Tuesday, July 23, 2013

လပေါင်း သုံးရာ ကြာသောအခါ

July 22, 2013 at 6:47am

ရှစ်ရက်ရှစ်လ ၈၈ရက်နေ့ဆိုရင် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ၂၅နှစ်ငွေရတုကိုရောက်တော့မည်။
၂၅နှစ်က ဘ၀ကို လှုပ်ကိုင်ခဲ့သည်။ အတိတ် တစ္ဆေ က ကနေ့တိုင်ခြောက်လှန့်နေခဲ့သည်။ မေ့ပျောက် မရ ပီပြင်ထင်ရှားစွာ အတွေးပုံရိပ်အတွင်း ၀င်ရောက်နေဆဲ…။


၈ ရက် ၈ လ ၈၈ ရက်နေ့ ညနေပိုင်း ကျွန်တော်ပညာသင်ကြားရာ အထက(၂) တာမွေသို့ စာတစ်စောင် ရောက်ရှိလာခဲ့သည်။ ၈ ရက် ၈ လ ၈၈ရ က်နေ့တွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်အာဏာရှင် စနစ်ဆိုးကို တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထို့ကြောင့် ကျောင်းသားပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းနှိုးဆော်ထားသည့် စာပင်ဖြစ်သည်။ အောက်ဆုံးတွင်တော့ မင်းကိုနိုင် ဟု ရေးထားသည်ကို တွေ့လိုက်ရသည်။

ငယ်ရွယ်တက်ကြွနေသော ကျောင်းသားကျောင်းသူများကြား တီးတိုးတိုင်ပင်ကြရင်း ၈ ရက်နေ့ကို ကြိုလင့်နေ ကြသည်။ ၈ ရက်နေ့မနက်ပိုင်း ထင်ထားသလိုမဖြစ်လာခဲ့။ အချိန်တွေက တဖြည်းဖြည်း လင့်လာခဲ့သည်။ အခြေအနေကိုရိပ်မိသော ဆရာ၊ ဆရာမများကလည်း ကြိုတင်ထိန်းသိမ်းနိုင်ရန်အတွက် ပြင်ဆင်ထားခဲ့ကြ သည်။

ကျောင်းဝင်းတခါးမကြီးကို သော့ခတ်ထားသလို ကျောင်းသူကျောင်းသားများကိုလည်း အခန်းထဲတွင်သာ နေထိုင်ရန် မှာကြားနေကြသည်။ ညနေ ၃ နာရီခွဲခန့် မလွှကုန်းဘူတာဘက်မှ ဒို့အရေး ဒို့အရေး.. သပိတ် သပိတ်မှောက်မှောက် အရေးတော်ပုံအောင်ရမည် နေ၀င်းအစိုးရအလိုမရှိ အာဏာရှင်စနစ် ကျဆုံးပါစေ… စသည့်ကြွှေးကြော်သံများ စဉ်ဆက်မပြတ် ကြားနေရသည်။ ထိုအသံများက ကျောင်းနားသို့ချည်းကပ်လာ သောအခါ ကျောင်းသူကျောင်းသားများကို ထိန်းသိမ်းမရတော့ ရုန်းရင်ဆန်ခတ်ဖြစ်ကုန်သည်။ အခန်းတံခါး များကို တွန်းဖွင့်ပြီး အပြင်သို့ အတင်းရုန်းကာထွက်ကြသည်။ ကျောင်းအပြင်ဘက်ရှိ လူထုကလည်း ကျောင်းတံခါးမကြီးကို ရိုက်ဖွင့်သူဖွင့် ကျော်တက်သူကျော်တက်နှင့် နောက်ဆုံး ကျောင်းသားနဲ့ပြည်သူ တစ်ပေါင်းတည်းဖြစ်သွားတော့သည်။


ကျွန်တော်တို့ပူးပေါင်းစစ်ကြောင်းကြီးက သီတာလမ်းမှတစ်ဆင့် သိမ်ဖြူလမ်းမကြီးအတိုင်းချီတက်ကာ မြို့တော်ခန်းမရှေ့သို့ ရောက်ရှိကြသည်။ နောက်ရက်များတွင်လည်း ပုံမှန်စုစည်းခဲ့ကြပြီး ဆန္ဒပြမြဲဖြစ်သည်။ ကျောက်မြောင်းဈေး မျက်စောင်းထိုးရှိ ကောင်စီရုံးဝင်းထဲတွင်လည်း ထိုင်သပိတ် ဆင်နွှဲခဲ့ကြသည်။ အချို့က စာရွက်စာတမ်းနှင့် ဆုဖလားနှင့် ဒိုင်းများကို မီးရှို့ဖျက်ဆီးကြသည်။ မည်သူမျှ မတားနိုင်ခဲ့ကြ။ ညပိုင်းတွင်လည်း ကားများဖြင့် လာရောက်ဖျော်ဖြေသော အဖွဲ့များသည်လည်း တဖွဲဖွဲရောက်လာကြသည်။ ကျောင်းတွင်လည်း ဟောပြောပွဲများ ပြုလုပ်ခဲ့ကြသည်။ အဆိုတော် ဂျေမောင်မောင်က ‘ပြည်သူတွေက ဆန်ပေးပါလို့ပြောနေတာကို စစ်အာဏာရှင်တွေက ဆန်ရဲ့ရှေ့မှာ ကျည် တလုံးတိုးပြီး ကျည်ဆံတွေ ထည့်ပေးခဲ့တယ်။ အတော့်ကို ယုတ်မာ ကောက်ကျစ်တယ်’ ဟု အာပေါင်အာရင်းသန်သန်ဖြင့် ဟောပြောခဲ့သည်။ သူ့နောက်မှာတော့ အဆိုတော် အကော်ဒီယံ ဦးအုန်းကျော်၊ ဒါရိုက်တာ ခင်ဇော် နှင့် ကျန်အချို့ကိုတော့ ကောင်းစွာမမှတ်မိတော့။

အပြောအဟော ကောင်းကြလွန်းလို့ ကျောင်းသားကျောင်းသူများမှာ သေမည့်ဘေးကို ပြေးတွေ့ ချင်သည့် စိတ်က တားမရ ဆီးမရ။ ကြက်သီးမွှေးညှင်းများပင် ထခဲ့ရသည်။ ၁၀ ရက်နေ့ နေ့လည်ပိုင်းတွင် ကျနော်တို့ စစ်ကြောင်း သိမ်ဖြူလမ်းမကြီးအတိုင်း ချီတက်ခဲ့ကြသည်။ စတော့ဂိတ်ကုန်းသို့ ရောက်တော့ တံတားတဖက် ခြမ်းတွင် ကြိုတင်မျှော်လင့်မထားသော စစ်အစိုးရတပ်က ကြိုတင်နေရာယူထားကြသည်။ ရှေ့တိုး၍ မရ။ ပစ်ခတ် နှိမ်နင်းမည် ဖြစ်ကြောင်း အကြိမ်ကြိမ် အော်ဟစ်တားမြစ်သည်။ ကျနော်တို့၏ စစ်ကြောင်းခေါင်းဆောင် မည်သူမည်ဝါ မှန်း မသိ။ ခဏ တဦး ခဏတဦး ပေါ်လာနေသည်။ မည်သူ့စကားကို နားထောင်ရမည်မသိ။ ငယ်ရွယ်သော ကျနော်တို့ အဖွဲ့က ရှေ့ဆက်ရေးကို အဓိကထားကြသည်။ အခြေအတင်ဖြစ်နေသည်က အတော်ကြာသွားသည်။ ညနေ ၃ နာရီခွဲခန့်တွင် ရှေ့ဆက်လှမ်းလိုက်သော ကျနော်တို့အဖွဲ့ကို စတင်ပစ်ခတ် တော့သည်။ ကမ္ဘာပျက်သည့်အလား အော်ဟစ်ငိုကြွေးသံ ဆဲဆိုတိုင်းထွာသံ သေနတ်သံ တဦးနှင့်တဦး တိုးကြိတ်တက်နင်းသံ စသဖြင့် အချို့က ခြေဦးတည့်ရာ ပြေးလွှားကြသည်။ တံတားအောက် ခုန်ဆင်းကြ၊ အတော့်ကို ရက်ရက်စက်စက် ဖြိုခွင်းခံရသည့် မြင်ကွင်းများက မျက်စိတဆုံး။


ခန္ဓာကိုယ် တခုလုံး ပွန်းပဲ့ဒဏ်ရာ ပလပွ အင်္ကျီဗလာနှင့် ကျနော် ဗိုလ်ချုပ်ဓာတ်ပုံ အကွဲတခုကို ကိုင်ရင်း တဖက်ကလည်း ဒဏ်ရာရကျောင်းသားကြီးကို သိုင်းဖက်လို့ နောက်ကြောင်းပြန် ပြေးလွှားခဲ့ရသည်။ အိမ်ရောက်တော့ ဗျောတင်ခြင်းကို ခံရပြန်သည်။ နောက်ပိုင်းအခြေအနေက ဆိုးဝါးလာသည်။ ကိုယ့်ရပ်ကွက် လုံခြုံရေးအတွက်သာ ဦးစားပေးလာကြသည်။ တောကြောင်တွေ ထကြွသောင်းကျန်းလာခဲ့သည်။ ဂိုဒေါက်ဖောက် လုယက် ခေါင်းဖြတ် ရှစ်လေးလုံး သွေးစက်တို့ကို အရုပ်ဆိုး အကျည်းတန် စေခဲ့သည်။

၁၈-၉-၈၈ အာဏာသိမ်းပြီး နောက်ပိုင်း အာဏာရှင် စနစ်ဆန့်ကျင်ရေးအတွက် နည်းမျိုးစုံဖြင့် ဆက်လက် တိုက်ပွဲဝင်ခဲ့ကြသည်။ စစ်အစိုးရကလည်း နည်းမျိုးစုံသုံးကာ နှိပ်ကွပ်ခဲ့သည်။ အဖမ်းအဆီးများက ဆက်တိုက်၊ အချို့ ထောင်နန်းစံလိုက်ရသည်။ တချို့က လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲလိုသောကြောင့် တော်လှန်ရေးနယ်မြေ အသီးသီးသို့ ယုံကြည်ချက်အလံကို အမြင့်မားဆုံး စိုက်ထူရင်း ခြေစုံပစ် ဝင်ရောက်ခဲ့ကြ သည်။ တော်လှန်ရေးကာလ ထိုးနှက်ချက်များကို ကြံ့ကြံ့ခံရင်း အလံမလှဲ တိုက်ပွဲဝင်သွားခဲ့သူများ ရှိသလို ပျော့ညံ့သူများက ပြည်တော်ပြန်သွားခဲ့ကြသည်။ တိုင်းရင်းသားနယ်မြေများတွင် ဗမာဆိုသည့် လူမျိုးကို ရွံကြောက်ဖြစ်နေကြသည်။ ယုံကြည်မှု မရှိ။ မျက်နှာသာ မပေး။ တကွက်မှားလျှင် အစားခံရနိုင်သည့် နိုင်ငံရေး ကျားကွက်များအောက် စတေးခံဘဝများ ရှိခဲ့ကြသည်။

ခေါင်းဆောင် ဆိုသူများက မသိကျိုးကျွံ ပြုနေခဲ့ကြသည်။ ကျောင်းဆရာဘဝနှင့် နှစ်အတော်ကြာ ပညာသင် ကြားပေးခဲ့ဖူးသော ကျနော် ဗမာစကားမပြောသော သူတို့နှင့် ယုံကြည်မှုရရန် နှစ်အတော်ကြာ တည်ဆောက် ယူခဲ့ရသည်။ ‘ဗ’ ဗလကြီးဆင်ပြောင်စီး ဆိုသည့် သူငယ်တန်း စာမှာ သူတို့နယ်မြေတွင် ပညာသင် ကြားတော့ ‘ဗ’ ဗမာမျိုး လှံနှင့်ထိုးဟု ဖြစ်သွားခဲ့ရပြန်သည်။ အပြစ်ဆိုရန်လည်း ခက်ခဲလွန်းလှသည်။ စနစ်ဆိုး ကြောင့် သူတို့ ဝေဒနာမှာ သူတို့ကိုယ်တိုင် ပို၍ သိရှိနားလည်နိုင်မည် ထင်သည်။ လူမျိုးတိုင်းတွင် အဆိုးအကောင်း ရှိမည်။ စနစ်ဆိုးကို မုန်းလျှင် စနစ်ကိုသာ တွန်းလှန်တိုက်ပွဲဝင်ရမည်။ ဘေးထွက်ဆိုးကျိုးများကို မသက်ဆိုင်သူ များ မခံစားမိစေရေးမှာ အလွန်အရေးကြီးသည်။ လူမျိုးကြီးဝါဒကို မနှစ်မြို့လျှင် မိမိကိုယ်တိုင်က မကျင့်သုံး မိစေဖို့ အလွန်အရေးကြီးသည်။ တော်လှန်ရေးကာလ လူမျိုးစု ခေါင်းဆောင်ကြီး တဦးနှင့် ကျနော် စကားပြော ဖြစ်ခဲ့ကြသည်။ ထိုစကားများကို ယနေ့တိုင် အမှတ်တရ ရှိနေဆဲ။


‘ဗမာတွေက တိုင်းရင်းသား လူနည်းစုတွေအပေါ် အတော့်ကို လူမျိုးကြီးဝါဒ ကျင့်သုံး ကြတယ်။ ဘယ်လိုနည်းနဲ့ မှ ကျနော် လက်မခံနိုင်ဘူး’ ဟု သူက ဆိုသည်။ ကျနော်ကလည်း

‘ဟုတ်ပါတယ် ဗိုလ်ချုပ်… ဗမာတွေက တိုင်းရင်းသား လူနည်းစုတွေအပေါ် လူမျိုးကြီးဝါဒ ကျင့်သုံးတာကို လက်မခံနိုင်ပါဘူး။ အားလုံးဟာ လူသားဆိုတဲ့ အမြင်နဲ့ပဲ ကြည့်စေချင်ပါတယ်။ တခုတော့ ရှိပါတယ် ဗိုလ်ချုပ်၊ ကိုယ်ကိုယ်တိုင်က လူမျိုးကြီးဝါဒကို ရွံမုန်း မနှစ်မြို့ဘူးဆိုရင် ကိုယ့်နယ်မြေဒေသထဲကို ရောက်လာတဲ့ ဗမာနဲ့ တခြားတိုင်းရင်းသားတွေ အပေါ်မှာလည်း လူမျိုးကြီးဝါဒ ပြန်မကျင့်သုံးဖို့ အရေးကြီးပါတယ်’ ဟု ပြောလိုက်တာ့ မျက်မှောင်ကုတ်ကာ ကျနော့်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက်ပိုင်း ကျနော့်ဘဝလည်း ဂျွမ်းထိုးမှောက်ခုံ ဘဝစုံကို အသစ်တဖန် ပြန်လည်ကူးခတ်ရပြန်သည်။

လပေါင်း (၃၀၀) သုံးရာ ရက်ပေါင်း (၉၁၂၅) ရက် ကြာသောအခါ.. အချို့က ယုံကြည်ချက်အတွက် အသက်တွေ စွန့်လွှတ်၊ အချို့က ခန္ဓာကိုယ် အစိပ်အပိုင်းတွေ စွန့်လွှတ်၊ အချို့က အတ္တ သမား တကိုယ်ကောင်သမား တွေဖြစ်၊ အချို့က ဇာတ်တူသားကို မြိန်ယှက်စွာ စားသုံးရင်း အနာဂတ်ခရီးကို ဆက်နေ ကြ။ အချို့ကတော့ နယ်မြေသစ်မှာ ဘဝသစ်တွေ လှုပ်ရှားရုန်းကန်နေကြဆဲ။ ကျနော်နှင့်မိတ်ဆွေတချို့ ကတော့ ရည်ရွယ်ချက် ပန်းတိုင်တွေပျောက် ဒုက္ခသည်စခန်းရောက်လို့ ရင်သွေးငယ်တို့ဘဝကလည်း အနာဂတ် မသေချာ၊ နိုင်ငံမဲ့ဘဝ ဝေဝါးနေဆဲ..။

မည်သို့ပင်ဆိုစေ ရှစ်လေးလုံး အရေးတော်ပုံကြီးကိုတော့ အစဉ်ထာဝရ ဦးညွှတ်လျက်။

အုပ်ကြီးဖေ
၂၂-၀၇-၂၀၁၃

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...