Friday, July 5, 2013

“ဇူလိုင် ၇ ရက်၏ သမိုင်းတရားခံများ”


၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်ဟာ ရန်ကုန်တက္ကသိုလ်သမိုင်းမှာရော မြန်မာနိုင်ငံ
ကျောင်းသားထုရဲ့ သမိုင်းမှာပါ အရေးပါတဲ့နေ့ ၊ မေ့ပျောက်လို့ မရနိုင်တဲ့နေ့ ၊
ဖျောက်ဖျက်လို့ မရနိုင်တဲ့နေ့ ၊ နီရဲတဲ့နေ့ တစ်နေ့ ဘဲဖြစ်ပါတယ်။


၁၉၆၂ ခုနှစ် မတ်လ ၂ ရက်မှာ တရားဝင်အစိုးရဖြစ်တဲ့ ၀န်ကြီးချုပ်ဦးနုရဲ့ 
ပြည်ထောင်စုပါတီအစိုးရကို ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်တဲ့ တပ်မတော်က
အင်အားသုံးပြီး အာဏာသိမ်းခဲ့တယ်။

ဗိုလ်ချုပ်ကြိးနေ၀င်းရဲ့ တော်လှန်ရေးကောင်စီအစိုးရဟာ အာဏာသိမ်းတာနဲ့ 
တစ်ချိန်တည်းမှာဘဲ သမ္မတ မန်းဝင်းမောင်၊ ၀န်ကြီးချုပ် ဦးနုနဲ့  ပထစ အစိုးရ
အဖွဲ့ ဝင်တွေကို ဖမ်းဆီးခဲ့ပါတယ်။ သမ္မတဟောင်း စ၀်ရွှေသိုက်နဲ့  ဖဆပလ
ခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ပါတယ်။

ထိုစဉ်က စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ
အဖွဲ့ ချုပ် (ဗကသများအဖွဲ့ ချုပ်)၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ
(တကသ)နဲ့  ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ (ရကသ) တို့ က
ကန့် ကွက်ခဲ့ကြတယ်။

၁၉၅၈ ခုနှစ်က နန်းတွင်းလုပ်ကြံမှုပုံစံမျိုးနဲ့  ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းခဲ့စဉ်
ကလည်း အထက်ပါ ကျောင်းသားအဖွဲ့ အစည်းတွေ ကန့် ကွက်ခဲ့ကြဖူးပါတယ်။
ဒါ့ကြောင့် ဗိုလ်ချုပ်နေ၀င်းဟာ ကျောင်းသားတွေအပေါ်မှာ အကြီးအကျယ်
အာဃာတ ထားခဲ့တယ်။

ဗိုလ်ချုပ်နေ၀င်းခေါင်းဆောင်တဲ့ တော်လှန်ရေးကောင်စီ တက်လာပြီးနောက်
များမကြာမီမှာဘဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ၂၁ ချက်ကို ကြေညာခဲ့ပါတယ်။
တော်လှန်ရေးကောင်စီအစိုးရဟာ တက်တက်ချင်းမှာဘဲ ဆိုရှယ်လစ်လေသံ
ပေးခဲ့တဲ့အတွက် ဆိုရှယ်လစ်စနစ်ကို လိုလားကြတဲ့ နိုင်ငံရေးပါတီတွေ
နိုင်ငံရေးသမားတွေရော၊ လွတ်လပ်ရေး ဒီဘက်ခေတ် မြန်မာ့နိုင်ငံရေးခရီး
တလျှောက်မှာ နိုင်ငံရေးခြေကုန်လက်ပန်းကျနေကြတဲ့ နိုင်ငံရေးသမားတွေပါ
ဗိုလ်ချုပ်နေ၀င်းရဲ့  တော်လှန်ရေးကောင်စီကို ၀င်လုံးဖို့  စဉ်းစားလာကြတယ်။

ဒါ့ကြောင့် ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းခဲ့ချိန်မှာ တော်လှန်ရေးကောင်စီကို
ပြင်းပြင်းထန်ထန် ဆန့် ကျင်တာမျိုးတွေ မရှိခဲ့ပါဘူး။

တော်လှန်ရေးကောင်စီက အာဏာသိမ်းခဲ့တာကို တကယ်တမ်း
ဆန့် ကျင်ခဲ့သူတွေကတော့ ဗကသ၊ တကသ၊ ရန်ကုန်တက္ကသိုလ်ကျောင်းသား
ညီညွတ်ရေးတပ်ဦးနဲ့ ရကသ တို့ ဘဲဖြစ်ခဲ့တယ်။

ဒါ့ကြောင့် ဗိုလ်ချုပ်နေ၀င်းနဲ့ တော်လှန်ရေးကောင်စီတို့ ဟာ ကျောင်းသားထုကို
အပြတ်ချေမှုန်းဖို့  လျှို့ ဝှက် မဟာဗျူဟာ ချမှတ်ခဲ့တယ်။ ဗိုလ်ချုပ်ကြီးနေ၀င်းဟာ
ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် သူ့ ရဲ့ ဆရာရင်းဖြစ်တဲ့ ဦးကာကို
ခန့် ခဲ့တယ်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေကို ချုပ်ကိုင်ဖို့ အတွက် နောက်တိုး
အဆောင်စည်းကမ်းတွေကို ချမှတ်ခဲ့တယ်။ အဆောင်နေ ကျောင်းသားတွေရဲ့ 
အဆောင်သို့  ၀င်ချိန်ထွက်ချိန်တွေကို ကန့် သတ်ခဲ့တယ်။ ကျောင်းသားထု
အကြားမှာ တော်လှန်ရေးကောင်စီ (စစ်တပ်)အစိုးရအပေါ် မကျေနပ်မှုတွေ
တိုးပွားလာပါတယ်။

ဒီအတွင်းမှာဘဲ ရန်ကုန်ခရိုင်အတွင်းမှာ တန်းမြင့်ကျောင်းထွက်စာမေးပွဲ
(HSF)ကို ဖျက်သိမ်းလိုက်တဲ့အတွက် ကျောင်းသားထုအစည်းအဝေးတစ်ရပ်ကို
တကသ အဆောက်အအုံမှာ ကျင်းပခဲ့တယ်။

ဇူလိုင် ၆ ညဥ့်မှာ ရွှေဘိုဆောင်က ကျောင်းသားတွေက တင်းကျပ်တဲ့
အဆောင်စည်းကမ်းတွေကို ကန့် ကွက်ဆန္ဒပြခဲ့ကြတယ်။ ကျောင်းသားတွေဟာ
အဆောင်တံခါးတွေကို ရိုက်ချိုးပြီး အဆောင်အပြင်ဘက်ထွက်ကာ
ကျောင်းသားရေးမှူး ဦးယုခင်အိမ်ကို သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။
ဇူလိုင် ၇ ရက်နေ့  နေ့ လယ်မှာတော့ တကသ က ကြီးမှူးပြီး
သမဂ္ဂအဆောက်အအုံမှာ ကျောင်းသားထုအစည်းအဝေး ကျင်းပခဲ့ပါတယ်။
ထိုအစည်းအဝေးမှ တင်းကျပ်တဲ့ အဆောင်စည်းကမ်းတွေ ဖျက်သိမ်းပေးဖို့ 
တောင်းဆိုခဲ့တယ်။

ထိုနေ့ က အစည်းအဝေးပြီးလို့  လူစုကွဲချိန်မှာတော့ တက္ကသိုလ်ဝန်းထဲကို
ရဲကားတွေ ရောက်လာကြပြီး တကသ ဥက္ကဌ ကိုဗဆွေလေး၊
ဗကသ ခေါင်းဆောင် ကိုသက် စတဲ့ ကျောင်းသားခေါင်းဆောင်တွေကိ
ဖမ်းဆီးခေါ်ဆောင်သွားကြတယ်။

ထိုလုပ်ရပ်ကြောင့် ကျောင်းသားထုဟာ ဒေါသပေါက်ကွဲကာ ဆန္ဒပြခဲ့ကြတယ်။
ကျောင်းတွင်းမှာရှိနေတဲ့ အဆောင်ကျောင်းသားတွေနဲ့ နေ့ ကျောင်းသားတွေဟာ
အဓိပတိလမ်းထိပ်က ၀င်ပေါက်တံခါးမကြီးကိုပိတ်ပြီး တကသ အဆောက်အအုံမှာ
စုဝေးကာ အော်ဟစ်ဆန္ဒပြခဲ့ကြတယ်။

များမကြာမီမှာဘဲ ပြည်လမ်း အသံလွှင့်ရုံမှာ တပ်စွဲထားတဲ့
အမှတ် ၄ သေနတ်ကိုင်တပ်ရင်း စစ်ကားတွေရောက်ရှိလာပြီး အဓိပတိလမ်းနဲ့ 
တကသ အဆောက်အအုံရှေ့ မှာ စုဝေးနေတဲ့ ကျောင်းသားတွေကို ဂျီသရီးနဲ့ 
ပစ်ခတ်ခဲ့တယ်။

မန္တလေးဆောင်ပေါ်က အော်ဟစ်ဆန္ဒပြနေတဲ့ ကျောင်းသားတွေကိုလည်း
ပစ်ခတ်ခဲ့ပါတယ်။ သေနတ်သ့တွေဟာ ဘ၀ဂ်အထိ ညံသွားခဲ့တယ်။
ကျောင်းသားအချို့ က တကသ အဆောက်အအုံရှေ့ ရှိ အလံတိုင်ပေါ်တက်ကာ
ခွပ်ဒေါင်းအလံကို လွှင့်ထူခဲ့တယ်။

ဗိုလ်မှူးကြီးစိန်လွင်နဲ့  ဒုဗိုလ်မှူးကြီးလှမြင့် (ဘဲလ်အဲယားလှမြင့်)တို့  ဦးစီးတဲ့
စစ်သားတွေဟာ တက္ကသိုလ်ဂိတ်တံခါးကို ကားနဲ့ တိုက်ဖွင့်ပြီး ၀င်းထဲကို
ဝင်လာခဲ့ကြတယ်။ ထိုအချိန်မှာတော့ ကျောင်းသားတွေဟာ
(ကျောင်းသူအတော်များများလည်းပါဝင်ပါတယ်) မန္တလေးဆောင်ဘက်ကို
တချို့ ဆုတ်ခွာပြီး အချို့ ကတော့ သထုံဆောင်ဘက်ကို ဆုတ်ခွာရှောင်တိမ်း
ခဲ့ကြတယ်။

ကျောင်းသားအတော်များများဟာ သေနတ်ထိမှန်ပြီး အဓိပတိလမ်းပေါ်မှာ
လဲကျသွားခဲ့တယ်။ ကျောင်းသားအချို့ ကတော့ အဓိပတိလမ်းဘေး
မန္တလေးဆောင်ရှေ့ က ရေမြောင်းထဲမှာ လဲကျနေခဲ့တယ်။ အဓိပတိလမ်းပေါ်မှာ
ကျောင်းသားထုရဲ့ သွေးကွက်တွေ အိုင်ထွန်းနေပါတယ်။

လမ်းတလျှောက်မှာတော့ ပိုင်ရှင်မဲ့သွားတဲ့ဖိနပ်ကလေးတွေ၊ လက်ပတ်နာရီတွေ
ပြန့် ကျဲလို့ နေတယ်။

တက္ကသိုလ်ပရ၀ုဏ်ကို အမှောင်ဖုံးချိန်မှာတော့ စစ်ဖိနပ်သံတွေဟာ အဓိပတိလမ်း
တလျှောက်မှာ ဆူညံစွာပေါ်ထွက်ခဲ့ပါတယ်။ နောက်နေ့  ဇူလိုင် ၈ ရက်၊ မနက်
ငါးနာရီခွဲခန့် မှာတော့ ကမာရွတ်မြို့ နယ်အတွင်းမှာ ကျယ်လောင် ပြင်းထန်လှတဲ့
ပေါက်ကွဲသံကြီး ပေါ်ထွက်လာခဲ့တယ်။

စစ်ဘီလူးတွေက မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုရဲ့  အချက်အချာ နေရာတစ်ခု
ဖြစ်တဲ့ သမိုင်းဝင် တကသ အဆောက်အအုံကြီးကို ဒိုင်းနမိုက် အလုံးပေါင်းများစွာ
တပ်ဆင်ပြီး ဖြိုဖျက်ခဲ့ကြပါတယ်။ နောက်တစ်ရက်မှာတော့ ဗိုလ်ချုပ်နေ၀င်းက
“ဓားဓားချင်း လှံလှံချင်းဘဲ” ဆိုတဲ့ ကျောင်းသားထုကို စိန်ခေါ်တဲ့ မိန့် ခွန်းတစ်ရပ်
ပြောခဲ့တယ်။

သို့ ပေမယ့် ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်ပေါက်လာချိန်မှာတော့
ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးနဲ့ ဦးနေ၀င်းတို့ ဟာ သမဂ္ဂအဆောက်အအုံကြီးကို
ဖြိုဖျက်တဲ့လုပ်ရပ်မှာ သူအမိန့် ပေးတာ၊ ငါအမိန့် ပေးတာဆိုပြီး တစ်ယောက်နဲ့ 
တစ်ယောက် လွှဲချခဲ့ကြပါတယ်။

သို့ ပေမယ့်...
တရားခံတွေဟာ ဘယ်သူတွေလဲဆိုတာကိုတော့ သမိုင်းက သိနေပါတယ်။

မင်းဟန်စော

(ပြည်သူ့ ခေတ်ဂျာနယ် အတွဲ၃၊ အမှတ် ၁၅၂ တွင် ဖော်ပြပါရှိသော
မင်းဟန်စော ၏ “ဇူလိုင် ၇ ရက်၏ သမိုင်းတရားခံများ” မှ ကူးယူပါသည်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...