Saturday, July 13, 2013

ကမ္ဘာ့နိုင်ငံရေး စီးပွားရေးအလယ်က မြန်မာနိုင်ငံ

July 9, 2013 at 1:10am



          ကမ္ဘာ့နိုင်ငံရေး စီးပွားရေး အ၀န်းအ၀ိုင်းထဲမှာ၊ မြန်မာနိုင်ငံဟာ ဘယ်လိုနေရာကနေမှာလဲ၊ ဘယ်လိုဖွံ့ဖြိုးရေးပုံစံတွေကို ချမှုတ်ကြမလဲဆိုတာ၊ သြစတြေးလျနိုင်ငံ၊ ဘွန်းတက္ကသိုလ် ပါမောက္ခ ဒေါက်တာ ဂျွန်နသန်-ပင်းက အခုလိုထပ်ပြီး ပြောသွားခဲ့ပါတယ်။
          ကမ္ဘာ့စီးပွားရေး အ၀န်းအ၀ိုင်းမှာ ဥရောပပုံစံကိုပဲ ကမ္ဘာ့ပုံစံအနေနဲ့ အလွယ်တကူ ခေါ်လိုက်ကြ တာပါ။ ဥရောပနိုင်ငံရေးဘောဂဗေဒပုံစံဟာ၊ ကမ္ဘာ့နိုင်ငံရေးဘောဂဗေဒပုံစံဖြစ်လာတယ်။ ဒီပုံစံမှာ အဓိက အနေနဲ့ အလျှော့ပေးလိုက်လျောတာ၊ စေ့စပ်ဆွေးနွေးတာ၊ အခွန်အကောက် နိမ့်တာ၊ စွမ်းရည်မြင့်မားတဲ့ အုပ်ချုပ်ရေးရှိတာ၊ တရားဥပဒေရဲ့ စိုးမိုးမှုရှိတာတွေ ပါဝင်ပါတယ်။ ဒီပုံစံကိုမှ၊ လွတ်လပ်တဲ့ ပုံစံနဲ့ အစိုးရက ကျယ်ကျယ်ပြန့်ပြန့် ၀င်ရောက်ဆောင်ရွက်တဲ့ပုံစံဆိုပြီး ကွဲပြားနေပါသေး တယ်။ နောက်ပုံစံတစ်ခု ကတော့ ခေတ်သစ်ကုန်သည်စီးပွားဝါဒဆိုပြီး ဆိုရှယ်လစ်အစိုးရတွေ၊ တခြားအစိုးရတွေက၊ စီးပွားရေးမှာ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်တဲ့စနစ်ပါ၊ မာ့က္ခ်စ်ဝါဒ အနေနဲ့ကတော့ ကမ္ဘာမှာ အတော်လေး မှေးမှိန်သွားခဲ့ပါပြီ၊
ကမ္ဘာ့ဖွံ့ဖြိုးရေး အစီအစဉ်တွေကတော့၊ ရလဒ်တွေဖြစ်တဲ့ စာတတ်မြောက်မှုတို့၊ သန့်ရှင်းတဲ့ သောက်သုံးရေရရှိရေး၊ လုံခြုံစွာနေထိုင်ရေးတွေကို စဉ်းစားတယ်။ အခုအခါမှာ လုံခြုံရေးလို့ပြောရင် လူတစ်ဦးတစ်ယောက်ရဲ့ လုံခြုံရေးကိုပါ အလေးထား ပြောလာကြတာ တွေ့ရပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ရင် ဖျားသေနှုန်းတို့၊ ကာကွယ်ဆေး ထိုးဖို့တို့ဆိုတဲ့ကိစ္စတွေ ပါတယ်။
          မြန်မာနိုင်ငံအနေနဲ့တော့ အတိတ်ကခွဲထွက်ပြီး၊ အနာဂတ်ကို ဦးတည်နေတာဖြစ်တယ်။ ကုန်သွယ်စီးပွားဝါဒအောက်မှာဆိုရင်၊ လုံခြုံရေးကို ဦးတည်တာ အစိုးရက ၀င်ပါတာ၊ ကိုယ်အား ကိုယ်ကိုး၊ ကိုယ်ထူ ကိုယ်ထ စိတ်ဓါတ်ပြင်းပြတာ၊ ကမ္ဘာ့စီးပွားရေးအဆောက်အအုံကို၊ တစ်ယောက်ကောင်းစားရင်၊ တစ်ယောက်ဒုက္ခရောက်မယ့် စနစ်လို့ မြင်တာတွေရှိပြီး၊ လွတ်လပ်တဲ့နိုင်ငံတကာ ကုန်သွယ်ရေးစနစ်ကို လိုလားတဲ့လူတွေကတော့၊ အပြန်အလှန် မှီခိုနေရတဲ့ ကမ္ဘာကြီးလို့ မြင်တယ်။ ကမ္ဘာ့ဈေးကွက်ကြီးကို အားလုံးက မှီခိုအားထားနေကြရတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းတည်ငြိမ်မှုအတွက်ဆိုရင်လဲ၊ ကမ္ဘာ့ကူးသန်းရောင်းဝယ်ရေးစနစ်ကို မှီခိုနေရတယ်။ ဒါပေမယ့်လဲ အင်အားကြီးနိုင်ငံတွေရဲ့ လွှမ်းမိုးမှုကို ခံရတယ်။
          ခေတ်သစ်ကုန်သွယ်စီးပွားဝါဒ (New-Mercantilism) ဆိုတာက၊ ဂျပန်နဲ့ စက်မှုနိုင်ငံသစ်တွေ ကျင့်သုံးခဲ့တဲ့ မူဝါဒဖြစ်တယ်။ ပို့ကုန်တင်ပို့ရေးကို အလေးပေးတယ်၊ ကုန်ကြမ်းတွေစွမ်းအားစုတွေတင်သွင်းပြီး၊ ကုန်ချောတွေ တင်ပို့တယ်၊ စီးပွားကုန်သွယ်ဝါဒနဲ့လွတ်လပ်သော ကုန်သွယ်ရေး လုပ်ချင်တာကို ပေါင်းပြီး၊ ခေတ်သစ်ကုန်သွယ် စီးပွားဝါဒလို့ သတ်မှတ်ကြပါတယ်။
          တရုတ်နိုင်ငံကိုတော့ ဆိုရှယ်လစ်အစိုးရက လမ်းညွှန်ဦးတည်မှုပေးတဲ့ ဈေးကွက်အရင်းရှင်စနစ်ကို ကျင့်သုံးတယ်လို့ ရှုမြင်ကြတယ်။
          တရုတ်နိုင်ငံရဲ့ စီးပွားရေးပုံစံဟာ တစ်ဦးကျ ၀င်ငွေလည်း မြင့်မားအောင် ၊ လူ့စွမ်းအား ဖွံ့ဖြိုးမှုအညွှန်းကိန်းတွေလဲ တက်လာ၊ မျှော်မှန်းသက်တမ်းတွေလဲမြင့်လာ ဒါတောင်မှလူဦးရေတိုးနေတဲ့ကြားထဲက ဖြစ်တာဆိုတော့၊ အောင်မြင်တယ်လို့ပဲ သုံးသပ်ရမှာပေါ့။  ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ အအောင်မြင်ဆုံးပုံစံလို့တောင်ပြောလို့ရသေးတယ်။အိန္ဒိယနဲ့ယှဉ်ရင် အခြေခံအဆောက်အအုံတွေ၊ လမ်းပန်းဆက်သွယ်ရေးတွေအတွက် လှိမ့်သုံးနိုင်တယ်။ ကမ္ဘာအရပ်ရပ်က ကုန်ကြမ်းတွေ လောင်စာတွေရယူတယ်။ ဒါပေမယ့်လည်း ကိုယ့်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပဲ ဂရုစိုက်လို့၊ ခြိမ်းခြောက်မှု တစ်ခုအနေနဲ့လည်း ရှုမြင်နိုင်တယ်။
          ကမ္ဘာဆန်နေတဲ့ လောကကြီးထဲမှာ မြန်မာနိုင်ငံအနေနဲ့ ပုံစံတစ်ခုကို ကူးချဖို့ မကောင်းဘူး၊ရောမွှေကြည့်ရင်ကောင်းမလား၊ ဘယ်လိုရောမွှေကြမလဲ ? နှစ်ဘက်အမြင်တွေကနေ သေသေချာချာ စဉ်းစားဆွေးနွေးပြီး၊ အမှန်တရားတွေ ပေါ်ထွက်လာတဲ့နည်းကို သုံးဖို့ သူကအကြံပြုတယ်။ ကိုယ့်နိုင်ငံရဲ့ စရိုက်လက္ခဏာတွေ၊ ဒေသရဲ့ အထာတွေနဲ့ ကမ္ဘာ့စနစ်ကို ပေါင်းစပ်ပြီး၊ ပြည်တွင်းမှာ နေထိုင်တဲ့သူတွေ အကျိုးရှိတဲ့ စနစ်တစ်ခု ဖြစ်ရမယ်။ နိုင်ငံသားတွေအားလုံးလူမှုရေးနိုင်ငံရေး လှုပ်ရှားဆောင်ရွက်သူတွေက ဖြစ်နိုင်တဲ့၊ လက်တွေ့ လည်ပတ်နိုင်တဲ့၊ နိုင်ငံရေး စီးပွားရေး အဆောက်အအုံတစ်ခုကို တည်ဆောက်ရမယ်လို့ ပညာရှင် ( Payne) ရဲ့အဆိုပြုချက်တစ်ခုလို သူက ကောက်နှုတ်ဖေါ်ပြတယ်။
          ဒါဖြင့် မြန်မာနိုင်ငံက ဘာလုပ်ရမလဲ ?
          သူ့ရဲ့အကြံပြုချက်အရဆိုရင်-
- မြန်မာနိုင်ငံဟာ အလျော့ပေး စေ့စပ်ဆွေးနွေးညှိနှိုင်းမှုတွေ၊ နိမ့်ကျတဲ့ အခွန်နှုန်းတွေ၊ ထိရောက်တဲ့ စွမ်းရည်မြင့်မားတဲ့ အုပ်ချုပ်ရေးတွေ လိုအပ်တယ်။
အလျော့ပေး စေ့စပ်ညှိနှိုင်းမှုများမှာ- အစိုးရရယ်၊ စီးပွားရေးလုပ်ငန်းတွေရယ်၊ ပြည်သူတွေရယ် အားလုံး ပါဝင်ကြတယ်။
ရလဒ်ကောင်းတွေ ထွက်ပေါ်ဖို့ ကောင်းမွန်တဲ့ နိုင်ငံရေး၊ စီးပွားရေးတွေ လိုအပ်တယ်၊ ဒါတွေက လုံခြုံရေး ပြီးတော့ အခြေခံအဆောက်အအုံ။
စီးပွားရေးကဏ္ဍမှာ၊ သူက အများကြီး ပညာတတ်စရာမလိုတဲ့၊ ဆောက်လုပ်ရေးလုပ်ငန်းတွေကို သဘောကျတယ်။ ဆောက်လုပ်ရေးဆိုတာ လုပ်ငန်းတွေ အမြဲရှိနေမယ်၊ ၀န်ထမ်းတွေ အမြဲလိုတယ်။ ကျွမ်းကျင်မှု နည်းနည်းမြင့်လာရင်၊ စက်ရုံလိုနေရာတွေကို ကူးပြောင်းသွားနိုင်တယ်။ လယ်ယာလုပ်ငန်းတွေက ပိုလျံလာတဲ့ လုပ်သားတွေကလဲ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အများဆုံး ၀င်ရောက်နိုင်တယ်လို့ သူက တွက်ဆတယ်။
ကမ္ဘာ့စီးပွားရေးအဆောက်အအုံနဲ့ ပေါင်းစပ်ဖို့ဆိုရင်၊ လုပ်ခသက်သာတဲ့ လုပ်အားကိုသုံးပြီး၊ ကမ္ဘာ့ဈေးကွက်ကို ၀င်ရောက်ဖို့၊ နိုင်ငံစုံကုမ္ပဏီကြီးတွေဆီကနေ၊ အရင်းအနှီးနဲ့ နည်းပညာတွေ ရယူဖို့၊ ဒေသနဲ့ ကမ္ဘာ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့တွေ၊ အကြံပြုသွားတာတွေ့ရပါတယ်။
(Dr. Janathan H. Ping - Myanmar in the Global Political Economy)

မောင်ရန်အေး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...