Saturday, July 27, 2013

နှလုံးသား ဒိုင်ယာရီ

July 26, 2013 at 8:13pm



လူ့ဘဝဟူသည် တိုတောင်းလှသည်ဟု ဆိုကြသည်။
ထိုကဲ့သို့ တိုတောင်းလွန်းသော ဘဝတွင် ဖြတ်သန်းခဲ့ရသော အဖြစ်အပျက်တို့ကား အမှတ်တရ ရှိနေသည်။ နဝတ စစ်အစိုးရ၏ ဖိနှိပ်မှုများကို မခံမရပ်နိုင်သောကြောင့် ကျနော်နှင့် ရင်းနှီးသော သူငယ်ချင်းဖြစ်သူ မာရီယာ ကို တောခိုရန်အတွက် တိုင်ပင်ဖြစ်ကြသည်။


မာရီယာက နယ်မြေခံဖြစ်သလို ဖခင်ဖြစ်သူကလည်း ကယား(၁) တပ်ရင်းမှ အငြိမ်းစားယူထားသော တပ်ကြပ်ကြီး ဖြစ်သည်။ သူတို့မိသားစုဘဝက ပြေလည်ကြသည်မဟုတ်။ တနေ့စာဝမ်းရေးကို တနေ့ရှာဖွေ ဖြေရှင်းနေကြရသည်။ မိခင်ဖြစ်သူက မီးဖိုနံဘေးက ခွာ  မရ။ အောက်ပိုင်း ချည့်နဲ့နေသည်။ မောင်နှစ်ယောက် အစ်မတယောက်က ဝိုင်းဝန်းပြုစုနေရသည်။
အစ်ကိုအကြီးဆုံး ဖြစ်သူက တပ်မတော် ခလရ(၂၉) တွင် တာဝန်ထမ်းဆောင်နေသာ တပ်ကြပ်ကြီးတဦးဖြစ်သလို မောင်ဖြစ်သူကလည်း ၁၄ နှစ်သားကတည်းက တော်လှန်ရေးနယ်မြေသို့ ထွက်ခွာသွားခဲ့သည်။

ကျနော်တို့ တောခိုရန်အတွက် တိုင်ပင်ဆွေးနွေးကြတော့ သူမ၏ဖခင်က မဟန့်တား။ အခြေအနေအရပ်ရပ်ကို ကြည့်ပြီး လှုပ်ရှားကြရန်သာ မှာကြားသည်။ တောခိုမည်သာ တွေးကြသည်။ မည်သည့်နေရာကို သွားရမှန်း မသိ။ ခြေဦးတည့်ရာသွားရင်း ရှာဖွေကြမည်ဟု ဆုံးဖြတ်ထားကြသည်။ ကျနော်နှင့်စိတ်တူကိုယ်တူဖြစ်သော ထွန်းထွန်းလင်း ကပါ တောခိုရာသို့ လိုက်ပါမည်ဆိုတော့ ပေါင်း သုံးယောက်ဖြစ်သွားသည်။ နောက်တနေ့ နံနက် ကျနော် ထွန်းထွန်းလင်း မာရီယာ တို့ ကျောပိုးအိတ် ကိုယ်စီလွယ်ရင်း မမျှော်မှန်းနိုင်သော ခရီးလမ်း တခုကို စတင်လျှောက်လှမ်းခဲ့ကြသည်။ ညနေပိုင်းလောက်တွင် ဒီမောဆိုး မြို့စွန်ရှိ မာရီယာ၏ ဘကြီးဖြစ်သူ အိမ်သို့ ရောက်ရှိခဲ့သည်။ မာရီယာ၏ ဘကြီးက ကျနော်တို့ကို ကြည့်ရင်း သူတို့ဓလေ့ထုံးတမ်းအရ ကြက်ရိုးဗေဒင် ကြည့်ပေးသည်။

ကြက်ရိုးဗေဒင်ဆိုသည်မှာ ကြက်ဖဆိုလျှင် တွန်ရမည်။ ကြက်မဆိုလျှင်လည်း ဥဥပြီးမှသာ ဗေဒင်မေး၍ ရသည်။ ကြက်အရှင်ကို ပေါင်နှစ်လုံးကြားညှပ်ပြီး ပေါင်အရင်း အရိုးကို အပြင်သို့ ထိုးထုတ်လိုက်သည်။ ထွက်လာသော ပေါင်အရိုးရှိ အသားစများကို ခြစ်ပြီး အရိုးကြား အပေါက်ကလေးများ အတွင်းသို့ နှီးဖျားလေးများဖြင့် ထိုးသွင်း ၍  ဟောရခြင်း ဖြစ်သည်။
ထွက်ရှိလာသည့် ဗေဒင်အဖြေမှာ ကျနော်နှင့် မာရီယာ အိမ်ထောင်ကျမည်။ ဒုက္ခရောက်မည်။ အသက် အန္တရာယ် မရှိဟု ဟောလေသည်။ ကျနော်က အယုံအကြည်မရှိ။ အထိုက်အလျောက် ခေါင်းညိတ် နားစွင့်နေခဲ့ မိသည်။ ထိုအိမ်တွင်ပင် ကြက်သားဟင်းနှင့်ထမင်းစားကာ အိပ်ဖြစ်ကြသည်။ မနက် ငါးရက်ဈေးရှိသောကြောင့် စောစောထ စစ်တပ်ဂိတ်ဖြစ်သော ခမရ(၅၃၁) ကို ဖြတ်ကျော်ရသည်။ ကျောပိုးအိတ်များကို နောက်လွယ်ထဲ ထည့်ပြီး အပေါ်ယံတွင် ဟင်းသီးဟင်းရွက်များ ဖုံးလွှမ်း ၍ စစ်တပ်ဂိတ်ကို ကျော်ဖြတ်ရသည်။ စစ်တပ်ဂိတ် လွန်သောအခါ ဘယ်ကို ခရီးဆက်ရမည်မသိ။ ထိုနှင့် ဖရူဆိုမြို့အစွန်ရှိ ဒေါငံခါး ရွာသို့ ရောက်ရှိခဲ့ပြန်သည်။  တော်လှန်ရေးတပ်များကို စုံစမ်းကြည့်တော့ မကြာသေးကမှ ထွက်သွားပြီဖြစ်ကြောင်း သိရပြန်သည်။ မာရီယာက လိုက်လျှင် မီနိုင်သေးသည်ဟု ဆိုကာ ဖရူဆိုဘေးရှိ တောင်တန်းများကို စတင်တက်ရလေသည်။ တနေကုန် တောင်တက်ခရီးနှင်ကြရသည်။ တောင်ပေါ်ရွာအတော်များများကိုလည်း ဖြတ်သန်းကျော်လွှားရ သည်။ နေဝင်သောအခါ ခရုခို ရွာသို့ ရောက်ရှိခဲ့သည်။ နီးစပ်ရာအိမ်တွင် ဝင်အိပ်ဖြစ်ကြသည်။

ချက်ပြုတ်စား သောက်ပြီး မောမောနှင့် အိပ်ပျော်သွားကြသည်။ နောက်တနေ့ အလင်းရောင်တွေ့မှသာ လန့်ဖျတ်နိုးထခဲ့ ကြသည်။
အိမ်ရှင်ဖြစ်သူအား ကျေးဇူးတင်စကားပြောပြီး ဆက်လက်ထွက်ခွာခဲ့ကြသည်။ ညနေ ၃ နာရီ ကျော်ကျော် လောက်တွင် ခေါသခေါ ရွာသို့ ဆိုက်ရောက်ခဲ့ပြန်သည်။ မြေပြန့်တွင် အနေများသော ကျနော်တို့ အဖို့ အရာအားလုံးသည် အသစ်အဆန်း ဖြစ်နေသည်။ သူတို့ ကျွေးသော ဆန်များမှာ နီရဲစေးကပ်နေသောကြောင့် စား၍မဝင်။ ကြိတ်မှိတ် မြိုချနေရသည်။ ဟင်းလျာက မရှိ။ သင်္ဘောသီးကို ငရုတ်သီးနှင့် ရော၍သာ ချက်ထား၏။ ဆီ အချိုမှုန့် မရှိ။ ဆားနှင့် ငရုတ်သာ သူတို့ထံတွင် ရှိသည်။ နေအိမ်များမှာလည်း တောင်စောင်းများတွင် ဆောက်ထားသည့် အထဲဝင်လိုက်သည်နှင့် မဲမှောင်နေသည်။ အိမ်ခေါင်များပေါ်တွင်လည်း ညောင်နှင့် သစ်ပင် အတော်များများ ကြီးထွားနေကြသည်။ သက်ငယ်အထုံးကြီးများကို ဝါးဖြင့် လျှို၍ မိုးထားကြသည်။ အိမ်မှာ အဝိုင်းပုံ ဖြစ်ပြီး နေ့ခင်းဘက် အလင်းေ၇ာင်ရရန် မီးအမြဲ မွှေးထားကြသည်။ အိမ်အလည်တွင်သာ မီးဖိုကို ထားရှိလေ့ရှိသည်။ အချို့အိမ်များတွင် အခေါင်းတလားများ ထွင်းထားကြသည်။ သေဆုံးသွားလျှင် မပူပင်ရ။ အဆင်သင့်ဖြစ်နေရန် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည်။

တနေ့  ဧည့်သည်ဖြစ်သော ကျနော်တို့အား အခြားအိမ်မှ ထမင်းဖိတ်ကျွေးသောကြောင့် သွားခဲ့ကြသည်။ ကျွေးမွေးသော ဟင်းကို ကြည့်လိုက်တော့  ငါးပုပ်ဟင်းဖြစ်နေသည်။ အနံ့အသက် ဆိုးဝါးသောကြောင့် အော့ချင် အန်ချင်ဖြစ်နေပြီး ငါးများကို ဝါးဘူးထဲထည့်ကာ အပုပ်ခံထားကြသည်။ ထိုဟင်းမျိုးကို ဧည့်သည်များ ကိုသာ ကျွေးမွေးတတ်ကြောင်း သိရသည်။ ညပိုင်းရောက်သောအခါ နှစ်ချို့ခေါင်ဖြင့် ဧည့်ခံပြန်သည်။ နှစ်ချို့ခေါင် ဆိုသည်မှာ ပြောင်းကောက်ဆန်ဖြင့် နှစ်အတော်ကြာ နှပ်ထားသော ခေါင်ရည်ဖြစ်သည်။ ဗူးခါးသီး လည်း ထည့်ထားသော ခေါင်ရည်ကို သောက်သုံးနိုင်ရန်အတွက် ရေနွေးပူလောင်းထည့်ကာ ဝါးချောင်းကလေး ဖြင့် စုပ်ယူသောက်သုံးရသည်။ သောက်ကောင်းကောင်းနှင့် မည်မျှသောက်လိုက်မိသည် မသိတော့။ ဆယ်မိနစ် ခန့်အကြာ ကမ္ဘာကြီး ချာချာလည်သွားတော့သည်။ အမိအဖတပြီး အော်ဟစ်ငိုကြွေးနေသော ကျနော့်ကို ကြည့်ကာ ဝိုင်းဝန်းရယ်မောခဲ့ကြသည်။
ထိုရွာများတွင် အခက်အခဲဆုံးမှာ အိမ်သာမရှိ။ ဝမ်းနာလျှင် တောထဲသို့ ပြေးရသည်။ တောထဲသွားမည့် အရိပ် အယောင်တွေ့လိုက်လျှင် ဘယ်အချိန်က ချောင်းနေမှန်း မသိရသည့် ဝက်များက ပြေးလွှားကာ တအီအီနှင့် နောက်က ထပ်ချပ်မကွာ လိုက်လာတော့သည်။ တုတ်တချောင်းကို ကောက်ကိုင်ရင်း ကိစ္စမပြီးမချင်း ဝှေ့ယမ်း နေရသည်။ ကိစ္စပြီးလို့ ထွက်လိုက်သည်နှင့် တကောင်နှင့်တကောင်တိုးဝှေ့လုယက်နေကြတော့သည်။

ကိစ္စပြီးက နီးစပ်ရာတုတ်ချောင်းများကို အလွယ်တကူ အသုံးမပြုမိဖို့လည်း အရေးကြီးသည်။ တွေ့ရာတုတ်ကို ချိုး၍ အသုံးပြုမိပါက အဆိပ်ပင်ခြောက်များနှင့် တိုးတတ်သည်။ ထိုအပင်များမှာ ထိရုံနှင့် ကင်းကိုက်သကဲ့သို့ ခံစားရသည်။ ငါးရက်တပတ်ကြာအောင် အဆိပ်တက်လေ့ရှိသည်။ ထိုရွာတွင် ၁၀ ရက်ခန့် နေပြီးသောအခါ တော်လှန်ရေး အဖွဲ့များကို ရှာပုံတော် ဖွင့်ရပြန်သည်။  ခေါသခေါမှ ဟိုယာ ဘုရားကျောင်းတွင် မင်္ဂလာ သွားဆောင်မည့် စုံတွဲဖြင့် ကျနော်တို့ လိုက်သွားကြပြန်သည်။ ညနေပိုင်းလောက်တွင် ဟိုယာသို့ ရောက်ရှိ ခဲ့ကြသည်။ ဟိုယာမှာ မြို့ကြီး (သို့) ရွာကြီးတရွာလောက်တော့ ရှိလိမ့်မည်ဟု ကျနော်မျှော်လင့်ထားခဲ့သည်။ ဟိုယာ ရောက်တော့ အံ့သြသွားရပြန်သည်။ အင်ဖက်မိုး အိမ်ငယ်တချို့သာ ရှိပြီး ကြီးကြီးမားမားဟူ၍ ဘုရား ကျောင်း တကျောင်းကိုသာ တွေ့ရသည်။ ဟိုရာအထွက် ဝဲဘက်တွင်တော့ ဂျပန်ခေတ် ကားလမ်းဟောင်းကြီး နှင့် မယ်တော် မာရီယာ ဂူ ကိုသာ တွေ့ခဲ့ရသည်။ သုံးယောက်သား ခရီးသာနှင် နေရသည်။ ဘယ်ကိုရောက် ဦးမည်မသိ။ ညဥ့်နက်လာသောကြောင့် တောင်စောင်းဘေး လေကွယ်တွင် စခန်းချဖြစ်ကြပြန်သည်။ ကောင်းကင်ယံတခွင် ကြယ်အချို့မှ လွဲ၍ မဲမှောင်နေသည်။ တစ်တီတူး ငှက်များကလည်း ခေါင်းပေါ်တွင် ဖြတ်သန်း ပျံလွှားရင်း အော်ဟစ်မြည်တမ်းသံက ကြောက်မက်ဖွယ်ရာဖြစ်သည်။

တော်လှန်ရေး တပ်သားများမှာ  အရိပ်အယောင်ပင် မတွေ့ရသေးပေ။ အားအင် အတော်ချို့တဲ့လာပြီး ဆက်လက်ရှာဖွေခဲ့ကြပြန်သည်။ စားစရာ ရိက္ခာ  မပါ။ ရေနှင့် ရေဘူးသာ ရှိသည်။ လမ်းဘေးရှိ ငှက်ပျောအူနှင့် အချဉ်သီးတို့ကိုသာ စားသုံးရင်း ခရီးဆက်ကြသည်မှာ ငါးရက်ခန့်ပင် ရှိပြီ။ ဝမ်းကလည်း အဆက်မပြတ်သွားနေ ကြသည်။ လမ်းများကို ကောင်းစွာ မလျှောက်နိုင်တော့။ မောပမ်းနွမ်းနယ်နေကြ၏။ တဦးကို တဦး ဖေးမရင်း လျှောက်လှမ်းခဲ့ကြရာ အိမ်အများအပြားရှိသော ရွာကြီးတရွာကို လှမ်းမြင်လိုက်ရသည်။ တောင်အောက်ရောက် တော့ ဘာရွာလဲ ဟု မေးလိုက်မိသည်။ ကျနော်တို့ ထွက်ခွာသွားသော ဖရူဆို မြို့ပင် ဖြစ်သည်။ ဖရူဆိုမြို့ကို ပတ်  သွားနေခြင်းသာ ဖြစ်သည်။ ထိုနှင့် ယခင်စုံစမ်းခဲ့သော ဖရူဆိုမြို့စွန်ရှိ ဒေါငံခါး ရွာသို့ ဒုတိယအကြိမ်  ပြန်လည်ဆိုက်ရောက် ခဲ့ပြန်သည်။

မာရီယာနှင့် ဆွေမျိုးနီးစပ်သော အိမ်တွင် စားသောက်ရန်အတွက် ချက်ပြုတ်ကြသည်။ ဆာလောင်နေကြသည်။ တကယ်တမ်း ထမင်းစားတော့ စားမဝင်ကြ။ အတွေးကိုယ်စီနှင့် တော်လှန်ရေးတပ်သားများကိုသာ မျှော်လင့် နေမိသည်။ ထမင်းစား   မပြီးမီ ယူနီဖောင်း လက်နက်ဖြင့် ချိန်ပြီး ရဲဘော် ငါးယောက် ဝင်လာသည်ကို တွေ့လိုက်တော့ ထွန်းထွန်းလင်း လက်ထဲက ပန်းကန် အောက်သို့ ပြုတ်ကျသွားသည်။

‘ဟေ့.. ပြေးမယ်တော့ မကြံနဲ့ မင်းတို့ကို ဝိုင်းထားပြီးပြီ.. ပြေးရင်လည်း ကိုက်အစိတ် မကျော်ဘူး’ ဟု လှမ်းပြော လိုက်သံ ကြားရသည်။ မာရီယာက ကယောဘာသာစကားဖြင့် ပြောလိုက်သောအခါ သေနတ်များကို အောက်သို့ ချထားလိုက်ကြသည်။ ကျနော်တို့အား ထမင်းဆက်လက်စားရန်ပြောပြီး စောင့်နေကြသည်။ စားသောက်ပြီး စကားပြောဖြစ်ကြသည်။ ဖိနှိပ်မျိုးစုံကို မခံရပ်နိုင်သောကြောင့် တောခိုချင်ကြောင်း ထို့ကြောင်း အရဲစွန့်ပြီး တော်လှန်ရေးတပ်သားများကို အချိန်အတော်ကြာရှာဖွေနေရခြင်းဖြစ်ကြောင်း ရှင်းပြရသည်။ ကျနော်တို့ကို အခြားတရွာသို့ ခေါ်ဆောင်သွားသည်။

သူတို့ ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရပြန်သည်။ ဗမာဖြစ်သောကြောင့် ယုံကြည်မှု မရှိ။ အလစ်မပေး။ စောင့်ကြည့်နေသည်။ ညပိုင်းတွင် ကျနော်တို့ကို ရှင်းပစ် တော့မည် ဖြစ်ကြောင်းကိုတော့ ကျနော်တို့ မသိ။ သူတို့စကားကို ကိုယ်နားမလည်။ ကိုယ့်စကားကိုသာ သူတို့ နားလည်ကြသည်။ ကျနော်တို့ နှစ်ယောက်အား ရှင်းပစ်မည့် ကိစ္စ  ကို မာရီယာက လုံးဝလက်မခံ။ သတ်လျှင် သုံးယောက်လုံးကိုသာ သတ်ပစ်ရန် ပြောသည်။ ကျနော့်ကိုလည်း သူ့ယောက်ျားဖြစ်ကြောင်း ပြောပြန်သည်။

ခေါင်းဆောင်ဖြစ်သူမှာ မာရီယာနှင့် အစ်ကိုဝမ်းကွဲတော်စပ်ကြသည်။ ထိုခေါင်းဆောင်က ကျနော့်ထံ ရောက်လာ ပြီး ‘ မင်းက ငါ့ညီမ ယောက်ျားလား ကွ’ ဟုမေးတော့ ဘုမသိဘမသိ ‘ဟုတ်တယ်’ ဟု ဖြေလိုက်မိသည်။ မင်္ဂလာ မဆောင် လက်မှတ်မထိုးဘဲ မာရီယာနှင့်ကျနော် အကြင်လင်မယား ဖြစ်သွားရသည်။

(ဆက်ပါဦးမည်)

အုပ်ကြီးဖေ
၂၇-၇-၂၀၁၃

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...