Sunday, July 28, 2013

ဒါ ငါတို့ကဗျာ ဒါ ငါတို့သီချင်း

ဒါ ငါတို့ကဗျာ
ဒါ ငါတို့သီချင်း

“ကမ္ဘာမကြေ” ဆိုပိုင်ခွင့် မရှိရင်
“ကမ္ဘာမကြေဘူး” ဆိုလိုက်ကြလိမ့်မယ် ။

နှလုံးအပုတ်ဟာ
ထုံးသုတ်ရုံနဲ့ မဖြူနိုင်
အကန်းလျှောက်သလို လမ်းဖောက်နေကြရဲ့
တံတားဆောက်ပြီး အများကြောက်အောင် ခါးထောက်နေတော့ရော
မာရှယ်လောဟာ _ာ_ယ်ပေါတာပါပဲကွဲ့။

“ကမ္ဘာမကြေ…” ဆိုခွင့်မပြုရင်
“ကမ္ဘာမကြေဘူး …” ဆိုချင်လာလိမ့်မယ်။

၅(ည) တဲ့လား
စားရတော့ ပုံစံ
ပါးချလို့ စုံကန်သကွဲ့
ပုန်ကန်ရင် သတ်ပြစ်မယ်တဲ့
သေနတ်ကြီးရှိတယ်။
သတ်နည်းသိတယ်။ တပ်ကြီးရှိတယ်။

“ကမ္ဘာမကြေ …” ဆိုခွင့်မရရင်
“ကမ္ဘာမကြေဘူး …” ဆိုလိုက်ကြတော့မယ်။

ပူးသတ်မယ် ပူးသတ်မယ်ဆိုတဲ့
မနူးမနပ် ကောင်တွေလည်း
အခုတော့ အရူးဇာတ် ခင်းရတော့မလိုလို
ဆုပ်တဲ့လက်သီး ဖြီပြီးပြီပဲ ထားပါတော့
ကမ်းလာတဲ့လက် နှုတ်ဆက်ဖို့ရာ
သူ့လက်ဝါးမှာ ငါ့ပါးရာကြီး မပျက်သေး။

“ကမ္ဘာမကြေ …” ဆိုခွင့်မပေးရင်
“ကမ္ဘာမကြေဘူး …” ဆိုလိုက်ကြရအောင် ။ ။

မောင်မှိုင်းလွင် (အင်းဝ)
၂၀.၁၂.၂၀၁၂

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...