Sunday, July 21, 2013

လူဝင်မှုနှင့် ဦးစော (နိဂုံး)

July 19, 2013 at 8:17pm


အခု “မျိုးစောင့်ဥပဒေ” လို့ ခေါ်နေတဲ့ ဥပဒေအောက်မှာ မူကြမ်းနှစ်ခုကို ဖတ်ရပါတယ်။
အဲဒါကတော့ “မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီး လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်
ဥပဒေ (မူကြမ်း)” နဲ့ “ကိုးကွယ်ရာဘာသာနှင့် ပတ်သက်၍ မှတ်ပုံတင်ဥပဒေ (မူကြမ်း)” ပါ။

ဒါပေမယ့် ဒီနှစ်ခုဟာ ဥပဒေမူကြမ်းလို့ ပြောရမယ့် အဆင့်ကို မရောက်သေးပါဘူး။ မူကြမ်း
အဆင့်အဖြစ် ဥပဒေကြောင်းအရ ညီညွတ်မှုရှိအောင် လိုအပ်လာရင် ကူညီဆောင်ရွက်မယ်လို့
လွှတ်တော် ကိုယ်စားလှယ် ရှေ့နေကြီး ဦးသိန်းညွန့်ကလည်း ပြောထားတယ်၊ လွှတ်တော်
လုပ်ထုံးလုပ်နည်း အတိုင်း တင်လာရင် ဆောင်ရွက်ပေးမယ်လို့ လွှတ်တော်ဥက္ကဋ္ဌကြီး
ကိုယ်တိုင် ပြောထားတဲ့ အတွက် ဥပဒေအကြောင်းရာ ကိစ္စများကိုတော့ ဒီမှာမပြော
လိုတော့ပါဘူး။ ကျုပ်လည်း ဥက္ကဋ္ဌကြီးကို ယုံချင်ပါတယ်နော်။

မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းနှင့် ပတ်သက်ပြီး လက်ရှိ တည်ဆဲ
ဥပဒေဟာ “၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းများမှုနှင့် အမွေဆက်ခံမှု အက်
ဥပဒေ” ပါ။ ဒါဟာ ပါလီမန်ခေတ်မှာ ပြဋ္ဌာန်းတဲ့ ဥပဒေပါ။ ဒီမတိုင်ခင် မရှိဘူးလားဆို၊
ရှိပါတယ်။ အဲဒါဟာလည်း ၉၁ ဋ္ဌာန အုပ်ချုပ်ရေးခေတ်မှာပဲ ပေါ်လာတာပါ။ “ဗုဒ္ဓဘာသာ
အမျိုးသမီးများ လက်ထပ်ခြင်းနှင့် အမွေဆက်ခံခြင်း ဥပဒေ” ဖြစ်ပါတယ်။ ဒီဥပဒေနှစ်ခုလုံးရဲ့
အနှစ်သာရ ကတော့ သိပ်ပြီးကွာခြားမှု မရှိပါဘူး။ “ဗုဒ္ဓဘာသာဝင် အမျိုးသမီး” များကို
အကာအကွယ် ပေးထားတာပါပဲ။ ဒါပေမယ့် ရှေ့က “ဗုဒ္ဓဘာသာဝင်” ဆိုတာကို ပယ်ဖျက်
နိုင်ရင်တော့ အကာအကွယ် မဲ့သွားနိုင်ပါတယ်။ ဒါကြောင့်လည်း အဓမ္မ ဘာသာ
ပြောင်းစေမှုတွေ ဖြစ်ပေါ်လာသလို ကိုးကွယ်ရာ ဘာသာနဲ့ပတ်သက်ပြီး မှတ်ပုံတင်စေဖို့ကို
တောင်းဆိုလာကြတယ် လို့ပဲ ယူဆမိပါတယ်။ ကျုပ်တို့ နိုင်ငံမှာလည်း ပြဿနာတစ်ခုဖြစ်ရင်
ညှိနှိုင်း အဖြေရှာရမယ့်အစား အပြိုင်အဆိုင် ဆယ့်နှစ်ကြိုး ကနေကြတာနဲ့ ဆရာများပြီး
သားသေရပေါင်းလည်း များပါပြီ။

ထားပါတော့။ အမှန်တစ်ကယ်တော့ ဒါတွေဘာကြောင့် ဖြစ်လာရသလဲဆိုရင် ပထမပိုင်းကိုပဲ
ပြန်ဖတ်ကြည့်လိုက်ပါ။ အဖြေတွေ့ပါလိမ့်မယ်။ သို့ပေမယ့် အဲဒီအချိန် အဲဒီအခါမှာ မြန်မာများ
အဖို့ ဥပဒေပြုရေး ဆိုတာမပြောနဲ့ နိုင်ငံရေးအရ အသင်းအပင်း ဖွဲ့စည်းခွင့်ကိုတောင်
တင်းကျပ်စွာ တားမြစ်ခံထားရတာပါ။ ဒါကြောင့်လည်း အရင်ဦးဆုံး ဘာသာရေး အသင်းအဖွဲ့
တွေအနေနဲ့ပဲ စရတာပါ။ ပါတော်မူပြီး ၁၀ နှစ်ကျော် ၁၈၉၇ ခုနှစ်မှာပဲ မော်လမြိုင်မြို့မှာ
သာသနဓရအသင်း၊ မြင်းခြံမြို့မှာ ဗုဒ္ဓကလျာဏမိတ္တအသင်းတို့ စတင်ပေါ်ပေါက်ခဲ့ပါတယ်။
ကျောင်းသားသမဂ္ဂတွေ မစခင် အရင်ဆုံး ၁၉၀၄ ခုနှစ်မှာ ရန်ကုန်ကောလိပ် ဗုဒ္ဓဘာသာ
အသင်းကို စတင်တည်ထောင်ပါတယ်။

နိုင်ငံရေးအရ ဖွဲ့စည်းခွင့်တွေ မရှိတဲ့အခါ အဲဒီအချိန်က Y.M.C.A ဆိုတာရှိတော့
ဗုဒ္ဓဘာသာတွေ  အနေနဲ့လည်း ၁၉၀၆ ခုနှစ်မှာ Y.M.B.A ဆိုပြီးဖွဲ့မယ်ဆိုပြီး ဖွဲ့စည်းခဲ့တာပါ။
ရည်ရွယ်ချက်အရ ဘာသာရေးကို တိုးမြှင့်ပေးရန် ဆိုပေမယ့် ဆွေနွေး ဟောပြောချက်တွေ
ကတော့ လူမှုရေး၊ နိုင်ငံရေးကိုပဲ ဦးတည်ပါတယ်။ ၁၉၁၉ ခုနှစ်မှာ တည်ထောင်တဲ့ ဒါနသုခ
အသင်း ဟာလည်း ဝံသာနုကုမ္မာရီအသင်း Y.W.B.A ရယ်လို့ ပူးပေါင်းလာလိုက်တာ ၁၉၂၀
ခုနှစ်မှာတော့ မြန်မာတစ်ပြည်လုံးမှာ အသင်းခွဲပေါင်း နှစ်ထောင်ကျော်အထိ ရှိလာပါတယ်။
အဲဒီနှစ်မှာပဲ အားလုံးပူပေါင်းပြီး ဂျီစီဘီအေအသင်းကြီး (ဝံသာနုအဖွဲ့ချုပ်ကြီးလို့ပဲ အများက
ခေါ်ကြပါတယ်) ဖွဲ့ကာ နိုင်ငံရေးလှုပ်ရှားမှုများကို စတင်ခဲ့ပါတော့တယ်။ အစပိုင်းမှာတော့
ဘုန်းတော်ကြီးတွေပဲ ဦးဆောင် ပါတယ်။ ဝိုင်အမ်ဘီအေ အစည်းအဝေးများ မစတင်မီ
အရင်ဆုံး ငါးပါးသီလ ခံယူကြတယ်လို့ ဆိုပါတယ်။ နောက်ပိုင်း မှာတော့ ဘုန်းကြီးနဲ့ လူနဲ့ကွဲ၊
ဘုန်းကြီးအချင်းချင်းကွဲ၊ လူအချင်းချင်းကွဲနဲ့ ဂျီစီဘီအေဟာ ကိုးဖွဲ့လောက် အထိတောင်
ကွဲခဲ့ပါတယ်။ ဒီအကွဲရာဇဝင် တွေကိုတော့ မဆက်တော့ပါဘူး။ ဒီတစ်ပုဒ်နဲ့ပဲ နိဂုံးချုပ်ချင်လို့ပါ။

ပြောချင်တာလေးက ၁၉၁၈ ခုနှစ် အောက်တိုဘာလ ၂၂ ရက်မှ ၂၄ ရက်ထိ မော်လမြိုင်မြို့မှာ
ဝိုင်အမ်ဘီအေ အသင်းကြီးရဲ့ ဆဋ္ဌမ အကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။
အဲဒီအစည်းအဝေး ဆုံးဖြတ်ချက် အမှတ် (၁၀) မှာ “မြန်မာအမျိုးသမီးတို့သည် လူမျိုးခြား
တို့နှင့် အိမ်ထောင်ဘက်ပြုလုပ် ပေါင်းသင်းနေထိုင် ကြသော အလေ့များ တည်မြဲနေပါက
မြန်မာလူမျိုးများ တစ်နေ့တစ်ခြား နစ်နာဆုတ်ယုတ် တရားမဝင်သော မယားများ ဖြစ်ပြီးလျှင်
အမျိုးဘာသာ ပျက်ပြားရန် အကြောင်းရှိသဖြင့် အကျိုးအကြောင်း စာတမ်းများ ထုတ်ဝေစေ၍
၎င်းအလေ့အထ အကျင့်များ ပျောက်ကွယ်ရေး အတွက် အားထုတ်ကြရန်။” ဆိုပြီး ဆုံးဖြတ်
ခဲ့ကြပါတယ်။ ဒါကြောင့်လည်း  “မျိုးစောင့်ဥပဒေအစ ဝိုင်အမ်ဘီအေက” လို့ ပြောရမယ်
ထင်ပါရဲ့။

ကဲ ခေါင်းစဉ်ရဲ့ လိုရင်းကို ဆက်ကြဦးစို့။

၁၉၃၈ ခုနှစ် ကုလား-ဗမာ အဓိကရုဏ်း စုံစမ်းရေးကော်မတီဟာ အဓိကရုဏ်းဖြစ်ပွားမှုနဲ့
ပတ်သက်ပြီး အိန္ဒိယအမျိုးသားများ မြန်မာပြည်သို့ ထိန်းချုပ်မှုမရှိ ဝင်ရောက်ခြင်းကို
ဟန့်တားရန် အစီရင်ခံပါတယ်။ ဒီအစီရင်ခံစာကို အကြောင်းပြုပြီး လွှတ်တော်က ၁၉၃၉ ခုနှစ်
ဇူလိုင်လ ၁၅ ရက်နေ့မှာ စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့ခဲ့ပါတယ်။ ဒီကော်မရှင်ကို ဘုရင်ခံရဲ့
ဘဏ္ဍာရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဂျိမ်းစ်ဘက်စတာက ဦးဆောင်တဲ့အတွက်
ဒီအစီရင်ခံစာကို ဂျိမ်းစ်ဘက်စတာ အစီရင်ခံစာလို့ ခေါ်ပါတယ်။ အဖွဲ့ဝင်တွေအဖြစ်
ဦးတင်ထွဋ် (အိုင်စီအက်စ်) နှင့် ရတီလာ ဒေဆိုင်းတို့ ပါဝင်ပါတယ်။ ဒီကော်မရှင်က စုံစမ်းရမယ့်
အချက်တွေကတော့ -

၁။ အိန္ဒိယအမျိုးသားများ ဝင်ရောက်ခြင်း အလုံးအရင်းထုထယ်။

၂။ ရာသီအလိုက် နေထိုင်သူဦးရေ၊ ယာယီသာ နေထိုင်သူဦးရေ၊ အမြဲတမ်း နေထိုင်သူဦးရေ။

၃။ အိန္ဒိယအမျိုးသားများ အဓိက လုပ်ကိုင်သည့်လုပ်ငန်း၊ အလုပ်လက်မဲ့နှင့် အလုပ်တစ်ဝက်
တစ်ပျက်ရှိသူဦးရေ မည်မျှရှိသည်။

၎။ အဆိုပါ လုပ်ငန်းရပ်များတွင် မြန်မာများအား ဖယ်ရှား၍ အိန္ဒိယသားတို့က ဝင်ရောက်
လုပ်ကိုင်ခြင်းလော၊ သို့မဟုတ် ဤလုပ်ငန်းရပ်များ၏ အတိတ်က သမိုင်းကြောင်းအရ
သင့်သလို ဖြေရှင်းပေးပြီး မြန်မာများကို အစားထိုးလုပ်ကိုင်စေ၍ ဖြစ် မဖြစ်၊ ယင်းတို့၏
စီးပွားရေး လိုအပ်ချက်များ။

၅။ ရရှိထားပြီးသော စာရင်းဇယားများနှင့် အခြားသော ဆက်စပ်မှု အချက်အလက်များအရ
မြန်မာများအလိုကျ မကျွမ်းကျင်သော အိန္ဒိယအလုပ်သမားများ ခေါ်ယူစေခိုင်းခြင်း စနစ်သည်
တကယ်လိုအပ်ခြင်း ရှိ မရှိတို့ ဖြစ်ကြပါတယ်။

ဘတ်စတာရဲ့ ကော်မရှင်ဟာ အစည်းအဝေး ၁၈ ကြိမ် လုပ်ပြီး လူပေါင်း ၇၅ ဦးကို တွေ့ဆုံ
မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။ အရေးပါတဲ့ လုပ်ငန်းဌာနကြီးများ၊ ကုမ္ပဏီများ၊ အလုပ်ရှင်များ၊
အစိုးရဌာနများ၊ ကုန်သည်ကြီးများအသင်းများ၊ အထူးသဖြင့် စက်မှု အလုပ်သမားများ
အကြောင်း အထူးစုံစမ်းခဲ့ပြီး အစီရင်ခံစာတွေရယူခဲ့တာမှာ အစီရင်ခံစာပေါင်း ၁,၃၉၂ စောင်
ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၄၀ ခုနှစ် အောက်တိုဘာလမှာတော့ ဂျိမ်းစ်ဘက်စတာက
သူ့အစီရင်ခံစာကို တင်ပြခဲ့ပါတယ်။ အစီရင်ခံစာမှာ အချက်ကြီး ရှစ်ချက်ကို လုပ်ဆောင်ရန်
ထောက်ခံရေးသား ထားတယ်လို့ ဆိုပါတယ်။ အဲဒါတွေကတော့ -

(က) အိန္ဒိယ အစိုးရနှင့် တွေ့ဆုံဆွေးနွေး၍ သဘောတူညီချက် ရယူပြီးသည့် အချိန်မှစ၍
ခရီးသွားရန်ဖြစ်စေ၊ နေထိုင်ရန်ဖြစ်စေ၊ အလုပ်လုပ်ကိုင်ရန် ဖြစ်စေ မြန်မာပြည်သို့ ဝင်ရောက်
လာသော အိန္ဒိယ အမျိုးသားများသည် မှတ်ပုံတင်ထားသော အိန္ဒိယနိုင်ငံကူး လက်မှတ်တစ်ခု
လက်ဝယ်ထားရှိရမည်။ ထိုမှတ်ပုံတင် လက်မှတ်တွင် လူတစ်ဦးစီ၏ ခွဲခြား သိမှတ်နိုင်သော
ထုံးစံအတိုင်း အချက်အလက်များ အပြည့်အစုံ ပါရမည်။

(ခ) နေထိုင်ရန် သို့မဟုတ် အလုပ်လုပ်ကိုင်ရန် မြန်မာပြည်သို့ လာရောက်သော အိန္ဒိယ
အမျိုးသားများတွင် ဗီဇာရှိရမည်။ ဗီဇာတွင် မြန်မာပြည်အစိုးရ၏ အာဏာပိုင်က သုံးနှစ်အထိ
အလုပ်လုပ်ခွင့် ပေးထားကြောင်း ဖော်ပြသည့်ပုံစံ ပါရမည်။ အချိန်စေ့သည့်အခါ မြန်မာပြည်မှ
ထွက်ခွာသွားရမည်ဟု ဗီဇာပိုင်ရှင်က တာဝန်ယူပါသည်ဆိုသော အပိုဒ် ဖော်ပြထားရမည်။

(ဂ) အကယ်၍ မြန်မာပြည်တွင် မွေးဖွားပြီး မြန်မာပြည်တွင် မျိုးရိုးစဉ်ဆက် နေထိုင်လာသော
အိန္ဒိယသားသည် မြန်မာတိုင်းရင်းသားအဖြစ် ခံယူလိုပါလျှင် ထိုသူမှာ မြန်မာပြည်တွင် အမြဲ
နေထိုင်၍ ရှာဖွေစားသောက် လုပ်ကိုင်နိုင်အောင် တောင်းခံခွင့်ရှိသည်။ ၁၉၃၅ ခု မြန်မာပြည်
ဥပဒေအပိုဒ် ၁၄၄ အရ ခံစားခွင့်ရှိသည်။

(ဃ) မြန်မာပြည်တွင် ငါးနှစ် တစ်ဆက်တည်း နေထိုင် လုပ်ကိုင်ဆဲဖြစ်သော အိန္ဒိယ
အမျိုးသား များသည် မြန်မာပြည်တွင် ဆက်လက် နေထိုင် လုပ်လိုသည်ဆိုလျှင် အသိ
အမှတ်ပြု အဆင့်အတန်းရှိသည့် အထူးအခွင့်အရေးရသော နိုင်ငံခြားသားအဖြစ် တောင်းခံခွင့်
ရှိသည်။ ဆက်လက် နေထိုင်ခွင့်နှင့် ဆက်လက်လုပ်ကိုင်ခွင့် အခြေအနေနှင့် သဘောတူ
ချက်များကို အခါအားလျော်စွာ ထုတ်ဖော် ပြသရမည်။

(င) မြန်မာပြည်တွင်ရှိပြီး အိန္ဒိယ အလုပ်သမားများ၌ သုံးနှစ် နေထိုင်လုပ်ကိုင်ခွင့် ရရှိ၏။
ထိုသူအား နောက်ထပ် နေထိုင်လုပ်ကိုင်ခွင့် လျှောက်သောအခါ အသစ်လျှောက်ထားသူထက်
အခွင့်အရေး ပိုပေးရမည်။

(စ) အိန္ဒိယအစိုးရနှင့် လူဝင်မှု သဘောတူညီချက် ရရှိအောင် အမြန်ဆုံး ဆွေးနွေးသင့်ပြီး၊
ယင်းသဘောတူညီချက်တွင် အောက်ပါအချက်များ ပါသင့်သည်။

(၁) မြန်မာပြည်သို့ ဝင်ရောက်လာသော အိန္ဒိယ အမျိုးသားများ၏ အမျိုးမျိုးသော အတန်း
အစားများကို ခွဲခြားပြရမည်။

(၂) နေထိုင်ရန်သက်သက် သို့မဟုတ် နေထိုင်၍ အလုပ်လုပ်ကိုင်ရန် အတွက် ထုတ်ပေးသော
ပါ့စ်ပို့ (နိုင်ငံကူးလက်မှတ်) သို့မဟုတ် ပါမစ် (ခွင့်ပြု) လက်မှတ်များ၏ နည်းဥပဒေများ
ပါရှိရမည်။

(၃) ဝင်ရောက်လာသူများ၏ တားမြစ်အပ်သည့် အတန်းအစားများကို ခွဲခြားပြရမည်။

(၄) ဝင်ရောက်လာသူများအား ဆေးစစ်ဆေးမှု ပြုရမည်။

(၅) အိန္ဒိယအမျိုးသားများ ပြန်ပို့နိုင်သည့် အချက်အလက်များ ဖော်ပြရမည်။

(၆) မြန်မာပြည်နှင့် နီးစပ်စွာ ဆက်သွယ်မှုရှိပြီးဖြစ်သော အိန္ဒိယအမျိုးသား အချို့သော
အတန်းအစားများ၏ ဝင်ရောက်နိုင်ရေးအတွက် အထူးအခွင့်အရေးပေးသော အခြေအနေ
ဆိုင်ရာ ပြဿနာများ ဖော်ပြရမည်။

(၇) မြန်မာပြည်တွင် နေထိုင်သည့် အိန္ဒိယအလုပ်သမားများ၏ တရားမနှင့် အခြေခံဆိုင်ရာ
ဥပဒေပါ အခွင့်အရေးများ သတ်မှတ် ဖော်ပြရမည်။

(၈) မြန်မာပြည် ဘုရင်ခံသည် အချို့သော ဝင်ရောက်လာသူများ၏ အတန်းအစားများကို
ချုပ်ချယ် ကန့်သတ်ရန် လိုအပ်သည်ဟု ဆုံးဖြတ်လျှင် တွေ့ဆုံဆွေးနွေးရန် လိုအပ်
လာသည်။ ထိုကိစ္စနှင့် ပတ်သက်၍ တွေ့ဆုံနိုင်မည့် အခွင့်အလမ်းများကို ဖော်ပြရမည်။

(၉) နယ်ခြား ဝင်ထွက်မှုဆိုင်ရာ ပူးပေါင်းလုပ်ဆောင်ရေးကို ဖော်ပြရမည်။

(ဆ) အစိုးရ၏ သင့်တော်သော ဌာနအား စစ်ဆေးရရှိသည့် သက်ဆိုင်ရာ အချက်အလက်များ
စာရင်းဇယားများနှင့် အကြံဉာဏ်များ ပေးနိုင်ရန် လူဝင်လူထွက် ဘုတ်အဖွဲ့တစ်ခု ဖွင့်လှစ်
ရမည်။ ထိုဘုတ်အဖွဲ့တွင် မြန်မာ၊ အိန္ဒိယနှင့် ဥရောပတိုက်သားများ ရောထွေးပါဝင်ရမည်။

(ဇ) ရန်ကုန်ဆိပ်ကမ်းရှိ မကျွမ်းကျင်သော အလုပ်သမား အားလုံးကို မရှောင်မလွှဲဘဲ မှတ်ပုံ
တင်ရမည်။ အလုပ်သမား တစ်ဦးစီအား အလုပ်လုပ်ခွင့် မှတ်ပုံတင်လက်မှတ် ထုတ်ပေးရမည်။
မှတ်ပုံတင်လက်မှတ် မည်၍မည်မျှ ထုတ်ရမည်ကို အလုပ်ရှင်နှင့် တိုင်ပင် ဆုံးဖြတ်ရမည်။
သို့ဖြင့် အလုပ်သမားဦးရေကို လုပ်ငန်း အနည်းအများလိုက်၍ လျှော့ခြင်း၊ တိုးခြင်း ပြုနိုင်မည်။
စသည်ဖြင့် ဖော်ပြထားပါတယ်။

အဲဒီအချိန်က အိန္ဒိယအမျိုးသားတွေ မြန်မာပြည်ကို တံခါးမရှိ ဓါးမရှိ ဥဒဟို ဝင်ထွက်သွားလာ
နေတာနဲ့ ပတ်သက်ပြီး မကြိုက်ကြတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ရှေ့ဆောင်ပုဂ္ဂိုလ်တွေ၊
သတင်းစာတွေ အများအပြားရှိပါတယ်။ အဓိကက ကန့်ကွက်သူတွေကတော့ ၂၁ ဦး ပါတီနဲ့
အဆက်အနွယ်တွေပေါ့။ တကယ်တော့ မြန်မာပြည်ကို အိန္ဒိယရဲ့ ပြည်နယ်အဖြစ်ကနေ ခွဲထွက်
လိုခြင်း အကြောင်းတွေထဲက အဓိကအချက်တစ်ခုဟာ ဒီလို ဝင်ရောက်နေမှုတွေကို တားဆီး
နိုင်လိမ့်မယ်လို့ ယူဆတာကလည်း အချက်တစ်ခုပါ။ ဒါပေမယ့် ခွဲပြီးတဲ့ နောက်မှာလည်း
ဒုံရင်းက ဒုံရင်းပါပဲ။

ဒါကြောင်လည်း အဲဒီအချိန်က သူရိယ သတင်းစာ (အယ်ဒီတာချုပ် ဦးဘဘေလက်ထက်) မှာ
ကတည်းက “မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားသားများ အတားအဆီးမရှိ ဝင်ရောက်လာ
ခြင်းသည် မြန်မာ့လူ့ဘောင်၏ လူမှုရေး၊ စီးပွားရေးနှင့် သာသနာရေး လုပ်ဆောင်မှုများကို
ထိခိုက်လှသည်။ အိန္ဒိယပြည်မှ နိုင်ငံရေးအရ ခွဲခွာရန် မြန်မာတို့ တောင်းဆိုရခြင်း၏ မူလ
အကြောင်းမှာ လူဝင်မှုပြဿနာကို ကိုင်တွယ်နိုင်ရေး ဖြစ်သည်။ လူဝင်လူထွက် ဥပဒေ
ကဲ့သို့သော တရားဥပဒေမျိုး မြန်မာပြည်၌ ကင်းမဲ့နေသောကြောင့် မြန်မာများ အလုပ်လက်မဲ့
ဖြစ်ရခြင်း၊ လယ်ယာမဲ့ ဖြစ်ရခြင်း၊ နိုင်ငံခြားသားများက မြန်မာ အမျိုးသမီးများကို
လက်ထပ်ခြင်းများ ပေါ်ပေါက်လာပြီး ကပြားမျိုးများ ပေါ်ပေါက်လာရသည်။ မြန်မာ-မူဆလင်
ပဋိပက္ခများ ပေါ်ပေါက်လာရသည်” ဆိုပြီး ရေးသားခဲ့ပါတယ်။

မြန်မာသတင်းစာတွေက ရေးသလို အိန္ဒိယ သတင်းစားတွေကလည်း အားကျမခံ ပြန်လည်
ရေးသားကြပါတယ်။ ဒီအထဲမှာ ၁၉၃၉ ခုနှစ် အောက်တိုဘာလမှာ ကာလကတ္တားမြို့ထုတ်
မိုဒင်ရီဗြူး ဂျာနယ်မှာ ဆောင်းပါရှင် ပီအမ်အိုက်စက်က “အိန္ဒိယအမျိုးသားများသည် မြန်မာ
တို့၏ ကျေးဇူးရှင်များဖြစ်သည်၊ အိန္ဒိယ အလုပ်သမားများကြောင့် မြန်မာပြည်၌ မီးရထားလမ်း၊
သင်္ဘောလမ်း၊ စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်နိုင်ခြင်း ဖြစ်သည်။ မြန်မာတို့ လူနေမှု
အဆင့်အတန်း မြင့်လာရသည်။ မြန်မာတိုင်းရင်းသား အလုပ်သမားများဖြင့် လုပ်ကိုင်လျှင်
မြန်မာပြည်၏ စီးပွားရေး အနာဂတ်တွင် တိုးတက်လာမည်မဟုတ်၊ မြန်မာပြည်ရှိ အိန္ဒိယ
အလုပ်သမားများကိုလည်း အခွန်အခများ မကောက်ခံသင့်ပါ” စသည်ဖြင့် ပြန်လည်ရေးသား
ခဲ့ပါတယ်။

ဒီလို ဘက်စတာ အစီရင်ခံစာရဲ့ တိုက်တွန်းချက်၊ နှစ်ဘက် သတင်းစာတွေရဲ့ အပြန်အလှန်
ရေးသားချက်တွေကြောင့် အိန္ဒိယနဲ့ မြန်မာအစိုးရတို့ လူဝင်လူထွက် ပြဿနာကို နှစ်ဖက်
တွေ့ဆုံ ဖြေရှင်းကြပါတယ်။ အိန္ဒိယပြည်အစိုးရဘက်က ဆာဂိရိဂျ ရှန်ကာဘဂ်ျပိုင်
ဦးဆောင်ပြီး မြန်မာဘက်ကတော့ နန်းရင်းဝန် ဂဠုန်ဦးစောက ဦးဆောင်ပါတယ်။ နှစ်ဘက်
အပြန်အလှန် ဆွေးနွေးကြပြီး အိန္ဒိယအမျိုးသားများ အရမ်းမဲ့ ဝင်ရောက်နေမှုကို ရပ်တန့်ဖို့
ကိုတော့ အခြေခံအားဖြင့် သဘောတူကြပါတယ်။ ဒီနေရာမှာ ဦးစောက မြန်မာပြည်ရှိ လုပ်ငန်း
အားလုံး အတွက် မြန်မာအလုပ်သမားများ အလုံအလောက်ရှိသည်။ မည်သည့်နည်းနှင့်မျှ
အိန္ဒိယ အလုပ်သမားများ မဝင်လာသင့်ဆိုပြီး တင်းခံနေပါသေးတယ်။ မြန်မာဘက်မှ အရာရှိ
တစ်ချို့က “ရခိုင်ပြည်တွင် စပါးရိတ်ချိန်၌ စစ်တကောင်း အလုပ်သမား ၂၀,၀၀၀ လိုကြောင်း”
ရှင်းပြမှသာ လူဝင်ခွင့်ကို ခြွင်းချက်နဲ့ လက်ခံခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်
လွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံ မဖြစ်သေးတဲ့အခါမှာတော့ အလျှော့ပေးခဲ့ရတာတွေလည်း
ရှိမှာပါ။ လွတ်လပ်တဲ့ အချိန်မှာတောင် ဟိုလူ့မျက်နှာကြည့်ရ ဒီလူ့မျက်နှာကြည်ရ
ဖြစ်နေရတာပဲလေ။

သဘောတူညီချက်မှာ ပါဝင်တဲ့ အဓိက အချက်ကြီးများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -

(၁) အိန္ဒိယအမျိုးသားသည် မြန်မာပြည်သို့ ဝင်ရောက်လာလျှင် မြန်မာအစိုးရက
ထုတ်ပေးသော လူဝင်မှုပါမစ် (ခွင့်ပြုလက်မှတ်) သို့မဟုတ် ဗီဇာနှင့်အတူ ပါ့စ်ပို့ (နိုင်ငံကူး
လက်မှတ်) ရှိရမည်။ ဝင်ရောက်သူ အိန္ဒိယအမျိုးသား၏ အဆင့်အတန်းကို နိုင်ငံခြားသားဟူ၍
ဖော်ပြထားသည့် ရော်ဘာတံဆိပ်တုံး ခတ်နိုပ်ထားရမည်။

(၂) ဝင်ခွင့်ပြုသူကို နှစ်မျိုးနှစ်စား ခွဲခြားမည်။ “က” အမျိုးအစားမှာ မြန်မာပြည်တွင် အချိန်
အကန့်အသတ်မရှိ နေထိုင်ခွင့် ရှိသည်။ မြန်မာပြည်သားအဖြစ် ရယူနိုင်ခွင့်လည်း ရှိရမည်။
“ခ” အမျိုးအစားမှာ အချိန် အပိုင်းအခြားအဖြစ် မြန်မာပြည်တွင် နေထိုင်၍ အလုပ်
လုပ်ကိုင်ခွင့်ရှိသည်။ မြန်မာအစိုးရ၏ သဘောအတိုင်း အချိန် တိုးမြှင့်နိုင်လေသည်။

(၃) “က” အမျိုးအစားမှ နေထိုင်ခွင့် လျှောက်သူအား မြန်မာအစိုးရက စာတတ် မတတ်
စစ်ဆေးခွင့် ရှိသည်။ သို့စစ်ဆေးရာတွင် မြန်မာဘာသာ၊ သို့မဟုတ် ရှမ်း၊ ကရင် စသည့်
မြန်မာတိုင်းသားများ၏ ဘာသာဖြင့် မစစ်မေးရ။

(၄) မြန်မာအစိုးရ၏ သဘောတူညီချက် မရဘဲ မြန်မာအမျိုးသမီးနှင့် လက်ထပ်လျှင်သော်၎င်း၊
ပေါင်းသင်း နေထိုင်လျှင်သော်၎င်း၊ ဗီဇာ သို့မဟုတ် ပါမစ်ကို ပယ်ဖျက်ခွင့်ရှိသည်။ အကယ်၍
လက်ထပ်ပေါင်းသင်းမည့် အမျိုးသမီးအား ထာဝရ လုပ်ကျွေး စောင့်ရှောက်နိုင်ရေးအတွက်
လုံလောက်သော ပစ္စည်းဥစ္စာရှိကြောင်း သက်သေပြ၍ ဝင်ရောက်လာသူက လက်ထပ်ခွင့်
တောင်းလျှင် မြန်မာအစိုးရက အခွင့်ပြုရမည်။

(၅) မြန်မာနိုင်ငံတွင် မွေးဖွား၍ မြန်မာပြည်တွင် လုပ်ကိုင် ရှာဖွေစားသောက်သူ၊
မြန်မာပြည်တွင် အမြဲတမ်းနေထိုင်သူ၊ ထိုသူနှင့် ထိုသူ၏မိသားစု၏ နောင်ရေးအတွက် မြန်မာ
ကိုသာလျှင် အားထားသူအား မြန်မာတိုင်းရင်းသားအဖြစ် တောင်းခံနိုင်ခွင့် ရှိသည်။ စတာတွေ
ပါဝင်ပါတယ်။

ဒီသဘောတူညီချက် ရဖို့ကိုတောင် အတော်လေး အကြိတ်အနယ် ဆွေးနွေးခဲ့ရတယ်လို့
ဆိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြန်မာတွေဘက်က ဘာမှ ကန့်ကွက်မှု မရှိပေမယ့်လည်း စပြီး
ဆွေးနွေးတယ် ဆိုကတည်းက အိန္ဒိယသားတွေက မကျေမနပ် ဖြစ်ခဲ့ကြတယ်တဲ့။ မူကြမ်းမှာ
ကတည်းက သူတို့ ထည့်ချင်တဲ့ အချက်တွေ အကုန်မထည့်ရလို့ မကျေနပ်တာလည်း ပါတာ
ပေါ့လေ။ သဘောတူညီချက် လက်မှတ်ရေးထိုးပြီးတဲ့ အခါမှာလည်း မြန်မာပြည်မှာလည်း
ကန့်ကွက်၊ တစ်ခါ အိန္ဒိယကို အပြေးအလွှား ကိုယ်စားလှယ်တွေ စေလွှတ်ပြီး နေရာအနှံ့
အပြားမှာ ကန့်ကွက်ကြတာ ၁၉၄၁ ဇူလိုင်လ ၁၈ ရက်မှာတော့ မဒရပ်မြို့မှာ ထင်ရှားတဲ့
အိန္ဒိယ ခေါင်းဆောင်တွေ တက်ရောက်တဲ့ ပါတီပေါင်းစုံ အစည်းအဝေးကျင်းပပြီး ဒီသဘော
တူညီချက်ကို ရှုတ်ချကြတာပေါ့။ အိန္ဒိယအမျိုးသား ကွန်ဂယက်လည်းပါတာပေါ့။ ဂန္ဒီကြီး
ဟာလည်း အိန္ဒိယ အမျိုးသားကွန်ဂယက်ရဲ့ ခေါင်းဆောင်ကြီးပဲ။ အိန္ဒိယအမျိုးသားရေး
ဝါဒီကြီးပေါ့။ သို့ပေမယ့် မြန်မာ အမျိုးသားရေးဝါဒီမှ မဟုတ်တာပဲလေ။

ပြီးတော့ ထုံစံအတိုင်း ဟိုတိုင် ဒီတိုင်ပေါ့။ ဘိလပ်က အိန္ဒိယပြည်ဆိုင်ရာ ဝန်ကြီး၊ မြန်မာပြည်
ဆိုင်ရာ အတွင်းဝန်၊ အိန္ဒိယဘုရင်ခံချုပ်တို့ထံကို အကြောင်းအမျိုးမျိုးနဲ့ တိုင်ကြား ကန့်ကွက်ကြ
တာပေါ့။ သူတို့အဓိက ညွှန်းဆိုတာကတော့ ၁၉၃၅ ခုနှစ် မြန်မာပြည် အက်ဥပဒေ၊ အခန်း (၄၄)၊
အခန်းငယ် (၃) ကို ဖောက်ဖျက်တယ်ပေါ့။ အဲဒီမှာက “ခရီးသွားလာခြင်း၊ အတည်တကျ
နေထိုင်ခြင်း၊ ပစ္စည်းဥစ္စာ ရှာဖွေခြင်း၊ ရရှိသည့်ပစ္စည်းကို ထိန်းသိမ်းခြင်း၊ ဝေငှ ပေးကမ်းခြင်း၊
အစိုးရရာထူး သို့မဟုတ် အခြားသော အလုပ်အကိုင်များကို လုပ်ကိုင်ခြင်း၊ ကုန်ကူးခြင်း၊
ဈေးရောင်းခြင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်းခြင်းနှင့် ပတ်သက်၍ အိန္ဒိယ
အမျိုးသားများအပေါ် တရားမဝင်ဖြစ်စေခြင်း၊ ချုတ်ချယ် ကန့်သတ်ခြင်း၊ ခြွင်းချက် ထားရှိမှုများ
မဖြစ်စေရ” ဆိုပြီး ပြဋ္ဌာန်းပေးထားတယ်တဲ့။ အတော်လေးကို လူပါးဝတဲ့ ပြဋ္ဌာန်းချက် တွေပါပဲ။

ဒါတင်မက အိန္ဒိယသတင်းစာတွေကလည်း နည်းမျိုးစုံနဲ့ ရေးသားကန့်ကွက်ကြတာပေါ့။ ဟိန္ဒူ၊
မဒရပ်မေ၊ အင်ဒီးယန်းအိတ်စပရက် စတဲ့ သတင်းစာတွေကတော့ အဆိုးဆုံးပါ။ အိန္ဒိယမှာရှိတဲ့
ဥပဒေပြု ကောင်စီတွေကလည်း ကန့်ကွက်တာပဲ။ ဒီထဲမှာ ဘင်္ဂလားနယ် ဥပဒေပြုကောင်စီက
“ဤသဘောတူချက်သည် အလွန်တရာ ကန့်ကွက်ဘွယ်လည်းကောင်းသည်။ အလွန်တရာ
ခွဲခြမ်း အရေးပေးခြင်းလည်း ဖြစ်သည်” ဆိုပြီး ရှုတ်ချကန့်ကွက်သတဲ့။ ဘင်္ဂလားပြည်နယ်
အခွန်တော်ဝန်ကြီးဖြစ်တဲ့ ဆာဘိရွိုင် ပရာဆပ်ဆင်ရွိုင်က “မြန်မာပြည်ရောက် ဘင်ဂါလီ
အမျိုးသားများ အကျိုးနှင့် ပတ်သက်၍ အစိုးရ၏ သဘောထားကို စိုးရိမ်မှု မဖြစ်သင့်ပါ” ဆိုပြီး
ထုတ်ဖော် ပြောသတဲ့။ အဓိပ္ပါယ်ကတော့ မြန်မာပြည်ရောက်နေတဲ့ ဘင်ဂါလီတွေ မပူပါနဲ့
သူတို့ရှိပါတယ်ပေါ့လေ။ ဟာစီနာ့ ဘိုးအေတွေ ထင်ပါရဲ့။

၁၉၄၁ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့မှာတော့ ဒီသဘောတူညီချက်နဲ့ပတ်သက်ပြီး ဦးစောက
သတင်းစာ ရှင်းလင်းပွဲတစ်ခု လုပ်ခဲ့ပါတယ်။ အဲဒီနောက် စက်တင်ဘာလမှာ ဦးစောဟာ
အတွင်းဝန် ဦးတင်ထွဋ်နဲ့အတူ မြန်မာ့လွတ်လပ်ရေး အရေးဆိုရန် အင်္ဂလန်နိုင်ငံကို ထွက်ခွာ
သွားပြီး အောက်တိုဘာလ ၁၈ ရက်နေ့မှာ ဗြိတိသျှဝန်ကြီးချုပ် ဆာဝင်စတန်ချာချီနဲ့ တွေ့ဆုံ
ဆွေးနွေးပါတယ်။

၁၉၄၁ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့မှာတော့ အိန္ဒိယပြည်လုံးဆိုင်ရာ ဗဟိုဥပဒေပြုကောင်စီက
ကန့်ကွက်သူမရှိ အဆိုတစ်ရပ်ကို ဆုံးဖြတ်လိုက်ပါတယ်တဲ့။ အဲဒါကတော့ “အိန္ဒိယ-မြန်မာ
လူဝင်မှု သဘောတူညီချက်မှာ ခွဲခွာရေးပြီးနောက် ကျင့်သုံးရမည်ဟု ပါလီမန်က အာမခံချက်
ပေးထားခြင်း များနှင့် ဆန့်ကျင်သည်။ မြန်မာပြည်အစိုးရ အက်ဥပဒေ အပိုင်း ၅ နှင့်လည်း
မကိုက်ညီ။ ထို့ကြောင့် အိန္ဒိယပြည်သူများအပေါ် ခွဲခြမ်းခြင်းပြုသည့် ဤသဘောတူညီချက်ကို
ပယ်ဖျက်ပေးရန် ဤကောင်စီက ဆုံးဖြတ်သည်” ဆိုတာပဲ ဖြစ်ပါတယ်။

သို့ပေမယ့် ဒီကာလအတွင်းမှာပဲ ဒီဇင်ဘာလမှာတော့ အရှေ့တောင်အာရှ နိုင်ငံများကို
စစ်မီးက ကူးဆက်လာပါတော့တယ်။ ဒီဇင်ဘာ ၁၁ ရက်မှာတော့ ဂျပန်လေတပ်က ထားဝယ်
လေယာဉ်ကွင်းကို စတင် ဗုံးကျဲပါတယ်။ ဒီဇင်ဘာ ၂၃ မှာ ရန်ကုန်မြို့ကို ဗုံးကြဲလေယာဉ်
အစင်း ၆၀၊ တိုက်လေယာဉ် အစင်း ၃၀ နဲ့ ပထမအကြိမ် ဗုံးကြဲပါတယ်။ ဒီဇင်ဘာ ၂၅ မှာတော့
ရန်ကုန်မြို့ကို ဗုံးကြဲလေယာဉ် အစင်း ၈၀၊ တိုက်လေယာဉ် အစင်း ၂၀ နဲ့ ဒုတိယအကြိမ်
ထပ်ကြဲပါတယ်။ ၁၉၄၂ ဇန်နဝါရီလ ၁၈ ရက်နေ့မှာတော့ ဦးစောဟာ မြန်မာပြည် အပြန်ခရီး၊
ပါလက်စတိုင်းနိုင်ငံ ဟိုင်ဖာမြို့အရောက်မှာ ဗြိတိသျှအစိုးရက ဖမ်းဆီးလိုက်ပါ တော့တယ်။
ပြစ်ချက်ကတော့ ဂျပန်နဲ့ လျှို့ဝှက်ဆက်သွယ်မှု ကြောင့်ပါတဲ့။

၁၉၄၂ နှစ်ဆန်းပိုင်းမှာပဲ ဗိုလ်ချုပ်တို့ ရဲဘော်သုံးကျိပ် အဖွဲ့ဝင်တွေနဲ့ ဂျပန်တပ်မတွေလည်း
ယိုးဒယားကနေတဆင့် မြန်မာပြည်ကို ဝင်လာပါပြီ။  ပြည်တွင်းသူပုန်တပ်ဖွဲ့ကို ဦးဆောင်ဖို့
အတွက် အဖွဲ့ဝင် ရှစ်ဦးနဲ့အတူ ပစ္စတိုသေနတ်ကိုင်ပြီး အရင်ဆုံး ဝင်ရောက်ခဲ့သူကတော့
အမေရိကန် ပြည်ထောင်စုက သူရဲကောင်းဘွဲ့ (Legion of Merit) ပေးအပ်ခြင်း ခံခဲ့ရတဲ့
သွားလေသူ မိုးပေါ် ထောင်မပစ်ဘူး ဆိုတဲ့ လူကြီးပေါ့။ ဒီနောက်ပိုင်းမှာတော့ အင်္ဂလိပ်
လက်အောက်ကနေ ဂျပန် လက်အောက်ကို ရှောက်ရှိခဲ့လေတော့သတည်းလို့ပဲ
ဆိုပါရစေတော့ဗျာ။

ကဲ ပြီးပါပြီ။ ဒီနုတ်ကလေးရေးဖြစ်အောင် တိုက်တွန်းပေးတဲ့ ကိုမောင်ဟန်အပါအဝင် ဖတ်ရှု
ပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ လူဝင်မှုနှင့် ဦးစောဆိုတဲ့ အကြောင်းအရာနဲ့
ပတ်သက်ပြီးတော့ ဒီထက်ပိုပြီး လေ့လာလိုသူများကိုတော့ စာအုပ်တစ်အုပ် ညွှန်းပါ့မယ်။
ရှာဖွေ ဖတ်ရှုကြပါလေ။ ၁၉၄၁ ခုနှစ်မှာ ရန်ကုန်မြို့ အစိုးရပုံနိုပ်တိုက်က ထုတ်ပါတယ်။
စာအုပ်အမည်ကတော့ “နှစ်ပေါင်း တစ်ရာကျော်အတွင်း တစ်ကြိမ်သာ ပေါ်ပေါက်လာသော
အိန္ဒိယ လူဝင်လူထွက် ကိစ္စကြီးကို အောင်မြင်စွာ ဆောင်ရွက်လိုက်သော မြန်မာပြည်
နန်းရင်းဝန်ကြီး ဦးစော” ပါတဲ့ခင်ဗျား။

လူဝင်မှုနှင့် ဦးစော (၁)

လူဝင်မှုနှင့် ဦးစော (၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...