Friday, July 19, 2013

ဦးအောင်ဆန်း၏ မိခင် (အပိုင်း ၁ )



ပုခက်လွှဲသော လက်သည် ကမ္ဘာကို အုပ်စိုးသည် ဟူသော သိုးဆောင်း စကားပုံတခုရှိလေသည်။ ၎င်းစကားပုံ၏ အဓိပ္ပါယ်မှာ ကျေးဇူးရှင် အမိကောင်းများ၏ ပြုစုပျိုးထောင် ပေးခြင်းခံရသော သူတိုင်း ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးများ ဖြစ်နိုင်သည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။
မြန်မာနိုင်ငံ၏ ဘခင်ကြီးဖြစ်သူ (၀ါ) မြန်မာနိုင်ငံ၏ ဗိသုကာ ဆရာကြီးဖြစ်သူ အာဇာနည် ဗိုလ်ချုပ်အောင်ဆန်းမှာလည်း အမေစုတည်းဟူသော ကျေးဇူးရှင် မိခင်ကြီး၏ ပြုစုပျိုးထောင်ပေးမှုကြောင့် ကမ္ဘာကျော်ခေါင်းဆောင်ကြီးတဦး ဖြစ်လာသည်ဟု ယူဆက မှားမည်မဟုတ်ပေ။ ဗိုလ်ချုပ် ၏ အထုပ္ပတ္တိကို ရေးသားရာ၌ ဗိုလ်ချုပ်၏ မိခင် အမေစု၏ အထုပ္ပတ္တိ ပါရှိမှသာ ပြည့်စုံသည်ဟု ဆိုရပေမည်။ ထို့ကြောင့်ပင် အမေစု၏ အထုပ္ပတ္တိကို တတ်နိုင်သမျှ ရှာဖွေ စုဆောင်း၍ မြ၀တီမှ တင်ဆက်ရပါကြောင်း။

အမေစုနှင့် ဗိုလ်ချုပ်မိသားစု

ဗိုလ်ချုပ်၏ ဇာတိဂုဏ် ဆောင်းပါးတွင် အမေစု၏ မျိုးရိုးနှင့်တကွ အစဉ်အဆက်များကို အကျယ်တ၀င့် ရှင်းလင်း ဖေါ်ပြ ရေးသားပြီး ဖြစ်သဖြင့် ယခုဆောင်းပါးတွင် ထပ်မံဖော်ပြရန် မလိုတော့ရကား အမေစု၏ ဘ၀ဖြစ်စဉ်ကိုသာ အသေးစိတ်ရေးသား ဖေါ်ပြပါအံ။ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကျေးဇူးရှင် မိခင်ကြီး အမေစုမှာ ၁၂၃၉ ခု၊ ကဆုန်လဆန်း ၁၀ရက် ၊ တနင်္ဂနွေ ည ၂ ချက်တီး အချိန်တွင် မကွေးခရိုင် နတ်မောက်မြို့ မင်းဝိုင်း ရှိ အလွန်ခံ့ညားကာ မင်းဟန် ရှိလှသည့် အိမ်ကြီး၍ ဘုန်းကြီး ဘ-ဦးမြအေး၊ ဘုန်းကြီး အမေဒေါ်သူဇာတို့မှ ဖွားမြင်သော သမီးထူး၊ သမီးမြတ် ဖြစ်လေသည်။ အမေစု၏ စိတ်နေသဘောထားနှင့် ဘ၀ပါရမီ မည်မျှရင့်သန်သည်ကို အောက်တွင် ကူးရေးဖော်ပြပါသည်။

အဆိုပါ ဦးမြတ်အေး၊ ဒေါ်သူဇာတို့မှ ပေါက်ဖွား သော သားသမီးများအနက် အမေစုမှာ အကြီးဆုံးသမီး ဖြစ်လေသည်။ အမေစု၏ အောက်တွင် မောင်သုံးယောက်၊ ညီမသုံးယောက် ရှိသည်။ အမေစု၏ မောင်များမှာ ဦးဖိုးသင်၊ ဦးငွေဒိုင်၊ ဦးငွေဆိုင်တို့ ဖြစ်၍ ညီမ များမှာ ဒေါ်ယု၊ ဒေါ်ပု၊ ဒေါ်ခင်မေ တို့ ဖြစ်သည်။ အဆိုပါ မွေးချင်းခုနှစ်ဦးအနက် ယခုအချိန်တွင် ဦးငွေဒိုင်ခေါ် နတ်မောက်မြို့ သိမ်တော်ကျောင်း ဘုန်းတော်ကြီးဦးဃောသိတ မှ တပါး အားလုံး ကွယ်လွန်အနိစ္စ ရောက်ကြလေပြီ။

အမေစုမှာ မအေတူ သမီးဖြစ်၍ မျက်နှာသေးသွယ်သည်။ အသားညို၍ အရပ်မှာ မနိမ့်မမြင့် ဖြစ်သည်။ အရွယ်ကြီးသော်လည်း ရုပ်ရည်မှာ အခြားသော မွေးချင်းပေါက်ဖေါ်များထက် ပိုမို၍ အရွယ်တင်သည်။ ကိုယ်အင်္ဂါ အနေအထားမှာ မနိမ့်မမြင့် မ၀လွန်း မပိန်လွန်း ကြည့်၍ ကောင်းလှသည်။ စကားနည်းသည်။ မျက်နှာမှာ ကျက်သရေရှိ၍ ခံညားလှသည်။ အမေစုသည် အမအကြီးဆုံး ဖြစ်သည့်ပြင် လူကြီး၏ ဂုဏ်သိက္ခာ သမာဓိနှင့် ပြည့်စုံရကား မွေးချင်းပေါက်ဖေါ်အားလုံးက အမကြီး ဟု ခေါ်ကြသည်။ အခြားသူများကလည်း နှုတ်ယောင်လိုက်ကာ အမကြီးဟုပင် ခေါ်ကြသည်။ အမေစုသည် ငယ်စဉ်ကပင် ကောင်းမွန်သော အဖိုးတန် အရာများကိုသာ နှစ်သက်ခဲ့သည်။ မဲတကွက်၊ ရှန်နီတကွက် ရက်ထားသော ကွက်နုပ်ထဘီများကို ၀တ်လေ့ရှိသည်။ အင်္ကျီမှာ ရှေးအမယ်ကြီးများ ၀တ်ဆင်သည့် အင်္ကျီ မျိုးကို ၀တ်လေ့ရှိသည်။ အစားအသောက်တွင် အထူးသဖြင့် ဂျိုးသားကို အလွန်နှစ်သက်၍ လက်ဖက်ကို အမြဲစားလေ့ရှိသည်။

အမေစု၏ စိတ်နေသဘောထားမှာ အမျိုးသမီးလောကတွင် စံနမူနာ ထားလောက်ပေသည်။ ရိုးရိုးကျင့်၊ မြင့်မြင်ကြံ၊ မှန်မှန်ပြော၊ စောစောထ ဆိုသော စကားပုံသည် အမေစုအတွက် ရည်ရွယ်၍ ထားခဲ့ပေသလောဟု ယူဆမိသည်။ အမေစု၏ တည်ကြည်သောမျက်နှာ၊ ခံ့ညားသော အ၀တ်၊ ရိုးသားသော အစား၊ သစ္စာရှိသော စိတ်ထား၊ ကြံ့ခိုင်သောဇွဲ၊ ဘွင်းဘွင်းနှင့် ရှင်းရှင်းပြောတတ်သော နှုတ်၊ ကြီးမားသော လုံ့လ၀ီရိယတို့သည် အမေစု၏ ဂုဏ်အင်္ဂါရပ်များပင် ဖြစ်လေသည်။

အမေစုမှာ ငယ်စဉ်ကပင် မဟုတ်မခံ၊ ဇာတ်ဇာတ်ကြဲ စိတ်မျိုး ရှိသည်။ တခါတရံ အတောင် နှစ်ဆယ်ဝတ် မင်းယောက်ျားများ ထက်ပင် စိတ်ပိုမို ထက်မြက်စူးရှသည်ကို တွေ့ရသည်။ သို့သော် မျိုးရိုးဇာတိ ကောင်းသလောက် ဥစ္စာပစ္စည်း ကြွယ်ဝသလောက်၊ လောကီဂုဏ် မျိုးစုံနှင့် ပြည့်စုံသလောက်၊ စိတ်သဘောထား ပြည့်ဝနှင့်လည်း ပြည့်စုံပေသည်။ ဇာတိကြောင့် ဂုဏ်တက်ခြင်း၊ ဥစ္စာကြောင့် ဂုဏ်တက်ခြင်း၊ သားသမီးကြောင့် ဂုဏ်တက်ခြင်း စသော သူတော်ကောင်းတို့ မနှစ်သက်သည့် မာနမျိုး လုံးဝမရှိချေ။ ရိုးရိုးနေ ရိုးရိုးစား ရိုးရိုးသွားကာ လူတိုင်းနှင့် အဆင်ပြေအောင် ဆက်ဆံပေါင်းသင်းနေထိုင်လေသည်။ ဗိုလ်ချုပ်၏ ရိုးသားမှုများသည် အမေစုထံမှ ရရှိသော အမွေတခုပင် ဖြစ်သည်။ မိန်းမတို့ ဣနြေ္ဒ ရွှေပေးလို့မရ ဟူသော စကားပုံ အရ အမေစု၏ တည်ကြည်သော ဣနြေ္ဒမှာ တုပြိုင်သူ မရှိလောက်အောင် တည်ကြည်လှပေသည်။ ငယ်စဉ် အချိန်က စ၍ အနိစ္စရောက်သည့် အချိန်အထိ စိတ်တွင် မည်မျှ ပျော်ရွှင်သော်လည်း ဟက်ဟက်ပက်ပက် အသံ ကျယ်စွာဖြင့် ရယ်မောခြင်းကို တကြိမ်တခါမျှ မတွေ့မမြင်ခဲ့ရဘူးပေ။ အလွန်သဘောကျသော အခါတွင် ပြုံးရုံသာ ပြုံးတတ်လေသည်။ အမေစု၏ ဤမျှကြီးသော ကာယိဣနြေ္ဒကြောင့် အဓိပတိ ယောက်ျားများပင် ရိုသေကိုင်းရှိုင်း ကြလေသည်။
အမေစုသည် အ၀တ်၌၊ အစား၌ ၎င်း၊ အနေ၌ ၎င်း ၊လောကီ ပကာသန တရားများက မည်မျှပင် ထိုးဆွ ပေးနေသော်လည်း ကျူးလွန်ခြင်း မရှိ၊ ပကာသန တရားကို စွန့်ပယ်ကာ စည်းစံနစ် ကျကျ နေထိုင်တတ်လေသည်။ အထူးသဖြင့် မြတ်စွာဘုရား ဟောကြားသော သမ္ပဒါတရား လေးပါးနှင့် ပြည့်စုံလေသည်။ မည်သည့် ကိစ္စ၌မဆို မျှတသော တရားရှိ၍ မဟုတ်မမှန် မပြောတတ်၊ ပရိယာယ် မလုပ်တတ်၊ မာယာ မသုံးတတ်၊ တရားမျှတစွာ ဝေဖန် ပိုင်းခြား ဖြေဖြန် ပေးတတ်မှုကြောင့် အလွန်ကြီးမား များပြားလှသော ဆွေမျိုးထုကြီး၏ အလယ်တွင် ခုံသမာဓိတရားသူကြီးသဖွယ် အသိအမှတ်ပြုခြင်း ခံရလေသည်။ အမေစု၏ ဆွေမျိုး တဦးနှင့် တဦး မသင့်မတင့် အရှုပ်အရှင်း ဖြစ်လာသောအခါ အမေစုထံ လာရောက်တိုင်ကြား၍ အမေစု၏ သဘာဝကျကျ ဆုံးဖြတ်ပေးမှုကို ရိုသေကျိုးနွံစွာ လိုက်နာတတ်လေသည်။

အမေစုမှာ ဗိုင်းကောင်းကျောက်ဖိ ဆိုသော စကားကဲ့သို့ မိကောင်းဖခင် သားသမီး မှန်သည့် အတိုင်း အဘဦးမြတ်အေး အမိဒေါ်သူဇာတို့၏ ဆုံးမကွပ်ညှပ်ခြင်းကို ကောင်းစွာခံယူခဲ့ရသည်။ ထို့ကြောင့်ပင် ၁၁ နှစ်သမီးအရွယ်၌ မြန်မာ အမျိုးသမီးတို့ တတ်မြောက်အပ်သော ရက္ကန်းခတ်ခြင်းအတတ်ကို သူမတူအောင်ပင် တတ်မြောက်ခဲ့လေသည်။ ငယ်စဉ်ကပင် အဆင်များကို တမျိုးထွင်ခါ ရက်လုပ်နိင်သဖြင့် အမေစု၏ လက်ဖြစ်အထည်ကို လူတိုင်းကပင် ၀တ်လိုကြသည်။ ၎င်းအပြင် ရက္ကန်းအတတ်ဖြင့်ပင် မကျေနပ်ပဲ စက်ချုပ် အတတ်ကို သင်ပြန်ရာ အံသြဖွယ်ရာ ကောင်းလောက်အောင်ပင် တတ်မြောက်လေသည်။ အမေစုအတွက် ကံဆိုးသော အချက်တစ်ချက်မှာ အမေစုတို့ခေတ်က အမျိုးသမီးများစာသင်ကြားရသော အလေ့အထ နည်းပါးခဲ့ခြင်းကြောင့် စာရေး၊ စာဖတ်ကိုပင် မတတ်မြောက်ခဲ့ရခြင်းဖြစ်လေသည်။ သို့သော် ဘ၀ပါရမီ ရင့်သန်သူ ဖြစ်သည့်အတိုင်း အချို့နေရာတွင် စာတတ်သော ယောက်ျားများထက် အပြောအဆို အလုပ်အကိုင်မှ စ၍ ပိုမိုစူးရှ ထက်မြက် လှလေသည်။ ခေတ်စာပေကိုသာ တတ်မြောက်ပါက ယခုထက်ပင် ပိုမိုအဆင့်အတန်းမြင့်၍ ကမ္ဘာကျော် အမျိုးသမီးတစ်ဦး ဖြစ်လာနိုင်လိမ့်မည်ဟု ယူဆမိသည်။ အမေစု၏ မှတ်ဥာဏ်မှာ လူအများ၏ လက်ဖျားခါ ချီးကျုးခြင်းခံရလောက်အောင် ကောင်းလှပေသည်။ လူပေါင်းများစွာ အား ငွေပေးချေပြီးနောက် မည်သည့် အချိန်အခါမဆို မည်သူ့အား ငွေမည်မျှ မည်သည့်နေရာတွင် ပေးခဲ့သည်ဟု တိကျစွာ ပြန်ပြောနိင်လေသည်။

အမေစု၏ မိဘများသည် ရှေးလူကြီးများ ဖြစ်သည့်အတိုင်း သမီးကညာ အခါမလင့်စေနှင့် ဆိုသော စကားပုံအရ အမေစုအား အသက် ၁၉ နှစ် ပြည့်သော အချိန်တွင် နတ်မောက်မြို့ အနောက်ပိုင်းရှိ တောင်သူကြီး ဦးဒေကိုး၏ တဦးတည်းသော သား ဦးဖာနှင့် ထိမ်းမြားပေးလေသည်။ မိဘနှစ်ပါး သဘောတူ၍သာ အကြောင်းပါကြရသော်လည်း လက်မထပ်မီ အချိန်က အမေစုမှာ ဦးဖာအား တကြိမ်တခါမျှ မတွေ့မမြင်ခဲ့ရချေ။ ထိမ်းမြား၍ အကြောင်းပါသော အချိန်ကျမှသာ ဦးဖာတွင် ကျောက်ပေါက်မာများ ပါသည်ကို သိလေသည်။ “မောင်ဖာမှာ ကျောက်ပေါက်မာပါမှန်း အိမ်ထောင်ကျမှ သိရတယ်ကွယ်” ဟု တခါတရံရယ်စရာ မောစရာပြောတတ်လေသည်။

ထိုကဲ့သို့ တောင်သူ ဆင်းရဲသား ဦးဖာနှင့် အကြောင်းပါပြီးနောက် ဦးဖာမှာ တဦးတည်းသောသားဖြစ်သဖြင့် ကိုယ်ခွဲမရှိရကား ဦးဖာ၏ မိဘများ အိမ်သို့ လိုက်ပါ နေထိုင်ရရှာလေသည်။ ထိုသို့ယောက္ခမ အိမ်တွင် နေထိုင်စဉ် ၁၂၅၉ ခုနှစ် တွင် သမီးအကြီးဆုံးမခင်ညွန့်ကိုဖွားမြင်သည်။၎င်းနောက် ၁၂၆၀ ပြည့်နှစ်တွင် ဒုတိယ သမီး မ၀က်ကို ဖွားမြင်သည်။ ၁၂၆၃ ခုနှစ်တွင် ၀န်ကြီးဦးဘ၀င်းကို ဖွားမြင်သည်။ ၎င်းနောက် သားသမီးနှစ်ယောက် ဖွားမြင်သော်လည်း ငယ်စဉ်ကပင် အဖတ်မတင်ပဲ ပျက်စီးခဲ့သည်။ ၎င်း အချိန်တွင် အမေစုသည် ယောက္ခမအိမ်တွင်လည်း မနေ၊ မိဘအိမ်တွင်လည်း မနေ၊ မင်းဝိုင်းကြီး အတွင်းတွင် သီးသန့်အိမ်တဆောင် ဆောက်၍ စတင်နေထိုင်ခဲ့လေသည်။၁၂၆၇ ခုနှစ်တွင် ဒုတိယသား ဖြစ်သော ဦးနေအောင်ကို မွေးဖွားလာသည်။ ၎င်းအချိန်တွင် အမေစု၏ တိုက်တွန်းချက် အရ ဦးဖာမှာ တောင်သူဆင်းရဲသားဘ၀ကို စွန့်လွှတ်၍ ပျော်ဘွယ်မြို့တွင် ဥပဒေပညာများကို သွားရောက် သင်ကြားသည်။ ၎င်းနောက် တတိယတန်း အမိန့်တော်ရ စာမေးပွဲကို ၀င်ရောက် ဖြေဆိုရာ နှစ်ချင်းပင် အောင်မြင်ခဲ့လေသည်။ ထိုအချိန်မှ စ၍ ရိုးရိုးမယ်စုဘ၀မှ အမိန့်တော်ရ ကတော် ဒေါ်စုဘ၀သို့ မမြှော်လင့်ဘဲနှင့် ရောက်ရှိလာလေသည်။ ၎င်းနောက် ၁၂၇၃ ခုနှစ်တွင် ဦးအောင်သန်း အား မွေးဖွား၍၊ ၁၂၇၆ ခုနှစ်တွင် ဗိုလ်ချုပ်ဦးအောင်ဆန်းအား နောက်ဆုံး မွေးဖွားလေသည်။ ထို့ကြောင့် အမေစုတွင် အဖတ်တင်သော သားသမီးကြီးပေါင်း ၆ ဦးတိတိ ရှိခဲ့လေသည်။

အမေစုမှာ အိမ်ထောင်ကျစ အချိန်ကစ၍ ဦးနေအောင် မွေးသည့် အချိန်ထိ ဆင်းရဲပင်ပန်းစွာ လုပ်ကိုင်ခဲ့ရလေသည်။ အိမ်သား ဦးဖာမှာ ငယ်စဉ်က မြင်းစီး အလွန် ၀ါသနာပါ၍ ထိုအချိန်က နတ်မောက်တွင် အလွန်ခေတ်စားခဲ့သော မြင်းပြိုင်ပွဲများတွင် ၀င်ရောက် ယှဉ်ပြိုင် စီးနေခြင်းဖြင့် အချိန်ဖြုန်းခဲ့လေသည်။ အမေစု တဦးတည်းကသာ အိမ်ထောင်ကို ထိန်းချုပ်၍ ကျွေးမွေးပြုစုခဲ့ရလေသည်။ အမေစုမှာ ဇာတိသွေးပါသူ ဖြစ်သည့်အတိုင်း ယုတ်ညံ့သိမ်ဖျင်းသော အလုပ်များကို ရှောင်ရှား၍ လက်ဖြင့်ရင်းနှီးရသော ရက္ကန်းရက်ခြင်း၊ တောင်သူလုပ်ခြင်း၊ ချွေတာသုံးစွဲခြင်းဖြင့် သားသမီးများအား လူလားမြောက်အောင် ကျွေးမွေးပြုစုနိုင်ခဲ့လေသည်။

အမေစုသည် ရက္ကန်းဘက်တွင် ကျွမ်းကျင်လိမ္မာသည့်အတိုင်း မိမိအိမ်သားများ ၀တ်ရန်အတွက်သာမက ရောင်းစားနိုင်လောက်အောင်ပင် ရက်လုပ်နိုင်ခဲ့လေသည်။ သမီးအကြီး မခင်ညွန့်နှင့် မ၀က်တို့က မိခင်ကြီးအား ရက္ကန်းအလုပ်တွင် ကူညီလုပ်ကိုင်ခဲ့ကြရသည်။ ထိုအချိန်က ရက္ကန်းယက်ရာတွင် ချည်ကိုသာ နိုင်၍ ပိုး နိုင်သူ ရှားပါးခဲ့သော်လည်း အမေစုမှာ ပိုးကိုင် အတတ်တွင် ကျွမ်းကျင်သောကြောင့် အမေစု၏ ပိုး ရော ချည်ပါ လုံချည်များမှာ အထူးတွင် ကျယ်ခဲ့လေသည်။ အိမ်သား ဦးဖာနှင့် တကွ သားသမီးအားလုံး အိမ်တွင်းဖြစ် သော အထည်ကိုသာ ၀တ်ဆင်ခဲ့ကြသည်။ ၀န်ကြီး ဦးဘ၀င်း၊ ဦးအောင်သန်း၊ ဗိုလ်ချုပ် ဦးအောင်ဆန်းတို့မှာ တက္ကသိုလ်ရောက်သည် အထိ မိခင်နှင့် အစ်မများ ရက်လုပ်ပေးသော ပိုးတကွက် ချည်ဖြူတကွက် လုံချည်များ ၀တ်ဆင် ကျောင်းတက်ခဲ့ရလေသည်။ ၎င်းနောက် အမေစု၏ ကံဇာတာမှာ တရှိန်ရှိန် တက်လာသည့်အတိုင်း ဦးဖာ ကလည်း အမိန့်တော်ရ စာမေးပွဲကို အောင်မြင်လာခြင်း၊ ရက္ကန်းအလုပ်မှ ပဲနှမ်း ဆီ လုပ်ငန်းတို့ကို ကူးပြောင်းလုပ်ကိုင်ခြင်း၊ အမေစု၏ လုံ့လ နှင့် ဥာဏ်ပညာ ကြီးခြင်းတို့ကြောင့် စီးပွားဥစ္စာ အလွန့်အလွန် တိုးတက်လာရကား ဦးအောင်သန်းနှင့် ဦးအောင်ဆန်းတို့ လူလားမြောက်သော အချိန်တွင် နတ်မောက်မြို့ရှိ လူချမ်းသာများ စာရင်းတွင် အမေစုမှာ တဦး အပါအ၀င်ဖြစ်လာလေသည်။ ထို့ကြောင့်ပင် ဦးဘ၀င်း၊ ဦးအောင်သန်း၊ ဦးအောင်ဆန်းတို့အား တချိန်တည်း ဘီအေ အောင်မြင်သည် အထိ ပညာသင်ကြားပေးနိုင်ခြင်း ဖြစ်သည်။ အမေစုသည် အခြားသူများအပေါ်၌ သြဇာရှိသည်သာမဟုတ် သားသမီးများ အပေါ်၌ အထူးပင် သြဇာရှိလာလေသည်။ သားသမီးများအားလည်း စည်းကမ်းတကျ ဖြစ်စေရန် ငယ်စဉ်ကပင် ကျပ်တည်းစွာ ထိန်းသိမ်း ဆုံးမခဲ့သည်။ သမီးအကြီးဆုံး မခင်ညွန့်မှ စ၍ ဦးနေအောင်အထိ အမေစု၏ စကားကို မြေ၀ယ်မကျ နားထောင်ရလေသည်။ သားသမီးများကို အကြွား အလွှာက ဖျက်ဆီးစေနိုင်ကြောင်း သိရှိနားလည်ထားရကား သားသမီးအားလုံးအား သရေစာဘိုး ပေးလေ့ မရှိ၊ အိမ်တွင် ၀ယ်ကျွေးလေ့ရှိသည်။ သားသမီး အားလုံးအား ဈေးဆိုင်များ၌ ၀ယ်ယူစားသောက်ခြင်းကို ခွင့်မပြုချေ။ အ၀တ်ဝတ်ဆင်ရာ၌လည်း အကြွား အလွှား မရှိစေရန် အိမ်တွင်းဖြစ် အ၀တ်အထည်ကိုသာ ၀တ်ဆင်စေသည်။ သားသမီးတိုင်းပင် အပြစ်ရှိက တုတ်ကောက်၍ အမေစုရှေ့မှောက်၌ လက်ဖ၀ါးဖြန့်ကာ အရိုက်ခံကြရသည်အထိ ရိုသေကိုင်းရှိုင်းကြသည်။

၎င်းနောက် သားဦးနေအောင်၏ အောက် သမီး မရွှေမသည် ၁၂ နှစ်သမီးအရွယ်တွင် အနိစ္စရောက်သွားရာ အမေစု၏ စိတ်ဓါတ်ကို ပြုပြင်ပြောင်းလဲစေခဲ့လေသည်။ ရှေးကကဲ့သို့ သားသမီးများကို သံမဏိ စည်းကမ်းဖြင့် မအုပ်ချုပ်တော့ပဲ စတင် အလိုလိုက်စ ပြုလေသည်။ အထူးသဖြင့် ဦးအောင်သန်း နှင့် ဦးအောင်ဆန်းတို့ အပေါ်တွင် အငယ်ဆုံးသော သားများ ဖြစ်သဖြင့် အလိုလိုက်ခဲ့သည်။ ထိုသို့ မိခင်၏ အလိုလိုက်မှုကြောင့်သာ ဗိုလ်ချုပ်အောင်ဆန်းမှာ နိုင်ငံရေး လုပ်ငန်း၌ သံယောဇဉ် မတွယ်တာဘဲ ကျွတ်ကျွတ်လွတ်လွတ် ပြတ်ပြတ်သားသား ဆောင်ရွက်နိင်ခြင်း ဖြစ်လေသည်။ မိခင်ကြီး၏ အလိုလိုက်ခြင်းကို ခံရသော်လည်း ဗိုလ်ချုပ်အောင်ဆန်းမှာ တိုင်းပြည်ခေါင်းဆောင်ဖြစ်သည်အထိ မိခင်ကြီး၏ အမိန့်ကို မလွန်ဆန်ရဲဘဲ အခြားသားသမီးများကဲ့သို့ ရိုသေကိုင်းရှိုင်းသည်ကို တွေ့ရလေသည်။

အမေစုသည် ငယ်စဉ်အခါကစ၍ ဇာတိသွေးဇာတိမာန် ထက်သန်သည့်အတိုင်း အောက်ကျနောက်ကျ စိတ်မျိုးမရှိ။ မည်မျှလောက် ဆင်းရဲနွမ်းပါးသော်လည်း မည်သူ့ထံကိုမျှ အောက်ကျို့ခြင်းမရှိ၊ မိမိကိုယ်ကိုသာ မိမိအားကိုးသော ကိုယ့်ဒူးကိုယ်ချွန် အမျိုးသမီးကြီး ဖြစ်လေသည်။ အခြားသူများကို မှီခိုအားထားရန် မဆိုထားဘိ၊ မိမိ၏ လင်ယောက်ျား ဦးဖာ အပေါ်ကိုပင် အားမကိုးချေ။ လင်ယောက်ျားအမိန့်တော်ရ မဖြစ်မီအချိန်ကလည်း အမေစုပင် အိမ်ကို ဦးစီး၍ သားသမီးများကို ကိုယ်တိုင်ကြိုးစားအားထုတ်ပြုစု ကျွေးမွေးခဲ့သည်။ လင်ယောက်ျား အမိန့်တော်ရ စာမေးပွဲ အောင်မြင်လာသော အခါ၌လည်း အမေစုပင် ယောက်ျားနှင့် တန်းတူ ပခုံးချင်းယှဉ်၍ ကုန်အရောင်းအ၀ယ်ကို ဆက်လက် လုပ်ကိုင်ခဲ့လေသည်။ လင်ယောက်ျား အနိစ္စရောက်သွားသော အချိန်၌လည်း မုဆိုးမ ဘ၀နှင့်ပင် ကုန်အလုပ်များကို ဆက်လက်ရောင်းဝယ်ကာ ဟန်မပျက် နေထိုင်ခဲ့လေသည်။ အမေစု၏ တစ်ဘ၀လုံးသည် ကြီးကျယ်သော ဆွေမျိုးထု အလယ်၌ လည်းကောင်း ကြီးမားသော အိမ်ထောင်စုကြီး၌ လည်းကောင်း၊ ဦးစီးခေါင်းဆောင် အဖြစ်ဖြင့် အမြဲတမ်းလုပ်ကိုင်ခဲ့ရပေသည်။ အမေစု၏ များပြားလှသော ပစ္စည်းတို့မှာ အမေစု တဦးတည်း လုပ်ကိုင်ခဲ့သော လက်ရာများ ဖြစ်သည်ဟု ဆိုက မှားမည် မဟုတ်ချေ။

အမေစုမှာ ငယ်စဉ်အခါက မဟုတ်မခံဇတ်ဇတ်ကြဲ အမျိုးသမီးတစ်ဦး ဖြစ်ခဲ့လေသည်။ အမေစုသည် နကို သဘောအားဖြင့် စကားနည်း၍ အခြားအိမ်များသို့ အလည်အပတ် သွားတတ်သော အကျင့်မျိုး မရှိပေ။ မိန်းမ တဦးနှင့် တဦး စကားယူ စကားပို့ ပြုလုပ်လိုသော ၀ါသနာလည်း မရှိခဲ့ပေ။ ထိုခေတ်ထိုအခါက နတ်မောက်မြို့ပေါ်တွင် မင်းကတော်များ အမိန့်တော်ရ ကတော်များ ပေါများ၍ တဦးနှင့် တဦး ပြင်းထန်စွာ ဂုဏ်ပြိုင်ခြင်း ခေတ်စားခဲ့လေသည်။ လင်ယောက်ျားများ ရုံးတက်နေစဉ် အိမ်၌ အလုပ်မရှိသော မင်းကတော်များ၊ အမိန့်ရ ကတော်များသည် တအိမ်တက် တအိမ်ဆင်း အလည်သွားကာ တဦး၏ အကြောင်း ကို တဦး အတင်းပြောဆို ခြင်းဖြင့် အချိန်ကုန်ခဲ့ကြလေ၏။ အမေစုကား ၎င်းတို့၏ လောကကို ရွံရှာ မုန်းတီး သည့်အတိုင်း ၎င်းတို့နှင့် မပေါင်းဘဲ တဦးတည်း ရှောင်ကွင်း၍ ကိုယ့်အလုပ်ကိုသာ လုပ်ကိုင် အချိန်ဖြုန်းခဲ့လေသည်။ သို့သော် တနေ့တွင် အမေစု၏ ပစ္စည်းတိုးတက်လာမှုကြောင့် ဂုဏ်ပြိုင်လိုသော အမိန့်တော်ရ ကတော်တဦး ပေါ်ပေါက်လာလေသည်။ ၎င်း အမိန့်တော်ရ ကတော်သည် အမေစုနှင့် ပတ်သက်၍ မဟုတ်မမှန်သောသတင်းကို နတ်မောက်တောင်ပိုင်း၌ ဖြန့်မိလေသည်။ ၎င်း၏ ၀ါဒဖြန့်မှုကို အမေစုကိုယ်တိုင် နားဆတ်ဆတ် ကြားရလေသောအခါ လူဖြောင့်စိတ်တို ဆိုသည့်အတိုင်း သည်းမခံနိုင်လောက်အောင် စိတ်ဆိုးလာလေသည်။ ချက်ခြင်းပင် လုံချည်တိုတို ၀တ်၍ အင်္ကျီလက်ကိုပင့်ကာ နတ်မောက်တောင်ပိုင်းသို့ ဒလကြမ်း လိုက်၍ ရှာလေသည်။ အမိန့်တော်ရ ကတော်တဦး၏ သမီးအိမ်တွင် ထို အမိန့်တော်ရ ကတော်အား တွေ့လျှင် တွေ့ချင်း အမေစုသည် အခြားမိန်းမများကဲ့သို့ နှုတ်သီးကောင်း ရှာပါး သဘောမျိုးဖြင့် ရန်တွေ့ပြောဆို နေခြင်း မရှိဘဲ အမိန့်တော်ရ ကတော်၏ ဆံပင်ကို ဆွဲကိုင်၍ နဖူးကို အုတ်ကြမ်းပြင်ဖြင့် ပွတ်တိုက်ပစ်သည့်ပြင် လက်ဖြင့် အကြိမ်ကြိမ် ရိုက်နှက်မိလေသည်။ အတင်းပြောမိသော အမိန့်တော်ရ ကတော်မှာ ဒဏ်ရာ ပြင်းပြစွာရ၍ အိမ်ထဲမှာ တလတိတိမထွက်ဘဲ ပုန်းအောင်းနေခဲ့ ရလေသည်။ ၎င်းအမိန့်တော်ရကတော်မှာလည်း ရုံးတွင် တရားစွဲက ပို၍ အရှက်ကွဲမည် စိုး၍ မတိုင်ဘဲ နေခြင်းကြောင့်သာ အမေစုမှာ အမှုမှာ ကင်းလွတ်ခဲ့ခြင်း ဖြစ်သည်။

အမေစုသည် စာလုံးဝ မတတ်မြောက်ငြားသော်လည်း လောကီရေး၊ လောကတ္တရာ ရေးတို့၌ အကြားအမြင် ကျွမ်းကျင်စွာ တတ်မြောက်လေသည်။ ၁၉၁၄ ခုနှစ်က စ၍ ပဲ၊ ဆီ၊ နှမ်း ကုန်များကို မြန်မာ၊ တရုတ်၊ ကုလား ကုန်သည်ကြီးများနှင့် ပခုံးချင်း ယှဉ်၍ ကြီးကျယ်စွာ လုပ်ကိုင်ခဲ့သည်။ ၀ါရင့် ပြီးသား ကုန်သည်ကြီးများပင် အရောင်း အ၀ယ်၌ အမေစုကို မယှဉ်ပြိုင်ဝံ့ ကြချေ။ အမြဲ အရှုံးပေးကြရလေသည်။ အမေစုမှာအရောင်းအ၀ယ်ကို အိမ်ပေါ်မှ ထိုင်၍သာ လုပ်ကိုင်သည်၊ မည်သည့် မြို့ရွာ ကိုမျှ မသွား။ သို့သော် လာဘ်မြင်ခြင်း၊ အကင်းပါးခြင်း ရဲရင့်ခြင်း၊ စွန့်စားဝံ့ခြင်း၊ ဆက်ဆံရေးကောင်းခြင်း များကြောင့် နတ်မောက်ရှိ ကုန်သည်တိုင်း အမေစုကို အန်မတုရဲဘဲ အမေစု၏ လက်အောက်သို့သာ ၀င်ရောက်ကြရလေသည်။

အမေစု၏ ထူးခြား မွန်မြတ်သော အရည်အချင်းတခုမှာ ဘာသာရေးဘက်၌ အလွန့်အလွန် ရိုသေကိုင်းရှိုင်းလှခြင်းပင် ဖြစ်သည်။ အမေစုသည် အမြဲပင် ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်း၍ ရုန့်ရင်းကြမ်းတမ်း သိမ်ဖျင်းသော စကားများကို မည်သည့်အခါမျှ ပြောဆိုလေ့၊ ပြောဆိုထ မရှိချေ။ ဆိုလိုသည်မှ နှုတ်ကြမ်း အာကြမ်းခြင်းများမှ ရှင်းရှင်းကင်းလွတ်သူဖြစ်သည်။ သို့သော် အမှန်တရားကို အမှန်တရားအတိုင်း အသွယ်အ၀ိုက် မရှိဘဲ ဘွင်းဘွင်းနှင့် ရှင်းရှင်းပြောတတ်လေသည်။ အရောင်းအ၀ယ်တွင် မုသား အနည်းငယ်သုံးမှသာ အောင်မြင်နိုင်သည်ဟု လူတိုင်း ယူဆနေကြသော်လည်း အမေစုသည် ၎င်းအယူအဆကို လက်မခံချေ။ အရောင်းအ၀ယ်ပြုလုပ်ရာ၌ မုသားသုံးလေ့ မရှိ။ ၀ယ်ချင်သော ဈေးကို မဆစ်ပဲ ၀ယ်၊ ရောင်းချင်သော ဈေးကို အပိုမဆိုဘဲ တိကျစွာ ပြောဆိုရောင်းချ တတ်လေသည်။ အရောင်းအ၀ယ် လုပ်ကိုင်နေသော ဆွေမျိုးသားချင်းများအားလည်း ညစ်ပါတ်စုတ်ပဲ့သော ကောက်ကျစ်ဥာဏ်များ မသုံးရန်၊ အထူးသဖြင့် အလေးတင်းတောင်းများ မခိုးရန် အမြဲဆုံးမလေ့ရှိသည်။ ပညာ၊ ဥစ္စာ၊ ကုသိုလ် သည်ကလွဲ အမှုပို ဟူသော စကားကဲ့သို့ အမေစုသည် နေ့စဉ် ဥစ္စာရလျှင် ရ၊ မရလျှင် ပညာရ ရမည်။ ပညာမရလျှင် ကုသိုလ်ရ ရမည် ဟူသော ၀ါဒကို အမြဲလိုက်နာခဲ့သူဖြစ်သည်။ နေ့စဉ် ရေချမ်းသက်စေ့ ဆွမ်းသက်စေ့လှူ၍ အချိန်ရသမျှ ပုတီး စိပ်နေထိုင်တတ်သူဖြစ်သည်။ ဥပုသ်နေ့တိုင်း ရှစ်ပါးသီလကို စောင့်ထိန်းလေ့ရှိသည်။ မောင် ဘုန်းကြီးဖြစ်သော သိမ်တော်ကျောင်း ဦးဃောသိတ၏ ကျောင်းတိုက်နှင့် ဘုရားကြီး ကျောင်းတိုက်တို့တွင်လည်း ပစ္စည်း လေးပါး ဒါယကာ ဖြစ်သည်။ နိစ္စပါတ် ဆွမ်းအဖြစ်ဖြင့် ကျောင်းသုံးကျောင်းသို့ ဆွမ်းဝတ်သုံးဝတ်ကို အိမ်ထောင် ကျသည့် အချိန်ကစ၍ အနိစ္စရောက်သည့်အချိန် အထိ အမြဲတမ်း ချက်ပြုတ်လှုဒါန်းခဲ့သည်။ ရေတွင်း၊ ရေကန် ဇရပ် တန်ဆောင်းစသော အမေစု၏ ထာဝရ ကုသိုလ်များမှာလည်း များပြားလှပေသည်။ အမေစုသည် ဆွေမျိုးများနှင့် တကွ ၎င်းထံ လာရောက် ဆည်းကပ်ကြသော လူတိုင်းအား ကံ၊ ကံ၏ အကျိုးကို အမြဲ ဟောပြောလေ့ ရှိသည်။ ကံတရား၏ ပြုပြင်ဖန်တီးမှု့များကို အထူးယုံကြည်လေးစားသည်။ ဘ၀ကံကြောင့် ရဟန္တာ ရှင်မောဂ္ဂလာန် မထေရ်ပင် ခိုးသားငါးရာ၏ ရိုတ်ပုတ်ညှင်းဆဲခြင်း ခံရသေးတာဘဲ။ တို့လဲ အတိတ်ကံပါလာရင် ဘယ်လိုမှ ရှောင်လွဲနိုင်မှာ မဟုတ်ဖူး။ ကျွန်ုပ်သေရင် ဘယ်ပစ္စည်း၊ ဘယ်သားသမီးမှ ပါလာမှာ မဟုတ်ဘူး။ ကုသိုလ်ကံ၊ အကုသိုလ်ကံ နှစ်ပါးသာ ပါလာမယ်။ အကုသိုလ် ကြောက်ကြ ဟု အမြဲ ဟောပြော ဆုံးမလေ့ရှိသည်။

အမေစုသည် သူတပါးအပေါ်၌ မှီခို အားထားလေ့ မရှိကြောင်း အထက်တွင် ဖေါ်ပြခဲ့လေပြီ။ ငယ်စဉ်ကလည်း သူတပါးအပေါ် မှီခိုလိုစိတ်မရှိ။ အိမ်ထောင်ကျသော အခါ၌ လည်း လင်ယောက်ျား အပေါ်၌ မှီခိုလိုစိတ်မရှိ။ အသက်ကြီးရင့် လာသော်လည်း သူတပါးအပေါ်မဆိုထားဘိ မိမိသားသမီး အရင်းများ အပေါ်၌ပင် မှီခိုအားကိုးလိုသော ဆန္ဒမျိုးမပြခဲ့ပေ။ သားသမီးများထံမှ တစုံတရာ မျှော်လင့်ခြင်း မရှိ။ အမေစုကသာ ရှိသမျှပစ္စည်းများကို ခွဲဝေပေးလိုသည်ဟု မကြာခဏ ပြောသံ ကြားခဲ့ရဘူးလေသည်။ သားများ၊ ချွေးမများ သမီးများ သမက်များက ကုသိုလ် ရလိုသဖြင့် ကန်တော့ကြသော ပစ္စည်းများကိုပင် သမီး သမက်၊ သား၊ ချွေးမများ ကုသိုလ်ရစေရန် အတွက်သာ အနည်းငယ်စီ သုံးဆောင်၍ ပိုသမျှကို ဘုန်းကြီးကျောင်းများသို့ ပို့တန်ပို့၊ ဆင်းရဲ နွမ်းပါးသူများအား ပေးတန်ပေး နှင့် အားလုံး စွန့်ကြဲလေ့ရှိလေသည်။

အမေစုကား မင်းမျိုးစိုးမျိုးဖြစ်သည့်အတိုင်း အမျိုးဇာတိ မြင့်မြတ်လှသည်။ လောကီ အားဖြင့်လည်း ဥစ္စာဓန ကြွယ်ဝသည်။ ဆွေမျိုးအင်အား တောင့်တင်းသည်။ သားသမီး အားလုံးမှာလည်း အထက်တန်းစား ဘ၀သို့ ရောက်ရှိနေကြပြီ။ သို့သော် ဤအရှိန်အ၀ါ အဆောင်အယောင်များဖြင့် သူတပါး အပေါ်အနိုင်ယူလိုခြင်း၊ ကြွားဝါလိုခြင်း စသော ညံ့ဖျင်းစိတ်များ လုံးဝကင်းစင်သည်။ အမေစု၌ကား ကြီးမားသော မာနတခု ရှိလေသည်။ ၎င်းမာနမှာ သူတပါးအပေါ် အနိုင်ကျင့်လိုသော မာနမျိုး၊ အခွင့်အရေးယူလိုသော မာနမျိုး မဟုတ်ချေ။ မိမိကိုယ်ကို မိမိအားကိုး၍ မတရားသော အခွင့်အရေးများကို မလိုလားသော မာနမျိုး အစစ်ဖြစ်သည်။ သားထွေး ဗိုလ်ချုပ် အောင်ဆန်းမှာ မြန်မာနိုင်ငံတော်တွင် အကြီးမားဆုံးသော တန်ခိုးအာဏာ ရာထူးကို ရရှိနေသည့်အပြင် သားကြီး ဦးဘ၀င်းမှာလည်း ၀န်ကြီး ရာထူးကိုရရှိထားသူ ဖြစ်၏။ သို့သော် အမေစုသည် သားနှစ်ဦးအား ကိုယ်နှင့် မဆိုင်သောကိစ္စများ၌ တစုံတရာ အမိန့်ပေးခြင်း၊ စွက်ဖက်ခြင်း မပြုလုပ်ခဲ့ပေ။ အရာရှိ ကြီးငယ်များနှင့် အတူ အချောင်သမားများသည် အမေစုကို ကပ်ရပ်၍ အခွင့်အရေးယူရန် ကြိုးစားကြသည်။ သို့သော် အမေစုသည် သားနှစ်ဦးအား မည်သည့်အခါမျှ ၎င်း ကိစ္စများ၌ စွက်ဖက်ပြောဆိုခြင်း မရှိခဲ့ပေ။ သားနှစ်ဦးသည် မိဘကို ရိုသေသူများဖြစ်သည့်အတိုင်း မိခင်၏ သြဇာကို နာခံမှန်း သိသော်လည်း မတရားသော လုပ်ရပ်များ၌ သားနှစ်ဦးအပေါ်တွင် မိခင်၏ သြဇာ တကြိမ်မျှ မသုံးစွဲခဲ့ပေ။ ထို့ကြောင့်ပင် ဗိုလ်ချုပ်ဦးအောင်ဆန်းနှင့် ၀န်ကြီးဦးဘ၀င်းတို့မှာ အနိစ္စရောက်သည့် အချိန်ထိ နိင်ငံရေးလောက၌ မှည့်တပေါက်မစွန်းဘဲ အသန့်ရှင်းဆုံး ပုဂ္ဂိုလ်များ အဖြစ်ဖြင့် ရာဇ၀င်တွင်အောင် ဆောင်ရွက်နိင်ခဲ့ကြခြင်းဖြစ်ပေသည်။

ဗိုလ်ချုပ်၏ အရှိန်ဖြင့် နတ်မောက်မြို့သို့ ရောက်ရှိလာကြသော နိုင်ငံရေးခေါင်းဆောင်များ၊ ရဲဘော်ရဲမေများ အရာရှိ ကြီးငယ်များသည် အမေစု၏ အိမ်သို့ ၀င်ရောက်၍ ကန်တော့လေ့ရှိကြသည်။ ၎င်းနောက် အမေစုအား မျက်နှာလုပ်လိုသော အားဖြင့် အကူအညီ တစုံတရာ အလိုရှိပါက အမိန့်ရှိရန်နှင့် လိုအပ်သော အကူအညီများ ပေးပါမည်ဟု ပြောဆိုကြသည်။ သို့သော် အမေစုသည် အခြားသော သူများကဲ့သို့ မတရားသော အခွင့်အရေးကို ရယူလိုသော စိတ်မျိုးမရှိသဖြင့် မည်သည့် အကူအညီမျိုးကိုမျှ တောင်းယူလေ့မရှိချေ။ ရန်ကုန်မြို့ရှိသားသမီးများထံ အလည်အပါတ်သွားရာ၌ပင် အထူးအခွင့်အရေး အဖြစ်ဖြင့် မော်တော်ကား တောင်းခြင်း၊ အစောင့်အရှောက် တောင်းခြင်း စသော အခွင့်အရေး ရိုးရိုးများကိုပင် တောင်းဆိုလေ့မရှိချေ။ သာမန်အရပ်သူ အရပ်သားတဦးကဲ့သို့ပင် မိမိစရိတ်ဖြင့် သွားလာခဲ့လေသည်။ ထို့ကြောင့်ပင် အမေစု အနိစ္စရောက်သည့်အထိ ကိုယ်ပိုင်မော်တော်ကားမရှိ၊ မီးရထား သင်္ဘောတို့၌ ပထမတန်းမှ စီးခဲ့ဘူးခြင်း မရှိ။လေယာဉ်ပျံဖြင့် သွားလာခဲ့ခြင်း မရှိခဲ့ချေ။ အာဏာရနေသော သားနှစ်ဦး၏ အရှိန်ကို ယူ၍လည်း လူုထုအပေါ်၌ မတရား ညှဉ်းပန်း နှိပ်စက် ပြုမှုခြင်း လုံးဝကင်းစင်သည့်ပြင် မာနသံပါသော စကားမျိုးကိုပင် နိုင့်ထက်စီးနင်း ပြောခြင်းမျိုး တကြိမ်မျှ မတွေ့ခဲ့ရဘူးပေ။

အမေစု ရှာဖွေ စုဆောင်းခဲ့သော ပစ္စည်းများမှာအလွန်ပင် သန့်ရှင်းစင်ကြယ်လှပေသည်။ မတရား ညစ်ပတ်သော နည်းဖြင့် ရှာဖွေခဲ့သော ပစ္စည်းတစုံတခုမျှ မပါဟု ဆိုရဲပေသည်။ ထို့ကြောင့်ပင် အမေစု၏ ကြီးမားလှသော ပစ္စည်းထုကြီးမှာ ခေတ်အမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ရသော်လည်း အနည်းငယ်မျှ ပျက်စီးထိခိုက်ခြင်း မရှိခဲ့ပေ။ ဂျပန်ခေတ်က လူဆိုးသူခိုးများကို ကြောက်သဖြင့် အိမ်အောက်တွင် ရွှေအချို့ကို မြှုပ်နှံထားရာ ဓါတ်သိ အိမ်တွင်းသူခိုး တဦးက အားလုံးတူးဖော် ခိုးယူသွားသည်။ သို့သော် ဥစ္စာရင်း မှန်သည့် ပြင် စင်ကြယ်သော ပစ္စည်းဖြစ်သဖြင့် တခုမကျန်ပြန်၍ ရရှိလေသည်။ အမေစု၏ တသက်တာတွင် မီးဘေး၊ ရေဘေး၊ ခိုးသူ ဓါးပြဘေးတို့မှ လုံးဝကင်းစင်ခဲ့သဖြင့် အံ့ဘွယ်တပါးပင် ဖြစ်ပေသည်။ အမေစုသည် အလွန်သနား ကရုဏာ ကြီးလှသော အမျိုးသမီး ပုဂ္ဂိုလ်ထူး တယောက်ဖြစ်သည်။ ဆင်းရဲသူကို တွေ့ရှိက သနားညှာတာ ထောက်ထား၍ ကူညီမစ တတ်လေသည်။ သူတပါးအပေါ်၌ ဣသာ မစ္ဆရိယ စိတ်မျိုး လုံးဝ မရှိသည့် အပြင် သူတပါး ပျက်စီးမည်ကို အလွန်စိုးရိမ်ပူပန် တတ်သည်။ သူတပါးချမ်းသာသည်ကိုလည်း အမြဲကြားလို ၊မြင်လို တွေ့လိုသည်။ ထို့ကြောင့်ပင် ဆွေမျိုးဖြစ်စေ၊ တစိမ်းဖြစ်စေ လုပ်ရည်ကိုင်ရည်ရှိမည်ဆိုပါက လူရော ငွေပါ ကူညီ ထောက်ပံနည်းပေးလမ်းပြ ပြုမူခြင်းများကြောင့် နတ်မောက်နယ်တွင် ဥစ္စာစီးပွားတိုးတက်လာသူများ အလွန်များခဲ့လေသည်။ အမေစုမှာ အဘိဇ္ဈာတရား ကင်း၏။ မိမိချမ်းသာသလို သူတပါးအား ချမ်းသာစေလို၏။ သို့သော် အမေစု အမုန်းဆုံးသူမှာ ကတိသစ္စာမရှိသော သူပင် ဖြစ်သည်။ အမေစုအပေါ်၌ တကြိမ် ကတိသစ္စာပျက်မိက နောက်ထပ် အမေစုနှင့် ဆက်ဆံရန်ခဲယဉ်းလှသည်။

အမေစု၌ ထူးခြားသော အင်္ဂါတရပ်ရှိလေသည်။ မည်သူ့ကိုမျှ အဂတိ တရားလေးပါး လိုက်စား၍ မဟုတ်မမှန်သည်ကို ဟုတ်မှန်ပါသည်။ မကောင်းသည်ကို ကောင်းပါသည် ဟု အားနာ၍ မပြောတတ်။ အမှန်ကို အမှန်အတိုင်း မတရားသည်ကို မတရားသည့်အတိုင်း ရှေ့တွင် ပြောင်ပြောင်ပြောဝံ့သည့် သတ္တိပင် ဖြစ်သည်။ မည်မျှလောက်ပင် ဂုဏ်သရေတန်ခိုးအာဏာ ကြီးမားသောသူ ဖြစ်စေ မဟုတ်မမှန် မတရားပြောဆိုနေက အမေစုသည် အားနာသောအားဖြင့် နားထောင်နေတတ်ခြင်းမရှိ။ အမှန်အတိုင်း ပြောင်ဖွင့်၍ ပြောတတ်သည်ကို ကျွန်ပ်ကိုယ်တိုင် မကြာခဏ တွေ့မြင်ခဲ့ရသည်။

အမေစု၏ အံ့သြဖွယ် ကောင်းလောက်အောင် ထူးခြား ပြောင်မြောက်လှသော အရည်အချင်းတခုမှာ စိတ်ဓါတ်ခိုင်မြဲ တည်ကြည်တတ်ခြင်းပင် ဖြစ်သည်။ အမေစုကဲ့သို့ ပြင်းထန်လှသော လောကဓံတရား၏ ရိုတ်ခတ်မှုကို ရင်ဆိုင်ရာ၌ စိတ်တည်တံ့ခိုင်မြဲသူမှာ အတောင်ပင် ရှားပါးလှလေသည်။ အမေစုသည်ဗုဒ္ဓမြတ်စွာ၏ ကံတရားကို ကြွင်းမဲ့ဥဿုံ ယုံကြည်ကိုးစားသည်။၎င်း ယုံကြည်မှုကြောင့် သာမန် ယောက်ျားများ ပင် ရင်မဆိုင်ရဲသည့် အဖြစ်မျိုးကို စိတ်ထားကြည်လင် ခိုင်မြဲစွာရင်ဆိုင် နိင်ခဲ့ခြင်းဖြစ်သည်။ အမေစု၏ အံ့သြဖွယ် ကောင်းလောက်အောင် စိတ်တည်တံ့ခိုင်မြဲမှုကို အလွန်ချစ်လှသော သားကြီး ဦးဘ၀င်းနှင့် သားထွေး ဗိုလ်ချုပ်တို့ ရန်သူ၏ လက်ချက်ဖြင့် သွေးစိမ်းရှင်ရှင် ထွက်ကာ မချိမဆံ့ ရုတ်တရက် ကွယ်လွန် အနိစ္စရောက်ရသော အချိန်၌ တွေ့မြင်ရတော့လေသည်။

၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံးကြီး၌ တကမ္ဘာလုံး တုန်လှုပ်သွားစေသည့် လုပ်ကြံမှုကြီး ပေါ်ပေါက်ခဲ့ရာ အမေစု၏ သားကြီး ဦးဘ၀င်းနှင့် သားထွေး ဗိုလ်ချုပ်တို့ နှစ်ဦးလည်း ရန်သူ၏ သေနတ်ဖျား၌ မချိမဆံ့ ရက်စက်စွာ ပစ်သတ်ခြင်း ခံရသော သတင်းဆိုးကြီးမှာ တမုဟုတ်ချင်း ရေဒီယိုမှ တဆင့် နတ်မောက်မြို့သို့ ရောက်ရှိလာလေသည်။၎င်းသတင်းကို နတ်မောက်တွင် ပထမဆုံးကြားရသူမှာ ကျွန်ုပ်ပင် ဖြစ်သည်။ ၎င်း သတင်းဆိုးကြီးသည် ယောက်ျားစင်စစ်ဖြစ်သော ကျွန်ုပ်ကိုပင် နှလုံးသွေးရပ်သွားမတတ် ထိခိုက်လေသည်။ ဦးဘ၀င်းနှင့် ဗိုလ်ချုပ်တို့မှာ ကျွန်ုပ်နှင့် သွေးများစွာ ရင်းသည်။ ညီအစ်ကိုတော်သည့်ပြင် ငယ်စဉ်က ကစားဘက် ရန်ဖြစ်ဖက်၊ စာသင်ဘက် ဖြစ်ခဲ့သည်။ ဆွေမျိုး သံယောဇဉ်အရ ရေဒီယို နားထောင်ရင်းပင် မဆည်နိုင်အောင် ငိုမိတော့လေသည်။ ၎င်းနောက် ကျွန်ုပ်မှာ ကြီးမားသော ပြဿနာတရပ်နှင့် ရင်ဆိုင်ရတော့သည်။ ဤသတင်းဆိုးကြီးကို အမေစုအား ချက်ခြင်းဖွင့်ပြောသင့်၊မပြောသင့် ဟူသော ပြဿနာပင် ဖြစ်သည်။ ဤသတင်းမှာ အမေစုဦးစွာ သိသင့်သော သတင်းဖြစ်သဖြင့် အမြန်ဆုံး အသိပေးသင့်သည်ဟု ပထမတွင် စဉ်းစားမိသည်။ သို့သော် ဤသတင်းသည် ကျွန်ပ်၏ စိတ်ကိုပင် အလွန်ထိခိုက်သွားစေသဖြင့် အသက်အရွယ်ကြီး၍ အချစ်ကြီးလှသော မိခင်အိုကြီးမှာ ဤသတင်းကို ကြားသိရပါက အသက်ပင်စိုးရိမ်ရလောက်အောင် ဖြစ်သွားပေမည်လောဟု တွေးတော စိုးရိမ်၍ တတ်နိင်သမျှ ဖုံးဖိ ထားရန် စဉ်းစားမိပြန်သည်။ သို့သော် ၎င်းနေ့ ညအချိန်မရောက်မီပင် မကွေး- တောင်တွင်း မော်တော်ကားများ နတ်မောက်သို့ ပြန်လည်ရောက်ရှိလာရာ သတင်းဆိုးကြီးသည် တောမီးကဲ့သို့ ငြိမ်းမရအောင် ရုတ်တရက်ပျံ့နှံ့သွားတော့လေသည်။ ၎င်းအချိန်တွင် သတင်းဆိုးကြီးကို ဖုံးအုပ်မရနိုင်တော့ကြောင်း ရိပ်မိကာ အမယ်ကြီးအား သတင်းကို တတ်နိုင်သမျှ လှည့်ပတ်ပြောဆိုပြီး စိတ်ဖြေပေးရတော့မှာဘဲဟု စဉ်းစား၍ အမေစုအိမ်သို့ ရောက်ရှိသွားလေသည်။


တက္ကသိုလ်ဆုမြိုင်
မြဝတီမဂ္ဂဇင်း၊ ၁၉၅၃ခန့်၊ ဇူလိုင်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...