသည်ကို ပေတည်း။ မူဆိုလီနီက လုပ်ဆောင်ခဲ့သည်မှာ ကလေးသူငယ် ဘဝ ကတည်းက သည် အစုအပေါင်း ဝိဥာဉ်တော်ကြီး အတွက်  စတေးရဲသည့် စိတ်ကို သွန်သင်ဆုံးမပေးရမည် ၊ ခုလူကြီး ဖြစ်နေသော သူတို့ကိုလည်း “အစုအပေါင်း ဝိဥာဉ်တော်ကြီး” ၏ ရူဒေါင့်အမြင်တို့နှင့်သာ ကြည့်မြင်လာတတ်စေရန် ၊ မိမိ၏ ကိုယ်ကျိုးအတ္တကို စွန့်ပယ်၍ အစုအပေါင်းတော်ကြီး အတွက် စတေးအနစ်နာခံ လုပ်ဆောင်စေရန် အဆက်မပြတ် လှုံ့ဆော်အားပေးရမည် ဟူ၏ ။ ဂျာမဏီက ဟစ်တလာ၏ နာဇီလူငယ် ဌာနချုပ်၏ အဝင်ပေါက်တွင် ရေးထွင်းထားသည်မှာ “ငါတို့သည် ဂျာမဏီ နိုင်ငံတော်အတွက် သေဖို့ရန် မွေးဖွားလာကြကုန်သည်”  ဟူသတည်း။

တကယ်တော့ စတေးမှုကို အထွတ်အမြတ် ကျင့်စဉ်အဖြစ် ဖက်ဆစ်ဝါဒ နိုင်ငံတို့သည် ကျင့်သုံးခဲ့သည်မှာ မဆန်းပါ။ စင်စစ် အထွတ်အမြတ် အသိုင်းအဝိုင်းဝိဥာဉ်တော်ကြီး (ဝါ) အမျိုးသားရေး စိတ်ဓာတ် ဟူသည်မှာ “လူစုလူဝေးသာ ပဓာန” (collectivism) သဘောတရား ဖြစ်ပြီး ၄င်း အမျိုးသားရေး စိတ်ဓာတ် ‘ဝိဥာဉ်’ (ဝါ) ‘အနှစ်လက္ခဏာ’ ဆိုတာကို နိုင်ငံတော်မူဝါဒ အဖြစ်ကျင့်သုံးလိုသော ဖက်ဆစ်တို့သည် များမြောင်လှသော လူတစ်ဦးချင်း၏ ကွဲပြားထင်မြင်သော အတွေးအခေါ် ပေါင်းစုံနှင့် မတူခြားနားသော ရသရည်ရွယ်ချက် မျိုးစုံ (individualism) ကို ဖျောက်ဖျက်ရမည် ဖြစ်ပါ၏ ။ သည်လို အမြောင်အမြား ကွဲပြားခြားနားသော အတွေးအခေါ် ရည်ရွယ်ချက် မျိုးစုံကို သိမ်းကြုံးပြီး ဖျောက်ဖျက်ပစ်ဖို့အတွက်ဆို ထိုသူတို့ကို “နိုင်ငံတော် (သို့မဟုတ်) အမျိုးသားရေး (ဝါ) အထွတ်အမြတ် သန့်စင်ဝိဥာဉ်တော်ကြီး တည်တံ့ရွှေ့လျားရေး အတွက် စတေးခြင်းသာ လူ့ဘဝ၏ ရည်ရွယ်ချက် (ဝါ) တရားမျှတမှု” ဟူပြီး သွန်သင်ရိုက်သွင်းတာလောက် ထိရောက်မြန်ဆန်မှု ကောင်းတာ မရှိလောက်ပါ။

သပ္ဗုရိသနွယ်ဝင် သူတော်ကောင်းတို့၊ ငါတို့ သတိချပ်ချပ် ထားကြပါစို့။ ဖက်ဆစ်ဝါဒကို အတိအလင်းပြသနေသော ၉၆၉ ၏ စတေးဆောင်ပုဒ် သည် ဝီရသူ၏ ကိုယ်ပိုင်ဥာဏ်သက်သက်ဖြင့် ရေးသည်ဟု ယုံကြည်ရန် ခက်ပါ၏ ။ သည် စတေးဆောင်ပုဒ်ကို မြန်မာပြည် နေရာတိုင်းတွင် လိုက်လံဖြန့်ဝေနေသော ၉၆၉ ၏ အပြုအမူသည်တို့သည်လည်း ငါတို့အား သံသယကြီးမားစွာ ဖြစ်ရပါသည်။ အဘယ်ကြောင့်နည်းဟူမူ မူဆိုလီနီ နှင့် ဟစ်တလာတို့က ဖက်ဆစ်ဝါဒကို ပြည်သူလူထု၏ ခေါင်းမှာ သံမှိုရိုက်သလို စွဲစေရန် လုပ်ကြံသတင်းဖြန့်ခဲ့မှု (propaganda) တို့တွင် “ ငါတို့သည် နိုင်ငံတော်အတွက် မိမိကိုယ်ကို စတေးပါအံ့” ဆိုတာသည် အဓိက စာသား နှင့် အမှန်တကယ် ရည်ရွယ်ချက်လမ်းကြောင်းလည်း ဖြစ်ခဲ့သောကြောင့်ပါတည်း။ တကယ်မြင်တတ်ပါလျှင်လည်း ရှေ့ပိုင်း ၉၆၉  လှုပ်ရှားမှု ၊ ခုအခါမှာ ပုံပြောင်းလာသော မျိုးစောင့် ဥပဒေ လှုပ်ရှားမှုတို့ဟူသည်မှာလည်း “အစုအပေါင်းကို ကိုးကွယ်သော ဖက်ဆစ်စနစ်” ငါတို့ ပြည်သူလူထုတွင် ပေါက်ပွားလာစေရန် စနစ်တကျ ကြံစည်စုရုံးထားသော လုပ်ကြံသတင်းဖြန့် လှုပ်ရှားမှုလုပ်ရပ် ဟူ၍ ကြည့်မြင်တတ်သောသူ တစ်ဦးသည် ကောင်းစွာ နားလည်နိုင်ပါပေသည်။ သည်နေရာတွင် ငါတို့အား များစွာ စိုးရိမ်မိသည်မှာ ဂျာမနီမှ ပြည်သူထက်ဝက်နှင့် အီတလီမှ ပြည်သူလူထု ရာနူန်းပြည့်သည် လုပ်ကြံသတင်းဖြန့်မှုတို့မှ လွှင့်သော ဖက်ဆစ်မှိုင်းတို့ မိခဲ့သလို ငါတို့ မြန်မာပြည်သူလူထု၏ ဂရုထားလောက်အောင် ကြီးမားနိုင်သော အစိတ်အပိုင်းသည်လည်း ဖက်ဆစ်မှိုင်းကို နာမည်ပြောင်းထားသည့် နိုင်ငံတော်မှိုင်း၊ အမျိုးသားရေးမှိုင်း၊ ဗုဒ္ဓသာသနာမှိုင်း စသည်တို့ဖြင့် အတိုက်ခံခဲ့ရပြီ ၊ လုပ်ကြံသူတို့က ကျွဲအုပ်နွားအုပ်လို သူတို့လိုချင်ရာကို မောင်းချပစ်သော လမ်းကြောင်းပေါ်သို့  ငါတို့ပြည်သူတို့သည် အစုအအုံလိုက် ရောက်လာခဲ့ပြီ ဖြစ်ကြောင်းကို ဖြစ်ပါ၏ ။

သည်မယ် တချို့က ဤသို့လည်း ဝေဖန်ရာ၏ “မောင်ရင် ညိုထွန်းရယ် ၊ စိုးရိမ်တတ်ရန်ကော။ ဒီမိုကရေစီခေတ်ကြီး က တို့ဗမာတွေ သည်လောက် မအပါဘူး။ ဖက်ဆစ်တွေ ရောင်းစားတဲ့ ချိန်ခွင်ပေါ် ငါတို့ မတက်လောက်ပါဘူး” ။ ဟုတ်ကဲ့၊ တစ်ခုခက်သည်မှာ ဖက်ဆစ်စနစ်သည် ကိုယ့်ကိုကိုယ် ဖက်ဆစ်စနစ်ဟု ကြေငြာလေ့ မရှိ။ မဟုတ်တမ်း တရား ဆင်ထားသည့် ချိန်ခွင်တစ်ခုတည်းကို သည်ကနေ့ ဆေးနီဆိုး ၊ နောက်တစ်ရက် ဆေးပြာဆိုးပြီး နည်းအမျိုးမျိုး နှင့် အများပြည်သူကို ညာစားတတ်ပါသည်။ အီတလီ ပြည်သူ တစ်ရာ ရာခိုင်နူန်းပြည့် နှင့် ဂျာမန်တိုင်းပြည် ထက်ဝက်ကို သိမ်းသွင်းနိုင်ခဲ့သည့် ဖက်ဆစ်စနစ်သည် နှယ်နှယ်ရရတော့ မဟုတ်ပါ။ သို့ဆိုလျှင် ငါတို့ မေးကြပါစို့ ၊ ဖက်ဆစ်စနစ်သည် မည်သို့သော အကြောင်းတို့ကို အခြေပြု၍ လူတွေကို သူ့ချိန်ပေါ်တက်လာအောင် ဆွဲဆောင်သိမ်းသွင်း နိုင်ပါသနည်း။

ကျွန်တော်တို့ အရေးတကြီး သိမှတ်အပ်သည်မှာ ဖက်ဆစ်စနစ်၏ အောင်မြင်ကြောင်း အဓိကအခြေခံ အကြောင်း နှစ်ခုရှိပါသည်။ ပထမ တစ်ခုမှာ အစောတုန်းက ဆိုခဲ့သည် လုပ်ကြံဝါဒဖြန့် ခြင်း လုပ်ငန်းစဉ်ကို “ထပ်ခါတလဲလဲ” လုပ်ခြင်းနှင့် ဒုတိယ တစ်ခုမှာ ဖက်ဆစ်ယန္တရား ၏  “မြန်ဆန်စွာ ခုတ်ရှင်းမှု” ဖြစ်ပါ၏။ တကယ်တော့လည်း သည်နှစ်ကြောင်းသည် အညမည ဆက်စပ်နေပါ၏ ။ ပထမတစ်ခုဖြစ်သော ဖက်ဆစ်ဝါဒ၏ လုပ်ကြံဝါဒဖြန့်ခြင်း လုပ်ငန်းစဉ်ဟူသည် ဘာမှ ထူးထူးခြားခြား မဟုတ်၊ သင်းတို့က ကြွေးကျော်ဝါဒဖြန့်သော သတင်းအားလုံး၏ အနှစ်သည်ကား “ရန်များကိုယ် ကိုယ်ရှင်းမယ်၊ ခုတင်ကိုပဲကွယ် ၊ ချစ်သူမေကလေးရယ်” ဟု ဒုတိယတစ်ခု (ဝါ) သူတို့ အမှန်တကယ်ကိုလုပ်မည့် ပုံစံကို ပြန်ညွှန်းထားခြင်းပါတည်း။ လွယ်လွယ်မှတ်မည် ဆိုပါလျှင် ဖက်ဆစ်ဟူသည် ပြောလျှင်ပြောသည့်အတိုင်း လုပ်သည့် ဘီလူးတို့ ဖြစ်ပါသတည်း။

ဟုတ်ကဲ့၊ အလွန်တရာကို ထူးခြားလှသောအချက်မှာ ဖက်ဆစ်သမားတို့ဟူသည် ၄င်းတို့၏ လုပ်ကြံဝါဒဖြန့်စနစ်တွင် မည်သည့် ကျယ်ဝန်းစွာ အခြေခံထားသည့် ဝါဒ သဘောတရားမှ မပါပါ။ အဘယ်ကြောင့်ဆိုသော် ဖက်ဆစ်စနစ်၏ ဝါဒဟူသည် သူတို့လုပ်မည့် လုပ်ငန်းစဉ်ပင်ဖြစ်ပြီး ယင်းလုပ်ငန်းစဉ်သည် ပြဿနာမှန်သမျှ “ချက်ချင်း” ရှင်းပစ်မယ် ဆိုတာမျိုး ဖြစ်တတ်သဖြင့် လူအားလုံးလိုလိုက ကြိုက်နှစ်ခြိုက်တတ်လေ့ပင် ရှိပါ၏ ။ နောက် ထပ်မံထူးခြား အံ့သြဖွယ်ကောင်းသော တစ်ချက်မှာ ဖက်ဆစ်စနစ်ကို ဘယ် ဝါဒရေးရာ ပညာရှင်တို့ကမှ လက်တွေ့တွင် နိုင်အောင် မတိုက်နိုင်ပါ။ အဘယ်ကြောင့် ဆိုသော် ဝါဒရေးရာသဘော ပရိယာယ်တို့သည် အလွန်ကျယ်ဝန်းတတ်၍ နက်နဲသိမ်မွေ့စွာ စဉ်းစားရသလောက် လက်တွေ့အားဖြင့် ယင်းပရိယာယ်တို့ ဘယ်လို အကျိုးသက်ရောက်မှု ရှိသလဲ ဆိုတာကို ရှင်းပြဖို့ဆိုတာ အင်မတန် ခက်ခဲပါ၏။ သည်မှာ သကောင့်သားတို့က ဤကဲ့သို့ ဝါဒရေးရာတိုင်းမှာရှိသော ကျယ်ဝန်းသိမ်မွေ့မှုကို အသာစီးယူပစ်လိုက်သည်မှာ ဖက်ဆစ်သမားတို့သည် “လက်တွေ့” ရူဒေါင့် ဆိုသော အကျဉ်းမြောင်းဆုံး အဆင့် (ဝါ) ရယူရန်ဆိုသည့် ရုပ်ဝတ္ထု လောကမှာပဲ ကိုယ့်ကိုကိုယ် ထိုင်ထားလိုက်ခြင်း ဖြစ်ပါ၏။ ဘယ်တော့မှလည်း ဖက်ဆစ်တို့သည် ပညာရှင်အဆင့် သုံးသပ်ချက် ဖြစ်သော သမုဒ္ဒရာကြီးကဲ့သို့ ကျယ်ပြောနက်ရိုင်းသိပ်သည်းစွာ စဉ်းစားရသည့် လောကပါလ (ဝါ) သိမ်မွေ့နက်နဲမှု အဆင့်မြင့် သဘောတရားသို့လည်း တက်မလာတတ်။ ထိုအစား အငြင်းအခုံ ကစားပွဲတွင် ဖက်ဆစ်တို့သည် ပညာရှင်အားလုံးတို့ကို သူတို့ ဖင်ခုထိုင်ထားသည့် လက်တွေ့ရူဒေါင့် ပလ္လင်ပေါ်ကနေပဲ လှမ်းပြီး စိန်ခေါ်ပါသတတ်။  ဘယ်လောက်ပင် ကြီးကျယ်သည့် ပညာရှင်တစ်ဦးသည်ပင် ဖြစ်ပစေ ဖက်ဆစ်တစ်ဦးကို နိုင်အောင်တိုက်ဖို့ မရှိတတ်။ အဘယ်ကြောင့်ဆိုသော် ဖက်ဆစ်သမားဟူသည် ပညာရှင်ကို သူဖင်ထိုင်ထားသော “လက်တွေ့ ဖြစ်ပေါ်နေသည့် ပြဿနာတွေ” ဆိုပြီး သူလက်ညိုး အတင်းထိုးပြသော ရူဒေါင့်ထဲကိုပဲ လာပြီး အဲသည် ရူဒေါင့်ထဲကပဲ သုံးသပ်ရန် အတင်းလုပ်ခိုင်းခြင်းကြောင့် ပါတည်း။ ရိုးသားသော ပညာရှင် ဆိုသဟာ မျိုးဟာ ယင်းကဲ့သို့ ဖက်ဆစ်တို့၏ ဝါးလုံး တစ်ဖက်တည်းကပဲ ကြည့်မြင်နေသော ရူဒေါင့်မျိုးထဲကို (moral relativism) ငုံ့ဝင်ပြီး သုံးသပ်ဖို့ဟာ မဖြစ်နိုင်။ အဲသလို မငုံ့ဝင်သော ပညာရှင်ကို လက်တွေ့သမား ဖက်ဆစ်တို့က ငရဲပွက်သလို ရူတ်ချဆူပွက်ကြသည်မှာ “ကြောင်သူတော်” လို့ ကင်ပွန်းတပ်ပစ်ခြင်း ပေတည်း။ ဤသဘောကို အနှစ်ချုပ်ပြပါအံ့၊ ဖက်ဆစ်သမား၏ အငြင်းအခုံ ဝါဒ ကစားပွဲဟူသည် ကစားပွဲကို သူကစားချင်သည့် တစ်ဖက်သတ် စည်းမျဉ်းတို့နဲ့ပဲ ကစားနေခြင်း ပေတည်း။ ထို့ကြောင့် သီလသမာရှိသော ပညာရှင်တို့သည် ယျေဘုယျအားဖြင့် ဖက်ဆစ်တို့နှင့် ဆွေးနွေးစကားပြောလေ့ မရှိ၊ တစ်ဖက်တည်းသော ရူဒေါင့်ကနေပဲ သုံးသပ်ရမည်ဟူသော ဆွေးနွေးပွဲမျိုးကို အဘယ် ရိုးသားသောပညာရှင်သည် သူတို့ ဆင်ထားသည့် ချိန်ခွင်ပေါ် လာပြီး တက်ပါမည်နည်း။

စာရူသူကို ဥာဏ်စမ်းတစ်ခု ထုတ်ရပါအံ့။ လူထုတစ်ရပ်လုံးကို ထိန်းချုပ်ရန် လက်တွေ့ပြဿနာရူဒေါင့် ဆိုသည်မှာပဲ ဖင်ထိုင်ချင်သည့် ဖက်ဆစ်သမားသည် သူကပြောသော လက်တွေ့ပြဿနာ ဆိုသည်ကို ပြည်သူလူထုမှ လိုက်လံ နားလည်ကြည်ညိုစေရန် ဝါဒဖြန့်မည်ဆိုပါလျှင် မည်သို့သော လက်တွေ့ ပြဿနာမျိုးကို ဝါဒဖြန့်ပါမည်နည်း။ ၄င်းသည် လူထုတစ်ရပ်လုံးနှင့် ဆိုင်သော လက်တွေ့ပြဿနာဟူ၍လည်း ပြသရုံသာမက သူက ချက်ချင်းလက်ငင်း ဖြေရှင်းနိုင်သည့် ပြဿနာတို့ဖြစ်ကြောင်း လူထုကို ပြောရပါလိမ့်မည်။ သည်မှာ အဖြေကား ရှင်းပါ၏ ။ ဖက်ဆစ်သမားသည် “ရန်သူ ရန်သူ ရန်သူ…ရန်သူ…ဘုံရန်သူ ” ဟု တောက်လျှောက်ကို ပြည်သူလူထုကို အဆက်မပြတ် တပ်လှန့်ခြင်း ပေတည်း။ ဒါဆိုလျှင် ဘုံရန်သူ ဆိုတာ ဘယ်လိုမျိုးပါနည်းဟု ထပ်ပြီး ငါတို့ ဥာဏ်မြုးကြပါစို့။ ဘုံရန်သူအဖြစ် လက်ညိုးထိုးဖို့ အင်မတန် လွယ်တတ်သည်မှာ နိုင်ငံခြားတိုင်းပြည်တို့ နှင့် ပြည်တွင်းမှာဆို လာရောက်နေထိုင်နေသော နိုင်ငံခြားသားတို့ ပေတည်း။ ဒါကြောင့် ဖက်ဆစ်နိုင်ငံတို့တွင် ‘သစ္စာဖောက်တွေ’ ‘သူခိုးဂျပိုးတွေ’ ‘ရာဇဝတ်ကောင်တွေ’ ‘ငါတို့ နိုင်ငံကို လာပြီး ဂုတ်ခွစီးနေတဲ့ကောင်တွေ’  ‘ အကြံကြီး ကြံနေတဲ့ကောင်တွေ’ ‘ပြည်ပရန်စွယ်တွေ’ ဟူသော ဝေါဟာရတို့သည် နိုင်ငံတစ်ခုလုံး ပွက်လောရိုက်နေတတ်ပြီး ၄င်း ဝေါဟာရတို့သည် ဖက်ဆစ်တို့၏ လုပ်ကြံသတင်းဖြန့်မှုအပေါင်း၏ ပါလေရာ ပဲခူးဆားပင် ဖြစ်ပါသတတ်။ ဒါကို ပြည်သူတို့ကို အယုံသွင်းသလို သူတို့ အယုံသွင်းတာကို သူတို့ဟာ သူတို့လည်း အမှန်တကယ် ပြန်ယုံလာသည့် ဖက်ဆစ်သမားတို့သည် မျိုးဖြုတ်သတ်ခြင်း (Nazism) ကဲ့သို့သော လုပ်ရပ်မျိုးကို နောက်ဆုံးတွင် ကျုးလွန်လာကြ လေ၏ ။

 သည်ဘက်ခေတ်တွင် နီးနီးကပ်ကပ် ကြည့်မည်ဆိုပါလျှင် မြန်မာပြည်တွင် ၁၉၉၄ ရဝမ်ဒါ မှာ ဖြစ်ခဲ့သော မျိုးဖြုတ်သတ်ခြင်းမျိုး (genocide) မဖြစ်နိုင်ဘူးဟု မထင်ပါနှင့်။ ကျွန်တော့်တွင် ရဝမ်ဒါမှ သူငယ်ချင်းများစွာရှိရာ ၄င်း ဟူလူး၊တွတ်စီ လူမျိုးတို့သည် မြန်မာလူမျိုးတို့လိုမျိုး စိတ်ခက်ထန်ခြင်းမျိုးပင် မတွေ့ရတတ်။ တစ်နိုင်ငံလုံးကို ဖြန့်ကျက်လွှမ်းမိုးသည့် ခရစ်ယာန်ဘာသာကို ကြည်ညိုကိုင်းရိုင်းသည့် အခြေခံဟု ထင်ပါသည်။ ဒါပေမယ့် မြှောက်သူကမြှောက်ပေး၍ ယုံကြည်သူတို့ကလည်း ယုံကြည်လာသော အခါ ထိုဘာသာတရား ကိုင်းရိုင်းသူတို့သည်ပင် တစ်ဖက်လက်တွင် လက်ဝါးကပ်တိုင်ကိုမြှောက်၊ တစ်ဖက်လက်တွင် ရဲတင်းကို ကိုင်၍ တစ်နိုင်ငံလုံး အချင်းချင်း လက်ဖြတ်ခြေဖြတ် ခုတ်ထစ်ကုန်ကြ သတည်း။ ဒါကို ကျွန်တော်နောက်ပိုင်းတွင် ရှင်းပြပါဦးမည်။ ခုခါမှာတော့ ဖက်ဆစ်သမား ဋီကာကို ဆက်သွားရပါအံ့။

ရှေ့ဖက်တွင် ဆိုခဲ့သည်တို့ကို “ဖက်ဆစ်စနစ်ဆိုတာ ဝါဒရင်းမြစ် မရှိဘူး၊ လက်တွေ့ ပြဿနာတွေကို အကြမ်းပတမ်း ကိုင်တွယ်တာမျိုး” ဆိုပြီး မရောထွေးသွားပါနှင့် ။ ဖက်ဆစ်စနစ်သည် မျက်နှာနှစ်ဖက်ရှိသော ဘီလူးလို ဖြစ်ပါသည်။ ပညာရှင်တို့ကို ကိုယ်တွယ်ဖို့ အတွက်ဆို ၄င်းသည် ဝါဒသဘောတရား ဆိုတာကို စကားမဟတတ် - မျက်မှောက်ဖြစ်ပေါ်နေသော ပြဿနာတို့ကိုသာ တန်းစီပြီး ပြတတ်ပါ၏ ။ ဒါပေမယ့် ပညာရှင်နှင့် တကွသော ပြည်သူလူထုတစ်ရပ်လုံးကို သူတို့အောက်ရောက်လာအောင် ကိုင်တွယ်ဖို့အတွက် သူ့တွင် ဝါဒ တိတိပပ ရှိပါသည်။ ၄င်းသည် အခြားမဟုတ်၊ ပြခဲ့သလို “လူအစုအပေါင်းသည် လူတစ်ဦးချင်းထက် အနိုင်းမသိ သာလွန်သည့် အထွတ်အမြတ် ဖြစ်သည်” ဟူသော ဝါဒပေတည်း။ အဲသည်ကနေ ဆက်၍ သွားသည်မှာ လူအစုအပေါင်းတည်းဟူသော အသိုင်းအဝိုင်းအတွက် ဟူသော ရူဒေါင့်မှ ဆုံးဖြတ်ခြင်းတို့သည်သာလျှင် တရားမျှတမှုဟု အတင်းအကြပ် ယူလာခြင်း ပေတည်း။ လူအစုအပေါင်း၏ ကောင်းရာကောင်းကျိုးအတွက် လုပ်တာမှန်သမျှသည် လူတစ်ဦးချင်း၏ မျက်နှာကို ဘာမှထောက်စရာ မလိုဟု လုပ်လာကြခြင်း ပေတည်း။ ဒါဆိုလျှင် “အမျိုးသားရေး၊ အမျိုးသားလုံခြုံရေး” ဟူသော ရူဒေါင့်မှ ကြည့်မြင်မှသာလျှင် အမှန်တရား ရူဒေါင့်ဖြစ်သည်ဟု ဆိုလာခြင်းတို့သည့် ဖက်ဆစ်စိတ်ကို ဖင်ဖော်ကပြနေသော ကြွေးကြော်မှုတို့ ဖြစ်ကြောင်း ငါတို့ ကောင်းကောင်း ခန့်မှန်းနိုင်လောက်ပြီ ဖြစ်ပါ၏။ ဤ အမျိုးသားရေး ကြွေးကြော်မှုတို့သည် ဘယ်လိုသော ပုံစံမျိုးပင် တပ်သည်ဖြစ်ပစေ ( အမျိုးသားစီးပွားရေး၊ အမျိုးသားတိုးတက်ရေး စသဖြင့် နာမည်မျိုးစုံ ပြောင်းတပ်လို့ရပါ၏) ရည်ရွယ်ချက်မှာ တစ်မျိုးတစ်စားတည်း သာတည်း- ယင်းသည် ဖက်ဆစ်သမားတို့က အသိုင်းအဝိုင်း အပေါ် သစ္စာဖောက်ဟု ယူဆသော လူတစ်ဦးချင်းကို လိုလျှင်လိုသလို ကိုင်တွယ်ရန် ချိန်ရွယ်ထားသလို သူတို့လိုချင်သည့် လမ်းကြောင်းပေါ်ကို ပြည်သူလူထုတစ်ရပ်လုံးကို “တစ်သွေး၊ တစ်သံ၊ တစ်မိန့်” စိတ်ကြိုက်မောင်းချရန်လည်း ဖြစ်ပါသည်။

ထို့ကြောင့်လည်း ဖက်ဆစ်နိုင်ငံတို့တွင် ဖြစ်တတ်သည်မှာ “ဟိုမှာ ရန်သူ… သည်မှာလည်း…ရန်သူ … နေရာတိုင်းမှာ…ဘုံရန်သူ” ဟူပြီး တပ်လှန့်ခံထားရသော စစ်သွေးကြွ ပြည်သူလူထုတော့ ဖြစ်ပါ၏။ ဒါပေသိ အဲသည် စစ်သွေးကြွ ပြည်သူလူထုသည် အင်မတန်မှပင် ငြိမ်ဝပ်ပိပြားနေတတ် ပါ၏။ ဘာလို့လဲဆိုတော့ “တစ်သွေး တစ်သံ တစ်မိန့်” မှ တစ်လက်မကလေးပင် သူတို့ကိုယ်သူတို့ ခွဲထွက်မည်ဆိုပါလျှင် ကိုယ်ကကျုး ကိုယ့်ဒူးတောင် မယုံရဆိုသလို “နိုင်ငံတော်” ဆိုတာကြီးနဲ့ ကိုင်ပေါက်ခံရပြီး စီရင်ခံရမှာကို စိုးရွံ့နေရသောကြောင့် ပါတည်း။ ဖက်ဆစ်သမားတို့၏ နိုင်ငံသည် လစ်ဘရယ်နိုင်ငံတို့ထက် များစွာ ပိပြားငြိမ်သက်တတ်ပါ၏ ။ သို့သော် ယင်းငြိမ်သက်ခြင်းသည် ကိုယ့်ကိုကိုယ်ပင် မယုံကြည်ရသဖြင့် သိမ်ငယ်နေသော ငြိမ်သက်ခြင်းမျိုးပါတည်း။ တစ်ဖက်တွင်လည်း လူစုလူဝေးဆိုသော အပေါင်းအစုထဲမှာ ကိုယ်က ယိမ်းကလိုက်ပါနေပြီဆိုပါမှ ငြိမ်သက်နိုင်သော ငြိမ်သက်ခြင်းမျိုးပါတည်း။ လူစုလူဝေးမှ ၂+၂ = ၅ ဆိုတာကို လိုက်ပြောပါမှ မနက်ဖန် ဆက်ပြီး မျက်နှာသစ်နိုင်မည့် သီလပျက်ပြားနေသော ငြိမ်ဝပ်ခြင်း ပါတည်း။ ဟုတ်ကဲ့ ၊ အဲသလို ကိုယ့်ကိုကိုယ် ယုံကြည်မှု ပျက်ပြားနေသော စစ်သွေးကြွ ပြည်သူလူထု ဟူသည်မှာ မော်ဒန် မြန်မာဖက်ဆစ်သမားတို့က  အနာဂါတ်မြန်မာပြည်ကို မြင်ချင်သော မြင်ကွင်းစစ်စစ် ပါတည်း။

သမိုင်းတွင် ဤသို့ ဖက်ဆစ်သမားတို့က နိုင်ငံတော်သာလျှင် သီလသမာဓိ တရားမျှတမှု ချိန်ခွင်တော်ကြီး ဖြစ်သည်ဟု လူတွေကို သူတို့ထင်သလို သန်းနှင့်ချီကာ သတ်ဖြတ်နှိပ်စက်ခဲ့ခြင်းကြောင့်လည်း ဒုတိယကမ္ဘာစစ် အပြီး ၁၉၄၈ တွင် “လောကအဝှမ်း လူသားတို့၏ အခွင့်အရေးကို ကြေငြာခြင်း” Universal Declaration of Human Rights ဟု နိုင်ငံတော်လို့ ကိုယ့်ကိုကိုယ် လုပ်လာသူ မိစ္ဆာအစိုးရများနှင့် နိုင်ငံပေါင်းစုံက အစိုးရအားလုံးတို့ကို တန်ပြန်ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် လူ့အခွင့်အရေး ဟူသည် ပေါ်ထွန်းလာခဲ့ရခြင်း ဖြစ်ပါ၏။ လူ့အခွင့်အရေးဟူသည် စင်စစ်လည်း ဖက်ဆစ်သမားတို့လိုမျိုး သူတို့ထိုင်ထားသည့် လက်တွေ့ရူဒေါင့် တစ်ခုတည်းကိုပဲ လက်ညိုးထိုးပြပြီး ထင်သလို လုပ်မည့် ကိစ္စတို့ကို (ပြောခဲ့သလို) ငြင်းခုံနေလျှင်လည်း ဘယ်တော့မှပြီးမှာ မဟုတ်သည့်အတွက် တစ်ခါတည်းကို အဲသည် moral relativist မိစ္ဆာကောင်တွေကို ချည်တုပ်ထားလိုက်ခြင်း ပါတည်း။ အဲသမှာ ခက်သည်မှာ လည်ဝယ်ကောက်ကျစ်သော ဖက်ဆစ်သမားတို့က သူတို့ ကောက်ကျစ်ညဉ်ရိုး ရှိသည့်အတိုင်း  “ဟေ့ နိုင်ငံတကာမှာ ချမှတ်ထားတဲ့ လူ့အခွင့်အရေး စည်းမျဉ်းတွေ သတ်မှတ်တာလည်း သတ်မှတ်ပေါ့၊ ငါတို့ဘာသာ ငါတို့ ပိုင်နက်အတွင်း လုပ်တာကို ဘယ် နိုင်ငံတကာက လာပြီး အပြစ်ပေး အရေးယူလို့ ရမှာမို့လဲ” အီးပေါက်ပြတတ်ပါ၏။

ဤ လူ့ကလိန်ကကျစ်တို့ ကပေမယ့် သူတို့ ဆိုသည့်အတိုင်းလည်း နိုင်ငံတကာ အသိုင်းအဝိုင်းဟူသည် လူ့အခွင့်အရေးပို်င်းဆိုင်ရာကို အကောင်အထည်ဖော်ရန် လက်တွေ့ ပြဿနာ စိန်ခေါ်မှု ကြီးမားစွာ ရှိသည်ကိုတော့ ဝန်ခံရမည် ဖြစ်ပါ၏ ။ ဤသို့ နိုင်ငံတကာသည် ရာစုနှစ်၏ သုံးပုံနှစ်ပုံကျိုးကာလ ကြာရှည်လာသည့် တိုင်အောင် လူ့အခွင့်အရေးကို ဖော်ဆောင်မှု ပြဿနာ ကြီးမားစွာ ရှိနေမှု၏ အခြေခံအကြောင်းရင်းသည် နောင်အခန်းတွင် အမားတီးယားဆင်း၏ မူရင်းစာကို ကျွန်တော် ဆက်ပြီဆိုပါလျှင် ပေါ်လွင်လာပါလိမ့်မည်။ စကားကြီးတွေ ပြောတတ်သလောက် ကိုယ်တိုင် အမြင်ကျဉ်းနေသော နိုင်ငံကြီးတို့ဟူသည် နိုင်ငံငယ်တစ်ခုတွင် တရားမျှတမှုတို့ ဖြစ်ထွန်းအောင် ဝိုင်းဝန်းဖေးမမှုထက် နိုင်ငံငယ်အား မဟာဒုက္ခ တွင်းဆုံးကျအောင် ဝိုင်းနှိပ်စက်နေသလို ဖြစ်နေသည်ကို ယခုပြန်ဆိုနေသော ဒေါက်တာဆင်း ၏ မူရင်းကို ဘောဂဗေဒပိုင်းဆိုင်ရာ ပရိယာယ် အယူအဆတွေနှင့် ဆက်လက်ပြီး တို့ထိတွဲဆက် ဖွင့်ဆိုသွားပါဦးမည်။ အာရှဓနက စီးပွားရေးပညာရှင်တို့က မြန်မာပြည်တွင် တိုးတက်မှု အရိပ်အရောင်များစွာ ရှိသည်ဟု ပြောသည်မှာ ဝမ်းမြောက်စရာ ဖြစ်ရသည်ကား မှန်ပါ၏။  ဒါပေမယ့်လည်း တစ်ဖက်တွင်လည်း နိုင်ငံတစ်ခုလုံး ချောက်ထဲ တလိမ့်ကောက်ကွေး ကျသွားနိုင်သည့် ကိစ္စတွေကို ငါတို့တတွေသည် ချင့်နိုးဆင်ခြင်ထားအပ်သည် သာတည်း။

Ko Nyo Tun

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...