Sunday, July 14, 2013

သခွတ်ပင်ရွာမှ အမေ့လျော့ခံလူစွမ်းကောင်းများ

ရေးသားသူ- ထွန်းခိုင်

လွန်ခဲ့သောနှစ်ပေါင်း ၃၀ ခန့်ကဖြစ်သည်။ အချိန်ကား ၁၉၈၃ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ ကိုစိုးငြိမ်းသည် သခွတ်ပင်ရွာမှ ရွာသားတစ်ဦးဖြစ်သည်။
ရာသီဥတုသာယာသော ထိုနေ့၏မနက် ၇ နာရီခန့်တွင် ရန်ကုန်မြစ်ဝနားရှိ သခွတ်ပင်ရွာမှ အသက် ၂၁ နှစ်အရွယ် ကိုစိုးငြိမ်းတစ်ယောက် နေ့စဉ်လုပ်ငန်းဖြစ်သော ငါးရှာရန်အတွက် မြစ်အတွင်းသို့ ထွက်ခွာရန်ပြင်ဆင်နေသည်။
ရေလုပ်သားလေးသည် မကြာမီ မိနစ်ပိုင်းအတွင်း သူ့ဘ၀အတွက် ကြီးမားသည့် အလှည့်အပြောင်းတစ်ခု ကြုံရတော့မည်ကို သူလုံးဝထင်မထားခဲ့။

လှော်တက်နှင့်ပိုက်ကွန်ကို လှေပေါ်တင်ကာ မြစ်ထဲသို့ထွက်လာခဲ့ပြီးနောက် ဒေသရိုးရာအစဉ်အလာအတိုင်း ဘေးကင်းရေး၊ ငါးများများ ဖမ်းမိရေးအတွက် စောင့်ရှောက်သူများအား ရည်စူးပြီး ဘိလပ်ရေပုလင်း၊ ဘဲဥတို့ကိုလှေဦးတွင်တင်ကာ ပသလိုက်သည်။

ပူဇော်ပသခံရသူများ၏ ဆောင်မမှုကြောင့် ဟုတ်၊ မဟုတ် သူမသိ။ ဟုတ်သည်ဆိုပါကလည်း တောင်းသည့်ဆုနှင့် ရသည့်ဆု မတူခဲ့။ ထိုနေ့တွင် သူရည်ရွယ်သလို ငါးများတော့ မဖမ်းမိခဲ့ဘဲ ရန်ကုန်ရှိ အာဇာနည်ဗိမာန်သို့ လာရောက် ဖောက်ခွဲခဲ့သည့်မြောက်ကိုရီးယားသူလျှိုနှစ်ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့သည်။

သူ၏လှေငယ်သည် နန်းတော်ငူဟုခေါ်တွင်သည့် ချောင်းဝသို့ရောက်လာသောအခါတွင် မျက်နှာစိမ်းလူနှစ်ယောက်မှာ ကမ်းစပ်တွင်ထိုင်နေရာမှ ကြောက်လန့်တကြီးဖြင့် ချုံပုတ်ထဲသို့ ပြေးဝင်သွားခဲ့သည်။

ပိုက်တားနေစဉ်တွင် အဆိုပါမျက်နှာစိမ်းနှစ်ဦးချုံပုတ်ထဲမှ ပြန်ထွက်လာပြီး လှေနံရံကိုကိုင်ကာ သူနေထိုင်ရာသခွတ်ပင်ရွာသို့ ပို့ပေးရန် သူတစ်ခါမှမကြားဖူးလေသော ဘာသာစကားတစ်ခုဖြင့်ပြောသည်။

မျက်နှာစိမ်းများကိုကူညီရန်အတွက် သူ၏အတွေးထဲတွင် တွေဝေမှုများဖြင့် ပြည့်နေခဲ့သည်။

ဧည့်သည်နှစ်ဦး၏ ရုပ်ပုံမှာ တရုတ်မျက်နှာပေါက်ဖြစ်နေပြီး သူတစ်ခါမှမကြားဖူးသော ဘာ သာစကားကြောင့် ၄င်းတို့မှာ သင်္ဘောပျက်ကာ ပင်လယ်ဝရှိ သူတို့ရွာနားရောက်လာသူများလားဟု သူတွေးမိသည်ဟုဆိုသည်။ သို့သော်လည်း ပုဆိုးကိုယ်စီဝတ်ထားသော ထိုနှစ်ဦးကြောင့် ရေမျောကမ်းတင်တွေများလားဟူသော အတွေးသည်လည်းေ၀၀ါးခဲ့ရသည်။

မျက်နှာစိမ်းနှစ်ဦး၏ သွင်ပြင်လက္ခဏာမှာ သူ့အဖို့ ထူးဆန်းနေခဲ့သည်။ နှစ်ယောက်စလုံးက ဧရာမလွယ်အိတ်ကြီးများ ကိုယ်စီလွယ်ထားကြပြီး အိတ်ထဲသို့လည်း လက်တစ်ဖက်စီအမြဲတမ်း ထည့်ထားကြသည်။ သို့သော်လည်း နောက်ဆုံးတွင် ကိုစိုးငြိမ်းနှင့် နောက်ထပ်ရောက်လာသော ရွာမှအဖော်တစ်ဦးတို့သည် ဧည့်သည်နှစ်ဦးအားလှေပေါ်ခေါ် တင်လာရန် ဆုံးဖြတ်လိုက်ကြသည်။ ပဟေဠိဆန်သောဧည့်သည်နှစ်ဦး လှေပေါ်သို့ စတက်သည်နှင့် သူ့ထံသို့နောက်ထပ် အတွေးတစ်ခု ထပ်မံရောက်လာရန်အကြောင်းဖန်လာ
ခဲ့သည်။ ထိုအတွေးတစ်ခုကား မြန်မာ့အသံမှ အဆက်မပြတ်ကြေညာနေသော လွတ်မြောက်နေသေးသည့် အာဇာနည်ကုန်းဗုံးခွဲနေသူ များအကြောင်းပင်။

သာမန်အချိန်တွင် နေ့လယ်ခေတ္တနားလေ့ရှိသော မြန်မာ့အသံသည် အခုတစ်လော မရပ်မနားထုတ်လွှင့်နေသည်။ ရေဒီယိုမှထုတ်လွှင့်သည့် တောင်ကိုရီးယားခေါင်းဆောင်ချန်ဒူးဝှမ်နှင့် ၄င်း၏အစိုးရအဖွဲ့ သွားရောက်မည့် အာဇာနည်ကုန်းတွင် အောက်တိုဘာ ၉ ရက်က ချိန်ကိုက်ဗုံးပေါက်ကွဲသည့် သတင်းသည် သခွတ်ပင်ရွာသား၏နားထဲတွင်စွဲနေသည်။ ထိုပေါက်ကွဲမှုကြောင့် လူ ၂၀ ကျော်သေဆုံးကာ ၅၀ နီးပါး ဒဏ်ရာရခဲ့သည်။ ထိုအထဲတွင် တောင်ကိုရီးယား အစိုးရအဖွဲ့မှ အဆင့်မြင့် အရာရှိကြီးများလည်း အပါအ၀င်ဖြစ်သည်။

ဧည့်သည်နှစ်ဦးမှာ နားလည်ရခက်ပြီး လျှို့ဝှက်လွန်းသောကြောင့် ပထမအတွေးများထက် ဖောက်ခွဲရေးသမားများ ဖြစ်နိုင်သည်ဆိုသော သူ့အတွေးမှာ ပိုမိုခိုင်မာလာခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် လူစိမ်းနှစ်ဦးကို ရွာခေါ်သွားပြီး ရဲကင်းထံပို့ရန် ဆုံးဖြတ်လိုက်တော့သည်။

လှေပေါ်တွင်ကား စနစ်တကျလေ့ကျင့်ထားသည့် မြောက်ကိုရီးယားတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူနှစ်ဦးနှင့် တံငါရွာမှ ရွာသားလေး
နှစ်ဦးတည်း။

ဒေါသကြီးသည့် အာဏာရှင် ကြီးဦးနေ၀င်း၏ အစိုးရကို တစ်ပတ်ရိုက်ကာ မြန်မာပြည်ထဲဝင်ကာ ဗုံးဖောက်ခဲ့သည့် သူလျှိုနှစ်ယောက်ကို တံငါရွာမှ ရွာသားလေးနှစ်ဦးက ရဲလက်အပ်ရန်အတွက် လှေပေါ်တင်ကာ တစ်ပတ်ရိုက်ခေါ်လာနိုင်ခဲ့ပြီ။ အတိတ်ကိုတွေးတိုင်း စိတ်လှုပ်ရှားစရာများဖြင့် ပြည့်နှက်နေသည်ဟု ကိုစိုးငြိမ်းက သူ၏အတွေ့အကြုံများကို ပြန်ပြောပြသည်။

“နောက်ပိုင်းပြန်တွေးကြည့်တော့ ကိုယ့်ကိုယ်ကိုယ် မိုက်ရူးရဲ ဆန်ခဲ့ပါလားလို့တောင် တွေးမိတယ်။ အဲဒီတုန်းကတော့ ဒီကောင်တွေကို ရအောင်ဖမ်းမယ်ဆိုတဲ့ အတွေးပဲရှိခဲ့တယ်။ သူတို့ဆီမှာက သေနတ်တွေလည်းပါတယ်။ အဲဒါတွေပြပြီး ပင်လယ်ထဲလိုက်ပို့ခိုင်းလည်းပို့ရ မှာပဲ”

ဆိုင်ရာပိုင်ရာကို ပူဇော်ပသထားသော ဘိလပ်ရည်နှင့် ဘဲဥပြုတ်များဖြင့် ကိုစိုးငြိမ်းတို့က လှေပေါ်တွင် ဧည့်သည်များအား ဧည့်ခံလိုက်သည်။ ၄င်းတို့ကလည်း ကိုစိုးငြိမ်းတို့ကို ၂၅ ကျပ်တန်တစ်ရွက်စီ ထုတ်ပေးသည်။ ကိုစိုးငြိမ်းတို့ပိုက်ဆံယူရန်ငြင်းဆန်သော်လည်း ဧည့်သည်များက ငြင်းလေပိုပေးလေလုပ်ကာ ၂၅ ကျပ်တန် တစ်ရွက်ပြီးတစ်ရွက်ထုတ်ခဲ့သည်။

နောင်တွင်မှ ဗိုလ်ကြီးကင်မင်ချူးဟု သိရသည့်သူက ပေါ့ပေါ့းပါးပါးနှင့် ရယ်ရယ်မောမောရှိခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း နောက်တစ်ယောက်ဖြစ်သည့် ဗိုလ်ကြီးဆင်ကီချူးဟုဆိုသူတစ်ယောက်ကတော့ ကျောက်ရုပ်လိုမရယ်မပြုံးနှင့် လှေပေါ်လိုက်လာခဲ့သည်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုစိုးငြိမ်းတစ်ယောက် သူစိမ်းနှစ်ယောက်ကို လှေပေါ်ခေါ်တင်ခဲ့မိပြီဖြစ်သည်။ လမ်းတစ်လျှောက် အရာရာကို သတိကြီးစွာထားတတ်သည့် သူတို့နှစ်ဦးကို လှည့်ကွက်တစ်ခုသုံးရန် ကိုစိုးငြိမ်နှင့် သူ၏အဖော်တို့က လှေပေါ်မှာပင် တိုင်ပင်လိုက်ကြသည်။

ကိုစိုးငြိမ်းက ဗိုက်အောင့်ချင်ယောင်ဆောင်ကာ ကမ်းပေါ်တက်မည်။ ပြီးနောက် ရဲသွားခေါ်မည်။ အဖော်လုပ်သူက ပုံမှန်အတိုင်း
ခေါ်လာရန်ဖြစ်ပြီး ရဲနှင့် တွေ့တော့မှ ကျန်တာဆက်လုပ်ရန်ဖြစ်သည်။ ကိုစိုးငြိမ်းတစ်ယောက် ကမ်းပေါ်တစ်ယောက်တည်းတက်ရန် ကြိုးစားတော့ ဧည့်သည်နှစ်ယောက် လှေပေါ်တွင် ပြာပြာသလဲ ဖြစ်သွားခဲ့သည်။

“ဗိုက်နာတယ်ပြောတော့ ဆေးပြားတွေပေးတယ်။ မဟုတ်ဘူး အခင်းသွားချင်တဲ့ပုံစံပြတော့မှ မသက်မသာနဲ့ သွားဖို့ပြောတယ်။ ကျွန်တော်လည်း တစ်ခါတည်း ကမ်းပေါ်တက်ပြေးပြီး ကျေးရွာကောင်စီနဲ့ရဲဆီသွား အကြောင်းကြားတော့တာပဲ” ဟု ကိုစိုးငြိမ်းက
ပြောသည်။ ဦးစိုးညွန့်သည် သခွတ်ပင်ရွာမှ ကျေးရွာကောင်စီအတွင်းရေးမှူး ဖြစ်သည်။

သခွတ်ပင်ကျေးရွာကောင်စီ ၏ အတွင်းရေးမှူး ဦးစိုးညွန့်ထံ ထိုနေ့မနက်ခင်းတွင် ကိုစိုးငြိမ်းနှင့် ကျေးရွာရဲကင်းမှ ရဲတပ်ကြပ်ကြီးတို့ ပေါက်ချလာခဲ့သည်။ အမူအရာထူးခြားနေသော ၄င်းတို့နှစ်ဦးက နိုင်ငံခြားသားများအကြောင်းပြောကာ စစ်ဆေးရန်အတွက် ဦးစိုးညွန့်ကိုလာခေါ်ကြသည်။

သူတို့သုံးယောက် ထွက်လာခဲ့ပြီး ရွာလယ်လမ်းရောက်တော့ မုန့်ဆိုင်တစ်ဆိုင်တွင် မုန့်ဝယ်စားနေသော ကင်မင်ချူး၊ ဆင်ကီချူး တို့နှစ်ယောက်နှင့် ဦးစိုးညွန့်တို့ တည့်တည့်တိုးခဲ့သည်။ ဒူးယားစီးကရက်ခဲလျက် လွယ်အိတ်ထဲ လက်အမြဲထည့်ထားသော သူစိမ်းနှစ်ဦးကိုရှာဖွေရန်အတွက် ဦးစိုးညွန့်တစ်ယောက် ပြင်ဆင်လိုက်သည်။

ပြုံးပြုံးရွှင်ရွှင်ပြောဆိုလေ့ရှိသည့် ကင်မင်ချူးတစ်ယောက်တော့ သူ့လွယ်အိတ်ကိုအရှာခံသော်လည်း ဆင်ကီချူးတစ်ယောက်ကတော့ သူ့လွယ်အိတ်လည်း အရှာမခံသလို စကားလည်းမပြောခဲ့ဟု ဦးစိုးညွန့်က သူ၏ အတွေ့အကြုံကိုပြန်ပြောပြသည်

“အဲဒီအချိန်မှာကတည်းက သူတို့ဖောက်ခွဲထွက်ဖို့ လုပ်တယ်ထင်တယ်။ ဒါပေမဲ့ ကလေးတွေ အနီးမှာရှိလို့လားတော့မသိဘူး။ ကလေးတွေကို ဂိုး...ဂိုး (Go...Go) လို့မောင်းထုတ်တယ်။ အဲဒီအချိန်မှာ ဒေါ်လာတွေလည်း သူတို့ဆီကရှာတွေ့တော့ တရားမ၀င်
ငွေကြေးဆိုပြီး ရဲကင်းကိုခေါ်စစ်ဖို့လုပ်ကြတယ်”

ရဲကင်းဆီသို့ သွားရာလမ်းသို့ မြောက်ကိုရီးယားသားနှစ်ဦး၊ ဦးစိုးညွန့်၊ ရဲတပ်ကြပ်ကြီးနှင့် သူ၏တပ်သားသုံးဦးတို့ထွက်လာခဲ့ကြသည်။

အသက်သုံးဆယ် မတိမ်းမယိမ်းသာရှိသေးသည့် ဦးစိုးညွန့်နှင့် ရဲတပ်ကြပ်ကြီးတို့သည် ဧည့်သည်နှစ်ဦးအား ရွာအစွန်ရှိ ရဲကင်းထဲတွင် စစ်ဆေးရန်ပြင်ဆင်လိုက်ကြသည်။ လေတိုက်တိုင်း ဟစိဟစိဖြင့် လှုပ်ခါရမ်းနေသည့် သွပ်ပြားများဖြင့်ကာရံထားသော အဆိုပါရဲကင်းကို အပြင်မှ ရဲသုံးယောက်က သေနတ်ဖြင့် အသင့်အနေအထားပြင်ဆင်ကာ ၀ိုင်းရံထားသည်။

ရယ်ရယ်မောမောနေတတ်သည့် ကင်မင်ချူး၏လွယ်အိတ်ကို ရဲတပ်ကြီးကစစ်ဆေးခဲ့ပြီး ဆင်ကီချူး၏လွယ်အိတ်ကို ဦးစိုးညွန့်က ရှာဖွေရန်ပြင်ဆင်လိုက်သည်။ ကင်မင်ချူးက အရှာခံသော်လည်း ဆင်ကီချူးက ငြင်းဆန်ပြန်သည်။ စိတ်မြန်လက်မြန်ရှိသည့် လူငယ်အတွင်းရေးမှူးက ဆင်ကီချူး၏အိတ်ထဲ အတင်းနှိုက်ရှာဖွေရန် ကြိုးစားလိုက်သည်။

ထိုစဉ် အခြေအနေက ရုတ်ခြည်းပြောင်းလဲသွားသည်။ ဆင်ကီချူးက သူ၏အိတ်ကို နောက်သို့လွှဲလိုက်ပြီး အိတ်ထဲမှ အရာတစ်ခုနှိုက်ကာ အပြင်ရှိရဲ တပ်သားများထံ ဦးစိုးညွန့်ခေါင်းပေါ်မှကျော်ကာ ပစ်ခွဲလိုက်သည်။ ထိုအရာဝတ္ထုသည် ပေါက်ကွဲသွား ပြီး ရဲကင်းတစ်ခုလုံး မီးခိုးလုံးများ ဖုံးအုပ်သွားခဲ့သည်။ ခဏတာ အချိန်အတွင်း ဆုံးဖြတ်ချက်တစ်စုံတစ်ရာကို ဦးစိုးညွန့် ခပ်မြန်မြန်ချလိုက်သည်။

သွပ်ပြားအပေါက်မှတစ်ဆင့် ရဲကင်းအပြင်ဘက်သို့ တိုးထွက်လိုက်သည်။ သူ့နောက်သို့ တစ်စုံတစ်ယောက် ပြေးလိုက်လာခဲ့သော်လည်း မည်သူမှန်းသတိမထားမိ။ ရဲကင်းထဲတွင်တော့ သေနတ်သံအချို့ကျန်ရစ်ခဲ့သည်

အချိန်အနည်းငယ်ကြာတော့ ရဲကင်းဆီ သူတစ်ခေါက် ပြန်သွားတော့ လူလေးယောက်မှာ သွေးအိုင်ထဲလဲနေခဲ့သည်။ လေးယောက်အနက် ရဲတပ်ဖွဲ့ဝင်သုံးယောက်က အသက်ရှင်နေခဲ့သော်လည်း သူ့ကို စကားမပြောလိုသည့် ဆင်ကီချူးတစ်ယောက်ကတော့ မည်သူ့ကိုမှလည်း စကားမပြောနိုင်တော့။

ဒါဆို သူ့နောက်သို့ပြေးလိုက်ခဲ့သူမှာ ကင်မင်ချူးဖြစ်ကြောင်း သေချာသွားပြီဖြစ်သည်။

ဗုံးပေါက်ကွဲသံများကြောင့် ကိုစိုးငြိမ်း၊ သူ၏အဖော်သူငယ်ချင်းနှင့် ရွာသားများရဲကင်းဆီသို့ အပြေးရောက်လာကြသည်။ ဒီလောက်ဆိုလျှင် ထွက်ပြေးသွားသူမှာ မြောက်ကိုရီးယားသူလျှိုဖြစ်မှာ သေချာသလောက်ရှိပြီဖြစ်သည်။

အာဇာနည်ကုန်းဗုံးဖောက်ခွဲခဲ့သည့် ဗိုလ်မှူးအဆင့်ရှိ ဇင်မိုကို အောက်တိုဘာ ၁၀ ရက်ညပိုင်းတွင် ညောင်တန်းဆိပ်ကမ်းအနီး ပုစွန်တောင်ချောင်းအတွင်း ဖမ်းဆီးနိုင်ခဲ့သည်။

ခဏတာအချိန်လေးအတွင်းတွင် သခွတ်ပင်ရွာသည် ဟောလိဝုဒ်စစ်ကားများလိုဖြစ်သွားခဲ့သည်။ ရွာ၏ကောင်းကင်ထက်တွင် ရဟတ်ယာဉ်များ ပျံသန်းနေပြီး တပ်မတော်သားများလည်း ရဟတ်ယာဉ်ပေါ်မှဆင်းသက်လာကြသည်။ ရေတပ်သင်္ဘောများကလည်း ပိတ်ဆို့ကာ ကင်မင်ချူးကို ရှာဖွေနေကြသည်။

ထိုနေ့နှင့် ညဘက်တစ်ညလုံး သူ့ကို တောနင်းရှာဖွေသည့် ရာနှင့်ချီသောလူများအား ကင်မင်ချူးတစ်ယောက် လှည့်စားနိုင်ခဲ့သည်။
သို့သော် နောက်တစ်နေ့ မနက်တွင်တော့ ဒိုက်များအကြား ပုန်းအောင်းနေသောသူ့ကို ရှာဖွေတွေ့ရှိသွားတော့သည်။

“သူ့ကိုတွေ့တော့ အရပ်သားတွေဖယ်ပြီး တပ်ကပဲအရှင်ဖမ်းဖို့ ကြိုးစားတယ်။ အဲဒီမှာ ရဲဘော်လေးတွေ သူ့ဝင်လုံးဖို့ကြိုးစားတုန်း ဗုံးဖောက်လိုက်လို့ သုံးယောက်လောက်သေသွားတယ်” ဟု ဦးစိုးညွန့်ကပြောသည်။

အဆိုပါဖြစ်ရပ်များ ဖြစ်ပွားခဲ့ပြီးနောက် မြန်မာအစိုးရက နိုဝင်ဘာလအတွင်း မြောက်ကိုရီးယားနှင့် သံတမန်အဆက်အသွယ်ဖြတ် တောက်လိုက်သည်။

အရှင်ဖမ်းမိခဲ့သူနှစ်ဦးကို ရုံးတင်စစ်ဆေးချိန်တွင် ကင်မင်ချူးက ၀န်ခံထွက်ဆိုခဲ့သော်လည်း ဇင်မိုက ၀န်ခံခြင်း/ငြင်းဆန်ခြင်း မပြုခဲ့ကြောင်း ထိုစဉ်ကထုတ်ဝေသည့် အစိုးရပိုင်သတင်းစာများက ရေးသားကြသည်။

နောက်ပိုင်းတွင် ကြားသိရသမျှ သတင်းများအနက် ဇင်မိုကို သေဒဏ်ပေးခဲ့ပြီး ကင်မင်ချူးကို ချုပ်နှောင်ထားခဲ့ကြောင်း အင်းစိန် ထောင်တွင် ထိန်းသိမ်းခဲ့ရသူများကပြောသည်။

“ကင်မင်ချူးပုံကတော့ စိတ်ဓာတ်ကျတဲ့ပုံတော့မပေါ်ဘူး။ ဒါပေမဲ့ မိသားစုကိုတွေ့ချင်တဲ့ကိစ္စကိုတော့ ပြောတယ်။ မြန်မာပြည်က လူတွေက သူ့ရန်သူမဟုတ်ဘူး။ သူတို့သေတာ ၀မ်းနည်းတယ်လို့လည်းပြောတယ်။ သူ့ကြောင့် သူ့မိသားစု ဒုက္ခရောက်နိုင်တယ်လို့လည်း ပြောတာကြားဖူးတယ်” ဟု ၁၉၉၀ ပြည့်နှစ်များအတွင်းက သူတွေ့ခဲ့သော ကင်မင်ချူး၏ပုံစံကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကပြောသည်။

လွန်ခဲ့သော နှစ် ၃၀ က ဦးခိုင်မောင်ရည်သည် တက်ကြွလှုပ်ရှားသည့် ကျောင်းသားတစ်ဦးအဖြစ် အင်းစိန်အကျဉ်းထောင်အတွင်း ထိန်းသိမ်းခံခဲ့ရပြီး သူနေထိုင်ရာအဆောင်မှ ကင်မင်ချူးအား မကြာခဏမြင်တွေ့ရပြီး အထက်ပါသတင်းစကားများကိုလည်း အကျဉ်းထောင်အမှုထမ်းများမှ တစ်ဆင့်ကြားသိရကြောင်း ၄င်းကပြောသည်။

အချိန်ဟူသော ကာလတရား က ရွှေ့ပြောင်းလာခြင်းနှင့်အတူ လွန်ခဲ့သည့်အနှစ် ၃၀ က ဖြစ်ပွားခဲ့သည့် ထိုအရာများကို အတိတ် တွင်ချန်ခဲ့ပြီဖြစ်သည်။

ဒေါသကြီးသော အာဏာရှင်ကြီးဦးနေ၀င်းလည်း မရှိတော့။ ကိုစိုးငြိမ်းလည်း တံငါအလုပ်စွန့်လွှတ်ခဲ့သလို ဦးစိုးညွန့်လည်း ကောင်စီထဲတွင်မပါတော့။

ထို့အတူ တစ်ချိန်က စွန့်စားခဲ့သော ကိုစိုးငြိမ်း၏ လုပ်ရပ်များသည်လည်း ယခုအခါ စာရွက်ပေါ်တွင်သာ မှတ်တမ်းတင်ထားသည် ထက်မပိုခဲ့။

အကြောင်းက “သိမ်းခံရတဲ့ ကျွန်တော့်မိသားစုဆွေမျိုးတွေ လယ်ပြန်ရဖို့ ဟိုတစ်လောကလျှောက်တော့ ကျွန်တော်တို့ တစ်ချိန်က တိုင်းပြည်ကို အလုပ်အကြွေးပြုခဲ့ပါတယ်။ ငဲ့ညှာပါဦးဆိုပြီး ဂုဏ်ပြုစာရွက်နဲ့တွဲတင်တယ်။ ဒါတွေလာမပြောနဲ့။ ဟိုတုန်းကနဲ့ ခုကအကန့်တွေတစ်ကန့်စီလို့ပြောပြီး ပြန်လွှတ်လိုက်တယ်” ဟု ဦးစိုးငြိမ်းက စိတ်မကောင်းစွာဆိုလေသည်။

ဓာတ်ပုံ- Chosun Ilbo သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...