Monday, July 15, 2013

"တစ် "အောက်က စသူများ ခင်မောင်ညို (ဘောဂဗေဒ)

July 14, 2013 at 8:29am

(၁)
တလောက အစည်းအဝေး တစ်ခုကို လာတက်ဖို့ လူကြီးတစ်ယောက်က ဖိတ်တယ်။ ရည်ရွယ်ချက်က သူ ပြောချင်ဆိုချင်တာကို သဘောပေါက်ပြီးမှ ကိုယ်က ပြန်ရေးပေးဖို့ပါ။ အဲဒီ အစည်းအဝေးက ဘာအတွက် လုပ်မှန်း၊ ဘယ်သူတွေ ပါမှန်းလဲ မသိပါဘူး။ လျှို့ဝှက် အစည်းအဝေး မဟုတ်ဘူးလို့တော့ ထင်တာပါပဲ။ ဒါပေမယ့် အဲဒီအစည်းအဝေးကို ကိုယ်တက်မယ်ဆိုတော့ အတော်လေး စိုးရိမ်ကြောင့်ကြကြ သတဲ့။ တကယ်တမ်းက အဲဒီအစည်းအဝေး တက်တဲ့သူတွေဟာ ဟိုတုန်းက ကိုယ့်နိုင်ငံကို အပြတ်အသတ် အပြင်ကနေ ဝေဖန်ခဲ့တဲ့သူတွေပါ။ မြင်သာထင်သာ ရှိဖို့အရေး ကြွေးကြော်နေကြသူတွေက ကိုယ့်ကို လန့်လှချေရဲ့တဲ့။ ပြီးတော့ မကြာခင်ကမှ ကိုယ့်ကို စွပ်စွဲချက်တွေ တင်ထားတဲ့ အဖွဲ့အစည်းရဲ့လူလို့ ထင်သတဲ့။ ဟိုတုန်းက ကိစ္စတစ်ခုလိုပေါ့။ လက်ဝဲဆိုလဲ ၀ဲ၊ လယ်ယာဆိုလဲ ယာပေါ့။ အခုတော့ တစ်ယောက်တည်းကို ၀ဲလိုက်၊ ယာလိုက်နဲ့ သူတို့ပဲ တတ်နိုင်တာလား၊ ကိုယ်ပဲ တတ်နိုင်လွန်းတာ လားတောင် မပြောတတ်တော့ပါဘူး။


တစ်ခါတစ်ခါ နိုင်ငံတကာ အစည်းအဝေးတွေကို တက်လေ့တက်ထ ရှိပါတယ်။ တချို့အစည်းအဝေးတွေမှာ တက်ရောက်တဲ့သူတွေရဲ့ လွတ်လပ်စွာ ပြောဆိုမှုကို အကာအကွယ် ပေးတဲ့အနေနဲ့ ဘာပြောကြတယ်ဆိုတာ ရေးလို့ရတယ်၊ ဘယ်သူ ပြောတယ်လို့ မရေး၊ မပြောပါနဲ့လို့ သတ်မှတ်တာ အားလုံးက လိုက်နာကြတာပါ။ ကိုယ်လဲ လိုက်နာတာပါ။

ခက်တာက ကိုယ်တိုင်ကလဲ တစ်ခါတစ်လေမှာ ပညာရှင်တစ်ယောက်၊ တစ်ခါတစ်လေမှာ စာနယ်ဇင်းသမား။ ပညာရှင်တွေဆိုပြီး ဆွေးနွေးကြတဲ့အခါ စာနယ်ဇင်းအကြောင်း ရောက်လာရင် ကိုယ့်ဘက်လှည့် ပြောကြပါလေရော။ တစ်ခါတစ်လေကျတော့ "စာနယ်ဇင်းတွေ အပြင်ထွက်ပေးပါ"လို့ ပြောတာ လူငယ်စာနယ်ဇင်း တစ်ယောက်က "ဆရာကျ ဘာဖြစ်လို့ မထွက်သလဲ"မေးတယ်။ တကယ်တော့ သူကိုယ်တိုင်လဲ ကိုယ့်ကို ပညာရှင်ဆိုပြီး ခဏခဏ လာပြဿနာ ရှာနေကြပါ။
ကျွန်တော်တို့မှာ တစ်သက်လုံးက အကျင့်ပါနေတဲ့ "ရန်-ငါ ပြတ်"နေကြတာလား မပြောတတ်ပါဘူး။ ကိုယ့်ထဲ ဆွဲထည့်ချင်တဲ့အခါ ထည့်လိုက်၊ မထည့်ချင်တဲ့အခါ ရန်စာရင်းထဲ ထည့်လိုက်။ ငါ-စာရင်းထဲ ထည့်တာတော့ နည်းပါတယ်လေ။ ရန်-စာရင်းထဲ အပါခံနေရတာ ခပ်များများ။ ဒါလဲ ကိုယ့်ကုသိုလ်ပဲ ထင်ပါရဲ့။
(၂)
အစည်းအဝေးတွေ သွားတဲ့အခါ ဆရာတစ်ယောက် ပြောသွားဘူးတဲ့ ခင်ဗျားတို့ဗျာ "တစ်"ကနေ ပြန်ပြန်စနေတာနဲ့ ရှေ့ကို မရောက်တော့ဘူးဆိုတဲ့ စကားကို သတိရတယ်။

ကျွန်တော်တို့ အရွယ်တစ်ဝိုက်တွေက ပင်စင်ယူပြီး၊ ပင်စင်ယူလတ္တံတွေ အတော်များတာ အခု ရက်ပိုင်းမှာ ပိုပြီး သတိထားမိပါတယ်။ သူငယ်ချင်းတချို့က ကမ္မကထ လုပ်လို့၊ အခုရက်ပိုင်း ကျွန်တော်တို့ တစ်နှစ်ထဲ ဘွဲ့ရ ၁၉၇၅ ကျောင်းသားဟောင်းတွေနဲ့ အဆက်အသွယ်လေး ပြန်ရနေတယ်။ တစ်နေ့ကပဲ အငြိမ်းစားယူခါစ သူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့တယ်။ သူ ဘာတွေ ပြောမှာပါလိမ့်လို့ သွားနားထောင်တာ၊ စောစောက ပြောသလို "တစ်"ကနေ ပြန်စတယ်။ ပြီးရင် စာနယ်ဇင်းတွေကနေ ပြည်သူကို အသိပေး ဖြန့်ဝေဖို့ဆိုတာ ပါလာပြန်ရော။

အခုနောက်ပိုင်း အပြင်ထွက်ရင် အရင်က ကျွန်တော်သိတဲ့ သတင်းထောက်တွေ သိပ်မတွေ့တော့ဘူး။ လူသစ်တွေ တွေ့တယ်။ လူသစ်တွေနဲ့ ကျွန်တော် သိပ်မသိဘူး။ ဆရာ့နာမည် ဘယ်သူလဲလို့ လာမေးတဲ့သူတောင် ရှိသေး။ ဒီတော့ သူတို့ခမျာတွေ အတွက် "တစ်"က ပြန်စရတော့တာပေါ့။
တစ်နေ့ကပဲ ဂျာနယ်မှာ ဖတ်လိုက်ရသေးတယ်။ လက်ဖက်ပင် မဟုတ်ဘူး၊ "လက်ဖက်ခြောက်ပင်"ဆိုပြီး ရေးထားလို့ မျိုးစိတ်အသစ်လား၊ အပင်က ချက်ချင်းပဲ လက်ဖက်ခြောက် ထွက်သလားလို့ နောက်စရာ ဖြစ်တယ်။
သင်တန်းတစ်ခုမှာ ၀ါရင့်ဆရာကြီးတွေက စေတနာကောင်းကောင်းနဲ့ အတွေ့အကြုံတွေ ဝေမျှချင်တာကို ၀င်တဲ့သူက၀င်၊ ထွက်တဲ့သူကထွက်၊ စကားပြောတဲ့သူနဲ့ ပြောဆိုတဲ့ ၀န်းကျင်ကို တွေ့တော့ အထူးအဆန်းဖြစ်ပြီး သင်တန်းတာဝန်ခံတွေကို အတော်လေး ပြောတယ်။ ကိုယ်ဖြင့် ဒါမျိုးတွေ ရိုးလှ၊ ကြာလှပေါ့။ ကဲ သူတို့ကို တစ်အကြောင်းတောင် မနည်း ပြောနေရတာ၊ နားဘယ်လောက်ဝင်မလဲ မပြောတတ်။
ကိုယ့်ကိုယ်ကိုတော့ တစ်သက်လုံးက စာသင်လာတာ၊ သင်တန်းသား အထာလဲ နပ်သင့်သလောက် နပ်တယ်လို့ ထင်ထားတာ။ ပရိသတ်ကိုလဲ အတန်အသင့် ထိန်းထားနိုင်ပါရဲ့။ ပြီးတော့မှ မေးခွန်းတွေက လာတော့တာ။ အဲဒီကျမှ ကိုယ်ပြောတာ နားမ၀င်မှန်း၊ ကိုယ် စာသင်တာ ညံ့မှန်း သိရတော့တယ်။ "အဖြူ"လို့ ပြောတာကို "အမည်း"လို့ နားလည်လို့ နားလည်၊ ကြားဖူးနားဝ ရှိတာလေးနဲ့ လူပုံအလယ် ကိုယ်ညံ့ကြောင်း ထုတ်ပြလို့ပြနဲ့။

          ဘ၀တစ်သက်တာမှာ ပညာရေး အလုပ်၊ တက္ကသိုလ်အလုပ်ပဲ တစ်သက်လုံး လုပ်မယ်လို့ စိတ်ကူးခဲ့ပေမယ့် တက္ကသိုလ်က ထွက်ခဲ့တာ "စာမသင်ရလို့"လို့ ဖြေရင် အံ့သြကြမှာလား။

အတန်းတစ်တန်းကလဲ အမှတ်တရပါ။ ဘွဲ့လွန် ဒီပလိုမာ အတန်းလေးတစ်ခု၊ စာရွက်လေး တစ်ရွက် မိတ္တူကူးပြီး ဝေထားတယ်။ ဖတ်ပြလိုက်၊ အဓိပ္ပါယ် ပြန်ပြလိုက်၊ ဆက်နွယ်တာတွေ ရှင်းပြလိုက်နဲ့ ကိုယ့်ဖာသာကိုယ် အရှိန်ကောင်းနေတုန်း မေးခွန်းနှစ်ခု ပေါ်လာတယ်။
မေးခွန်းတစ်ခုကတော့ အဘိဓါန်ထဲ ကောက်ကြည့်ရင် အချိန်မရွေး ရနိုင်တဲ့ ဝေါဟာရ အဓိပ္ပါယ်ပါ။ ခုအချိန်မှာ အင်တာနက်ကနေ လွယ်လွယ်ကူကူ google လိုက်ရင် ရရဲ့နဲ့ နည်းနည်းလေးမှ အပင်ပန်း မခံပဲ အားမနာ လျှာမကျိုး Facebook ကနေ စာသင်ခိုင်းတဲ့လူတွေကို google လို့ပဲ ဖြေလိုက်တယ်။

နောက်တစ်ယောက်က ဆရာ အခုသင်နေတာ ဘယ်နားရောက်သွားပြီလဲတဲ့ မှတ်ကရော။
ထူးခြားတာက အခုသင်တန်းတွေ၊ ဟောပြောပွဲတွေမှာ အရင်က တွေ့ရလေ့ မရှိတဲ့ အဖွဲ့အစည်းတွေရဲ့ နာမည်တွေ၊ အဖွဲ့ဝင်တွေကို တွေ့လာရတာပါ။

ဆွေးနွေးပွဲတစ်ခုမှာ ကိုယ် သင်တန်းပေးခဲ့ဖူးတဲ့ ကလေးတွေ လာနှုတ်ဆက်တယ်။ ပြီးတော့ သင်တန်း အကြောင်းတွေ၊ ဆွေးနွေးပွဲ အကြောင်းတွေ ပြန်ပြီး အမြင်ချင်း ဖလှယ်ကြ၊ သုံးသပ်ကြတယ်။ အဲဒါတွေဟာ စိတ်ဝင်စားစရာ အတော်ကောင်းတယ်။
ဆွေးနွေးတဲ့သူတွေဟာ အတွေ့အကြုံ ရှိတဲ့သူတွေ ဖြစ်တယ်။ သူတို့ ပြောဆိုတဲ့ အကြောင်းအရာကို ပိုင်နိုင်တယ်။ ခရားရေလွှတ် တတွတ်တွတ် ပြောနိုင်တယ်။ တစ်ခုပဲ လူအများ နားလည်အောင် မပြောနိုင်ဘူး။ လူအများ စိတ်ဝင်စားတဲ့ အကြောင်းအရာကို မပြောနိုင်ဘူးတဲ့။

ပြီးရင် စောစောက ပြောသလို စာနယ်ဇင်းတွေက တစ်ဆင့် ဝေငှပါလို့ ဆိုတယ်။ တကယ်တမ်း ပြောရရင် သူတို့ ပြောတာ ဆိုတာတွေမှာ စာဖတ်ပရိသတ် စိတ်ဝင်စားတာ၊ စာဖတ်ပရိသတ် သိချင်တာတွေ မပါဘူး။ ဒီတော့ စာနယ်ဇင်းတွေ အနေနဲ့လဲ စိတ်ဝင်စားတာ နည်းတယ်။ ပြီးတော့ နည်းပညာဆိုင်ရာ ကိစ္စတွေ ပါလာရင် သတင်းထောက်တွေ၊ စာနယ်ဇင်းတွေက နားလည်ဖို့ ခက်တယ်။ တလွဲမေး၊ တလွဲဖြေတွေ၊ တလွဲရေးတွေ များတယ်။

နားထောင်တဲ့သူမှာ ပရိသတ် အသစ် တော်တော်များများ တွေ့ရတယ်။ သူတို့ နားလည်သဘောပေါက်ဖို့ အချိန်ပေးရမယ်။ နားမလည်၊ သဘောမပေါက်သေးဘူးလို့ ခံယူဖို့လဲ လိုတယ်။ ကိုယ် ကြားဖူးနားဝ စကားလေး တစ်လုံး၊ နှစ်လုံးလောက်ကို စကားတတ်ကာစ ကလေးလို ပြောတာ နားထောင်ကောင်းပေမယ့် ပိုပြီး အရေးကြီးတာက မသိ မတတ်တာကို မသိနားမလည်ဘူးလို့ လက်ခံပြီး တကယ် သိချင်၊ တတ်ချင်စိတ် ရှိဖို့နဲ့ ထိုက်တန်တဲ့ ကြိုးပမ်းအားထုတ်မှု ရှိဖို့ လိုတယ်။

ဟောပြောပွဲတစ်ခု အပြီးမှာ လက်ဖက်ရည်ဆိုင် ထိုင်တော့ ကလေးတစ်ယောက်က အကြောင်းအရာ တစ်ခုကို ရှင်းပြခိုင်းတယ်။ ဒီအကြောင်းအရာဟာ အခြေခံမရှိပဲနဲ့ ပြောလို့ မရတဲ့ကိစ္စဆိုတာ ဘယ်လိုလုပ်ပြီး သူ့ကို နားလည်ခိုင်းရမလဲ။ ဟောပြောစဉ်တုန်းက လောလောလတ်လတ်၊ လွယ်လွယ်ကူကူ၊ ပေါ့ပေါ့ပါးပါး ပြောသွားတဲ့ ကိစ္စတွေကိုတောင် နားမလည် ဒါမှမဟုတ် နားအလည်လွဲနေမှန်း သိခဲ့ပြီးပြီလေ။

ဒီလိုလူတွေ အတွက် တစ်ကနေ စတာတောင် မြင့်နေသေးတယ်လို့ ကိုယ် မြင်တယ်။ ဟိုတုန်းကဆိုရင် သမိုင်းပါမောက္ခဆရာကြီး တစ်ယောက် ဒီဘက်ခေတ်မှာ စီးပွားရေး ပညာရှင်ကြီးတစ်ယောက်ကို မေးတဲ့မေးခွန်းတွေများ ကိုယ်ဖြင့် ဘေးကနေ အားနာလိုက်တာ။

ဂျာနယ်သမားတွေက သတင်းအချက်အလက်တွေ မေးရင် မရတာတို့၊ ပြန်မဖြေတာတို့ ပြောပြကြတဲ့အခါ ဌာနတစ်ခုတည်းမှာတောင် ဟိုဘက်စားပွဲ၊ ဒီဘက်စားပွဲ ပေးချင်မှ ပေးပြီး လျှိုထားတတ်ကြတာကို ပြောပြချင်မိတယ်။
(၃)
တခြား ပြောစရာ တစ်ခုကတော့ ကျွန်တော်တို့မှာ ပညာရှင် မရှိဘူး၊ လူ့စွမ်းအား အရင်းအမြစ်တွေ မရှိဘူးလို့ ခဏခဏ ပြောကြတယ်။ ကျွန်တော် ထင်တာကတော့ ပညာရှိလား၊ ပညာရှင်လား မသိ၊ ဘယ်နေရာမှာ ပညာရှိတာ၊ ပညာရှင် ဖြစ်တာလဲ မသိ၊ သူပြောတာ အရပ်သား အမြင်နဲ့ ပြောတာလား၊ ပညာရှင် အမြင်နဲ့ ပြောတာလားလို့လဲ မခွဲခြားနိုင်ဘူး။

ဟောပြောပွဲတစ်ခုမှာ ကျွန်တော် ပြောပြီးတော့ ဆရာက ဘယ်လို ပြောပေမယ့် တခြားတစ်ယောက်က ဘယ်လို ပြောတယ်ဆိုတော့ ကျွန်တော်က မတူတာ မကောင်းဘူးလား၊ စဉ်းစားယူပေါ့လို့ ပြောလိုက်တယ်။
ခက်တာက သူတို့က ကျွန်တော့်ဆရာတွေနဲ့ ကျွန်တော့်ကို တန်းတူ ထားလို့ထား၊ ကျွန်တော့် တပည့်တွေကို ကျွန်တော်ထက် မြင့်တယ် ထင်နေလေတော့ ခက်ကရော။ (ယေဘုယျ ပြောတာပါ။ ကျွန်တော့်ထက် တော်တဲ့ တပည့်တွေကို လေးစားဖို့လဲ ကျွန်တော် ၀န်မလေးပါဘူး။) ကိုယ်ရည်သွေးသလို မဖြစ်ဖို့ သူများကို ထိပါးတာမျိုးကလဲ မလုပ်ချင်။ (အထူးသဖြင့် လူပုံအလယ်မှာ အထင်ကြီးအောင် လုပ်တတ်တဲ့ ဘာမျှ မတတ်တဲ့သူတွေလို။)
ဒီတော့ ကိုယ်တိုင်လဲ တစ်အောက်ကနေ ပြန်ပြန်စနေပြီး လူကြီး ဖြစ်လာလေ - ကလေးတွေ ဖတ်ဖို့၊ သိဖို့၊ ရေးရ ပြောရတဲ့ မူကြိုဆရာ ဖြစ်လာလေပါပဲ။

ကိုယ်က မူကြိုဆရာလို သင်ပေမယ့် သူတို့ဘက်ကလဲ မူကြိုကလေးတွေလို အစစအရာရာ သိချင်၊ တတ်ချင်၊ စူးစမ်းချင်စိတ် ပါမလာ။ ဒါပေမယ့်လဲ ကိုယ်က မူကြိုဆရာဆိုတော့ တစ်လုံးပါသွားသွား၊ နှစ်လုံးပါသွားသွား သင်ရဦးမှာပါပဲ။ မဟုတ်ရင် သူများတွေ အလွဲ ပြောနေတာကို အဟုတ်ထင်သွားကြဦးမယ်။
၁၃.၇.၂၀၁၃

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...