Sunday, July 28, 2013

ဆင်ခြင်ခြင်းများ - သရဖူမဆောင်းတဲ့ ဘုရင်မ

ချင်းတွင်းမဂ္ဂဇင်း fb
July 26, 2013 at 7:59pm
ပရိသတ်ကြီးခင်ဗျား…
 
မြန်မာနိုင်ငံတော်ကြီးမှာသမ္မတကြီး ဖြစ်ချင်တယ်လို့ ပြောတဲ့ လူနှစ်ယောက်ပဲ လောလောဆယ်မှာ ကျန်ခဲ့ပါတယ်။ လက်ရှိသမ္မတကြီးကတော့သူ သမ္မတမလုပ်ချင်တော့ပါဘူးလို့ ပြောတယ်လို့ ဂျာနယ်တွေထဲမှာ ဖတ်ရတယ်။ သမ္မတဖြစ်ချင်တဲ့လူနှစ်ယောက်ကတော့ အများသိတော်မူကြတဲ့အတိုင်း ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။သူတို့က ဘယ်လိုလူတွေပါလိမ့်။ အကဲခတ်ရမှာပဲ။ ကျွန်တော်တို့ လမ်းပေါ်ကလူတွေ ၂၀၁၅ မှာ မဲပေးရမှာကို။
         
ဦးရွှေမန်းကို အကဲခတ်ရတာမခက်ပါဘူးလို့ ကျွန်တော်က သဘောရတယ်။ သူက ဦးသန်းရွှေလက်ထက်မှာ နံပါတ် ၃ ဗိုလ်ချုပ်ကြီး။သူ့မှာ ပုဂ္ဂလိက အကျိုးစီးပွားတွေ ရှိတယ်။ အကျိုးစီးပွားတွေရှိတော့ အကျိုးစီးပွားတွေကိုကာကွယ်မှာပဲလို့ ယူဆရင် မမှားတန်ဘူး။
 
ဒါပေတဲ့ ဒေါ်စုကိုဘယ်လို အကဲခတ်မှာလဲ။ အကဲခတ်ဖို့ ၂ နှစ်တော့ ကျန်သေးတယ်။ သို့သော် မြစ်ဆုံကိစ္စ ထားဝယ်ကိစ္စတွေမှာမဆိုင်သလိုပဲ နေခဲ့သလို လက်ပံတောင်းတောင်ကိစ္စမှာ ကြေးနီလေဒီလို့ တချို့က အမည်တပ်ခံခဲ့ရသူ၊လူမျိုးရေး ဘာသာရေး အခြေခံတဲ့ ကိစ္စတွေမှာ ငြိမ်နေသူ၊ သူ့ကို ကျွန်တော်တို့ လမ်းပေါ်ကလူတွေကဘယ်လိုစဉ်းစားရမှာလဲ။
 
တလောက နယူးရောက်စာအုပ်ရီဗျူးမှာသူ့အကြောင်း အရေးအသားတစ်ပုဒ် ဖတ်ရတယ်။ အဲဒီအရေးအသားက ဒေါ်စုကို တဖက်စောင်းနင်း မဟုတ်ဘဲဘက်နှစ်ဖက်က ကြည့်တယ်လို့ ကျွန်တော့်အနေနဲ့ သဘောရတယ်။ ပရိသတ်ကြီး ဆင်ခြင်တော်မူနိုင်ရန်ဖတ်ရှုတော်မူကြပါ။
 
***
 
သရဖူမဆောင်းတဲ့ဘုရင်မ
 
The Economist အယ်ဒီတာ့အာဘော်တစ်ခုမှာ၊ ဒေါ်အောင်ဆန်းစုကြည်ကိုအကြမ်းဖက်မှုများနဲ့ စပ်လျဉ်းရင် အကြမ်းဖက်မှုတွေကို ရပ်ဖို့၊ ရှုံ့ချဖို့ ရှင်းရှင်းလင်းလင်းမပြောတဲ့အတွက်၊ ဖွဖွလေး အပြစ်တင်ထားတာ တွေ့ရတယ်။ အဲသလို အကြမ်းဖက်မှုတွေကို ရှုံ့ချဖို့နှောင့်နှေးဆိုင်းတွနေတာက ဒေါ်စုလို လူတစ်ယောက်အတွက် အံ့သြစရာကိုး။ အကြမ်းမဖက်ခြင်းအပေါ်ရပ်ခံဖို့က နိုင်ငံရေးအရရော ကိုယ်ကျင့်တရားအရရော မလွဲမသွေ လုပ်ရမှာလို့ ကာလရှည်လျားစွာနေအိမ်အကျယ်ချုပ်ကျနေတုန်းက သူ့အရေးအသားတွေထဲမှာ ပါခဲ့တာကိုး။ ဘီဘီစီရဲ့ DesertIsland Discs (ကန္တာရကျွန်း ဓာတ်ပြားများ) အစီအစဉ်အတွက် အင်တာဗျူးနှစ်ခု လုပ်တယ်။ တစ်ခုကအရင်နှစ် နိုဝင်ဘာ၊ နောက်တစ်ခုက ဒီဇင်ဘာမှာ။ သူက သာမန်နိုင်ငံရေးသမားတစ်ယေက်လိုပ အဲသည်ကိစ္စတွေကိုသတိကြီးစွာနဲ့ ဖြေတယ်။ ပထမ အင်တာဗျူးတုန်းက လူ့အခွင့်အရေးကတော့ လူတိုင်းရရှိရမှာပေါ့လို့ခပ်တိုတိုပဲ ပြောပြီး ရိုဟင်ဂျာတွေရဲ့ မရှင်းသေးတဲ့ နိုင်ငံသားအဆင့်အတန်းဆီ စကားကိုမြန်မြန် ရွှေ့သွားတယ်။ ပြီးတော့ ကျွန်မ မပြောတာက ကျွန်မပြောလို့ အခြေအနေက ပိုကောင်းလာမယ်လို့မှကျွန်မ မထင်တာလို့လည်း ပြောတယ်။ “ကန္တာရဓာတ်ပြား” အစီအစဉ်မှာ နှစ်ဖက်လုံးက အကြမ်းဖက်ကြတာပဲတဲ့။သည့်နောက်မှ သူ့ရဲ့ ရပ်တည်ချက်ကို ရှင်းပြတယ်။ “တစ်ဖက်ဖက်မှာ ကျွန်မရပ်ရင် ရန်လိုမုန်းတီးခြင်းကပိုဆိုးမှာမို့ပါ။”
 
သူ့အဖြေ မှန်ကောင်း မှန်နိုင်ပါတယ်။ အဲသည်မေးခွန်းကိုဆက်လက်စူးစမ်းဖို့ အခွင့်အရေး မရခဲ့ဘူး။ ဒါပေတဲ့ အဲသည်အကြောင်းနဲ့စပ်ပြီး ကျွန်တော်နဲ့စကားပြောတဲ့ လူတိုင်းလောက်နီးနီး (ဘာကြောင့် အဲသလို ပြောတာလဲ ဆိုတာကို သိနိုင်တဲ့ အခြေအနေရှိတဲ့လူတချို့အပါအဝင်) က၊ ဒေါ်စု သတိထားနေတာက နိုင်ငံရေးကြောင့်ပဲလို့ ဆုံးဖြတ်ကြတာ။ အဲဒါကတော့ကျွန်တော့် (စာရေးသူ) ကို အခံရခက်စေပါတယ်။ ဗမာအများစုကြားမှာ ဒီကိစ္စက မဲရစရာတော့ မရှိဘူး၊မဲဆုံးရှုံးစရာပဲ ရှိလို့တဲ့။ ၂၀၁၅ ပါလီမန်ရွေးကောက်ပွဲမှာ ရနိုင်သလောက် ဗမာမဲအားလုံးလိုတာကိုးတဲ့။ လူနည်းစု တိုင်းရင်းသားတွေနဲ့ ပြီးတော့ စစ်တပ်ရဲ့ တစိတ်တပိုင်းနဲ့ မဟာမိတ်ဖွဲ့ဖို့အပြင်ပေါ့တဲ့။ စစ်တပ်အတွက် သီးသန့်မဲ ၂၅ ရာနှုန်းက ချန်ထားပြီးသား၊ အခြေခံဥပဒေပြင်ဖို့ကအောက်လွှတ်တော်မှာ ၇၅ ရာနှုန်းထက်ပိုတဲ့မဲ ရရမှာ မဟုတ်လား။ ဒါမှသာ သမ္မတ အရွေးခံရနိုင်မှာ။ကန္တာရကျွန်းဓာတ်ပြား အစီအစဉ် အင်တာဗျူးမှာ ကျွန်မ သမ္မတ ဖြစ်ချင်တယ်လို့ စုက ပြောခဲ့တယ်။စုဆိုလိုတဲ့ သမ္မတက အမေရိကန်သမ္မတလို လုပ်နိုင်ကိုင်နိုင်တဲ့ သမ္မတမျိုး။ နိုင်ငံရဲ့ရုပ်ပြ အကြီးအကဲသမ္မတ မဟုတ်ဘူး။ “ရှင့်လက်ထဲမှာ အစိုးရအာဏာရဖို့ လိုချင်သင့်တာပေါ့”လို့ စုက ပြောခဲ့တယ်။
 
ထိုင်းမှာ ဘုရားကိုးကွယ်သလို အဲသည်အတိုင်းအတာရဲ့တစ်ဝက်လောက် ကိုးကွယ်ကြတဲ့ ဘုရင်ရှိတယ်ဆိုရင်၊ မြန်မာမှာ သူက သရဖူမဆောင်းတဲ့ ဘုရင်မပဲ။စာပေပွဲတော်တုန်းက သူက ခဏပေါ်လာတာပဲ။ ဒါပေတဲ့ ဗြိတိန်ဘုရင်မကြီး ကြွချီလာတာကို ကျွန်တော်သတိရတယ်။ လူတိုင်းက ရိုသေကျိုးနွံစွာ စုနားမှာ ဝိုင်းရံ၊ ထေ့တေ့တေ့လေး သူက ပြောရင်ကိုပဲရယ်ကြ၊ မျက်နှာတွေပေါ်မှာ အလိုအလျောက် မဟုတ်တဲ့ အပြုံးတွေ ဆင်ကြ (ကျွန်တော်ရောပါပဲ)။သူက ဘုရင်မကြီးတမျှပါပဲ ဂုဏ်သိက္ခာနဲ့ ပညာတတ်ခြင်းနဲ့ အာရုံကပ်ငြိစေခြင်းနဲ့ သူ့ဟန်ပန်ဟာလေ။ဒါပေတဲ့ အဲသည် နာမဝိသေသန သရဖူမဆောင်းသောဆိုတဲ့ စကားလုံးထဲမှာ နိုင်ငံရေးဆိုတဲ့ အဖြစ်မှန်ကလည်းရှိနေသေးတာ။ သူ့အရှိန်အဝါရယ် ဆွဲဆောင်နိုင်မှု ညှို့ဓာတ်ရယ်ဟာ တစ်စိတ်တစ်ပိုင်းကတော့မျိုးရိုးက လာတာပဲ။ သူပဲဖြစ်စေ မြန်မာပြည်ထဲက ဘယ်သူပဲ ဖြစ်ပစေ စုဟာ သည်တိုင်းပြည်ရဲ့သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တယ်ဆိုတာကို တခဏလေးတောင်မှ မေ့မှာမဟုတ်ဘူး။နောက်တစ်စိတ်တစ်ပိုင်းကတော့ သူ့ရဲ့ ကိုယ်ပိုင်တမူထူးတဲ့ ဘဝသမိုင်းကြောင်း၊ သူ့ရဲ့ သတ္တိဗျတ္တိသူ့တည်ရှိခြင်းကိုယ်နှိုက်နဲ့၊ သူ့ဉာဏ်ပဋိဘာန်နဲ့ အလှက လာတာ။
 
စုရဲ့ ကျော်ကြားမှုက “ဖွဲ့စည်းအုချုပ်ပုံထဲကနေရာ” ကိုတော့ စုကို ရောက်မသွားစေနိုင်သေးဘူး။ စစ်တပ်က ရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေအပိုဒ် ၅၉ (စ) မှာ၊ တစ်စုံတစ်ယောက်ဟာ သူ့ရဲ့ ဇနီးခင်ပွန်းဖြစ်စေ၊ သူတို့နှစ်ဦးရဲ့ကလေးတွေဖြစ်စေ၊ တိုင်းတစ်ပါးနဲ့ ဆွေမျိုးဉာတိတော်စပ်သော် သမ္မတဖြစ်ခွင့် မရှိစေရလို့တားမြစ်ထားတာ။ စုကြည်ရဲ့ ခင်ပွန်း မိုက်ကယ်အဲရစ်က ဗြိတိသျှလူမျိုး။ သူတို့နှစ်ဦးရဲ့ကလေးတွေဖြစ်တဲ့ အလက်ဇန္ဒားနဲ့ ကင်(မ)တို့လည်းပဲ ဗြိတိသျှလူမျိုးတွေပေါ့။ အဲသည် ဥပဒေကိုပြင်ဖို့ လိုနေတာပ။ ပြင်ဖို့ကလည်း အောက်လွှတ်တော်ရဲ့ မဲ ၇၅ ရာနှုန်းကျော် ရရမယ်။ ပြီးတော့လည်းပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိတဲ့ မဲအားလုံးရဲ့ တစ်ဝက်ကျော် (တိုင်းရင်းသားတွေအပါအဝင်) ရရမယ်၊ စဉ်းစားကြည့်ပါ။ ဗိုလ်ချုပ်တွေက ဘယ်သူ့ကို ဆီးတားဖို့ ကြိုးစားနေသလဲဆိုတာကို။
 
အင်းယားကန်ဟိုတယ်၊ ဧရာဝတီပွဲတော်ကျင်းပရာ စင်မြင့်ပေါ်မှာ(အင်းယားကန် ဟိုဘက်မှာ သူရဲကောင်းမို့ အကျယ်ချုပ်နဲ့ ဖြတ်သန်းကုန်ဆုံးခဲ့ရတဲ့ စုရဲ့အိမ်ရှိတယ်) စုက သူ့ကို ကြည်ညိုလေးမြတ်တဲ့ပရိသတ်ကို သူ့အကြိုက်ဆုံး စာအုပ်တွေအကြောင်းအလွယ်တကူနဲ့ အာရုံကပ်ငြိစဖွယ် ဟောတယ်။ ဂျော့အဲလယော့၊ ဗစ်တာဟူးဂိုး၊ ပြီးတော့ စုံထောက်ဝတ္ထုတွေ။သူက ထေ့တေ့တေ့ ပြောတယ်။ စုံထောက်ဝတ္ထုတွေက သူ့လက်ရှိ နိုင်ငံရေးအလုပ်မှာ အလွန်အသုံးကျသတဲ့။လူတွေရဲ့ ရည်ရွယ်ရင်းအကြောင်းခံဟာ ဘာလဲဆိုတာ မှန်းနိုင်အောင် ကူညီလို့တဲ့။ ကျွန်တော်တို့အားလုံးရယ်ကြတယ်။
           
ကျွန်တော်က၊ ၁၉၉၀ နှစ်တွေ ချက်ကိုစလိုဗက်ကီးယားမှာဗက်ကလက်ဟာဗယ် သမ္မတဖြစ်ပြီး ကောင်းစားနေတဲ့ အချိန်ကာလတွေကို သတိမရဘဲ မနေနိုင်တော့ဘူး။အဲသည်တုန်းကလည်း နတ်သမီးပုံပြင်လို အာရုံကပ်ငြိစဖွယ်ရာတွေ ပြည်တွင်းပြည်ပ မတန်တဆ ချီးမွမ်းမှုတွေနဲ့၊ပုဂ္ဂိုလ်ရေးအရ မသက်မသာဖြစ်ကြတာမို့ ဟာဗယ်ကို မြည်တွန်တောက်တီးသံတွေ ရောနေခဲ့ဖူးတာကိုး။စုနဲ့ ပတ်သက်လို့ (ဟာဗယ်တုန်းကလိုပဲ) မသက်မသာ ခံစားကြရခြင်းဟာ နေရာပေါင်းစုံက လာတယ်။ဌာနေပညာတတ်တွေရဲ့ မပျော်နိုင်တာတွေ အပါအဝင်ပါပဲ။ ဒါပေတဲ့ အဲသလို မသက်မသာဖြစ်ရတဲ့ အဓိကအကြောင်းက၊ “ကိုယ်ကျင့်တရား - စာပေပညာရှင် - စိတ်ကောင်းစိတ်မြတ်ဘက်တော်သား မနေ့ကတော့နိုင်ငံရေးသမားရဲ့ ဆန့်ကျင်ဘက်ဖြစ်သူ” ဟာ “မနက်ဖြန်က လက်တွေ့ကျတဲ့ နိုင်ငံရေးသမား”(moral-literary-spiritual antipolitician of yesterday and the practicalpolitician of tomorrow) နဲ့ ကွဲပြားနေလို့ပါ။
           
ထူးခြားတဲ့ ပုဂ္ဂိုလ်တွေအတွက် သလိုပဲ ထူးခြားတဲ့ဒီကာလမှာ မေးခွန်း ၂ ခု မေးစရာ ရှိပါတယ်။ ပထမမေးခွန်းက အဲသည်ပုဂ္ဂိုလ်တွေဟာ သူတို့ကိုယ်သူတို့ဘယ်လို နားလည်ကြသတုန်း၊ ဘယ်နေရာကများ သူတို့ ကပြမှာတုန်း။ ဒုတိယမေးခွန်းက တခြားသူတွေကကောသူတို့အကြောင်းကို ဘယ်လိုရေးကြ ပြောကြမှာတုန်း။
 
နိုင်ငံရေးသမား
 
၁၉၉၀ တွေတုန်းက The New York Review မှာ အကြိမ်ပေါင်းများစွာအက်ဆေးတွေထဲမှာ ကျွန်တော် တင်ပြခဲ့ဖူးတဲ့ ပြဇာတ်ရေးဆရာကနေ သမ္မတဖြစ်လာတဲ့ ဟာဗယ်ကတော့သူ့အနေနဲ့ နှစ်မျိုးလုံး တစ်ပြိုင်နက်တည်းမှာ ဖြစ်နိုင်တယ်လို့ ပြောခဲ့တာချည်းပဲ။ ပညာတတ်ပညာချွန်ရော နိုင်ငံရေးသမားရော (intellectual and politician) တစ်ပြိုင်နက်တည်းမှာဖြစ်နိုင်ပါတယ်တဲ့။ သမ္မတဖြစ်စ အစောပိုင်းကာလတွေမှာ “အစိုးရဆန့်ကျင်ရေးသမားကနေ နိုင်ငံရေးသမားအဖြစ်ဘဝပြောင်းလာသူ (dissidents-turned politicians) ဟာ သစ္စာတရားနဲ့အညီ နေနိုင်သေးရဲ့လား”လို့ မေးတုန်းကလည်း သူက နေနိုင်တယ်ဆိုလည်း ဖြစ်နိုင်တာပဲ၊ မနေနိုင်တော့ဘူး ဆိုလည်းဖြစ်နိုင်တာပဲ။ ဒါပေတဲ့ မနေနိုင်တော့ဘူးလို့ ထင်ရှားလာတယ်ဆိုရင် သူကတော့ သစ္စာတရားနဲ့အညီမနေတဲ့လူတော့ အဖြစ်ခံမှာ မဟုတ်ဘူးလို့ ဖြေတယ်။ ဟာဗယ်က သမ္မတ ၁၃ နှစ်လုပ်သွားတာ ၂၀၀၃ကျမှ နားတယ်။ သူ့အပြောအတိုင်း သစ္စာတရားနဲ့ ညီခဲ့ပါတယ်လို့ အောင်အောင်မြင်မြင် သက်သေမပြနိုင်ခဲ့ပါဘူး။
           
ပသို့ဆိုစေ ဟာဗယ်ဟာ အမြဲ သူ စွဲစွဲမြဲမြဲတည်နေတဲ့အရာတစ်ခုကိုတော့ ပြနိုင်ခဲ့ပါတယ်။ အဲဒါကတော့ နိုင်ငံရေးသမားတစ်ယောက်အဖြစ် နှစ်ရှည်လများကြာပြီးတဲ့နောက်မှာ ပြဇာတ်ရေးဆရာဘဝကို သူ ပြန်သွားနိုင်တာပဲ။ အတိုက်အခံစိတ်က ရှိစမြဲ၊သူက ထက်တဲ့မြတဲ့ ရွှင်မြူးတဲ့ နောက်ဆုံးပြဇာတ်တစ်ပုဒ် “ထွက်ခွာခြင်း (Leaving)” ဆိုတာကိုရေးခဲ့နိုင်သေးတာ။ “ထွက်ခွာခြင်း”က အာဏာမှာ ဆေးစွဲခြင်း။ အဲသည်အာဏာ မူးယစ်ဆေးကို ဖြတ်ရခက်ခြင်းအကြောင်းတွေ။
 
၁၉၉၀ တွေက ဘိုဟီးမီးယားက သရဖူမဆောင်းတဲ့ဘုရင်ရဲ့အနေအထားက ဒီကနေ့ မြန်မာပြည်ရဲ့ သရဖူမဆောင်းတဲ့ ဘုရင်မကြီးရဲ့ အနေအထားထက် အခြေအနေအရပ်ရပ်မှာသာတယ်။ ဟာဗယ်က သမ္မတဖြစ်ပြီးပြီ။ သမ္မတဖြစ်လည်းပဲ တိုင်းပြည်အုပ်ချုပ်ရာမှာ စီးပွားရေးအပါအဝင်နေရာတကာမှာ သူ တာဝန်မယူရဘူး။ ဟာဗယ်က သူဟာဖြင့် နိုင်ငံရေးသမား မဟုတ်ပါဘူးလို့ ဝန်ခံသော်လည်း၊နိုင်ငံရေးကျွမ်းကျင်မှုတွေလည်း အထိုက်အလျောက် ရှိတယ်ဆိုတာကို ပြခဲ့တယ်။ သူ့တိုင်းပြည်ကချမ်းသာပြီး လှုပ်ရှားတက်ကြွနေတဲ့ အီးယူနိုင်ငံတွေနဲ့ ကပ်နေတာ၊ ကျဆင်းနေပေတဲ့လည်း ဒီနေ့မြန်မာပြည်နဲ့က မနှိုင်းယှဉ်သာအောင် အခြေအနေ ကောင်းသေးတာ။ ချက်ကိုစလိုဗေးကီးယားက မကြာမတင်မှာပဲနှစ်ပိုင်းကွဲသွားပေတဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သပ်သပ်ရပ်ရပ်နှစ်ခု (ချက်သမ္မတနိုင်ငံနဲ့စလိုဗေးကီးယား) ကွဲသွားတာ။
 
စုကတော့ ယခုထိ သမ္မတမဖြစ်သေးဘူး။ ၂ နှစ်ကြာဦးမယ်။နေပြည်တော် မရောက်ခင် အပေးအယူတွေ အများကြီး လုပ်ရဦးမယ်။ စုကတော့ ပြောင်ပြောင်ပဲ လုပ်မယ်လို့ဆုံးဖြတ်ပြီးပြီ။ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ဒါမှမဟုတ် လူ့အရင်းအမြစ် တိုးတက်မှုနဲ့စပ်လျဉ်းတဲ့ ဘယ်တိုင်းတာမှုမျိုးနဲ့ ကြည့်ပစေ သူ့တိုင်းပြည်က ကြောက်စရာ လန့်စရာ အခြေအနေမှာရှိနေတဲ့၊ ဆယ်စုနှစ်ပေါင်းများစွာ အထီးကျန်၊ စစ်အုပ်ချုပ်ရေးက ခေါင်းပုံဖြတ် ခြယ်လှယ်ခံရတဲ့နိုင်ငံပဲ။ စုရဲ့ နိုင်ငံရေးဉာဏ်အမြင် (ဇဝနဉာဏ် ဖြတ်ထိုးဉာဏ် ဘာပဲခေါ်ခေါ်) ဟာ အတိုက်အခံကာလတွေမှာဟာဗယ်လောက် အထင်အရှား မပြနိုင်ခဲ့ဘူး။ စုရဲ့ အဖွဲ့ချုပ်ကလည်း တိုင်းပြည်အုပ်ချုပ်နိုင်ဖို့လိုအပ်တဲ့ ကျွမ်းကျင်မှု ချို့တဲ့နေသေးတယ်။ မြန်မာဟာ အာရှ ချက်ကိုစလိုဗေးကီးယား မဟုတ်ဘူး၊အာရှ ယူဂိုစလားဗီးယားနဲ့ ပိုတူတယ်။ “တိုင်းရင်းသား စပ်ထည်” တစ်ထည်ပဲ။ အာဏာကို ရောက်နိုင်သလေက်ရောက်အောင်အချိန်လည်းမီအောင် တဖြည်းဖြည်း လွှဲပြောင်းမှ အဲသည်စပ်ထည်ကြီးကို တွဲထားနိုင်မယ့်နိုင်ငံ။(အင်းယားကန် စာပေပွဲတော်မှာ စုကြိုက်တဲ့ စာအုပ်တစ်အုပ်က ရီဘက်ကာဝက်စ်ရဲ့ BlackLamb and Grey Falcon။ ၁၉၃၉ မတိုင်မီ ယူဂိုစလားဗီးယားအကြောင်း ရေးထားတဲ့ စာအုပ်။)
           
စုကတော့ သူ ဘာလုပ်ရမယ်ဆိုတာ ရှင်းနေအောင် မြင်ပုံရတယ်။“ကျွန်မမှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အမြင်လွဲမှားတာ ထင်ယောင်ဝိုးဝါးတာ ဘယ်တုန်းကမှမရှိဘူး။ I've never had illusions about politics” လို့ ဘီဘီစီ အင်တာဗျူးတစ်ခုမှာသူပြောခဲ့ဖူးတယ်။ ဟာဗယ်ရဲ့ ရှုမြင်ပုံမျိုး မရှိဘူးပေါ့။ ဒါမျိုးကတော့ သာရည်တစ်ခုပဲ။
           
ကျွန်တော့်အတွေ့အကြုံအရတော့၊ အတိုက်အခံ လုပ်ခဲ့ပြီးအာဏာရှင် ပြုတ်ကျပြီးနောက်ပိုင်းနိုင်ငံရေးမှာလည်း တွင်ကျယ်နိုင်တဲ့သူတွေဟာ အောက်ဖော်ပြသလိုပဲပြောခဲ့သူတွေ။ “အေး … အဲဒီတုန်းကတော့ ကျုပ်က ပညာတတ် (intellectual) အခုတော့ ကျုပ်ကနိုင်ငံရေးသမား။ တစ်နေ့မှာ ပညာတတ်ဘဝ ပြန်သွားကောင်း သွားမယ်။ ဒါပေတဲ့ အခုအခါမတော့ သင့်တင့်လျောက်ပတ်စွာသန့်ရှင်းတဲ့နိုင်ငံရေး ဂိမ်းကစားဖို့ အတတ်နိုင်ဆုံး ကြိုးစားမှာ။ ဘာကြောင့်လဲဆိုတော့ဒီနှစ်ခုဟာ မတူတဲ့ ကစားပွဲတွေ စည်းမျဉ်းတွေကလည်း တူမှ မတူပဲ။”
 
***
 
နာနာကျင်ကျင်နဲ့ပဲစောင့်ကြည့်နေကြရမှာ
           
ဒါပေတဲ့ လိုအပ်လို့ အလျှော့အတင်း အပေးအယူ လုပ်ရတာတွေဟာစောင့်ကြည့်သူတွေအဖို့ နာကျင်စရာတွေ ဖြစ်မှာပဲ။ ကျွန်တော် မြန်မာပြည်က ပြန်ထွက်ခဲ့တော့စုဟာ ကော်မရှင်တစ်ခုမှာ ဥက္ကဋ္ဌတာဝန်ယူရတယ်။ မြန်မာစစ်တပ်နဲ့ တရုတ်လက်နက်ကုမ္ပဏီ နိုရင်ကိုတို့ပူးတွဲပိုင်ဆိုင်တဲ့ ကြေးနီမိုင်းအတွက် အဆုံးအဖြတ်ပေးတဲ့ ကော်မရှင်။ တောင်သူတွေရဲ့မြေတွေကို သိမ်းလို့ ဆန္ဒပြနေကြလို့ ဆက်တူးဖော်ခွင့် ရှိသင့်မရှိသင့် ကော်မရှင်က ဆုံးဖြတ်ရတယ်။မွတ်စလင်ဆန့်ကျင်တဲ့ ဆူပူသတ်ဖြတ်မှုတွေ မြန်မာပြည်ရဲ့ တချို့အရပ်တွေကို ပျံ့နှံ့နေတုန်းစုက တပ်မတော်နေ့ အခမ်းအနားမှာ ထိပ်တန်းဗိုလ်ချုပ်တွေနဲ့အတူ ရှေ့တန်းမှာ ထိုင်လို့ စစ်တပ်နဲ့သပ္ပာယဖြစ်အောင် လုပ်နေခဲ့တယ်။ စုဟာ သက်သောင့်သက်သာ ရှိပုံတော့ မပေါ်ပါဘူး။
           
သူ့အကြောင်းကို ရေးနေ ပြောနေတဲ့ ပြည်တွင်းကရောပြည်ပကပါ ကျွန်တော်တို့လို လူတွေအတွက် ဒါတွေကို ဘယ်လိုစဉ်းစားရမှာလဲ။ သူကတော့ စိန့်သူတော်စင်အဖြစ်ကိုစွန့်လွှတ်ဖို့ ပြင်ဆင်ပြီးပုံပဲ။ ခင်ဗျားတို့ ကျွန်တော်တို့ကရော အဲသည်ဂုဏ်ကျက်သရေကိုသူ စွန့်ပါစေတော့လို့ ပြင်ဆင်ပြီးကြပြီလား။ မြန်မာတိုင်း(မ) အပတ်စဉ်စာစောင်မှာ စုနဲ့ဒီချုပ်ကိုဝေဖန်ဖို့ လက်တွန့်ကြတဲ့ မြန်မာသတင်းစာဆရာတွေအကြောင်း ဆောင်းပါးတစ်ပုဒ် ဖတ်ဖူးတယ်။ထိုင်းမှာ ဘုရင်ကို ဝေဖန်ရင် လိစ်မေဂျက်စတီဥပဒေက ပိတ်ဆို့သလိုပဲ ဒီမှာလည်း ဘုရင်မကြီးကိုမဝေဖန်ဘဲ ကိုယ့်ကိုယ်ကိုယ်ပဲ ဆင်ဆာလုပ် (self-censorship) ကတ္တီပါကြိုးနဲ့ ပိတ်လိုက်ကြတာပဲ။စာဖတ်သူပရိသတ်တွေရဲ့ တုံ့ပြန်မယ့်ရန်ကိုလည်း ကြောက်တာကိုး (ငါတို့ရဲ့ ဘုရင်မကို ဝေဖန်ရဲတာမင်းက ဘာကောင်လဲ)။ လုံးဝ မဝေဖန်တာတော့ မဟုတ်ဘူး။ ဒါပေတဲ့ လူသူလေးပါးအတွက် ရေးတာ ပြောတာနဲ့အသိုက်အဝန်းတစ်ခုအတွင်း ဝေဖန်တာ နှစ်ခုကြားမှာ တော်တော်ကွာတာ။
           
ကျွန်တော်သာ မြန်မာ၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတက်ကြွလှုပ်ရှားသူတစ်ယောက် ဖြစ်ပြီး ကျွန်တော့်နိုင်ငံအတွက် အကောင်းဆုံးကို လိုချင်တယ်ဆိုရင်ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် ဆင်ဆာလုပ်မှာပဲ။ တကယ်တော့ တခြားနိုင်ငံရေး အင်အားစုတွေ၊ယခုထိ လွှမ်းမိုးနေဆဲ စစ်တပ်နဲ့ စစ်တပ်ထွက်တချို့တွေဟာ၊ စုကြည် အားပေးသူတွေ ယခုထိ မပိုင်ဆိုင်ရသေးတဲ့အာဏာအပေါ်မှာ ကတောက်ကဆတ်ဖြစ်ပြီး ပြိုကွဲကုန်မှာထက် ပိုကြိုက်တဲ့အရာ ရှိမှာမဟုတ်ဘူး။ညီညွတ်ခြင်းဟာ အင်အား မဟုတ်လား။ မြန်မာပြည်ရဲ့ ဒီမိုကရက်တစ်အင်အားစုတွေအဖို့ ညီညွတ်နိုင်သမျှညီညွတ်ဖို့ လိုတယ်။ ဒါမှသာ ဒီတိုင်းပြည်ကို အတူထိန်းထားနိုင်မှာ။ ၂၀၁၅ ရွေးကောက်ပွဲကိုတောင်ပြိုကမ်းပြိုနိုင်၊ အစိုးရဖွဲ့၊ စုကို သမ္မတမြှောက်၊ စု ဖြစ်ရမှာပဲလေ။
           
ကျွန်တော်သာ အနောက်တိုင်းက နိုင်ငံရေးသမားဒါမှမဟုတ် သံတမန်ဖြစ်ရင်လည်း ဒီလို ဗျူဟာမြောက်တဲ့နည်း လုပ်မှာပဲ။ ဒါပေတဲ့ သတင်းစာဆရာတစ်ယောက်အဖို့၊စာရေးဆရာတစ်ယောက်အဖို့ကတော့ … ဒီနည်းလမ်းဟာ မှန်ကန်တဲ့ နည်းလမ်း မဟုတ်နိုင်ဘူး။
           
နိုင်ငံတစ်နိုင်ငံက တာရှည်သဖြင့်ရော အလုံးစုံရောလွတ်လပ်ဖို့အတွက် အဲသည်နိုင်ငံဟာ မြန်မာဖြစ်ပစေ ထိုင်း၊ အိန္ဒိယ ဒါမှမဟုတ် အမေရိကဖြစ်ပစေစာရေးဆရာတွေ လိုတယ်။ သူတို့ရဲ့ ကိစ္စဟာဖြင့် အချက်အလက်တွေကို တူးဆွဖော်ထုတ်ဖို့၊ တတ်နိုင်သလောက်အမှန်တရားဆီ ရောက်ဖို့ ပြီးတော့လည်း ထိုသစ္စာကို ရိုးသားစွာ မျှတစွာ ရှင်းလင်းစွာနဲ့တတ်နိုင်သလောက် ပေါ်လွင်ထင်ရှားစွာ တင်ပြဖို့ပဲလို့ ယူဆတဲ့ စာရေးဆရာတွေ။ အာဏာရှိသူတွေသရဖူဆောင်းတဲ့ ဘုရင်၊ သရဖူမဆောင်းတဲ့ ဘုရင်မ ဒါမှမဟုတ် သမ္မတမျှ၊ ဝန်ကြီးချုပ်မျှ၊ အားလုံးလည်းပဲအဲသလို အချက်အလက်တွေကို အပန်းတကြီး ရှာဖွေသူတွေ အမှန်ကို ပြောသူတွေ လိုတာပ။ ကျွန်တော်မြန်မြန်လေး ထပ်ဖြည့်ချင်တာက အဲသလို အလုပ်ဟာ နိုင်ငံရေးသမားတစ်ယောက်ရဲ့ အလုပ်ထက် ပိုပြီးမြင့်တဲ့မြတ်တဲ့ အလုပ် ဒါမှမဟုတ် ပိုပြီးခက်ခဲတဲ့ အလုပ်လို့ ဆိုလိုတာ မဟုတ်ဘူးနော်။ ဒါပေတဲ့စု ယခု ရွေးချယ်တဲ့ ကိစ္စကြီးကို အလွန့်အလွန် အရေးပါ အရာရောက်စွာ ပြည့်စုံစေမှာမို့ပါ။ကျွန်တော်တို့အလုပ်က ထိုအရာဟာ ထိုအရာသာလျှင် ဖြစ်ပါတယ်လို့ ပြောရတာ။
 
***
 
စာရှုသူတို့ခင်ဗျား…
         
အင်တယ်လက်ကျူရယ်နဲ့နိုင်ငံရေးသမားဟာ တခြားစီတဲ့။ မတူဘူးတဲ့။ အဲသလို စဉ်းစားတာကို သတိထားမိကြမှာပါ။
 
အင်တယ်လယ်ကျူရယ်ဟာဘာလဲ။ ကျွန်တော်က အင်တယ်လက်ကျူရယ်ကို ပညာတတ်လို့ပဲ ဘာသာပြန်ထားပါတယ်။ “အင်တယ်လက်ကျူရယ်”ကို ဉာဏ်ရှိသူ၊ ဉာဏ်ကြွယ်သူ၊ ဉာဏ်ရည်ဉာဏ်သွားကို အသုံးပြုသူလို့ အဘိဓာန်က လာရှိပါတယ်။ယိုးဒယားစကားလုံး “panyachon ပညာချွန်” ဆိုတာ အင်တယ်လက်ကျူရယ်ဆိုပဲ။ ပညာချွန်ဆိုတဲ့အဲဒီစကားလုံးကို ပိုကြိုက်ပါတယ်။ စာတတ်ပေတတ်ဆိုရင်တော့ literati ပဲလို့ အဓိပ္ပာယ်ပေါက်သွားမှာပါ။
 
Intellectual ဟာintelligentsia ဆိုတဲ့စကားနဲ့ ဆက်နေပါတယ်။ အိုက်ဆက်ဘာလင်က အနောက်တိုင်းယဉ်ကျေးမှုနှင့်အသိအတတ်များ တတ်သောလူစုတဲ့။ အဲဒီလူစုဟာဖြင့် သူတို့ဟာ လူထုနဲ့ မတူဘူးလို့ ခံစားကြသတဲ့။အဲဒီထဲက လူတချို့ကဖြင့် သူတို့မှာ သူတို့ရဲ့ အတွေးတွေ အမြင်တွေကို လူသူလေးပါး သိအောင်လွတ်လွတ်လပ်လပ် ချပြရမယ်။ အကျိုးနဲ့အကြောင်းနဲ့ ဆင်ခြင်ပြီး ချပြတာမျိုး တိုးတက်ဖို့ရည်သန်တာမျိုးတဲ့။ ကောင်းတဲ့ ရည်ရွယ်ချက်ပေါ်ပဲ မူတည်ပြီး ငါ့အတွက် ငါကြီးကျယ်ဖို့ ငါကိုမြှင့်တင်ဖို့ မဟုတ်ဘူးတဲ့။ အကျဉ်းအားဖြင့် ဒီအရေးအသားထဲမှာ ပါတဲ့ intellectual ဟာအဲဒီသဘောရှိတဲ့သူလို့ အနက်ကောက်ရမှာပါ။
 
နိုင်ငံရေးသမားကိုတော့ပရိသတ်ကြီး နားလည်သဘောပေါက်ပြီး နေမှာပါ။ သူတို့က ပရိယာယ်ဝေဝုစ် ရှိမှာပဲ။ တစ်သမတ်တည်းဘယ်ဟုတ်မှာလဲ။ အဲ … ဉာဏ်နီဉာဏ်နက်တွေလည်း သုံးချင် သုံးမလား မသိဘူး။
         
သစ္စာတရားနဲ့အညီ နေတယ်(Live in Truth) ဆိုတာကတော့ ကိုယ်မှန်တယ်ထင်တဲ့အတိုင်း ကိုယ်ယုံကြည်တဲ့အတိုင်း ပြောတာဆိုတာနေတာ ထိုင်တာကို ဆိုလိုတာပါ။ နိုင်ငံရေးသမားဟာ အဲသလို မနေနိုင်ဘူးတဲ့။
 
ကျွန်တော်တို့ ပြည်သူလူထုအနေနဲ့တော့ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေမှာ ဉာဏ်နဲ့ ကရုဏာ ရှိစေချင်တာပါပဲ။ ကရုဏာ … ကရုဏာဟာလည်းအင်မတန် အရေးကြီးတယ်လို့ ထင်တာပါပဲ။ အဲဒါတွေ ရှိဖို့က လူတွေနဲ့ မဝေးဖို့၊ လူတွေကိုနက်နက်နားထေင်ဖို့ လုပ်ရမှာပါ။ သြ … ခင်ဗျားတို့က အဲသလို ခံစားနေရသကိုး၊ အဲသလိုကိုးလို့သိဖို့ပါပဲ။ ဒါပေတဲ့ စုကတော့ နားထောင်တဲ့နေရာမှာ နာမည်မကျော်ဘူးဗျာ။
 
ရိုသေစွာဖြင့်
မောင်မြတ်ထင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...