Tuesday, July 30, 2013

အဖြောင့်ဆုံးပါပဲ

July 8, 2013 at 7:51pm

 နိုင်ငံ
ဘယ်ဥပဒေစနစ်မှာမဆို အခွင့်အရေးနဲ့ တာဝန်ဆိုတာ ရှိပါတယ်။ အပြည်ပြည်ဆိုင်ရာဥပဒေဆိုတာ အပြည်ပြည်ဆိုင်ရာ ဥပဓိရုပ်ရှိတဲ့ နိုင်ငံတွေရဲ့ အခွန့်အရးနဲ့ တာဝန်အကြောင်း ဖြစ်ပါတယ်။ အပြည်ပြည်ဆိုရာ ဥပဓိရုပ်ရှိတဲ့ နိုင်ငံဖြစ်ဖို့-
(က) ပိုင်းခြားသတ်မှတ်ထားတဲ့ နယ်မြေရှိရမယ်။ (နယ်)
(ခ) အမြဲတမ်းနေတဲ့ လူဦးရေ ရှိရမယ်။ (လူ)
(ဂ) အုပ်ချုပ်တဲ့ အစိုးရ ရှိရမယ်။ (အုပ်)
(ဃ) အခြားနိုင်ငံတွေနဲ့ ဆက်ဆံနိုင်တဲ့ အရည်အသွေး အချုပ်အချာအာဏာ ရှိရပါမယ်။ (ချုပ်)
ဒီလို အရည်အချင်းရှိတဲ့ နိုင်ငံတွေသာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းမှာ နိုင်ငံ/လူရာဝင်ပါတယ်။ အသိအမှတ်ပြုပါတယ်။


 နိုင်ငံသား
အလားတူပါပဲ။ နိုင်ငံတစ်ခုမှာရှိတဲ့ အစိုးရနဲ့ နိုင်ငံသားတိုင်းမှာ အခွင့်အရေးနဲ့ တာဝန်ရှိပါတယ်။ လျစ်လျူရှုလို့ မရပါဘူး။ မသိချင်ယောင်ဆောင်လို့ မရပါဘူး။ ကမ္ဘာက စောင့်ကြည့်နေပါတယ်။ လူတစ်ဦးချင်းမှာလဲ သူ ကပြရတဲ့ အခန်းကဏ္ဍအလျောက် အခွင့်အရေးနဲ့ တာဝန်ရှိပါတယ်။ အင်္ဂလိပ်စာရေးဆရာကြီး “ရှိတ်စပီးယား”က ရေးခဲ့ပါတယ်။
-ကမ္ဘာလောကကြီးဟာ ဇာတ်ခုံကြီးတစ်ခုတဲ့။
-ကျား မ ပုဂ္ဂိုလ်တွေဟာ ဇာတ်ဆောင်တွေတဲ့။
-သူတို့ ဝင်ရောက်ကပြရမယ့် အခန်းအတွက် ဝင်ပေါက်ထွက်ပေါက် ရှိကြရဲ့။
-လူတစ်ယောက်ဟာ သူ့ဘဝမှာ နေရာအမျိုးမျိုးမှာ ကပြ ဖျော်ဖြေနေကြရတယ်တဲ့။

လူသားများဟာ ကလေးငယ်၊ သားသမီးဘဝ၊ ကျောင်းသားဘဝ အရွယ်ရောက်တဲ့ လူပျိုလူလတ်ပိုင်းဘဝ၊ အမှုထမ်း၊ အလုပ်သမားဘဝ၊ ဇနီး ခင်ပွန်းဘဝ၊ မိဘဘဝ၊ ဘိုးဘွားဘဝ စတာတွေမှာ ပုံစံအမျိုးမျိုးနဲ့ ကပြခဲ့ကြရတာချည်းပါပဲ။
ကိုယ့်မိသားစုမှာလည်း ကိုယ်ကပြနေရတဲ့ အခန်းကဏ္ဍအလျောက် အခွင့်အရေးနဲ့ တာဝန်တွေ ရှိကြပါတယ်။ ဥပမာ- သားသမီးဝတ္တရား၊ ဇနီးမယား၊ ခင်ပွန်းလင် ဝတ္တရား၊ မိဘဝတ္တရား၊ မိတ်ဆွေဝတ္တရား ဆိုတာတွေ အမြဲရှိနေပါတယ်။ တပည့်၊ဆရာ ဝတ္တရား၊ နာယကဂုဏ် (၆)ပါး၊ မင်းကျင့်တရား (၁၀)ပါး၊ လောကနီတ စတာတွေလည်း ရှိပါတယ်။ လူ့အဖွဲ့အစည်းမှာ ဒါတွေကို မသိ၊ မသိချင်ယောင်ဆောင်လို့ မရပါဘူး။
ဥပမာ- တူ၊ တူမတွေဟာ အမွေရှင် ကြီးတော် အသက်ထင်ရှားရှိစဉ်က ဘာမှမပြုစု ဂရုမစိုက်ခဲ့ကြဘူး။ ကြီးတော် သေတော့ အမွေပုံက သူတို့ရပိုင်ခွင့် အခွင့်အရေးကို အချင်းချင်အပြိုင် လူယူနေကြတာ တရားရုံးမှာ အမြဲတွေ့နေရပါတယ်။ ဒါကတော့ ”အမွေမှု” တွေပါပဲ။ ဒါကြောင့် လူတစ်ယောက် သူကပြရတဲ့ အခန်းကဏ္ဍမှာ အခွင့်အရေးတွေချည်းပဲ တောင်းခဲ့သလား။ ယူခဲ့သလား။ မိမိတို့ပုခုံးပေါ်မှာ ကျရောက်တဲ့ တာဝန်တွေကို လျစ်လျူရှုခဲ့သလား။ (သို့မဟုတ်) ဦးလည်မသုန် တာဝန်ကျေပွန်အောင် စွမ်းစွမ်းတမံ လုပ်သွားခဲ့သလားဆိုတာ လူတစ်ယောက်ရဲ့ ဘဝသမိုင်း (သို့မဟုတ်) မှတ်ကျောက်ပါ။

အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ တစ်ခါက ပြောခဲ့တဲ့ ကမ္ဘာကျော်စကားတစ်ခုလိုပါပဲ။
”သင့်အတွက် တိုင်းပြည်က ဘာလုပ်ပေးနိုင်သလဲ မမေးပါနဲ့
သင်က တိုင်းပြည်အတွက် ဘာလုပ်ပေးနိုင်သလဲ ပြောပြပါ” တဲ့။

ဒီအတိုင်းပါပဲ။ နိုင်ငံသားတိုင်းဟာ မိမိရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေ ယူဖို့၊ တောင်းဖို့ထက် မိမိက နိုင်ငံကောင်းကျိုးကို ဘယ်လောက် စွမ်းစွမ်းတမံ လုပ်ပေးနိုင်မလဲဆိုတာ အမြဲစဉ်းစားနေဖို့ လိုပါတယ်။ ဒါမှသာ နိုင်ငံကြီးသာ ပီသပါမယ်။
မိမိကတော့ ရခဲ့ပြီးတဲ့၊ ရရှိနေတဲ့၊ ရလာနိုင်မယ့် ရာထူး၊ အာဏာ၊ လုပ်ပိုင်ခွင့်၊ အခွင့်အရေးကိုပဲ သာယာပြီး ဆက်လက် ဆုပ်ကိုင်ထားမယ်ဆိုရင် ဒီလိုတိုင်းပြည်က မကောင်းစားနိုင်ပါဘူး။ အတ္တသမားအုပ်စုတွေရဲ့ အခွင့်ထူးခံတိုင်းပြည် ဖြစ်နေပါမယ်။ အုပ်ချုပ်တဲ့လူ အထူးအခွင့်အရေးရတဲ့လူတွေပဲ ချမ်းသာကြွယ်ဝပြီး တိုင်းပြည်နဲ့ ပြည်သူလူထုကတော့ ဆင်းရဲတွင်းနစ်နေဦးမှာပါ။ ကမ္ဘာ့အလည်မှာ သနားစရာကောင်းတဲ့ နိုင်ငံနဲ့လူမျိုး ဖြစ်နေဦးမှာပါ။
တဖန် မိမိတို့အပေါ်ကျရောက်လာတဲ့ တာဝန်ကို ရှောင်မယ်၊ တိမ်းမယ်၊ အချိန်ဆွဲမယ်၊ ကျေပွန်အောင် မထမ်းဘူးဆိုရင်လည်း တိုင်းပြည်ဟာ ဖွံ့ဖြိုးတိုးတက်မြင့်မားဖို့ အကြောင်းမရှိတော့ပါဘူး။ တာဝန်မကျေတဲ့ အီယောင်ဝါးတိုင်းပြည်ပဲ ဖြစ်နေမှာပါ။
တဖန် ပြည်သူတွေဟာ တိုင်းပြည်မှာ ပေါ်ပေါက်လာတဲ့ ထူးထူးခြားခြား စွမ်းဆောင်ရည်ရှိတဲ့ ခေါင်းဆောင် တစ်ယောက် နှစ်ယောက်ကိုပဲ မင်းလောင်းမျှော်သလို မျှော်နေမယ်။ သူရဲကောင်းကိုပဲ အထင်ကြီးနေမယ်။ မိမိကတော့ ဘာရဲစွမ်းသတ္တိ စွမ်းရည်မှ မရှိဘူး ဘာအပြောင်းအလဲမှ မလုပ်ရဲ၊ မကိုင်ရဲဘဲ နေကြမယ်။ လူစွမ်းကောင်းလုပ်သမျှကိုပဲ လက်ခုပ်တီး၊ အပြောင်းအလဲမျှော်နေမယ်ဆိုရင် ဒီတိုင်းပြည်လောက် ကံဆိုးမိုးမှောင်ကျတော့မယ့် တိုင်းပြည်မရှိတော့ပါဘူး။ သူရဲကောင်းကိုပဲ မျှော်နေတဲ့တိုင်းပြည်ဟာ အလွန်သနားစရာကောင်းတဲ့ တိုင်းပြည်လို့ ကမ္ဘာ့အသိုင်းအဝိုင်းက သဘောထားကြပါတယ်။

နိုင်ငံတစ်ခုရဲ့ ပါဝါ အာဏာအင်အားဆိုတာ ဒီနိုင်ငံရဲ့ နယ်မြေ အကျယ်အဝန်း၊ လူဦးရေ၊ သယံဇာတအရင်းအမြစ်၊ စီးပွားရေးကဏ္ဍ၊ စစ်ရေးအင်အားတွေ ပါဝင်တယ်။ ဒါ့အပြင် ပြည်သူတွေရဲ့ စိတ်ဓာတ်၊ အုပ်ချုပ်နေတဲ့ အစိုးရရဲ့ အရည်အသွေးနဲ့ နိုင်ငံခေါင်းဆောင်ရဲ့ အရည်အချည်းဟာ အလွန်အရေးကြီးကြောင်း နိုင်ငံတကာ ဆက်ဆံရေးဘာသာရပ်မှာ ဖော်ပြထားပါတယ်။ ဒါ့ကြောင့် ပြည်သူတစ်ဦးချင်းဟာ မိမိရောက်ရှိနေတဲ့ အသက်အရွယ်၊ အခြေအနေ၊ အချိန်အခါ၊ နေရာဒေသ၊ မိသားစု၊ ရပ်ကွက် မြို့ရွာအလျောက် ဆက်ဆံနေထိုင်ကြတဲ့အခါ အခွင့်အရေးတောင်းဖို့ထက် ကျရာအခန်းကဏ္ဍက ရှိလာနိုင်တဲ့တာဝန်ကို အစွမ်းကုန်ဆောင်ရွက် ပေးသွားသင့်ပါတယ်။ ဒါမှသာ တိုင်းပြည်နဲ့လူမျိုးဟာ ကမ္ဘာ/အပြည်ပြည်ဆိုင်ရာနယ်မြေမှာ လူတစ်လုံး သူတစ်လုံး ဖြစ်လာပါမယ်။ အသိအမှတ်အပြုခံရပါမယ်။
ဥပမာအားဖြင့် မိမိဟာ မိမိ မိသားစုမှာ အိမ်ထောင်ဦးစီး ယောက်ျားဖြစ်ခဲ့ရင် ဇနီးမယား၊ သားသမီးများအပေါ် ရှိလာမယ့် တာဝန်တွေကို မမေ့မလျော့၊ မပေါ့မဆ၊ မလစ်ဟင်းအောင် ကျေပွန်ဖို့လိုပါတယ်။ မိမိအပေါ်မိသားစုက ပြန်လည်ပေးအပ် တုံ့ပြန်ရမယ့် မိမိရသင့်တဲ့ အခွင့်အရေးကို အလွန်အမင်း မမျှော်လင့်သင့်ပါဘူး။ မိမိသာ တာဝန်ရှိတယ်။ တာဝန်သိမယ်လို့ ခံစားမယ်။ တာဝန်ကျေမယ်ဆိုပြီး လုပ်ကိုင်နေထိုင်ရပါမယ်။ ဒါက အတ္တထက်ကျော်လွန်တဲ့ ပရဟိတစိတ်ထားလို့ ခေါ်ပါတယ်။ သာမန်လူသားထက် အများအကျိုးဆောင်ရွက်တဲ့ မြင့်မြတ်တဲ့လူသား ဖြစ်လာပါမယ်။ တိုင်းပြည်မှာ ဒီလိုလူတွေ လိုအပ်နေတဲ့အချိန်ပါ။
ဒီထက်အရေးကြီးတာကတော့ နိုင်ငံကို ခေါင်းဆောင်အုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်များရဲ့ အတွေးအခေါ်ဖြစ်ပါတယ်။ စွန့်လွှတ်စွန့်စား တာဝန်ကျေအောင် လုပ်သွားပြီး ဘာအခွင့်အရေးမှ မယူခဲ့တဲ့ ခေါင်းဆောင်မျိုး (စွန့်ပြီးမစားတဲ့သူ)ကို နမူနာယူပြီး သူတို့စိတ်ဓာတ်မျိုးထားနိုင်ကြဖို့ လိုပါတယ်။ အတိတ်ကာလမှာတုန်းကတော့ တိုင်းပြည်အုပ်ချုပ်ခဲ့တဲ့ လူအချို့ဟာ အဏာနဲ့ချမ်းသာကို ရှာခဲ့ကြတယ်။ မိမိ အူမတောင့်ဖို့ သီလ ပျက်ခဲ့ကြတယ်။ မိသားစု ရိက္ခာပြည့်စုံဖို့ သိက္ခာတွေ ရောင်းစားခဲ့ကြတယ်။ များစွာသော စည်းစိမ်ချမ်းသာများကို ရှာဖွေရရှိခဲ့ကြတယ်။

အခု အစိုးရအသစ် ပြောင်းခဲ့ပါပြီ။ သန့်ရှင်းတဲ့အစိုးရ ဖြစ်ရမယ်လို့ ကြွေးကြော်ပြီး သူတို့ထဲက ပုဂ္ဂိုလ်တွေ ဆက်လက်အုပ်ချုပ်နေပါပြီ။ အခြေအနေပေးလို့ ယခင်ကာလက အခွင့်အရေးတွေ ရခဲ့ဖူးပြီးပါပြီ။ အခု ကမ္ဘာနဲ့ ပြည်သူတွေက အဲဒီလူတွေ တကယ်သဘောထား ပြောင်းလဲသွားပြီလားဆိုတာကို သိပ်သိချင်၊ စိတ်ဝင်စားနေကြတယ်။ ခု အစိုးရအသစ်မှာ ယခင်လူတစ်ချို့ဟာ တိုင်းပြည်နဲ့လူမျိုးအတွက် ဖွင့်ဖြိုးတိုးတက် သာယာ၊ လွတ်လပ်၊ ငြိမ်းချမ်း၊ လူနေမှုမြင့်၊ သက်ရှည်၊ ကျမ်းမာ၊ ပျော်ရွှင်၊ အကြောက်တရားကင်းအောင် လုပ်ပေးရမယ့် လုပ်ပိုင်ခွင့်တာဝန်များ ဆက်လက် ထမ်းဆောင်ခွင့် ရနေကြပါပြီ။
အခုအချိန်မှာ ဒီပုဂ္ဂိုလ်ကြီးတွေဟာ ပြည်သူအပေါ် အထူးတာဝန်ကျေဖို့ အလွန်သင့်တဲ့ အချိန်ပါ။ သူတို့အတွက် ဒါဟာ မဟာ အခွင့်အရေးကြီးပါ။ ပြည်သူများကလည်း အစိုးရအသစ်သာဆိုတယ် အရင်လူတွေက အတော်များများပဲလို့ အကြောက်အကန်မပြောကြပါဘူး။ သန့်ရှင်းတဲ့ အစိုးရလို့သာ ပြောတယ် သူတို့လက်မှာ အိုးမည်းတွေပေပြီး အဆီတုံးကြီးကိုင်ထားတယ်လို့ မပြောပါဘူး။ လက်တင်ဥပဒေ ဆိုရိုးမှာ ပါတဲ့ “ညစ်ပတ်ပေနေတဲ့လက်နဲ့ သန့်ရှင်းမှု၊ တရားမျှတမှု မဆောင်ရွက်နိုင်” ဆိုတာမျိုးလဲ ပြည်သူတွေက မပြောကြပါဘူး။ မစွန့်ဘဲ စားနေကြတဲ့လူတွေလို့ မပြောကြပါဘူး။ အခုပုဂ္ဂိုလ်ကြီးတွေဟာ အနားယူသွားသူတွေနဲ့ ယှဉ်ရင် တော်တယ်၊ သန်ရှင်းတယ်၊ ရိုးသားတယ်လို့ ပြည်သူတွေက ခံယူကြပါတယ်။ ယုံပါ။
လက်ရှိ ပစ္စုပ္ပန်မှာ အစစအရာရာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊တရားစီရင်ရေး၊ ဥပဒေပြုရေးယန္တရားကို ကိုင်တွယ်ခွင့်၊ မောင်နှင်ခွင့် ရနေပါပြီ။ ဒီအချိန်မှာ မိမိအခွင့်အရေးကိစ္စ မစဉ်းစားတော့ဘဲ သန့်သန့်ရှင်းရှင်းနဲ့ အစွမ်းကုန်တာဝန်ကျေပွန်အောင် ထမ်းဆောင်ကြမယ်ဆိုရင် နိုင်ငံတကာ ပုံရိပ်ကောင်းတဲ့ အစိုးရတစ်ရပ် ဖြစ်လာမှာပါ။ ကမ္ဘာကလည်း စောင့်ကြည့်နေပါတယ်။
ရာထူးအာဏာ ဆက်ရလို့ စည်းစိမ်ချမ်းသာကိုပဲ ယခင်လိုပဲ ဦးစားပေး ဆက်ရှာနေရင်တော့ မကောင်းပါဘူး။ ပြည်သူတွေကို သနားကြပါဦး။ ပြည်သူတွေအပေါ် ကောင်းတာလေးတွေ လုပ်ပေးကြပါဦး။ ပြည်သူတွေက နားလည်ခွင့်လွှတ်တတ်ပါတယ်။ လက်နက်ကိုင် သူပုန်ခေါင်းဆောင်တွေနဲ့ ရင်ကြားစေ့ အပစ်အခတ်ရပ်စဲ ဆွေးနွေးသလို လက်နက်မဲ့ ပြည်သူသန်းပေါင်း (၆၀) နဲ့လည်း (အကြောက်တရားကင်းအောင်၊ ပြေလည်အောင်၊ မေတ္တာရှိအောင်၊ အားကိုးအောင်၊ နားလည်ခွင့်လွှတ်အောင်) ရင်ကြားစေ့ပေးချိန် ရောက်ပါပြီ။ ဘာပဲပြောပြော အခုအစိုးရသစ်နဲ့ လွှတ်တော်ကိုယ်စားလှယ် အားလုံးဟာ ယခင်ပုဂ္ဂိုလ်ကြီးများထက် (တော်၊ တတ်၊ ရိုးသား၊ အသိဥာဏ်မြင့်မား၊ ယဉ်ကျေး၊ ကိုယ်ချင်းစာတဲ့) အဖြောင့်ဆုံးပုဂ္ဂိုလ်တွေလို့ ပြည်သူများက လက်ခံကြပါတယ်။ မယုံရင် လွှတ်တော်နားက အဝိုင်းမှာ အမူးသမား သီချင်းဆိုတာ နားထောင်ကြည့်ပါ။ သီချင်းက-

”ကောက်ကောက်ထဲက ဖြောင့်ဖြောင့်ရှာ
ဒီအကွေးလေးတွေဟာ အဖြောင့်ဆုံးပါပဲ
ဒီအကွေးလေးတွေဟာ အဖြောင့်ဆုံးပါပဲ
ဒီအကွေးလေးတွေဟာ…………………”

UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)


ဥပဒေ ဒိုင်ယာရီ (၄၀)
၁၀ ရက်၊ ဇူလိုင်လ၊ ၂၀၁၃ခုနှစ် ထုတ် မှုခင်းဂျာနယ် အတွဲ(၁၇)၊ အမှတ်(၃၄)ပါ ဆောင်းပါး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...