Monday, July 1, 2013

အခန်း(၃) **ကလေးများ၏ဒေါသမာန်**

Photo: အခန်း(၃)   **ကလေးများ၏ဒေါသမာန်**

             ငြိမ်သက်လျက် ရှိသော်လည်း တင်းမာလှသည့် 
အချိန်နှစ်လကုန်လွန်ခဲ့ ပြီးနောက် ကျောင်းများကို မေလ ၃၀ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်ခဲ့သည်။ မိဘများက ဆူပူမှုများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်၍ ကျောင်းသူ ကျောင်းသား များစွာမှာ အိမ်တွင်း၌ပင် နေခဲ့ကြသည်။ သို့သော် စာသင်ခန်းထဲသို့ရောက်လာကြသော ကျောင်းသားများသည် လွန်ခဲ့သော မတ်လတွင် ပြိုကွဲခဲ့ ရသည့် လှုပ်ရှားမှုကို ပြန်လည် အသက်သွင်းရန် မဆိုင်းမတွ စည်းရုံးလှုပ်ရှားလာကြသည်။ ဦးနေဝင်း တစ်ဦးတည်းသာလျှင် မည်သို့သော ပြောင်းလဲမှုမျိုးမှ မဖြစ်နိုင်ဟု ယုံကြည်လျက်ရှိ၏။ သူသည် ဆယ်နှစ်ကျော် ကာလအတွင်း အပြင်းထန်းဆုံး ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဧပြီလ ၁၁ရက် နေ့တွင် ဆေးစစ်ရန်နှင့် သူနှစ်သက်သော အပန်းဖြေစခန်းများတွင် အနားယူရန် အနောက်ဂျာမဏီနှင့် ဆွစ္စလန်နိုင်ငံများသို့ ထွက်ခွာသွားခဲ့သည်။ နိုင်ငံ၏ နေ့စဉ်အရေးကိစ္စများကို သူယုံကြည်စိတ်ချသော လက်ထောက်များထံ လွှဲအပ်ခဲ့သည်။ အထူးသဖြင့် သူ၏လက်သပ်မွေးတပည့်ဖြစ်သော အကြင်နာတရားကင်းမဲ့ပြီး ပြည်သူများ ခါးခါးသီးသီးမုန်းတီးသူ ဦးစိန်လွင်၏ လက်ထဲတွင် ယုံအပ်ထားခဲ့သည်။

                သို့သော် အရေးအခင်း၌ပါဝင်လှုပ်ရှားခဲ့သော ရန်ကုန် စက်မှုတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်(ပင်မ) တို့မှ ကျောင်းသား ကျောင်းသူများသည် မတ်လ၏ ရက်စက်ကြမ်းကြုတ်မှုများကိုသတိရနေဆဲပင်ဖြစ်သည်။ ရန်ကုန်မြို့မြောက်ဖက်ရှိ နာမည်ဆိုးရွားလှသော အင်းစိန်ထောင်တွင် အဖမ်းခံနေကြရသူများအား တစ်သုတ်ပြီးတစ်သုတ် ပြန်လွှတ်ပေးလိုက်သည့်အခါ သူတို့၏ ပြောပြချက်များကြောင့် အစိုးရအပေါ် မုန်းတီးမှုနှင့် လက်စားချေလိုမှု မီးလျှံသည်ပိုမို၍ တောက်လောင် လာခဲ့သည်။ ထောင်မှ လွတ်လာသူများသည်ထောင်ထဲ၌ ဖမ်းထားသော ကျောင်းသားများအားရိုက်နှက်ခြင်း ညှည်းပန်းနှိပ်စက်ခြင်း၊ လျှပ်စစ်ဓာတ်ဖြင့် တို့ခြင်းစသည့် သတင်းများကို အပြင်သို့သယ်ဆောင်လာခဲ့သည်။ ရက်စက်ကြမ်းကြုတ်သော လုံထိန်းများက ဖမ်းဆီးထားသော ကျောင်းသူများအား အုပ်စုလိုက်မုဒိန်းကျင့်သည့် ကြောက်ရွံ့ဖွယ်သတင်းကြောင့် ပြည်သူလူထုအားပိုမိုဒေါသထွက်စေခဲ့သည်။ ထိုသို့ မတရားပြုကျင့်ခံရသူများထဲတွင် ဗိုလ်မှူးတစ်ဦး၏ သမီးလည်း ပါဝင်ခဲ့သည်ဟုဆိုသည်။ စစ်ဗိုလ်၏ သမီး ပါမပါကို အတိအကျ မသိရသော်လည်း ထိုသတင်းမှာ ပြန့်နှံ့သွားပြီးပြည်သူများက ယုံကြည်ကြလေသည်။ စစ်အရာရှိများ၏ သားသမီးများပါမကျန် ဤသို့ ညစ်ပတ်ဆိုးရွားသော ဒဏ်ကို မကင်းလွတ်ခဲ့ပါလျှင် ဤအစိုးရကို မည်သူက ယုံကြည်အားထား နိုင်ပါမည်နည်း။ ရက်စက် ကြမ်းကြုတ်မှုများ ပြည့်နေသော မတ်လ ၇ရက်တာ ကာလသည် အမျိုးသား တစ်ရပ်လုံး၏ စိတ်ဓာတ်ကို ပြောင်းလဲသွားစေခဲ့ပြီ။ ယခင် စိတ်ဓာတ်မျိုးသို့ မည်သည့်အခါမှ ပြန်လည် ပြောင်းလဲလိမ့်မည် မဟုတ်သည်မှာ ထင်ရှားသေချာလှသည်။

                    “ကျွန်တော်တို့ကို အလျားပေ၅၀နဲ့ အနံပေ ၂၀လောက်အကျယ်ရှိတဲ့ အခန်းကြီးတစ်ခုထဲကို သွင်းခဲ့တယ်။ ဒါပေမဲ့ လူနှစ်ရာ သုံးရာလောက်ကို အဲဒီ အခန်းထဲမှာထားတဲ့အတွက် ပြည့်ကြပ်နေတယ်။ နေရာမဆန့်လို့မတ်တပ်ရပ်နေရတယ်။ ညအိပ်လို့ကို မရဘူး။ ညလုံးပေါက်မီးထွန်းထားတယ်။ ကျွန်တော်တို့ အတွက် အိမ်သာဆိုပြီး အခန်းထောင့်တစ်နေရာမှာ ဓာတ်ဆီ ပေပါပိုင်းတစ်ခု ချထားပေးတယ်” ဟုမတ်လ၁၁ရက်နေ့ကအဖမ်းခံခဲ့ရသူသမိုင်းအဓိကကျောင်းသား မောင်မောင်သွင်က
 ပြန်ပြောပြသည်။

မေးမြန်းစရာရှိသည် ဆိုကာ ကျောင်းသားတစ်ဦးစီအား အကြိမ်ပေါင်းများစွာ ခေါ်ယူခဲ့ကြသည်။ သို့သော် “မေးမြန်းစစ်ဆေးခြင်း” ဆိုသည်မှ ရိုက်နှက် ဆဲဆိုခြင်းများသာ ဖြစ်သည်။ ကျောင်းသားများကို ချွန်ထက်သော ကျောက်စရစ်ခဲများပေါ်တွင် ဒူးထောက် ထိုင်ခိုင်းခြင်း၊ ဟယ်လီကော်ပတာစီးခြင်း၊ မော်တော်ဆိုင်ကယ်စီးခြင်း ဟုခေါ်သည့် နည်းပုံစံများကို အတင်းအကြပ် လုပ်ခိုင်းသည်။ ဤညှဉ်းပန်း နှိပ်စက်နည်းများကို ၁၉၇၀ခုနှစ်များမှ စပြီးကျင့်သုံးလာခဲ့သည်။

                  “သူတို့အများဆုံးမေးတဲ့ မေးခွန်းတွေဟာ မင်းတို့ခေါင်းဆောင် ဘယ်သူလဲ၊ ဘယ်သူက စည်းရုံးခိုင်းတာလဲ၊ ဒါတွေဘဲ ထပ်တလဲလဲမေးတယ်။ ဒီမေးခွန်းတွေကို ကျွန်တော်တို့ မဖြေနိုင်ခဲ့ကြပါဖူး။ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်တုန်းက ခေါင်းဆောင်ဆိုတာ မရှိခဲ့ဖူး။ စည်းရုံးရေးသမားဆိုတာတွေလဲ မရှိခဲ့ပါဖူး။ အစိုးရကို မကျေနပ်လို့ ဝုန်းဆို ရုတ်တရက်ထပြီး ဆူကြတာပါဘဲ။ ခေါ်မေးတိုင်း တစ်နာရီခွဲလောက်ကြာအောင် ကျွန်တော့် နံရိုးတွေကို တုတ်ကြီးနဲ့ မနားတမ်းရိုက်တယ်။ ဒါပေမယ့် ကျွန်တော်ဘာမှ မသိတော့ သူတို့ကို ပြောပြစရာဆိုလို့ ဘာမှ မရှိဘူး” ဟု မောင်မောင်သွင်က ပြန်ပြောပြသည်။

             မောင်မောင်သွင်သည် သူ့အားဖမ်းဆီးတင်ဆောင်လာခဲ့သော အချုပ်ကားထဲတွင် မသေမပျောက် ပါရှိခဲ့သော်လည်း အခြားအချုပ်ကားထဲမှ ကျောင်းသား ၄၂ဦးသည် အင်းစိန်ထောင်ဝ၌ ရပ်ထားသော အလုံပိတ်အချုပ်ကားထဲတွင် နာရီပေါင်းများစွာနေကြရ၍ အသက်ရှူကြပ်ကာ သေဆုံးသွားခဲ့ကြရသည်။ ဤကံဆိုးသော ကျောင်းသားများ၏ ဖြစ်ရပ်သည် မဆလ အုပ်ချုပ်မှုအောက်တွင် ၂၆နှစ်ကြာ နေလာခဲ့ရသော ပြည်သူတို့၏ ဘဝရုပ်ပုံလွှာကို ထင်ဟပ်ပေါ်လွင် စေခဲ့သည်။ ယင်းဖြစ်ရပ်ဆိုးကို “ မတ်လ အတွင်းက အချုပ်ကားထဲတွင် အသက်ရှူကြပ်၍ သေးဆုံးရသော ဆန္ဒပြကျောင်းသားများကဲ့သို့ပင် မြန်မာနိုင်ငံသည်လည်း ရက်စက်ကြမ်းကြုတ်သူများ၏ အုပ်ချုပ်မှုအောက်တွင် တင်းကြပ် သည်ထက် တင်းကြပ်စွာ လည်ပင်း အညှစ်ခံနေရတော့သည်” ဟု အဝေးရောက် မြန်မာစာရေးဆရာ တစ်ဦးက ရေးသားဝေဖန်ခဲ့သည်။

            အင်းလျားဆောင်၌ တစ်ခြားကျောင်းသားများနှင့် တစ်နေ့တည်း အဖမ်းခံခဲ့ရသော ရန်နောင်သည် ရိုက်နှက် နှိပ်စက်ခြင်း မခံခဲ့ရသော်လည်း သူ၏ အချုပ်ခန်းအတွင်းမှ ရက်စက်မှုများကို မမြင်ချင်အဆုံး  ဖြစ်ခဲ့ရသည်။
“တစ်ခါတစ်လေ အချုပ်ခန်း တံခါးပွင့်လာပြီး ပုလိပ်နှစ်ယောက်က လူငယ်တွေကို ကောက်ရိုးစည်းလို အခန်းထဲ ပြစ်သွင်းတတ်ကြတယ်။ သူတို့အားလုံးရဲ့ ကိုယ်တွေမှာလည်း ညိုမဲနေတာဘဲ။ တစ်ချို့ဆိုရင်သွေးချည်းဘဲ။ သတိမရဘဲ ပြန်ပို့လိုက်ကြတာတွေလည်း ရှိတယ်။ သေသေချာချာ မှတ်မိတဲ့ တစ်ယောက်ဆိုရင် ဆိုးဆိုးဝါးဝါး ရိုက်လွှတ်လိုက်လို့ ထကိုမထနိုင်ဘူး။ အိမ်သာသွားဖို့တောင် ပေပါပိုင်းရှိတဲ့ အခန်းထောင့်ကို ကျွန်တော်တို့ တွဲပို့ပေးခဲ့ရတယ်”။

            တိုက်ပိတ်ခံခဲ့ ရသူများထဲမှ တစ်ဦးဖြစ်သူ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးဋ္ဌာနမှ ကျောင်းသားစည်းရုံးရေးသမား အောင်ဝင်းက “ကျွန်တော်တို့ခေါင်းဆောင်တွေ ဘယ်သူလဲဆိုတာမေးရင်း ကျွန်တော့်ကို ၃ရက်တိတိ မနားတမ်းရိုက်ကြတယ်။ ကံကောင်းချင်တော့ ရန်ကုန်မှာရှိတဲ့ ကျွန်တော့်ဆွေမျိုးတွေက ပုလိပ်တွေကို ငွေပေးလို့ တစ်ပတ်အကြာမှာ ကျွန်တော်လွတ်လာခဲ့တယ်။ ထောင်ကလွတ်တော့ ရူးသွားမလားလို့ အောင်းမေ့နေတာ။ ပြန်ပြီး ကျန်းမာလာအောင် ဆွေမျိုးတွေဆီမှာ အကြာကြီး နေခဲ့ရတယ်” ဟုပြောပြသည်။

            မြန်မာစာအဓိက ကျောင်းသူ တစ်ဦးဖြစ်သူ ဥမ္မာသွယ်ကို မတ်လ၁၇ရက်နေ့တွင် လုံထိန်းများပင်မတက္ကသိုလ်အတွင်းရှိ ဆန္ဒပြကျောင်းသားများအား ဝင်ရောက်ဖမ်းဆီးချိန်တွင် သတိလစ်သည်အထိ ရိုက်နှက်ခဲ့ကြသည်။
         “ကျွန်မသတိရလာတော့ ပြူတင်းပေါက်မရှိတဲ့ အခန်းတစ်ခုထဲရောက်နေတာတွေ.ရတယ်။ ဘယ်နေရာဆိုတာ လုံးဝမပြောတတ်ဘူး။ အခန်းထဲမှာ ပုလိပ်၆ယောက်နဲ့ အရာရှိ တစ်ဦးရှိနေပြီး ကျွန်မကို ဘာမေးခွန်းမှ မမေးကြဘူး။ ပြီးတော့ ကျွန်မကို ရေတိုင်ကီရှိတဲ့နေရာတစ်ခုကို မယူသွားပြီး ဝိုင်းမုဒိန်းကျင့်ကြတယ်။ ပထမဆုံးအရာရှိက ကျင့်တယ်။ နောက်တော့ ပုလိပ်တွေက ကျင့်တယ်။ အဲဒီနောက်မှာ ကျွန်မသတိလစ်သွားခဲ့တယ်။ သတိရလာတဲ့အခါ ဆရာဝန်တစ်ယောက်က ကျွန်မကို စမ်းသပ် စစ်ဆေးနေတယ်။ တစ်ခြားကျောင်းသူ အများအပြားလဲ ကျွန်မလိုဘဲ မုဒိန်းကျင့်ခံခဲ့ကြရတယ် ဆိုတာ သိခဲ့ရတယ်။ တစ်ချို့ဆို ကိုယ့်ကိုကိုယ်သတ်သေခဲ့ကြတယ်”

                                           * * *

             ဇွန်လဆန်းစအထိ မတ်လဆန္ဒပြပွဲများ၌ဖြစ်ပွားခဲ့သော ရက်စက်ကြမ်းကြုတ်မှုများအပေါ် ထင်ရှားသည့် မြန်မာလူမျိုး တစ်ဦးတစ်ယောက်မှ မဝေဖန်ခဲ့ကြပေ။ ရန်ကုန်ရှိ သံတမန်အသိုင်းအဝိုင်းတွင် ယင်းကြောက်မက်ဖွယ် သတင်းများသည် လုံးဝမဖြစ်နိုင်ဟု ယူဆနေကြသည်။ မောင်ဖုန်းမော် သေဆုံးမှုကို စုံစမ်းရန် မတ်လတွင် ခန့်အပ်ခဲ့သော စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် အစီရင်ခံစာ ကို မေလ ၆ရက်နေ့တွင် တင်သွင်းခဲ့သည်။ 

                  ထိုအစီရင်ခံစာ၌ မတ်လအတွင်းက ဖြစ်ပျက်ခဲ့သော အရေးအခင်းကို အမှန်အတိုင်း မဟုတ်ဘဲ ပြင်ဆင် ဖြည့်စွက်၍ ဖေါ်ပြခဲ့သည်။ ထို အစီရင်ခံစာတွင် ဖြစ်ပျက်ခဲ့ရသော အရေးအခင်း၌ ဆူပူသောင်းကျန်းမှုကို ဖန်တီးလိုသော ကျောင်းသားအချို့၏ ဖျားယောင်း သွေးဆောင်မှုကြောင့် လမ်းမှားသို့ရောက်နေသောလူငယ်တစ်စုကိုအပြစ်ပုံချထားသည်။ မောင်ဖုန်းမော်နှင့်
 မောင်စိုးနိုင်တို့သည် သေနတ် ဒဏ်ရာ တို့ဖြင့် သေဆုံးခဲ့ကြကြောင်း၊ ဖမ်းဆီး ခံရသူ ၆၂၅ဦး မျှသာ ဖြစ်ပြီး ထောင်ထဲတွင် ၁၄၁ ဦးသာ ကျန်တော့ကြောင်း၊ အထိ အနာဆုံး ခံရသူများမှာ လုံထိန်းများ ဖြစ်ကြောင်း၊ ဆူပူလိုသော ကျောင်းသားများ၏ အုတ်ခဲ ဒဏ်များကြောင့် ပုလိပ် ၂၈ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း စသည်ဖြင့် အစီရင်ခံထားသည်။ စုံစမ်းစစ်ဆေးရေးကော်မရှင်၏အစီရင်ခံစာသည် ပြည်သူများ၏ တောက်လောင်
နေသော ဒေါသမီးကို ချုပ်ငြိမ်း စေမည့်အစား မီးလောင်ရာ လေပင့်ပေးလိုက် သကဲ့သို့ ဖြစ်နေပေတော့သည်။ နိုင်ငံ၏ တရားရေးရာဋ္ဌာနအပေါ် ပြည်သူများ၏ ယုံကြည် ကိုးစားမှု အကြွင်းအကျန်တို့သည် လေနှင့်အတူ ပျောက်ကွယ် သွားလေတော့သည်။

               တာဝန်မှ ထုတ်ပယ်ခြင်းခံခဲ့ရသူ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီးသည်၁၉၈၇ခုနှစ် ဇူလိုင်လ အတွင်းက မြန်မာပြည်၏ စီးပွားရေးပြဿနာဆိုးများအကြောင်း ရေးသားခဲ့သော အိပ်ဖွင့်ပေးစာ တစ်စောင်ကို ဦးနေဝင်းထံ ပို့ခဲ့သည်။ ၁၉၈၈ခုနှစ် ဇွန်လ၈ရက်နေ့တွင် အိုမင်းလှပြီဖြစ်သော်လည်း အာဏာကို လုံးဝ ချုပ်ကိုင်ထားနိုင်သေးသော ဦးနေဝင်းထံသို့ အိပ်ဖွင့်ပေးစာ တစ်စောင်ကို ထပ်မံ၍ ရေးသား ပေးပို့ခဲ့ပြန်သည်။ ထိုအိတ်ဖွင့်ပေးစာကို ရန်ကုန်မြို့တွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေကြပြီး အထက်မြန်မာပြည်သို့လည်း အတော်များများ ပေးပို့ခဲ့ကြသည်။ အရေးပါ အရာရောက်သော ပုဂ္ဂိုလ်ကြီး တစ်ဦးက လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပထမဆုံးအကြိမ် ဆန့်ကျင် ပြောကြားလိုက်ခြင်းပင် ဖြစ်သည်။ သူသည် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကို ယတိပြတ် ပယ်ချလိုက်သည်။ 

                    ဤသို့သော အစီရင်ခံစာမျိုးကို ထုတ်ပြန်ခြင်းသည် အစိုးရအနေနှင့် မပြုလုပ်သင့်သည်ကို ပြုလုပ်ခြင်းပင် ဖြစ်သည်ဟု ရေးသားခဲ့သည်။ သူသည် မတ်လ ၁၆ရက်နေ့တွင် ဖြစ်ပွားခဲ့သော တံတားဖြူ အရေးအခင်းကို အားမာန်သွင်း၍ ဖေါ်ပြခဲ့သည်။ ပုလိပ်များ၏ အစီအစဉ်မှာ အင်းလျားကန်ဘောင်တွင် ကျောင်းသားများကို ချောင်ပိတ်ပြီး အသေရိုက်သတ်ရန် ဖြစ်သည်။ တက္ကသိုလ်မှ ဆရာများသည် “ခေါင်းကို ရိုက်ခွဲ၊ အားနဲ့ရိုက်၊ ခေါင်းများများ ခွဲနိုင်သူကို ဆုချမယ်” စသော အမိန့်စကားများ ကိုကြားခဲ့ရသည်ဟုဆိုသည်။ လုံထိန်းများသည် ဆန္ဒပြကျောင်းသားများအား ဆဲဆိုကြိမ်းမောင်းပြီး ကျောင်းသူများကို ရိုက်နှက်ကာ မုဒိန်းကျင့်ခဲ့ကြသည်။ မိန်းကလေးများမှာ ရှက်လွန်းလှပြီး မည်သူ့ကိုမှ မပြောရဲခဲ့ကြပေ။ တစ်ချို့မှာ လေးငါးရက်မျှ ကြောင်တောင်တောင် ဖြစ်နေခဲ့ကြသည်။ တစ်ချို့မှာ မည်သည့် အကြောင်းပြချက်မှ မပေးဘဲ သီလရှင်ဝတ်ခွင့်ပြုရန် မိဘများအား ငိုယိုပြီး တောင်းပန်လာကြသည်။

              မတ်လအတွင်း ပြည်သူ ၂၈၂ဦး ကို သုတ်သင်သတ်ဖြတ်ခဲ့သည်ဟု ဦးအောင်ကြီးက ခန့်မှန်း တွက်ချက်ခဲ့လေသည်။ တံတားဖြူတွင် လူများစွာ သေဆုံးခဲ့ကြပြီး ၁၈ရက် နေ့တွင် အဖမ်းခံခဲ့ ရသူများအနက် အများစုမှာ အိန္ဒိယနွယ်ဖွား မူဆလင်များ ဖြစ်ကြသည်။ ထိုမူဆလင်များမှာ အင်းစိန်ထောင်ထဲတွင် အရိုက်ခံရပြီး သေဆုံးခဲ့ကြရသည်။ မူဆလင် အလောင်း များအား အစ္စလာမ် ဥပဒေများနှင့် ယုံကြည်ချက် များကို ချိုးဖောက်ပြီး အာဏာပိုင်တို့က မီးသဂြိုလ် လိုက်ကြကြောင်း ၎င်းတို့၏ မိဘဆွေမျိုးများ ကြားသိ ခဲ့ရသည့်အခါ၌ အခြေအတင် ပြဿနာများ ပေါ်ပေါက် လာတော့သည်။

           ဦးအောင်ကြီးသည် ၁၉၈၇ခုနှစ် သြဂုတ်လနှင့် ၁၉၈၈ခုနှစ် ဇွန်လ ၈ ရက်နေ့ အတောအတွင်းတွင် တိုင်းပြည်၏ ယိုယွင်းမှုများကို ဦးနေဝင်း အာရုံစိုက်လာစေရန် အခွင့်အခါ ကြုံကြိုက်တိုင်း အကြိမ်ကြိမ် ကြိုးစားခဲ့သည်။ သူ၏ ပထမစာသည် ၁၉၈၇ခုနှစ် သြဂုတ်လတွင် အပြောင်းအလဲ ပြုလုပ်လာရန် နေဝင်းအား ဆွဲဆောင်နိုင်ခဲ့သည်ဟု ယုံကြည်ကြခြင်းကြောင့် ဂျပန်ပြည်မှ အထူး ကိုယ်စားလှယ် နှစ်ဦးဖြစ်သူ ဟီတိုရှိရှီဇာဝါနှင့် ယီနိုစုကေဟာရာ တို့က ချဉ်းကပ်ခဲ့ကြသည်။ ဦးအောင်ကြီးသည် မတ်လ ၇ရက် နေ့တွင် ဦးနေဝင်းထံရေးသားခဲ့သောစာ၌ ထိုပုဂ္ဂိုလ်နှစ်ဦးသည် ဂျပန်ပြည်၏ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်သော ကီအီချီမီယာဇာဝါက စေလွှတ်လိုက် သူများဖြစ်ကြောင်း ဖေါ်ပြခဲ့သည်။ ထိုဂျပန်နှစ်ဦးက သူ့အား အောက်ပါအတိုင်း ပြောပြခဲ့သည်ဟု ဆို၏။

          “ဂျပန်ပြည်သည် မြန်မာပြည်အား စီးပွားရေးအကူအညီ၊ အတတ်ပညာဆိုင်ရာ အကူအညီများ နှစ်ပေါင်းများစွာ ပေးလာခဲ့သော်လည်း မည်သည့်ကဏ္ဍပိုင်းတွင်မှ အောင်မြင်မှု မရှိခဲ့သောကြောင့် လက်ရှိမြန်မာအစိုးရအပေါ် အယုံအကြည်ကင်းမဲ့လာပြီး ဦးနေဝင်းကသာ သူ၏ အပေါင်းပါ တစ်ဖွဲ့လုံးကို မပြောင်းလဲ ပေးပါမူ အကူအညီများကို ဖြတ်တောက်ရန် ဆုံးဖြတ်ထားကြောင်း၊ ကျွန်တော်သည် သာလျှင် အကြောင်းမှန်များကို ဗိုလ်ချုပ်ကြီးထံ သတင်းပေး မည့်သူဖြစ်၍ ဤသတင်းကို ဗိုလ်ချုပ်ကြီးအား ပြောပြရန် ဂျပန်နှစ်ဦးက ကျွန်တော်အား ပန်ကြားခဲ့ခြင်း ဖြစ်ကြောင်း” စသည်ဖြင့် ရေးသားထားသည်။ 

                          ဦးနေဝင်းက ပေးစာများ လက်ခံရရှိကြောင်း၊ တစ်ခါမှ မပြောသော်လည်း ဦးအောင်ကြီးသည် ဆက်ရေးမြဲ ဆက်ရေးနေခဲ့သည်။ မေလ ၉ ရက် နေ့တွင် စာမျက်နှာ ၄၀ပါသည့် ရင်ဖွင့်ချက်များတွင် ဒုတိယကမ္ဘာစစ် ကာလမှ စ၍ မြန်မာနိုင်ငံ၏ နိုင်ငံရေး သမိုင်းများနှင့် ယင်းသမိုင်းစဉ်၌ သူနှင့် ဦးနေဝင်းတို့၏ အခန်းကဏ္ဍများကို ယှဉ်တွဲ၍ အချက် ကျကျ ဖော်ပြထားသည်။ သူက အဓိက စီးပွားရေး စီမံကိန်းကြီးများကို ပစ်ပစ်ခါခါ ဝေဖန်သည့်တိုင် မအောင်မြင်မှု များသည် ဆိုးဝါးသော အကြံပေးမှုများကြောင့် ဖြစ်ကြောင်း ထောက်ပြထားသည်။ ထိုစာတမ်းများ၏ ဆိုလိုရင်း အချက်မှာ မြန်မာပြည်တွင် အစစအရာရာ မှားယွင်းခဲ့ရခြင်းမှာ ဦးနေဝင်းက သူ့(အောင်ကြီး) စကားကို နားမထောင်ဘဲ သူ၏ပြိုင်ဖက်များဖြစ်သော ဦးတင်ဖေ၊ ဦးဘငြိမ်းနှင့် ဦးသိန်းဖေမြင့်တို့၏ စကားများ ကိုသာ နားထောင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

                          ထို့ကြောင့် ယနေ့အခါတွင် မြန်မာပြည် ခေတ်နောက်ကျ ကျန်နေခဲ့ပြီး ဆင်းရဲနွမ်းပါးလှသည့် အိမ်နီးနားခြင်း အယ်လ်ဒီစီနိုင်ငံ တစ်ခုထက်ပင် အလွန် အဆင့်နိမ့်ကျနေခဲ့ကြောင်းဖြင့် “ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံချင်းအတူတူ မနေ့ တစ်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတကြီးလာရောက် လည်ပတ်စဉ် ပြသခဲ့သည့် ဘင်္ဂလားဒေ့ရှ်အကြောင်း ရုပ်မြင်သံကြား အစီအစဉ်တစ်ခုတွင် အထည်အလိပ် စက်ရုံကြီးတွေ ၅၀ကျော်လည်ပြီး နိုင်ငံခြားကို အထည်တွေ ချုပ်ပို့နေပြီ။ ဂုံလျှော်စက်ရုံတွေ တစ်ရာကျော် နှစ်ရာကျော် လောက်ရှိမယ် ထင်တယ်။ စက်ရုံခေါင်းတိုင်မှ မီးခိုး တလူလူနဲ့ ရေနံချက် စက်ရုံကလည်း ပစ္စည်းတွေ၊ ဓါတ်မြေသြဇာတွေ ထုတ်လုပ်နေသည်ကို မျက်ဝါးထင်ထင်တွေ့ရသည်။ မြန်မာပြည်တွင် သံပရာကန် ရေနံချက်စက်ရုံကြီး စမ်းသပ် လည်ပတ်နိုင်သည့် အဆင့်တောင်မရှိ။ ကုန်လိုက် သည့်ငွေ သောက်သောက်လဲ။ ချောက် ရေနံချက် စက်ရုံ ရပ်ထားရသည်” ဟူ၍ ဖေါ်ပြခဲ့သည်။

                    ၁၉၆၃ခုတွင် သူ့အားရာထူးမှ ထုတ်ပယ်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ဦးအောင်ကြီးက ဖေါ်ပြခဲ့သည်မှာ---“အာဏာပိုင်များသည် တစ်စုံတစ်ရာသော ကွာဟမှု မမှန်ကန်မှု များကို ဖေါ်ထုတ်နိုင်ရန်အရာရာကို အမြစ်ပြုတ် မြေလှန် ပြောင်းလဲ ပြောင်းပြန် ပြုလုပ်ခဲ့ကြသည်။ ကျွန်တော် အိမ်ဝင်းအတွင်းသို့ ဘိန်းပစ်ပြီး အမှုမဆင်သည်ကိုပင် ကျွန်တော်က ကျေးဇူးတင်ရပါသေးသည်”
ဆန့်ကျင်ဖက် နိုင်ငံရေးပုဂ္ဂိုလ်များ အားလုံးကို ဘိန်းကုန်ကူးမှု ၌ ပါဝင်ပတ်သက် သူများဟု စွပ်စွဲခြင်းမှာ မြန်မာပြည်မှ စစ်အုပ်ချုပ်ရေးသမားများ မကြာခဏ အသုံးပြုတတ်သော ပရိယာယ် တစ်ခုပင် ဖြစ်သည်။

                     သို့သော် နေဝင်းကိုမူ မည်သို့မှ ဝေဖန်ပြောဆိုခြင်း မရှိခဲ့ပေ။ “ဗဟန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးတစ်ဦး” ဟု ပြင်းပြင်းထန်ထန် ဝေဖန်ထားခြင်းခံရသူမှာ သမ္မတကြီးဦးစန်းယု ဖြစ်ကြောင်းသိသာထင်ရှားလှသည်။ ဇွန်လ ၈ရက်နေ့တွင် သေကျေပျက်စီးမှုများကို ပြင်းပြင်းထန်ထန် ဝေဖန်ထားသော်လည်း ဦးအောင်ကြီးသည် ဦးနေဝင်းအား “ကျွန်တော် ပန်ကြားပါရစေခင်ဗျား။ ဒီအရှုပ်အထွေးထဲမှာ မပါဝင်မိပါစေနဲ့ ခင်ဗျား။ ဝင်ပါခဲ့ရင် ဗိုလ်ချုပ်ကြီး နောင်တရ ရမှာ ဖြစ်ပါတယ်။ ဒီ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ အတွက် သမိုင်းမှာ အမည်းစက်ကြီး ထင်ကျန်ခဲ့မှာ ဖြစ်တယ်။ တစ်ကယ်တော့ ဒီအရှုပ်တွေထဲမှာ ဗိုလ်ချုပ်ကြီး မပါဝင်ပါဖူးခင်ဗျာ” ဟူ၍ ဂရုတစိုက် ရေးသားခဲ့သည်။

               ဦးအောင်ကြီး၏ စာကို ဆန်းစစ်ပါမူ အဓိကတရားခံမျာ မဆလပါတီ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးစိန်လွင်ဖြစ်သည်။ သူသည် အခြေခံ ဥပဒေကို ချိုးဖောက်ပြီး ကာကွယ်ရေးဝန်ကြီး ဦးကျော်ထင်အား အသိမပေးဘဲ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမောင်အား ဖားအံမြို့ရှိတပ်မ ၄၄ကို ခေါ်ယူရန် တိုက်ရိုက် အမိန့်ပေးခဲ့သည်။ ဤသည်မှာ ဦးနေဝင်း မည်သည့်လမ်းကို ရွေးသင့်ကြောင်း ဦးအောင်ကြီးကအရိပ်အမြွက် ပြလိုက်ခြင်းပင် ဖြစ်သည်ဟုထင်မြင်ရသည်။ ယေဘုယျအားဖြင့် ဦးကျော်ထင်ကို နိုင်ငံရေးအယူ မသည်းသူ အဖြစ် လက်ခံကြပြီး ဦးစိန်လွင်နှင့်သူ၏တပည့် ဗိုလ်ချုပ်ကြီးစောမောင်တို့ကိုမူ တယူသန် သမားများဟု ယူဆကြသည်။

                                    ******************

                         တိုင်းပြည်တွင်း ဖြစ်ပေါ်နေသော အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှု ကြီးတွင် ဦးအောင်ကြီးသည် အခြေအနေ မပေး၍ ခေါင်းဆောင် ဖြစ်မလာသော်လည်း သူ့စာများ၏ အကျိုးသက်ရောက်မှုမှာ ကြီးမားလှသည်။ ကျောင်းသားများ ပို၍ စိတ်အေးလာကြသည်။ အစိုးရက လွယ်လင့်တကူ ဖမ်းဆီးပြီး အင်းစိန်ထောင်သို့ ပို့ကာ ညှဉ်းပမ်း နှိပ်စက်ခြင်း၊ အကျဉ်းချ ခုံရုံးတင် သတ်ပစ်ခြင်းတို့ မပြုလုပ်နိုင်သော ပုဂ္ဂိုလ်တစ်ဦး၏ ကျောထောက်နောက်ခံကို သူတို့ ရရှိခဲ့ပေပြီ။

                နိုင်ငံတကာ ဆက်ဆံရေး ကျောင်းသားတစ်ဦးဖြစ်သူ အသက်၂၄နှစ်ရှိ မောင်ဝင်းမိုးက “ဦးအောင်ကြီးရဲ့ စာတွေဟာ ကျွန်တော်တို့ စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့တယ်။ သူ့စာကြောင့် ကျွန်တော်တို့ ပိုရဲလာကြတယ်။ နောက်မကြာခင်မှာ ကျွန်တော်တို့ဟာ စာတမ်းတွေရေး၊ ပိုစတာတွေ ကပ်နဲ့ အလုပ်များလာကြတယ်။ ကျောင်းထဲမျာ လျှို့ဝှက် အသင်းအဖွဲ့တွေ ဖွဲ့လာကြတယ်။ ဒါပေမဲ့ အချိတ်အဆက် သေချာ မမိခဲ့ကြဖူး။ ကျွန်တော်တို့ အားလုံးဟာ စစ်ထောက်လှမ်းရေးတွေကို ကြောက်နေကြရတယ်။ ရန်ကုန်တက္ကသိုလ်(ပင်မ) အပန်းဖြေရိပ်သာရှေ့မှာ လူတွေက တဝဲလည်လည်နဲ့ တစ်ခုခု ဖြစ်လာမလားဆိုပြီး စိုးရိမ်ခဲ့ကြတယ်” ဟု ပြန်ပြောပြသည်။

                တစ်ချို့ ကျောင်းသားများက မတ်လတွင် သေဆုံးခဲ့သော ကျောင်းသားကျောင်းသူများအတွက် အထိမ်းအမှတ် အခမ်းအနားတစ်ခု ဇွန်လ ၁၃ ရက် နေ့တွင် ပြုလုပ်ရန် စီစဉ်ခဲ့ကြသော်လည်း
မဖြစ်မြောက်ခဲ့ပေ။ မတ်လတွင် ဖြစ်ပွားခဲ့သော တံတားဖြူ အရေးအခင်း၏ တုန်လှုပ် ခြောက်ခြားဖွယ်ရာများကို ပြန်လည် မြင်ယောင်နေကြသေးသော ကျောင်းသား များစွာတို့မှာ တွန့်ဆုတ် နေကြသေးသည်။ သို့သော် ဇွန်လ ၁၄ရက်နေ့ တက္ကသိုလ်အပန်းဖြေရိပ်သာရှေ.၌မငြိမ်မသက် ဖြစ်နေကြသော ကျောင်းသားထုရှေ့တွင် လက်ကိုင်ပုဝါကို မျက်နှာဖုံးအဖြစ် စည်းထားသော ကျောင်းသားတစ်ဦးသည် ရုတ်ချည်း မတ်တပ်ရပ်လိုက်ကာ “မနက်ဖြန်ဆန္ဒပြပွဲရှိတယ်” ဟု ကြေညာ လိုက်သည်။ လျှို့ဝှက်ထူးဆန်းစွာ ရုတ်တရက်ပေါ်လာပြီး ထို လှုံ့ဆော်သူသည် အလျင်အမြန် ချက်ချင်းပင် ပျောက်ကွယ် သွားခဲ့သည်။ သို့သော်ဤသတင်းမှာ ပြန့်နှံ့သွားခဲ့ပြီး စိတ်ဓာတ် ပိုမိုမြင့်မား လာခဲ့သည်။

                     ဇွန်လ၁၅ရက်(ဗုဒ္ဓဟူးနေ့) တွင် မကြုံစဖူး များပြားလှသော လူအုပ်ကြီးသည် အပန်းဖြေရိပ်သာနှင့် စာကြည့်တိုက် အကြားတွင် စုရုံး နေကြသည်။ တက်ကြွနေသော ကျောင်းသားအချို့သည် စားပွဲခုံများ၊ ကုလားထိုင်များဖြင့် စင်မြင့်တစ်ခု ဆောက်လုပ်လိုက်ကြသည်။ ထိုစင်မြင့်ပေါ်သို့ လက်ကိုင်ပုဝါ မျက်နှာဖုံးပါသူ တစ်ဦးပြီးတစ်ဦး တက်ရောက် ဟောပြောကြတော့သည်။ ရုပ်ဖျက်ထားသော်လည်း မတ်လ အရေးအခင်းတွင် ခေါင်းဆောင်တစ်ဦးဖြစ်သူ မောင်မောင်ကျော်အား ကျောင်းသား အချို့ သတိပြုမိ ကြသည်။ သူသည် အစိုးရ၏ ရက်စက် ကြမ်းကြုတ်မှု တို့ကို ရှုတ်ချကာ ဖမ်းဆီးထားသော ကျောင်းသားများအား ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

 ဟောပြောပွဲများကိုနားထောင်အပြီးတွင် ထောင်ပေါင်းများစွာသော ကျောင်းသားများသည် ကျောင်းသားသမဂ္ဂ အဆောက်အဦး ဟောင်းကွင်းပြင်သို့ စီတန်း၍ ချီတက် ခဲ့ကြသည်။ ထိုကျောင်းသား သမဂ္ဂအဆောက်အဦးကို နေဝင်း၏စစ်သားများက ၁၉၆၂ခုဇူလိုင်လ ၈ရက်နေ့ နံနက်စောစော အချိန်တွင် ဒိုင်းနမိုက်ဖြင့် ဖြိုခွဲဖျက်ဆီးပစ် ခဲ့ကြသည်။ ယင်းနံဘေးတွင် ဗိုလ်အောင်ကျော် ကျောက်တိုင် ရှိနေသည်။ ဗိုလ်အောင်ကျော်မှာ ၁၉၃၈ခု အုံကြွမှုများတွင် ဗြိတိသျှတို့ လက်ချက်ကြောင့် သေဆုံးခဲ့ရ၍ မြန့်မာ့သမိုင်းတွင် ထင်ရှားစွာ မှတ်ကျောက်တင်ခြင်း ခံရသော ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သည်။ ကျောင်းသားများ ခတ္တငြိမ်သက်ပြီး နံပါတ်တစ် ကျောင်းသား ခေါင်းဆောင် ဗိုလ်အောင်ကျော်အား အလေးပြုကြသည်။ယခုနှစ်တွင် ကိုလိုနီ စစ်သားများ၏ လက်ချက်ကြောင့် မဟုတ်ဘဲ မြန်မာ့ပြည်သူ့ တပ်မတော်သားများ လက်ချက်ကြောင့် ကျောင်းသားများ ရာနှင့်ချီ၍ သေဆုံးခဲ့ရခြင်း အတွက် ပိုမို ပူဆွေး ကြေကွဲနေကြသည်။ 

                  တက္ကသိုလ်ဝင်း အတွင်းတွင် ဆန္ဒပြပွဲများ ရက်ပေါင်းများစွာ ဆက်လက် ဖြစ်ပွားနေခဲ့သည်။ ၁၇ရက် နေ့ (သောကြာ)တွင် ယခင် နေ့များထက် များပြားလှသော လူထုကြီးသည် အပန်းဖြေ ရိပ်သာနှင့် စာကြည့်တိုက် အကြားတွင် စုရုံးရောက်ရှိနေခဲ့ကြသည်။ အနီးရှိ ချည်မျှင်နှင့် အထည်စက်ရုံ တစ်ခုမှ အလုပ်သမားများနှင့် ဘုန်းတော်ကြီးများ ကျောင်းဝင်းအတွင်း ဆန္ဒပြပွဲသို့ ပထမဦးဆုံး ရောက်ရှိလာခဲ့သည်။ ကျောင်းသား လှုပ်ရှားမှုများ အပေါ် ပြည်သူတို့၏ စေတနာကို အပေါ်လွင်ဆုံး သက်သေပြ လိုက်သည်မှာ ဟောပြောသူတစ်ဦးက “ရန်ကုန်မြို့နေ လူထုက ကျောင်းသားများကို ထောက်ပံ့ရန် ကျပ်ငွေတစ်သိန်း လှူဒါန်းကြောင်း” ကြေညာလိုက်ခြင်းပင် ဖြစ်သည်။

              တက္ကသိုလ် ကျောင်းသားများနှင့် ပြည်သူလူထုတို့ အကြား အစပိုင်းက ရှိနေသော တင်းမာမှုသည် ယခုအခါ လှိုက်လှဲသော ပြည်သူ့ ထောက်ခံမှု အသွင်သို့ ပြောင်းလာခဲ့သည်။

              ရန်ကုန်မြို့မှ အထက်တန်း ကျောင်းသူ ကျောင်းသားများလည်း တက္ကသိုလ် အပန်းဖြေ ရိပ်သာရှေ့ရှိ လူထုစည်းဝေးပွဲသို့ စုဝေး ရောက်ရှိလာခဲ့ ကြသည်။ ထိုကျောင်းသားများမှာ အလွန်ငယ်ရွယ်ကြပြီး ဆန္ဒပြသူ အားလုံးအနက် စိတ်ဓာတ် အတက်ကြွဆုံး အခက်ထန်ဆုံးဟု ဆိုရချေမည်။ လက်ရှိ စနစ်အောက်တွင် သူတို့အတွက် အနာဂတ်မရှိ သလောက် ဖြစ်နေပေသည်။ တက္ကသိုလ်မှ ဘွဲ့ရပြီး အစုလိုက် အပြုံလိုက် အလုပ် လက်မဲ့ဘဝကို ရင်ဆိုင်ရကာ ကုသိုလ်ကံ အလွန်ကောင်းပါမှ နေ့စား အလုပ်သမားဘဝဖြင့် မိသားစုကို ကူညီနိုင်သော သူတို့၏ အစ်ကိုအစ်မများကို ကြည့်ခြင်းအားဖြင့် သူတို့၏ ရှေ့ရေးကို မှန်းဆနိုင်ကြသည်။

             မတ်လ အတွင်း ကျောင်းသားသမဂ္ဂ တစ်ခုကို ဖွဲ့စည်းနိုင်ခဲ့ကြသော်လည်း ၁၈ရက်နေ့တွင် အစုလိုက် အပြုံလိုက် အဖမ်းခံခဲ့ကြရ၍ သမဂ္ဂပြိုပျက် ခဲ့ရသည်။ ယခုအခါတွင် များစွာသော မြေအောက် အဖွဲ့များလှုပ်ရှားလျက် ရှိနေကြပေပြီ။ ၎င်းတို့သည် တစ်ချိန်တည်း၌ တစ်နေရာစီ လျှို့ဝှက်စွာ ဖွဲ့စည်းခဲ့ကြရသောကြောင့် အမည်များ ကွဲပြား ခြားနားနေပြီး တောင်းဆိုမှုများမှာလည်း အမျိုးမျိုး ဖြစ်နေသည်။ သို့သော် ၎င်းတို့သည် ပြင်ပလေ့လာသူများ ထင်မြင်သကဲ့သို့ အုပ်စုစွဲ၊ ပုဂ္ဂိုလ်စွဲများ မဟုတ်ကြချေ။

                  “ဒါပေမယ့် ဖမ်းထားတဲ့ ကျောင်းသားတွေကို ပြန်လွှတ်ပေးရေး၊ မတ်လ လူသတ်ပွဲမှာ သေဆုံး ခဲ့ကြရတဲ့ ကျောင်းသားများရဲ့ မိသားစုတွေကို လျော်ကြေး ပေးရေးစတဲ့ ကျောင်းသားတွေရဲ့ လိုအပ်ချက်ကိုသာ တောင်းဆိုချင်ကြသူတွေက တစ်ပိုင်း၊ ပြီးတော့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေးတို့ကို တောင်းဆိုချင်တဲ့ အထက်တန်း ကျောင်းသားများ အပါအဝင် ပိုမို နိုင်ငံရေးဆန်သူတွေက တစ်ပိုင်းဆိုပြီး အုပ်စုနှစ်စု ကွဲနေတယ်။ 

                       “ကျွန်တော့် အနေနဲ့ကတော့ ပထမအမြင်ကို ထောက်ခံတယ်။ ဒီအချိန်မှာ လေကြီးမိုးကြီး နိုင်ငံရေး တောင်းဆိုချက်တွေ  တောင်းဖို့အချိန် မကျသေးဖူးလို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ အရင်က ဆေး တက္ကသိုလ်မှာ ကျောင်းထုတ်ခံရတဲ့  ကျောင်းသား ၄ယောက်ကို ကျောင်းပြန် ဝင်ခွင့် ရရေးအတွက် ဆန္ဒပြ တောင်းဆိုခဲ့ကြတာ အောင်မြင်မှု ရခဲ့သလို ဒီတစ်ခါလည်း ခုနက ပြောခဲ့တဲ့ အခြေခံ တောင်းဆိုချက်တွေကို အစိုးရက လိုက်လျောအောင် ဖိအားပေးနိုင်ခဲ့ရင် ကျွန်တော်တို့ ကျောင်းသားတွေရဲ့ ဓါးဟာ အသွားထက်ပါတယ် ဆိုတာ ပြည်သူတွေ ယုံကြည်လာပါလိမ့်မယ်။ ပြီးတော့ မကြာခင်မှာ နိုင်ငံရေး တောင်းဆိုချက်တွေကိုလည်း အလွယ်တကူ တောင်းဆို လာနိုင်ပါမယ်” ဟု ဝင်းမိုးက ပြောပြသည်။

                 ယခုတစ်ကြိမ်တွင်လည်း အစိုးရသည် မပြေမလည် လုပ်ဆောင်ချက်များဖြင့် ကျောင်းသားများ၏ လှုပ်ရှားမှုကို အရှိန်ပြင်းအောင် မီးစာထိုးပေးခဲ့သည်။ ၂၀ရက်နေ့တွင် မြန်မာ့အသံမှ ရန်ကုန် တက္ကသိုလ် လက်အောက်ရှိ တက္ကသိုလ် ၄ခုစလုံးကို ပိတ်လိုက်ကြောင်းကြေညာလိုက်သည်။ သို့သော်လည်း လှုပ်ရှားမှုသည် ဆေး တက္ကသိုလ်(၁)သို့ ပြန့်နှံ့သွားခဲ့ပြီဖြစ်သည်။ ဆေး(၁)၏ အဓိကကျောင်းဝင်းမှာ ရန်ကုန်ဆေးရုံကြီးအနီး မြို့လယ်၌တည်ရှိပြီး၊ ပထမနှစ်နှင့် ဒုတိယနှစ် သင်တန်းဋ္ဌာနများမှာ မြန်မာ့အသံနှင့် မျက်နှာချင်းဆိုင် ပြည်လမ်းမတွင် တည်ရှိသည်။ ဤသို့ဖြင့် ကျောင်းသားများသည် လက်တွေ.ကျကျပင် သူတို့၏ လူထု စည်းဝေးပွဲများကို ပြည်လမ်း ကျောင်းဝင်းသို့ ပြောင်းရွှေ့ ကျင်းပ လာခဲ့ကြသည်။ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် မှ ကျောင်းသားများ လည်း ပါဝင် လာခဲ့ကြသည်။ လှုပ်ရှားမှုမှာ ကြီးသထက် ကြီးလာပြီး အရှိန်အဟုန် မြင့်မားလာသည်။

                  “၂၁ရက် နေ့က ပြည်လမ်း ကျောင်းဝင်းမှာ ကျွန်တော်တို့ လူထု စည်းဝေးပွဲကြီး တစ်ခု လုပ်ကြတယ်။ လူတွေက ထောင်နဲ့ချီလို့ဘဲ။ ရုတ်တရက် ကျောင်းသားတစ်ယောက်က ရန်ကုန်မြို့လယ်မှာရှိတဲ့ ဆေး တက္ကသိုလ်(၁)ကို ချီတက်ဖို့ အကြံပြုလာတယ်။ ဟိုမှာလည်း စည်းဝေးပွဲကြီးတစ်ခု လုပ်နေကြတာကိုး။ ဒါနဲ့ ကျွန်တော်တို့ မွန်းလွဲ ၁နာရီမှာ ထောင်နဲ့ ချီတဲ့ ကျောင်းသားတွေ ခွပ်ဒေါင်း ကျောင်းသား သမဂ္ဂ အောင်လံ ကိုင်ပြီး စတင် ချီတက်ကြတယ်။ ကျောင်းသား တစ်ယောက်က ဆရာများရုံးခန်းကို ဝင်ပြီး နံရံမှာ ချိတ်ထားတဲ့ ဗိုလ်ချုပ် အောင်ဆန်း၊ ဦးနေဝင်း၊ ဦးစန်းယု ဓါတ်ပုံ၃ပုံ အနက် ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံကို ယူလာပြီး ဆန္ဒပြပွဲရှေ့တန်းက ကိုင်ပြီး ချီတက်လာကြတယ်” ဟု ဆေးကျောင်းသား တစ်ဦးဖြစ်သူ စိုးဝင်းက ပြောပြသည်။

            လူတန်းရှည်ကြီးသည်သစ်ပင်ရိပ်များစီတန်းနေသည့် ပြည်လမ်းမကြီး
တစ်လျှောက် “အကြမ်းမဖက်နဲ့” “ငြိမ်းချမ်းစွာဆန္ဒပြကြ” စသည်ဖြင့် အသက်ငယ် သော်လည်း စိတ်အား ထက်သန်ပုံရသော စည်းရုံးရေး သမားများက အော်ဟစ် ကွပ်ကဲကာ စည်းကမ်း တကျ ချီတက်လာကြသည်။ အများစုမှာ တက္ကသိုလ် ကျောင်းသားများ ဖြစ်ပြီး အချို့မှာ ဆယ်ကျော်သက်ရွယ် ကလေးငယ်များ ဖြစ်ကြသည်။

               ရုတ်တရက် လမ်းမ၏ ညာဘက်သို့ ကြည့်လိုက်သည့် အခါတွင် စစ်သားများ နေရာယူထားသည်ကို တွေ.ရသည်။ ဘရင်းကယ်ရီယာကား များကို မြန်မာ့အသံအနီး၌၎င်း၊ နာမည်ဆိုးဝါးလှသော ကြံတောသင်္ချိုင်းမှ ခဲတစ်ပစ်မျှသာဝေးသည့် ဟံသာဝတီအဝိုင်းတွင်၎င်း နေရာယူထားကြပြီး၊ ၎င်းတို့၏ စက်သေနတ်ပြောင်းမှာ ဆန္ဒပြလူတန်းကြီးအား  ချိန်ရွယ်ထားကြသည်။ ထို နေရာမှ ကျော်လွန်သောအခါ ကျောင်းသားများ၏ ရှေ့ဆက် ရမည့်ခရီးကို သံဆူးကြိုးများဖြင့် ကာဆီးကာ လမ်းပိတ်ထားသည်။ စစ်သားများနှင့် လုံထိန်းများ ကလည်း ရိုင်ဖယ်သေနတ် ကိုယ်စီ နံပါတ်တုတ် ကိုယ်စီဖြင့် အသင့် စောင့်ဆိုင်းနေကြသည်။

              “အစကတော့ တံတားဖြူအတိုင်းဘဲ ထပ်ပြီး အပစ်ခံရတော့မယ်လို့ ကျွန်တော်တို့ တွက်လိုက်တယ်။ ဒါပေမယ့် ကံကောင်းချင်တော့ ကျွန်တော်တို့ရောက်နေတဲ့နေရာက မြေနီကုန်းဈေးနားမှာ ဖြစ်တယ်။ အဲဒီ နေရာမှာ အိမ်ကလေးတွေနဲ့ နောက်ဖေး လမ်းကြားလေးတွေ အများကြီးရှိတယ်။ သူတို့ စပြီး မပစ်ခင် ကျွန်တော်တို့ ခြေဦးတည့်ရာ ပြေးကြတော့တာဘဲ။ အနားမှာရှိတဲ့ လူတွေကလည်း သူတို့ အိမ်ထဲမှာ ကျွန်တော်တို့ကို ဝှက်ထားပေးကြတယ်” ဟုဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ စိုးဝင်းက ပြောပြသည်။

                     စစ်သား အပြည့် တင်ဆောင် လာသည့် စစ်လော်ရီကား တစ်စီး ထိုးဆိုက်လာသည်။ သူတို့က ပစ်ခတ်ခဲ့ သော်လည်း သေနတ်ဒဏ်ရာဖြင့် ထိခိုက် သူမရှိခဲ့ချေ။ သို့သော်လည်း ၁၃နှစ် အရွယ်ရှိ အထက်တန်း ကျောင်းသားနှစ်ဦးကို စစ်လော်ရီကားက ဝင်တိုက်ခဲ့သဖြင့် တစ်ဦးမှ နေရာတွင်ပင် သေဆုံးသွားပြီး ကျန်တစ်ဦးမှာ သေလောက်သည့် ဒဏ်ရာ ရရှိခဲ့သည်။ ဤတွင် အနီးတဝိုက်ရှိ အိမ်များမှ ဒေါသထွက်နေကြသော လူများထွက်လာပြီး ခဲများ၊ အုတ်ပိုင်းကျိုးများဖြင့် စစ်သားများနှင့် လုံထိန်းများကို ပစ်ပေါက်ကြတော့သည်။ မည်သည့်နေရာမှ လာမှန်းမသိသော သွယ်တန်းသည့် ဆူးချွန် တစ်ခုသည် လေထဲ၌ ဝှီးကနဲဖြတ်သန်းလာပြီး လုံထိန်းတစ်ဦးကို ထိမှန်ရာ မြေကြီးပေါ် လဲကျ သွားသည်။ သူသည် ဂျင်ဂလိဖြင့် အပစ် ခံခဲ့ရခြင်းဖြစ်သည်။ ဂျင်ဂလိမှာ စက်ဘီး စပုတ်တိုင်ဖြင့် လုပ်ထားသောအသွားချွန်သည့် မျှားတံဖြစ်ပြီး လောက်လေးခွဖြင့် ပစ်ခတ်ရသည်။ ထို့နောက် ဂျင်ဂလိ တစ်ခုပြီးတစ်ခု ကျလာတော့သည်။ တစ်ချို့မှာ သေးသွယ်လှပြီး ထီးရိုးတို့ဖြင့် ပြုလုပ်ထားသည်။ ဂျင်ဂလိမှာ မျှားဦးကို နောက်ချီးတို့ဖြင့် လူးထားပြီးအနောက်ပိုင်းတွင် လိုရာသို့ပစ်နိုင်ရန် ကြက်တောင်မွှေး တပ်ထားသော သေစေ နိုင်သည့် အဆိပ်ပြင်းသည့် အရာတစ်ခုဖြစ်သည်။ 

                        လူထူထပ်သော မြေနီကုန်းဈေး ပတ်ဝန်းကျင်ရှိ အိမ်များ၊ လမ်းများကြားတွင် စစ်သားများလုံထိန်းများသည် မျက်စိလည် လမ်းမှား ကြတော့သည်။ ဤတွင် သူတို့သည် ဗရမ်းဗတာ ဆုတ်ခွာကြကာ သေဆုံးသူ ရဲဘော်များနှင့် ဒဏ်ရာရ ရဲဘော် များကို ဆွဲငင် သယ်ဆောင်သွားကြသည်။

                    ထိုအချိန်၌ ဆန္ဒပြသူ အချို့သည် အနီးရှိ စင်္ကာပူ သံရုံးဝင်း တွင်းသို့ ပြေးဝင်ခိုလှုံခဲ့ကြသည်။ သော့ခတ်ထားသော ဂိတ်အပြင်ဘက်မှနေ၍ လုံထိန်းများသည် သံရုံးကို ခဲဖြင့်ပေါက်ကြသည်။ သံရုံးနောက်ဖေး  လမ်းကြားတွင်လည်း သေနတ်သံများ ဆူညံနေသည်။ ယင်းလမ်းပေါ် တိုက်ပွဲမှာ တစ်ဖက်သတ် တိုက်ပွဲ မဟုတ်ချေ။ ကျောင်းသားသမဂ္ဂ အောင်လံကို ကိုင်ဆောင်ထားသော ကျောင်းသူ တစ်ဦးအား အနီးရှိ ရဲစခန်းအတွင်းသို့ ဆွဲသွင်းသွားကြသည်။ ဤတွင် စခန်းကို လူအုပ်ကြီးက မုန်တိုင်းသဖွယ်ဝင်စီးကာ ထိုကျောင်းသူအား ကယ်တင်ခဲ့ကြသည်။ ဤအရေးအခင်းကို အစိုးရသတင်းဋ္ဌာနက ရဲစခန်းအားမီးရှို့ရန်ကြံစည်ကြိုးစားမှုအဖြစ် ဖေါ်ပြခဲ့ကြသည်။ ဒေါသထွက်နေကြသော အရပ်သားများသည် တွေ.သမျှလုံထိန်းများအား ခဲနှင့်ပေါက် ဂျင်ဂလိနှင့် ပစ်ကြရာ လုံထိန်း ၁၀ဦး ထက်မနည်း သေဆုံးခဲ့ကြသည်။ လုံထိန်းနှင့် စစ်သားများက သေနတ်ဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရာ အရပ်သား အမြောက်အများ သေဆုံးခဲ့၍ တစ်ချို့မှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြသည်။ သို့သော် ပြည်သူများက ခုခံတိုက်ခိုက်ခဲ့ခြင်းကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ စိတ်ဓါတ်ကျဆင်းခဲ့သည်။

                      မြေနီကုန်းဈေးမှ တိုက်ပွဲသတင်းနှင့် လုံထိန်းများသေဆုံးခြင်းသတင်းတို့သည် ရန်ကုန်တစ်ခွင် ပြန့်နှံ့ခဲ့လေသည်။ ကျောင်းသားများသည် သေဆုံးခဲ့ရသော ငယ်ရွယ်သည့်ဆန္ဒပြ ကျောင်းသူကျောင်းသားများ၏ အလောင်းများအား မာဇဒါဂျစ်ကားခေါင်မိုးပေါ် တင်ကာ ပုလိပ်တို့၏ ရက်စက်ကြမ်းကြုတ်မှုကို အလောင်းသက်သေတည်လျက် မြို.ပတ်မောင်းပြီး ကြွေးကြော်ရှုတ်ချခဲ့ကြသောကြောင့် လူထုဒေါသမီးမှာ ပြင်းသည်ထက်ပြင်းထန်လာခဲ့သည်။ ကမ္ဘာစစ် လက်နက် စာရင်းတွင် အသစ်ဝင်လာသော သေမင်းတမန် ဂျင်ဂလိ လက်ချက်ဖြင့် သေဆုံးကြရသော လုံထိန်းများအပေါ် သနားဂရုဏာ နည်းပါးကြသည်မှာ အံ့သြစရာ မဟုတ်ပေ။ မြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင် လုံထိန်း အလောင်း ၆လောင်းကို တင်ယူလာသော ထရပ်ကားအား သွေးဆူနေသော လူအုပ်ကြီးက မီးရှို့ပစ်လိုက် ကြသည်။ ယင်းလော်ရီကားနှင့် အလောင်းများ မီးဟုန်းဟုန်း တောက်လောင်နေသည်ကို ပွဲကြည့် ပရိတ်သတ်သဖွယ် လူအုပ်ကြီးက သြဘာပေး လက်ခုပ်တီးခဲ့ ကြသည်။ 

                 “ဒီအဖြစ်အပျက်ကို ကျွန်တော် သေသေချာချာမှတ်မိတယ်။ အဖြစ်က ထိတ်လန့်ဖို့ ကောင်းတယ်။ မီးလောင် နေတဲ့ကားက မဲမှောင်နေတဲ့ မီးခိုးတန်းကြီးတလူလူနဲ့ မိုးကို ထိုးတက်နေတာ။ မိုးပေါ် ကြည့်လိုက်တော့ တောဘဲရိုင်း ၂၁ကောင်ကို မျှားပုံသဏ္ဍာန်ဖွဲ့ပြီး  ပျံနေကြတာ ကျွန်တော်တို့ တွေ့ရတယ်။ 

ရန်ကုန်မှာ တောဘဲရိုင်းကို တွေ့ဖို့အရမ်းရှားတယ်။ ပြီးတော့ ရက်လလည်း ဇွန်လ၂၁ရက် ကျွန်တော်တို့က အတိတ်နိမိတ်ကောင်းတယ်လို့  ကောက်ကြပြီး ရှေ.ဆက် ဆန္ဒပြဖို့ သတ္တိ မွေးခဲ့ကြတယ်” ဟု ရန်ကုန်မှ ဆေးကျောင်းသား တစ်ဦးဖြစ်သူ စစ်နိုင်က ပြန်ပြောပြသည်။

              မြေနီကုန်း၌ တိုက်ပွဲဖြစ်နေချိန်တွင် ဆေးတက္ကသိုလ်(၁) လူထုစည်းဝေးပွဲကြီးမှာ ကျင်းပဆဲဖြစ်သည်။ မွန်းလွဲ ၃နာရီခန့်တွင် မြေနီကုန်း ဆန္ဒပြပွဲ၌ ပါဝင်ခဲ့သော အမောဆို့နေသည့် ကျောင်းသားတစ်ဦးသည် ဆေး တက္ကသိုလ်သို့ ရောက်ရှိလာပြီး ထိုသတင်းကို လာပြောပြလေသည်။

            “လုံခြုံရေးတပ်ဖွဲ့တွေ ကျွန်တော်တိှု့ဆီကို လာနေသလားဆိုတာ သတင်းထောက်ဖို့ ကျွန်တော်တို့ ကျောင်းသား ၅ယောက်ကို အဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီး၊ အဖွဲ့၅ဖွဲ့ စေလွတ်လိုက်တယ်။ တစ်ဖွဲ့က လမ်းမှာ တန်ပြန်ထောက်လှမ်းရေးသမား တစ်ယောက်နဲ့ ရင်ဆိုင်ရတယ်။ အဲ့ဒီလူက လမ်းမှာရပ်ပြီး မျက်နှာထားတင်းတင်းနဲ့ ဟိုဟိုဒီဒီ လျှောက်ကြည့်နေတော့ ကျောင်းသားတွေက သူ့ကို အစိုးရ သူလျှိုမှန်းသိလိုက်တယ်” ဟု ယင်းအစည်းအဝေးပွဲ ဖြစ်အောင် ကမကထ လုပ်ပေးသူ တစ်ဦးဖြစ်သော ကိုလင်းက ပြောပြသည်။  ကျောင်းသားများသည် ထိုလူကို ဝိုင်းဖမ်းလိုက်ကြပြီး ပုခုံးပေါ်မှ လွယ်အိတ်ကို လုယူလိုက်ကြသည်။ 

      လွယ်အိတ်ထဲတွင် ထောက်လှမ်းရေး မှတ်ပုံတင်ကဒ်ပြားနှင့်အတူ ခြောက်လုံးပြူးတစ်လက် ကို တွေ့ရသည်။
 ကျောင်းသား တစ်ယောက်က သေနတ်ကို အောင်ပွဲခံ မြှောက်ပြကာ အမည်နှင့်ရာထူးကို အော်ဖတ် ပြနေလေသည်။

“တပ်ကြပ်ကြီးမောင်ပြုံး” 
သာမန်အရပ်သားများပါဝင်သော ဘေးကြည့် ပရိတ်သတ်မှာ ဒေါမာန်ပွားလာ ကြတော့သည်။
“သူ့သေနတ်နဲ့သူ့ ပစ်သတ်လိုက်” ဟုတစ်ယောက်က အော်လိုက်သည်။

               “ဒါပေမဲ့ ကျွန်တော်တို့က ဒါမျိုး လုပ်ချင်ကြတာမှ မဟုတ်ဘဲ။ ဒီနောက်မှာ နောက်ထပ်တစ်ယောက် ဖမ်းမိကြတယ်။ ဒီလူက ခေါင်းဆောင် တစ်ယောက် ဖြစ်နေတယ်။ ကျွန်တော်တို့ စည်းဝေးပွဲကို ထိုးဖောက် သတင်းယူဖို့ ကင်မရာတစ်လုံးနဲ့ လွှတ်လိုက်ကြောင်း သူက ဝန်ခံသည်။ သူ့လွယ်အိတ်ထဲမှာတော့ လက်နက်မတွေ.ရဖူး။ ဒါပေမဲ့ ပြီးခဲ့တဲ့နေ့က ကျွန်တော်တို့ ကျောင်းဝင်းထဲမှာ လုပ်တဲ့ စည်းဝေးပွဲရဲ့ အသေးစိတ်အစီရင်ခံစာ လက်ရေးမူကို တွေ့ရတယ်။ သူ့ကိုစစ်ဆေးရင်းသိရတာက သူတို့လူတွေဟာ မှတ်ရဆက်သွယ်ရ လွယ်ကူအောင် ရှပ်အင်္ကျီ အဖြူနဲ့ လုံချည်ပြာတွေကို ဝတ်ဆင်ထားကြောင်း သိရသည်။ ဒီလိုနဲ့ နောက်ထပ် နှစ်ယောက် ဖမ်းမိတယ်။ ဒါတင်မကဖူး။ ကျွန်တော်တို့ မှားတော့မလို့ နဲနဲဘဲလိုတယ်။ ရေသောက်နေတဲ့ လူငယ်တစ်ဦးက သူတို့လိုဘဲ ဝတ်ထားတာ။ သူ့လွယ်အိတ်ကိုရှာတော့ ရုပ်ရှင် စာအုပ်နှစ်အုပ်က လွဲလို့ ဘာမှ မတွေ့ရဘူး” ဟု ကိုလင်းက ပြောပြသည်။

                 ဖမ်းမိသော ထောက်လှမ်းရေးများကို ဆေးတက္ကသိုလ်မှ ဆရာများလက်ထဲသို့ ပေးအပ်လိုက်ကြသည်။ သို့သော် လူထုကြီးမှာ ဒေါသထွက်မကုန်ဖြစ်နေကြ၏။ တပ်ကြပ်ကြီး မောင်ပြုံးအား ဆေးကျောင်းခန်းမ ထဲသို့အသွင်းတွင် လူတစ်ယောက်က အုတ်ခဲကျိုးတစ်ခုနှင့် ပစ်လိုက်သဖြင့် ဒဏ်ရာအပြင်းအထန် ရရှိသွားသည်။ ထို့နောက် ယင်းစုံထောက် ၄ဦးစလုံးကို ပြန်လွှတ်လိုက်သည်။ ဤသို့လွှတ်လိုက်ခြင်းမှာ အမှားကြီးတစ်ရပ်ဖြစ်ကြောင်း သိလာရသည်။ နောက် သုံးလေးရက် အတွင်းကျောင်းသား ရာပေါင်းများစွာကို ၎င်းတို့၏နေအိမ်များမှ ညတွင်းချင်း ဖမ်းဆီးကာ အင်းစိန်ထောင်နှင့် ရေကြည်အိုင် အကျဉ်းစခန်းများသို့ ခေါ်ဆောင်သွားကြသည်။ ၎င်းတို့၏ အိမ်ရှေ့သို့ စုံထောက်များသည် အမည်စာရင်း အတိအကျ ဓါတ်ပုံသာဓကတို့ဖြင့်ရောက်ရှိလာခဲ့ကြသည်။ ယင်းလုပ်ရပ်မှာ မတ်လမှာကဲ့သို့ လမ်းများပေါ်တွင် မိရာဖမ်းဆွဲခြင်းမျိုး မဟုတ်ဘဲ ကျနသေချာစွာ စည်းဝါးကိုက် စီစဉ်ထားခြင်းဖြစ်သည်။ 

               ၂၁ ရက်နေ့ အဓိကရုဏ်းသည် ညနေပိုင်းတွင် မီးစာကုန်ရေခမ်း ဖြစ်လာခဲ့သည်။ ဇွန်လ ၂၃ရက်နေ့ထုတ်လုပ်သားပြည်သူ့ နေ့စဉ်(အင်္ဂလိပ်) သတင်းစာတွင် ဖေါ်ပြသော အစိုးရ အသေအပျောက်စာရင်းအရ ပြည်သူ့ရဲတပ်ဖွဲ့ဝင် ၆ဦးနှင့် ဆူပူသောင်းကျန်းသူ ၃ဦးသေဆုံးခဲ့ကြသည်။ သံတမန်ရပ်ကွက်မှ ခန့်မှန်းချက်မှာ ယင်းအဓိကရိုဏ်းတွင် ပုလိပ်၂၀နှင့် အရပ်သား အနည်းဆုံး ၈၀သေဆုံးပြီး ၁၀၀အထိ ဖြစ်နိုင်ကြောင်း သိရှိရသည်။ ရန်ကုန်မြို့ရှိ တက္ကသိုလ်နှင့် ကောလိပ်များအားလုံးကို အကန့်အသတ်မရှိ ပိတ်လိုက်ပြီး မြို့တော်တွင် နေဝင်ချိန်မှ နေထွက်ချိန်အထိ အပြင်မထွက်ရ အမိန့်ထုတ်လိုက်သည်။

             ရန်ကုန်မြောက်ဖက် ကီလိုမီတာ ၅၀ဝေးကွာသော ပဲခူးမြို့တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိသည်။ ဇွန်လ ၂၃ရက်တွင် ပုလိပ်နှင့် စစ်သားများသည် ဆန္ဒပြ လူအုပ်ကြီး တစ်စုကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ ပဲခူးမြစ် သံတံတားဟောင်းအနီးတွင် လူ ၇၀ကျော် ပစ်သတ်ခံခဲ့ ကြရသည်။ သေဆုံးသူများအနက် ကျောင်းသားငယ် တစ်ဦးမှာ အလွန်ဆင်းရဲသဖြင့် ဒေသခံ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတစ်ခုက ထောက်ပံ့ကြည့်ရှုထားသူတစ်ဦးဖြစ်သည်။ ယင်းလူငယ်မှာ ထိုမြို့ရှိ ရိုသေလေးစားခြင်း ခံရသော ဝါရင့်ဘုန်းတော်ကြီး တစ်ပါး၏ လက်ထဲ၌ သေနတ်ဒဏ်ရာဖြင့် အသက်ဆုံးသွားခဲ့ရသည်။ ဤဖြစ်ရပ်သည် ပဲခူးမြို့ဒေသ မြို့သူမြို့သားတို့၏ အသည်းနှလုံးကို အလွန်ထိခိုက် စေရာ နိုင်ငံတော် မဆလ အစိုးရကို ရင်ဖွင့်ဆန့်ကျင်သော မြို့တစ်မြို့ ပိုတိုးလာစေခဲ့သည်။

                ရန်ကုန်မြို့တွင် စစ်သွေးစစ်မာန် တက်ကြွနေသော ကျောင်းသားအချို့သည် ညမထွက်ရအမိန့်ကို ဖီဆန်ပြီး ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်သို့ ခိုလှုံခဲ့ကြသည်။ ရွှေတိဂုံရင်ပြင်မှာ ၁၉၂၀-၁၉၃၆ခုနှစ်များက သမိုင်းဝင် ကျောင်းသားသပိတ်တို့၏ ဗဟိုဋ္ဌာနဖြစ်သည်။ သပိတ်စခန်း တစ်ခုကို ထပ်၍ ဖော်ထုတ်ခဲ့ ကြပြန်သည်။ သို့သော် ပုလိပ်များသည် ချက်ချင်းပင် ထိုကျောင်းသား တစ်စုကို လူစုခွဲ စေခဲ့သည်။ ရန်ကုန်မြို့ သည်လည်း ပြန်လည်ငြိမ်သက် သွားခဲ့သည်။ ဤတစ်ကြိမ် တွင်လည်း ဦးစိန်လွင်အား လှုပ်ရှားမှုကို ချေမှုန်းရန် တာဝန်ပေးခဲ့ခြင်းမှာ သူ၏ လုံထိန်း ဦးစီးချုပ်ဟူသော ရာထူးအာဏာကြောင့်ပင် ဖြစ်ပေမည်။ ပို၍ အဓိကကျသည်မှာ သူသည် ဦးနေဝင်း၏ ယုံကြည်စိတ်ချရသော နောက်လိုက် အနည်းစုအနက် တစ်ဦး ဖြစ်ခြင်းကြောင့် ဖြစ်သည်။ နောင်တွင် “ဇွန်အရေးအခင်း”ဟု အမည်တွင်လာသော အုံကြွမှုများ နိဂုံးချုပ်ခဲ့လေသည်။

               အစိုးရ၏ တင်းကျပ်သော အရေးပေါ် အမိန့်များကို ဇွန်လ ၂၂ရက်နေ့တွင် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာမျက်နှာဖုံး၌ ဖော်ပြခဲ့သည်။ “လူစုဝေးခြင်း၊ ဟောပြောခြင်း၊ စီတန်းချီတက်ခြင်း၊ လှုံ့ဆော်တိုက်တွန်းခြင်း၊ ဆန္ဒပြခြင်း၊ ဆူပူမှုများ ဖြစ်အောင်ပြုမူခြင်း” စသည်တို့ကို လုံးဝပိတ်ပင်ပြီး ည ၆နာရီမှ နံနက် ၆နာရီအတွင်း အပြင်မထွက်ရ အမိန့်တို့ ပါရှိသည်။ ကြေညာချက်တွင် ဆက်လက် ဖေါ်ပြသည်မှာ “ဤအမိန့်သည် ဇွန်လ ၂၁ရက်မှ သြဂုတ်လ ၁၉ရက်နေ့ထိ ရက်ပေါင်း ၆၀ အာဏာတည်သည်” ဟူ၍ ဖြစ်သည်။ 

           ဤအမိန့်သည် မငြိမ်မသက် ဖြစ်နေသော ကျောင်းသားများကို လမ်းမပေါ်သို့ ချီမတက်အောင် တားဆီးနိုင်သော်လည်း တစ်ခြား မမျှော်လင့်သော ပြဿနာတို့ကိုဖြစ်ပေါ်စေခဲ့သည်။ မြန်မာပြည်ရှိ ဈေးများသည် နေမထွက်ခင် အစပြုပြီး အာရုဏ်ပျိုးသည့် အချိန်တွင် လူများစွာဖြင့် စည်ကား နေမြဲဖြစ်သည်။ ထို့ကြောင့် ဈေးဆိုင်ရှင်များသည် ကုန်ပစ္စည်းတို့ကို မိုးမလင်းခင်ကပင် ဈေးသို့ သယ်ပို့ကာ ဈေးဝယ်သူများ မလာခင် ကုန်ဈေးတန်းကို ဖွင့်လှစ်၍ အသင့်ပြင်ထားကြသည်။ ယခု ထို့သို့ မဖွင့်လှစ်နိုင် ကြတော့ပေ။

              နံနက်၆နာရီ မထိုးခင် လက်တွန်းလှည်းဖြင့် စွန့်စားထွက်လာခဲ့သော ခေါက်ဆွဲသည် အဖိုးကြီး တစ်ဦးနှင့် သမီးတို့ကို အမိန့်ချိန် အတွင်း ကင်းလှည့် နေကြသော စစ်သားများက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြသည်။ အမိန့်ချိုးဖောက်သူ တစ်ခြားသူများကိုလည်း ပစ်သတ်ခဲ့ကြကြောင်း ကောလဟာလ သတင်းစကားများ ထွက်ပေါ်လာရာ ဈေးသည်များသည် ယခင်ကကဲ့သို့ ပုံမှန် မဖွင့်လှစ် နိုင်ကြတော့ပေ။ ထို့ကြောင့် အခြေခံ စားသုံးကုန် ဈေးနှုန်းတို့မှာ အလွန်ကြီးမြင့် သွားခဲ့သည်။ ဆန်တစ်ပြည် (နို့ဆီဗူး၈လုံး) ၃ကျပ်မှ ၉ကျပ် ဖြစ်နေချိန်တွင် အလုပ်ကြမ်းသမားတစ်ဦး၏ တစ်နေ့ လုပ်ခမှာ ၆ကျပ်မှ ၅၀ပြားသာ မပြောင်းလဲဘဲရှိနေသည်။ ရန်ကုန်ဈေးများတွင် ငါးတစ်ပိသာ ၅ကျပ် ၆ကျပ်မှ ၁၀ကျပ် ၁၅ကျပ် အထိ တက်လာခဲ့သည်။ ဆင်းရဲသားများအတွက် ဟင်းသီး ဟင်းရွက်ပင်လျှင် အထူးတလည် ဈေးကြီးလာခဲ့သည်။ ပို၍ ဆိုးရွားသွားခဲ့သည်မှာ ငွေစက္ကူများကို တရားဝင်အဖြစ်မှ ရုပ်သိမ်းကြောင်း ထပ်မံ ကြေငြာမည် ဟူသော ကောလဟာလ သတင်းပင်ဖြစ်သည်။ ကြီးလေးသော ပြဿနာပေါင်း များစွာကြားမှ ရှိသမျှ ပြည်သူအားလုံးကို ထမင်းကျွေး နိုင်ခဲ့သော မြန်မာပြည်သည် ယခုအခါ အငတ်ဘေးနှင့် ကြုံတွေ့လာရတော့သည်။ 

                   အာဏာပိုင်များ အခက်အခဲတွေ့နေသည်မှာ အကယ်၍ အရေးပေါ် ဥပဒေများကို အားလုံးရုပ် သိမ်းလိုက်ပါက ကျောင်းသားများ ဆန့်ကျင်ဆန္ဒပြပြီး လမ်းမပေါ်သို့ရောက်လာ ကြတော့မည်။ မည်သို့မျှ မလုပ်ပါကလည်း ပြည်သူတစ်ရပ်လုံး ဒေါသကြီးစွာဖြင့် သြဂုတ်လ ၁၉ရက်နေ့မတိုင်မီ အုံကြွကြတော့မည်။ ပြည်သူများ စိတ်ပြေစေရန် ဇွန်လ ၂၉ရက်နေ့တွင် ညမထွက်ရ အမိန့်ကို ည၈နာရီမှ နံနက် ၄နာရီအထိပြင်ဆင်လိုက်ကြောင်း အမှတ်မထင်ကြေငြာခဲ့သည်။

                  လူအများက ကြည်ဖြူစွာ လက်ခံလိုက်သော ထိုအမိန့်သည် ရက်အနည်းငယ် အတွင်းမှာပင် ပြဿနာ ဖြစ်လာခဲ့သည်။ အကြောင်းမှာ ရန်ကုန်တိုင်းမဆလ ပါတီ ဥက္ကဋ္ဌဦးရဲဝင်းသည် မြန်မာ့အသံမှ “ကိုယ်ကျိုးသက်သက်ကြည့်ပြီး လောဘကြီးစွာ ဈေးမကစားကြနဲ့” ဟု ကုန်သည်များကို ခက်ထန်စွာ သတိပေးလာ သောကြောင့်ဖြစ်သည်။

           ထို့အပြင် ယမန်နှစ်သြဂုတ်လမှ စ၍ စားသုံးကုန် အချို့ကို အစိုးရက လွတ်လပ်စွာ ရောင်းဝယ်ခွင့် မပေးမီ ဆန်ကို နိုင်ငံတော်က ရောင်းဝယ်ဖြန့်ချီခဲ့စဉ် အခြေအနေကို အမွှန်းတင်ပြောကြားခဲ့သည်။ “တစ်ကယ်လို့ စားသုံးသူများရဲ့ အကျိုးစီးပွားကို မငဲ့ဘဲ ကုန်ဈေးနှုန်းမတန်တဆ တိုးမြှင့်လာရင် လောဘကြီးတဲ့ ကုန်သည်တွေရဲ့ တာဝန်ဘဲဖြစ်တယ်။ ဒီတော့ နိုင်ငံတော်ဟာ ထိုက်သင့်သလို အရေးယူရလိမ့်မယ်” ဟု ဦးရဲဝင်းက သတိပေး ခြိမ်းခြောက်ခဲ့သည်။

           ဤကြေညာချက်မှာ လိုလားသော အကျိုးသက်ရောက်မှုကို မဖြစ်စေဘဲ ပြည်သူတို့မှာ ကြောက်ရွံ့မည့်အစား ဒေါသဖြစ်နေကြကြောင်း အာဏာပိုင်များ ရိပ်မိလာသည်တွင် အလျော့ပေးကာ ပြေလည်စေမည့် အခြားနည်းလမ်းများကို အစားထိုးလုပ်ကိုင် လာသည်။ ဇူလိုင်လ ၇ရက်နေ့ မြန်မာ့ အသံ ညနေပိုင်းသတင်းတွင် မတ်လ ဆူပူမှုတုန်းက ထိန်းသိမ်းခြင်း ခံနေခဲ့ရသော ကျောင်းသားအားလုံးကို ပြန်လွှတ်မည် ဖြစ်ကြောင်းကြေညာခဲ့သည်။ ယခင်က အစိုးရသည် ထိန်းသိမ်းခံနေခဲ့ရသော ကျောင်းသား ၁၄၁ဦးသာ ရှိကြောင်း ပြောကြားခဲ့သည်။ သို့သော် ထူးဆန်းသည်မှာ လူပေါင်း ၂၄၀ကို ပြန်လွှတ်လိုက်ကြောင်း၊ ယင်း၂၄၀ အနက် ၁၃၉ဦးမှာ ကျောင်းသားများဖြစ်ပြီး ကျန်လူများမှာ(ဝါ) ဒေသခံလူများ ဖြစ်ကြောင်း မရေမရာ ပြောဆိုခဲ့သည်။

            ဤဖြစ်ရပ်တို့မှာ ရန်ကုန်မြို့ တစ်မြို့ထဲတွင် ဖြစ်သည်။ အရှေ့တောင်ပိုင်းရှိ မော်လမြိုင်မြို့တွင် ဆူပူအုံကြွ မှုများ ဖြစ်ခဲ့ကြောင်း အစိုးရက ကြေညာခြင်း မရှိခဲ့သော်လည်း အထိန်းသိမ်းခံ ပုဂ္ဂိုလ် ၇၃ဦးကို ပြန်လွှတ်လိုက်ကြောင်း မြန်မာ့အသံက ကြေညာခဲ့သည်။ ဤသည်မှာ သတင်းကောင်းများ၏ အဆုံးမဟုတ်သေးချေ။ ပဲခူးမြို့တွင် လူ ၅၀နှင့် ပြည်မြို့တွင် လူ ၂၇ ဦး တို့ကို ပြန်လွှတ်လိုက်ကြောင်း ကြေညာပြန်သည်။ ထိုကြေညာချက်များကြောင့် ရန်ကုန်လူထုသည် ဇွန်လ ၂၁ရက် နေ့၌ မြေနီကုန်းတွင် လုံထိန်း အပါအဝင် စစ်သားများနှင့် ရင်ဆိုင် တိုက်ခိုက်ရာ၌ ၎င်းတို့ ချည်းသာ မဟုတ်ကြောင်း သိလာခဲ့ကြသည်။

            ယင်းသို့ အာဏာပိုင်တို့၏ ကြေညာချက်များကို သာမန်ထိုးထွင်းဥာဏ်ဖြင့် တုန့်ပြန်နေခဲ့ကြရာမှ တိုင်းပြည်၏ တစ်ခုတည်းသော လက်ဝါးကြီးအုပ် အနန္တတန်ခိုးရှင် ဖြစ်သည့် မဆလပါတီသည် အုပ်ချုပ်ရေးနှင့် စီးပွားရေး ပေါ်လစီများပြုပြင်ပြောင်းလဲရေးကို ဆွေးနွေးရန်အတွက် အထူးပါတီ ညီလာခံ တစ်ရပ်အား အစောဆုံး ဇူလိုင် ၂၃ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း လုံးဝမမျှော်လင့်ဘဲ ကြေညာခဲ့သည်။ မဆလ ပါတီသည် ညီလာခံများကို ပုံမှန်အားဖြင့် ၅နှစ် တစ်ကြိမ် ကျင်းပပြီး လာမည့် ညီလာခံမှာ ၁၉၈၉ခုနှစ် တွင်သာ ကျင်းပရန်ဖြစ်သည်။ နောက်၂ရက်အကြာ၌ ရန်ကုန်မြို့တွင် ညမထွက်ရ အမိန့်ကိုလည်း လုံးဝမမျှော်လင့်ဘဲ ရုပ်သိမ်း လိုက်ပြန်သည်။ ဤအကြိမ်တွင် အခြေအနေများ ပုံမှန်ဖြစ်လာလေမလား၊ မဆလ ပါတီသည် ပြည်သူတို့ ကျေနပ် စေနိုင်မည့် လုပ်ငန်း အစီအစဉ်များကို လုပ်ကိုင်နိုင်မည်လော။

              အများစုသည် အစိုးရက ပေးကမ်းလာသမျှ လိုက်လျောချက်များကို လက်ခံရန်အလားအလာ ရှိခဲ့သည်။ သို့သော် တိုက်ဆိုင်မှုဟု ဆိုရန်ခက်ခဲလှသော လှုံ့ဆော်မှုတစ်ခုမှာ ဇွန်လ အစိုးရဆန့်ကျင် ဆန္ဒပြပွဲများနှင့် တစ်ထပ်တည်းပေါ်ပေါက်လာခဲ့သည်။ ယင်းမျှားဦးမှာ မြန်မာပြည်လူမှုအဖွဲ့အစည်း၏ အနည်းဆုံးအစိတ်အပိုင်းဖြစ်သော မူဆလင်အသိုင်းအဝိုင်းကို ဦးတည်ထားလေသည်။ 

                                     **************

အဆမတန် တက်ခြင်းကြောင့် ၁၉၈၄ခုနှစ် ဇူလိုင်လတွင် မုတ္တမ မော်လမြိုင်နှင့် အချို့ဧရာဝတီ မြစ်ဝကျွန်းပေါ် မြို့များတွင် မူဆလင် ဆန့်ကျင်ရေး အဓိကရိုဏ်းများ ကျယ်ပြန့်စွာ ဖြစ်ပွားခဲ့သည်။  လူအုပ်ကြီးများသည် မူဆလင် ရပ်ကွက်များသို့ မုန်တိုင်းဆင် ဝင်ရောက်လာပြီး အိမ်များကို လုယက် ဖျက်ဆီးကာ ဗလီ တစ်ချို့ကို မီးရှို့ခဲ့ကြသည်။ ကုလားများ ထပ်မံ၍ ဓါးစာခံဖြစ်ခဲ့ကြရသည်။

မတ်လအတွင်း အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲ ပထမ အသုတ်တွင် ရာပေါင်းများစွာသော မူဆလင်တို့ကို ဖမ်းဆီးပြီး အင်းစိန်ထောင်သို့ ပို့ခဲ့သည်။ အများစုမှာ သာမန်လူများသာ ဖြစ်ပြီး ၁၈ရက်နေ့ အရေးအခင်းတွင် မမျှော်လင့်ဘဲ ပါဝင်ခဲ့ရခြင်းဖြစ်သည်။ သို့သော်များစွာသော လူငယ်တို့မှာ အိန္ဒိယ-မြန်မာသွေးနှော ကြပြီး မှားယွင်းစွာ “ကုလားဒိန်”ဟု ခေါ်ဆိုခဲ့ကြရသည်။

ဇူလိုင်လတွင် လူထု အစည်းအဝေးပွဲများ ရန်ကုန် တက္ကသိုလ်(ပင်မ)၌ တဖန် ပြန်လည် ပေါ်ပေါက် လာသောအခါ ဝေငှခဲ့ကြသော စာရွက်စာတမ်းများ အားလုံးမှာ လက်ရေးမူများ ဖြစ်ကြသည်။ သို့သော် ဖယောင်း စက္ကူသုံး၍ မိတ္တူကူးထားသော ပိုမို ထူးခြားနေသည့် စာတမ်းမှာ မူဆလင် များကို တိုက်ခိုက်ထားပြီး “မြန်မာမျိုးချစ် ဗုဒ္ဓဘာသာများ” အဖွဲ့မှ ထုတ်ဝေကြောင်းဖေါ်ပြထားသည်။ ယင်းစာတမ်းမှာ “ အိန္ဒိယ-မူဆလင်ဂိုဏ်းတစ်ခုသည် ကျွန်တော်တို့၏ အမိမြေပေါ်တွင် ဗုဒ္ဓဘာသာ အမျိုးသမီးများကို သွေးဆောင်ဖျားယောင်းကြပြီး ၎င်းတို့ မူဆလင် တိုးပွားရေးအတွက် ကြံစည်နေကြကြောင်း” သတိပေး ထားသည်။ ထိုမြန်မာမျိုးချစ် ဗုဒ္ဓဘာသာများက ၎င်းတို့သည် “မူဆလင်အဖွဲ့ချုပ်”ဟု လက်မှတ် ရေးထိုးထားသော စာတမ်း တစ်စောင်ကို လက်ဝယ်ရရှိထားကြောင်း ယင်းစာတမ်းတွင် ဗုဒ္ဓဘာသာမိန်းကလေး တစ်ဦးအား ကိုယ်ဝန် ရှိအောင် လုပ်နိုင်သော မူဆလင်တစ်ဦးလျှင် ကျပ်ငွေ တစ်ထောင်စီ လစဉ်ချီးမြှင့်မည်ဟု ကတိပြုကြောင်းဖြင့် ဖော်ပြထားသည်။ ထို့နောက် မူဆလင်ဆိုင်များကို သပိတ်မှောက်ကြရန် တိုက်တွန်း ထားပြီးနောက်ဆုံးတွင် “မူဆလင်အားလုံး တို့တိုင်းပြည်က ထွက်သွားကြ” ဟု ကြွေးကြော်ထားသည်။

“ဒါဟာ အင်မတန် ယုတ်ညံ့တာဘဲ။ ဒီလို အခြေအမြစ်မရှိတဲ့ လက်ကမ်း စာစောင်တွေရဲ့ အနောက်မှာ ဘယ်သူတွေ ရှိတယ်ဆိုတာ ကျွန်တော်တို့ ဘယ်တော့မှ ယုံမှားသံသယ ဖြစ်စရာအကြောင်းမရှိဖူး။ ကျွန်တော်တို့ မူဆလင်တွေဟာ ဒီပြဿနာတွေကို အိမ်နီးချင်း ဗုဒ္ဓဘာသာတွေနဲ့ ဆွေးနွေးကြတယ်။ ကျွန်တော်တို့ အချင်းချင်း ကြားမှာ သံသယဆိုလို့ တစ်ခါမှ မရှိခဲ့ဖူး”ဟု ရန်ကုန်မှ မူဆလင် ကျောင်းသား ဇော်ဇော်က အခိုင်အမာ ပြောပြသည်။

သို့သော်မူဆလင် များသည် အစ္စလာမ် ပွဲတော်ဖြစ်သော “ဘယ်ဂရီအစ်” ကို ကျင်းပမည့် ဇူလိုင်လ အစောပိုင်းတွင် ဘာသာရေးအဓိကရိုဏ်း ဖြစ်နိုင်ကြောင်း ခန့်မှန်းကြသည်။ ယင်းအချိန်တွင် ဗုဒ္ဓဘာသာများသည် ဝါဆိုလပြည့်နေ့ အတွက် ပြင်ဆင် နေကြသည်။ ထိုနေ့တွင် သက်ရှိ သတ္တဝါတို့ သတ်ဖြတ်ခြင်းမှာ စော်ကားမော်ကား ပြုခြင်းတစ်ရပ်ဟု မြန်မာများစွာက လက်ခံ ယုံကြည်ထားကြသည်။ ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးမှ သူတို့ နိုင်ငံသားများကို ထိုနေ့တွင် အထက်အညာသို့ ခရီးမထွက် ကြပါရန် သတိပေးစာ တစ်စောင် ထုတ်ပြန်ခဲ့သည်။

“ကျွန်တော်တို့ မူဆလင် အသိုင်းအဝိုင်း ကတော့ အာဏာပိုင်တွေ ဘာသာရေး ပဋ္ဋိပက္ခဖြစ်အောင် လုပ်မှာ ကြောက်ကြတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ သတ်ဖြတ်ပူဇော်တဲ့ “ကုရာတာန်”ကို အဲဒီနှစ်မှ မလုပ်ခဲ့ကြဖူး။ ရန်ကုန်မှာ မူဆလင်နဲ့ ဗုဒ္ဓဘာသာတွေဟာ အေးအေးဆေးဆေး ရှိခဲ့ကြပါတယ်” ဟု ဇော်ဇော်က ပြောပြသည်။

မြို့တော်တွင် အခြေအနေ တည်ငြိမ် ပါသော်လည်း တိုင်းနှင့်ပြည်နယ် မြို့အချို့တွင် ဘာသာရေး ပဋ္ဋိပက္ခများ စတင် ဖြစ်ပေါ်လာသည်။ ပထမဆုံး မူဆလင် ဆန့်ကျင်ရေး အဓိကရိုဏ်း ဖြစ်ပွားရာမြို့မှာရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီးမြို့ ဖြစ်သည်။ ဇူလိုင်လ ၁၀ရက်နေ့ နံနက်ပိုင်းတွင် ဗုဒ္ဓဘာသာ ရဟန်းပျို တစ်ပါးသည် ဆွမ်းခံရန်မြို့ထဲ သို့ထွက်လာ ခဲ့သည်။ ထိုရဟန်းပျိုသည် ဗဟိုမြို့မ ဈေးအနီး မူဆလင်ပိုင် ပြည်ထောင်စု လက်ဘက်ရည်ဆိုင် အရောက်တွင် ဆိုင်ပိုင်ရှင်၏ သားက ရဟန်းပျိုအား သာရေကွင်းနှင့် ပစ်ခဲ့သည်ဟု ဆိုသည်။ တစ်ချို့ ပြောစကားအရ ဆိုပါမူ ထိုရဟန်းပျို ကို ရိုက်ပုတ်ပြီး သပိတ်ကို ခွဲလိုက်ကြသည်ဟု ဆို၏။ မည်သို့ဆိုစေ ထိုရဟန်းပျိုမှာ ကျောင်းသို့ ပြန်လာခဲ့သည်။ ထို့နောက် ဆရာတော်ကြီး တစ်ချို့ လက်ဘက်ရည်ဆိုင်သို့ ရောက်လာကာ ဆိုင်ပိုင်ရှင်နှင့် စကားပြောဆိုခဲ့ကြသည်။ ယင်းနေရာမှာ လူများသော ဈေးပတ်ဝန်းကျင် ဖြစ်ပြီး မြေပြန့်မှ တိုင်းရင်းသား ဗမာအလုပ်သမား တစ်ချို့လည်း ရှိနေကြသည်။ သူတို့သည် စကား အချေအတင် ပြောရာတွင် ပါဝင်လာကြပြီး လက်ဘက်ရည်ဆိုင်ကို ခဲဖြင့် စ၍ ပေါက်ကြတော့သည်။ ပုလိပ်များ အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိလာကာ ဆိုင်ပိုင်ရှင်သားကို ဖမ်းဆီးသွားကြသည်။ ဆိုင်ရှင်မှာ ချမ်းသာကြွယ်ဝသူ ဖြစ်၍ ပုလိပ်များကို ငွေဖြင့်ပေါက်ပြီး သူ့သားပြန်လွတ်မြောက် စေခဲ့သည်။

ဤအထိ ထိုရန်ပွဲတွင် အစိုးရသူများ ပါဝင်ခဲ့ကြောင်း ယူဆရန် သက်သေ တစ်စုံတစ်ရာမှ မရှိသေးချေ။ သို့သော် ယင်းအခြေအနေတွင် မူဆလင်များက ပုလိပ်အဖွဲ့ကို ကြိုးကိုင်ခြင်းကြောင့် ဤသို့ဖြစ်ရကြောင်း စသည့် ကောလဟာလသတင်းများ တောင်ကြီးမြို့အနှံ့ ပြန့်ခဲ့သည်။ ထူးဆန်းသော လှည့်ကွက်မှာ မြို့သူမြို့သားများသည် ပုလိပ်တို့အပေါ် ဒေါသ မဖြစ်ခဲ့ကြခြင်းပင် ဖြစ်သည်။ လူအုပ်ကြီးသည် မြို့မဈေးရှိ လက်ဘက်ရည်ဆိုင်ကို မီးရှို့ပစ်လိုက်ကြသည်။ နောက်နေ့တွင် အခြား မူဆလင်ဆိုင်များစွာ ဖျက်ဆီးခြင်းခံရသည်။ သရေကွင်းဖြင့် ပစ်ခံရသော ရဟန်းပျိုမှာလည်း ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားကာ မူဆလင်များက ဖမ်းဆီးခေါ်ဆောင် သွား၍ သတ်ပစ်လိုက်ကြကြောင်း ကောလဟာလများ ပျံ့နှံ့လာသည်။ မြန်မာ့အသံ သတင်းအရ ဒေသခံ အာဏာပိုင် များသည် အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားခဲ့ ကြသည်။ သို့သော် တောင်ကြီး မြို့သူမြို့သားများက ခြားနားသော ဖြစ်ပျက်ပုံကို ပြောပြကြသည်။ “အစတုန်းက ကျွန်တော်တို့အားလုံး မူဆလင်တွေကို ဒေါပွကြတယ်။ ဗုဒ္ဓဘာသာဖြစ်တော့ ဘုန်းကြီးကို ဒီလို ဆက်ဆံတာဟာ ကျွန်တော်တို့ကို စော်ကားတာဘဲလို့ ခံစားရတယ်။ ဒါကြောင့် နံပါတ်တုတ်တွေ၊ ဓါးလွယ်တွေ၊ ဝါးရင်းတုတ်တွေကိုင်ပြီး မူဆလင်တွေကို လှည့် စားချေဖို့ ကျွန်တော်တို့ ထွက်လာခဲ့ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ သတိပြုမိတာက ပုလိပ်တွေဟာ ရပ်သာ ကြည့်နေကြတယ်။ မူဆလင်တွေရဲ့ ဆိုင်တွေ အိမ်တွေကို သူတို့ အကာအကွယ် မပေးကြဖူး။ လမ်းမကြီးမှာ ရှိတဲ့ ဘဏ်ကိုဘဲ သူတို့ စောင့်ကြပ်နေကြတယ်”ဟု တောင်ကြီးမြို့မှ ရှမ်းကျောင်းသား စိုင်းမျိုးဝင်းထွန်းက ပြောပြသည်။

ဇူလိုင်လ ၁၄ရက်နေ့တွင် ရှမ်းပြည်နယ် ပြည်သူ့ကောင်စီသည် တောင်ကြီးမြို့တွင် လူစုဝေးခြင်း၊ စီတန်းလှည့်လည် ချီတက်ခြင်း၊ ဆန္ဒပြခြင်း၊ မိန့်ခွန်းပြောကြားခြင်း၊ ဆူပူလှုပ်ရှားမှုများပြုလုပ်ခြင်း စသည်တို့ကို ပိတ်ပင် တားမြစ်သော အမိန့် ထုတ်ပြန်ခဲ့သည်။ သို့သော် စိုင်းမျိုးဝင်းထွန်းနှင့် အချို့မှာ မြေအောက် အစိုးရ ဆန့်ကျင်ရေး အဖွဲ့များဖွဲ့စည်းပြီး မြို့ခံ ဘုန်းကြီးကျောင်းများနှင့် အဆက်အသွယ် ပြုလုပ်ခဲ့ကြသည်။ အကယ်၍ အာဏာပိုင်တို့က မကျေနပ်မှုများကို လမ်းကြောင်း ပြောင်းသွားရန် ရည်ရွယ်ချက်ဖြင့် မူဆလင် ဆန့်ကျင်ရေး အဓိကရုဏ်းကို ဖန်တီးခဲ့ပါမူ ယင်းလုပ်ကြံမှုမှာ သူတို့ကိုပင် ပြန်လည် ထိခိုက်မည်ဖြစ်သည်။

ရက်အနည်းငယ်အကြာတွင်  ပြည်မြို့၌ ဘာသာရေးအဓိကရုဏ်း ဖြစ်ပွားလာခဲ့သည်။ အစိုးရ အဆိုအရ မြို့တွင်း ဈေးဝန်းကျင်ရှိ လက်ရွေးစင် လက်ဘက်ရည်ဆိုင် ရှေ့တွင် ဗုဒ္ဓဘာသာ မိန်းကလေး တစ်ဦးအား အရက်မူးနေသော မူဆလင် လူရွယ် တစ်ဦးက စော်ကားမော်ကား ပြုလုပ်ခဲ့ရာမှ စ၍ အဓိကရုဏ်း ဖြစ်လာပြီး ပြင်းထန်သော လမ်းပေါ် တိုက်ပွဲများ အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ မြို့ခံလူများက မူဆလင်အိမ်များ ဆိုင်များကို တိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့ကြသည်။

ရန်ကုန်မြို့ရှိ နိုင်ငံခြား သံတမန်တစ်ဦးက ၎င်းအစိုးရထံ သတင်းပေးပို့ခဲ့ရာတွင် ခြားနားသော ဖြစ်ပျက်ပုံကို ဖေါ်ပြထားသည်။ “အခြားသတင်းများ အဆိုအရ အရေးအခင်းတို့သည် အစိုးရဆန့်ကျင်ရေးအဖြစ် မသိမသာ ကျယ်ပြန့်သွားပုံရပြီး ဘာသာရေး အဓိကရုဏ်းမှာ အရေးမကြီးသော အခန်းဏ္ဍမှသာ ပါဝင်ခဲ့သည်။ သတင်းစာများ၏ ဖေါ်ပြချက်အရ ပြည်မြို့တွင် ပုလိပ်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လူအုပ်ကြီးအား ထိန်းမနိုင်ခဲ့ကြောင်းမှာ သိသာ ထင်ရှားလှသည်။”

ရန်ကုန်မြို့ ဖြစ်ပွားခဲ့သော မတ်လ ဆန္ဒပြပွဲများ ပြီးဆုံးသွားပြီးနောက်တွင် ပြည်မြို့ရှိ လူအချို့သည် အစိုးရ ဆန့်ကျင်ရေး လျှို့ဝှက် အဖွဲ့အစည်းများ စတင် ဖွဲ့စည်းခဲ့ကြသည်။ ဤသို့ ဖွဲ့စည်းသည်ကို စစ်ထောက်လှမ်းရေး အဖွဲ့မှ သိရှိကာ သူတို့၏မြို့တွင် စည်းဝါးကိုက် ဘာသာရေး အဓိကရုဏ်း ဖန်တီးခဲ့ပုံ ရသည်ဟု ပြည်မြို့လူထုက ပြောဆိုနေကြသည်။
အဓိကရုဏ်း ၆ရက်မျှ ကြာလာသောအခါ ပြည်မြို့တွင် စစ် အုပ်ချုပ်ရေးအမိန့်ကိုဇူလိုင်လ ၂၂ရက်နေ့တွင် ကြေညာခဲ့သည်။ အာဏာပိုင်တို့ အထူး ဘဝင်မကျခဲ့သော အဓိကရုဏ်းသည် ပြည်မြို့မှ ကျော်လွန်ကာ ပြည်မြို့အရှေ့ဖက် ကီလိုမီတာ ၂၀ခန့်အကွာရှိ ပေါင်းတည်မြို့သို့ ပြန့်သွားခဲ့သည်။ ယင်းမြို့၌ ဦးနေဝင်းကို ၁၉၁၁ခုနှစ်တွင် မွေးဖွား ခဲ့သည်။ 

                **************

ဇူလိုင်လ အကုန်တွင် မြန်မာပြည်၌ မီးပွားတစ်ခုမှ ဟုန်းကနဲ ထတောက်နိုင်သော အခြေအနေတွင် ရှိသည်။ အဓိကရုဏ်းများ၏ ကောလဟာလ သတင်းများ နေ့စဉ် ဖြစ်ပေါ်လျက် ရှိသည်။ ပြည်သူ့ အကျိုးကို လစ်လျူရှုခဲ့သော စစ်အစိုးရအား မုန်းတီးမှုသည် ၂၆နှစ်တိုင်တိုင် မျိုသိပ်ထားခဲ့ရာမှ ပေါက်ကွဲထွက်လာရာ လူတိုင်းပင် အံ့သြခဲ့ကြရသည်။ ယင်းအခြေအနေကို ထိန်းသိမ်းနိုင်ရန် အာဏာပိုင်တို့၏ လုပ်ဆောင်ချက်ဟူသမျှသည် တန်ပြန် အပြစ်များကိုသာ ပေါ်ပေါက် စေခဲ့သည်။ ထိုကာလသည် ဗြိတိသျှခေတ် မြင်းပြိုင်ကွင်းဖြစ်သော ရန်ကုန်မြို့ ကျိုက္ကဆံကွင်း နဘေးရှိ ဆရာစံခန်းမကြီးဘေးတွင် မဆလပါတီ အရေးပေါ် ညီလာခံကို စတင် ကျင်းပနေချိန်ဖြစ်သည်။

အရေးပေါ် ညီလာခံ မကျင်းပမီ ရက်အနည်းငယ် အလိုတွင် အစိုးရက တစ်ခါမှ မပေးခဲ့ဘူးသော လိုက်လျောမှု တို့ကို ကြေညာခဲ့သည်။ ဇူလိုင်လ ၁၉ရက်နေ့၌ မြန်မာ့အသံညနေပိုင်းသတင်းတွင် မတ်လအတွင်းက လူပြည့်သိပ်နေသော အချုပ်ကားထဲတွင် အသက်ရှုကြပ်ပြီး ၄၁ဦး သေဆုံးခဲ့ ရကြောင်းကို ဝန်ခံခဲ့၏။ တစ်စထက် တစ်စ ပိုမို၍ မငြိမ်မသက် ဖြစ်လာသော ပြည်သူတို့ကို နှစ်သိမ့်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ရသည်။ ဤသည်မှာ မတ်လ အရေးအခင်းများတွင် လူနှစ်ဦးထက် ပိုမို သေဆုံးခဲ့ကြောင်းကို အာဏာပိုင်များအနေဖြင့် ပထမဆုံးဝန်ခံခြင်းဖြစ်သည်။ ထိုဝန်ခံချက်ကို တိုက်တိုက်ဆိုင်ဆိုင် အာဇာနည်နေ့တွင် ကြေညာခဲ့သည်။

ထိုအရေးအခင်းနှင့် ပတ်သက်၍ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဋ္ဌာနဝန်ကြီး ဦးမင်းဂေါင်ကို ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်။ နောက် ၂ရက်အကြာတွင် ရန်ကုန်မြို့ ပြည်သူ့ရဲတပ်ဖွဲ. ရဲချုပ် ဦးသိန်းအောင် ကိုလည်း အလားတူ နုတ်ထွက်ခွင့် ပေးခဲ့သည်။ ပြည်သူ့ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး ဦးဝေကြည်ကို တွဲဖက်ညွှန်ကြားရေးမှူးအဖြစ်သို့ ရာထူးချကာ နယ်သို့ပြောင်းလိုက်သည်။ ထို့နောက် သေဆုံးမှုများအတွက် တိုက်ရိုက် တာဝန်ရှိသူ အဓိကရုဏ်း ထိန်းသိမ်းရေးတပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်မှူးဟောင်း လှနီ ကို ၂နှစ် အတွင်း ရာထူးမတိုးစေရဟု ပိတ်ပင်လိုက်သည်။
မတ်လအတွင်းက အချုပ်ကားပေါ်၌ အသက်ရှူကြပ်ပြီး သေဆုံးသူ ၄၂ဦး ရှိသည်ဟု ရန်ကုန်မြို့နေ လူထုက ပြောဆိုခဲ့ကြသည်။ ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက အောက်ပါအတိုင်း ပြန်ပြောပြသည်။

“လုနီရဲ့ လုပ်ပုံက အချုပ်ကားထဲကို ကျည်ဆံဒဏ်တွေ၊ မျက်ရည်ယိုဗုံးဒဏ်တွေကြောင့် ဒဏ်ရာရနေတဲ့ လူ ၄၂ယောက် ကို ကားကြမ်းပြင်ပေါ်မှာ ပစ်လှဲထည့်လိုက်တယ်။ ကားပြည့် လုမတတ်ဖြစ်နေပေမဲ့လည်း တစ်ဦးပေါ်တစ်ဦး ပုံပြီးထပ်ထည့်ဖို့ အမိန့်ပေးနေတယ်။ အဲဒီကားအင်းစိန်ထောင်ကို ရောက်လို့ တံခါးဖွင့်လိုက်တော့ ဒဏ်ရာရတဲ့ လူတွေ မဟုတ်ဘဲ လူသေကောင်တွေဘဲထွက်လာခဲ့တယ်။ ပိုပြီးဆိုးတာက လူတင်ပြီးတဲ့နောက် ထောင်ကိုသွားတာ ၄နာရီ ကြာခဲ့တယ်။

ပုလိပ် အရာရှိများကို အရေးယူ အပြစ်ပေးသော်လည်း ပြည်သူလူထုက အပြစ်မှာ ပေါ့လွန်းသည်ဟု ယူဆကြသည်။ ယင်းအရေးအခင်းတွင် ပြည်ထဲရေးဝန်ကြီး ဦးမင်းဂေါင်၏ ကဏ္ဍမှာ အသေးအမွှားသာဖြစ်သည်။ မတ်လအရေးအခင်းတွင် သူသည် ရန်ကုန် ပင်မတက္ကသိုလ်သို့ ရောက်ရှိလာကာ လမ်းလျှောက် စကားပြောစက်မှ အရေးအခင်းအား မည်ကဲ့သို့ နှိမ်နင်းရန် ညွှန်ကြားချက် အချို့ကို ပေးခဲ့သည်။ ဦးမင်းဂေါင်နှင့်တကွ ပုလိပ်အားလုံးမှာ လုံထိန်းတို့၏ ဦးစီးချုပ်ဖြစ်သူ ဦးစိန်လွင် ချမှတ်သော အမိန့်များကို လုပ်ကိုင်ခြင်းသာ ဖြစ်ကြောင်း လူတိုင်း သိရှိကြသည်။ သိသာ ထင်ရှားသည်မှာ ဓါးစာခံအချို့ကို ရွေးချယ် အပြစ်ပေးလိုက်ပြီး တရားခံ အစစ်အမှန် တို့ကို အပြစ်ပေး ထုတ်ပယ်ကြမည် မဟုတ်ပေ။ ဦးစိန်လွင်မှာ မတ်လ အရေးအခင်းတွင် သာမက ဇွန်လအရေးအခင်းတွင် လည်း ဦးစီးကိုင်တွယ်ခဲ့သူ ဖြစ်သည်။ 

ဤသို့ အရေးအခင်းများ ဖြစ်နေချိန်တွင် ဦးနေဝင်း၏ စိတ်ဓါတ်မှာ စဉ်းစားစရာပင်ဖြစ်သည်။ မတ်လ အရေးအခင်းများ ဖြစ်ပြီး မကြာမီ သူသည် စိတ်အေးလက်အေးဖြင့် နိုင်ငံခြားသို့ ထွက်ခွာသွားခဲ့သည်။ သို့သော် ယခုအခါ အဓိကရုဏ်းသည် သူ၏ဇာတိမြို့အပါအဝင် နိုင်ငံတစ်ဝှမ်းသို့ ပြန့်နှံ့ခဲ့ပြီဖြစ်သည်။ အတိုက်အခံ ဆန့်ကျင်ရေးသမား များသည် အရှိန်အဟုန် ကြီးလာရုံသာမက ပြတ်သားသော နိုင်ငံရေး တောင်းဆိုချက်များကိုပါ ရှေ့တန်းတင် လာကြတော့သည်။ လူအများက သူ့ကို ဖိလစ်ပိုင်မှ ဖြုတ်ချခံရသော သမ္မတ မားကို့စ် နှင့် နှိုင်းယှဉ်လာကြသည်။ သူတို့နှစ်ဦးတွင် တူညီသော စရိုက်လက္ခဏာများစွာ ရှိသည်မှာ ယုံမှားသံသယ ဖြစ်ဖွယ် မဟုတ်သော်လည်း ရက်အနည်းငယ် အတွင်း ဖြစ်ပေါ်မှုများက ဦးနေဝင်းသည် အာဏာရူး၊ ဥစ္စာရူးဖြစ်ကာ တတိယကမ္ဘာ၏ အကျင့်ပျက်နေသည့် သာမန် အာဏာရှင်တစ်ဦး မဟုတ်ကြောင်း မီးမောင်းထိုးပြ ခဲ့လေပြီ။

ကိုယ်စားလှယ်တော်  ၁၀၀၀ကျော် တို့သည် ဆရာစံခန်းမသို့ နံနက်၈နာရီ ၃၀မိနစ်တွင် ရောက်ရှိလာကြပြီး ထုံးစံအတိုင်း အခမ်းအနား အစီအစဉ်များကို ပြုလုပ်ပြီးချိန်တွင် ခမ်းမကြီးထဲသို့ ဦးနေဝင်း ဝင်ရောက်လာခဲ့သည်။  သူ့ နောက်တွင် ငယ်ရွယ်ပြီး မျက်နှာထား တင်းမာခက်ထန်လှ၍ အများက ရွံမုန်းကြသည့် သူ့လူယုံ စစ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်ခင်ညွန့် ပါလာသည်။ စင်မြင့်ပေါ်သို့ ဦးနေဝင်း တက်လာခဲ့ချေပြီ။

“လေးစားအပ်တဲ့ ပါတီညီလာခံ ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ အထူးအရေးပေါ်ညီလာခံ ခေါ်ရတဲ့ အကြောင်းနဲ့ ဒီညီလာခံမှာ တင်ပြဆွေးနွေး အတည်ပြုပြီး လုပ်ငန်းအဖြစ် အကောင်အထည်ဖေါ်ရန် အချက်တွေကို တင်ပြပါမယ်။ တင်ပြတဲ့ အထဲမှာ အခြားဖေါ်ပြချင်တဲ့ အချက်အလက်များလည်း ပါပါလိမ့်မယ်” စသည်ဖြင့် အသက် ၇၇နှစ် ရှိပြီဖြစ်သော ဥက္ကဋ္ဌကြီးသည် သူ၏နာရီဝက်ကြာ မိန့်ခွန်းကို အစချီခဲ့သည်။

“မတ်လနှင့် ဇွန်လများမှာ ဖြစ်ပျက်ခဲ့တဲ့ သွေးထွက်သံယို အရေးအခင်းများဟာ အစိုးရအဖွဲ့နဲ့ ထိုအဖွဲ့ကို ဦးဆောင်နေတဲ့ပါတီကို အယုံအကြည်  ကင်းမဲ့နေတာကို ထိုရုန်းရင်းဆန်ခတ်တွင် ကိုယ်တိုင်ပါဝင်သူများနဲ့ နောက်မှ အားပေးသူများက ဖေါ်ပြလိုက်ပါတယ်။ တစ်တိုင်းတစ်ပြည်လုံး လူထုအနေနဲ့ ဒီအယုံအကြည်ကင်းမဲ့သူဘက်က အများစုလား၊ အနည်းစုလားဆိုတာ ဆန်းစစ်ဖို့ လိုပါလိမ့်မယ်။ တစ်ပါတီစနစ်(သို့မဟုတ်) ပါတီစုံစနစ်ဆိုတဲ့ စနစ်နှစ်ခု မှာ ဘယ်စနစ်ကို ရွေးပါသလဲလို့ တစ်ပြည်လုံး လူထုဆန္ဒခံယူပွဲ ကျင်းပရင်း ဆန်းစစ်မှု အဖြေပေါ်နိုင်မည်ဟု ယူဆတာကြောင့် တစ်ပြည်လုံးလူထု ဆန္ဒခံယူပွဲ ကျင်းပပေးရန် ညီလာခံသို့တင်ပြပါတယ်”

ယင်းညတွင် မြန်မာ့အသံမှာ ထိုမိန့်ခွန်းကို နားထောင်နေကြသော မြန်မာပြည်သူတို့မှာ လုံးဝ အငိုက်မိ သွားကြတော့သည်။ သို့သော် ဦးနေဝင်းက ပြည်သူ့ဆန္ဒခံယူပွဲကို အကြံပြုပြီးသည့် နောက်တွင် မဆလ ဗဟိုကော်မတီ ဋ္ဌာနချုပ် အတွင်းရေးမှူး ဦးထွေးဟန်သည် စကားပြောခွက်ကို ယူကာ ဦးနေဝင်း၏ မိန့်ခွန်း တစ်ပိုင်းတစ်စကို ပထမနာမ်စား သုံး၍ ဖတ်ကြားခဲ့သည်။

“ကျွန်တော်ဟာ မတ်လဇွန်လများအတွင်းက စိတ်မချမ်းမြေ့စရာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်တွေကြောင့် သွယ်ဝိုက်သောနည်းဖြင့် တာဝန်မကင်းသူဟု ယူဆတာကတစ်ကြောင်း၊ အသက်အရွယ်လည်း ထောက်လာတာက တစ်ကြောင်းတို့ကြောင့် ပါတီဥက္ကဋ္ဌနှင့် ပါတီဝင်အဖြစ်မှ ထွက်ခွင့်ပေးကြပါလို့ ပါတီဝင်တွေကို မေတ္တာရပ်ခံအပ်ပါတယ်” 
“အရင်က ကျွန်တော် အနားယူလို၍ ဥက္ကဋ္ဌတာဝန်က ထွက်ဖို့ပြောတိုင်း တိုင်ပင်ဖေါ်တိုင်ပင်ဖက် လုပ်ဖေါ်ကိုင်ဖက်တွေက တားကြသတဲ့။ နိုင်ငံရေး သံသရာအတွင်းမှာ စိတ်မချမ်းမသာဘဲနဲ့ တဝဲလည်လည် ကျင်လည် နေခဲ့ရပါတယ်။ အခုတစ်ခါတော့ တိုင်ပင်ဖေါ် တိုင်ပင်ဖက်တွေကပါ ထွက်ခွင့်ကို သဘောတူရုံမက သူတို့ပါ ကျွန်တော်နှင့် အတူ တသီကြီး ထွက်ပါရစေတော့ဆိုပြီး သူတို့ထွက်စာတွေကို ကျွန်တော့်လက်ထဲ အပ်ထားကြပါတယ်”

သူတို့ ဆိုသူများမှာ မဆလပါတီဒုတိယ ဥက္ကဋ္ဌကြီးလည်းဖြစ်၊ နိုင်ငံတော်သမ္မတကြီးလည်းဖြစ်သူ ဦးစန်းယု မဆလပါတီ အထွေထွေအတွင်းရေးမှူး ဦးစိန်လွင်၊ ကာကွယ်ရေးဝန်ကြီး ဦးကျော်ထင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးထွန်းတင် တို့ဖြစ်ကြသည်။ တစ်နည်းဆိုရသော် မြန်မာပြည်ကို နှစ်ပေါင်းများစွာ အုပ်ချုပ် လာခဲ့ကြသော ပါတီနှင့် နိုင်ငံခေါင်းဆောင်များ အနက် အရေးပါသော ပုဂ္ဂိုလ်အားလုံးပင် ဖြစ်သည်။

မည်သူမျှ မျှော်လင့်မထားသော နုတ်ထွက်ခြင်းများကို ဦးထွေးဟန်က ဖတ်ကြားပြီးသောအခါ ဦးနေဝင်းသည် စကားပြောခွက်ကို ပြန်ယူ၍ သူ၏ မိန့်ခွန်းကို ဆက်လက်ဖတ်ကြား ပြန်သည်။ ၎င်းက ဆက်လက်၍ ၁၉၆၂ခုနစ် ဇူလိုင်လ ၇ရက်နေ့က ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဖောက်ခွဲဖျက်ဆီးခဲ့သူမျာ မည်သူဖြစ်ကြောင်း ယင်းသမဂ္ဂ၏ ဖောက်ခွဲဖျက်ဆီးမှုတွင် သူဘာမှ မသိရကြောင်း ပြောကြားခဲ့သည်။ 

”ထိုဖောက်ခွဲ ဖျက်ဆီးရန်အတွက် ဆွေးနွေးခြင်း ဆုံးဖြတ်ခြင်းတို့တွင် ကျွန်တော်နှင့် တော်လှန်ရေး ကောင်စီအချို့ မပါခဲ့ပါ။ ဇူလိုင်လ ၈ရက်နံနက်တွင်မှ ဗုံးကြီးကြီး တစ်လုံးပေါက်ကွဲသံနှင့် အတော်ပြင်းထန်သော မြည်ဟီးသံကြီး ကြားသဖြင့် စုံစမ်းတော့မှ သမဂ္ဂအဆောက်အအုံကို ဒိုင်းနမိုက်ဖြင့် ဖျက်ဆီးလိုက်ကြောင်း ကျွန်တော် သိရပါသည်။”

ထို့နောက် သူကိုယ်တိုင် စုံစမ်း၍ သိလာရသော တရားခံမှာ  စာဖြန့်ဝေနေသော အစိုးရဆန့်ကျင်ရေးသမား ဦးအောင်ကြီး ပင်ဖြစ်သည်ဟု ဆိုသည်။တိုင်းပြည်တွင် မငြိမ်မသက်မှုများနှင့် ပတ်သက် ၍ နေဝင်းသည် စကားပြော မလျော့ခဲ့။
“နောက်ကို လူစုလူဝေးနဲ့ ဆူဆူပူပူ လုပ်လို့ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်။ မိုးပေါ်ထောင်ပြီး ဖောက်တာမပါဖူး။ အဲဒါနောင်ကို ဆူဆူပူပူ လုပ်လို့ရှိရင်တော့ ဆူတဲ့လူတွေ မသက်သာဘူး လို့သာမှတ်ပေတော့လို့” 
မိန့်ခွန်းပြောပြီး သောအခါ ဦးနေဝင်းသည် ချက်ချင်းပင် ခန်းမကြီးမှ ထွက်လာကာ သူကိုယ်တိုင် ဖီးယက်ကားကို စီးပြီး အင်းလျားကန် နံဘေးရှိ အေပီလမ်းနေအိမ်တော်သို့ ပြန်သွားခဲ့သည်။ ညီလာခံကို ရပ်နားလိုက်ပြီး မွန်းလွဲပိုင်း ၌ ဆက်လက် ကျင်းပပြန်သည်။ ဦးအေးကို၏ မွန်းလွဲပိုင်း မိန့်ခွန်းတွင် ကျယ်ပြန့်သော စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်မည် ဖြစ်ကြောင်းကတိပေးထား ပြန်သည်။ တိုင်းပြည်တွင် ပုဂ္ဂလိကလုပ်ငန်းများနှင့် နိုင်ငံခြားက ကုန်သွယ်ရေး တို့ကိုပါ အမှန်တစ်ကယ် လုပ်ကိုင်ခွင့် ပေးမည်ဟု ပြောဆိုခဲ့သည်။ နိုင်ငံပိုင်အနေနှင့် ရေနံသဘာဝဓာတ်ငွေ့၊ ပုလဲ၊ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ လုပ်ငန်းများ ကိုသာ ချန်ထားမည် ဖြစ်သည်။ 

တစ်တိုင်းပြည်လုံး တွင်သာမက သံတမန် အသိုင်းအဝိုင်း၌လည်း နားမလည်နိုင်အောင် ဖြစ်သွားကြသည်။ နိုင်ငံတကာ ကြေးနန်း သတင်းပို့ချက် များတွင် ပြည်သူတို့၏ ကျေနပ် အားရမှုများကို ဖော်ပြထားသည်။ ပြည်သူလူထု၏ ဒေါသူပုန်သည် မြန်မာနိုင်ငံတွင် ၂၆နှစ်တိုင်တိုင် အုပ်ချုပ်ခဲ့သော တစ်ပါတီစနစ်နှင့် အာရှတိုက်၏ အတင်းကြပ်ဆုံးသော ဆိုရှယ်လစ်စနစ် တစ်ခုကို နိဂုံးချုပ်စေခဲ့သည်။ 
အမှန်တကယ်ပင် နိဂုံးချုပ်ခဲ့သည်လား။
နောက်တစ်နေ့ ညီလာခံကျင်းပသောအခါတွင် ကိုယ်စားလှယ်တော်ကြီးများ တစ်ဦးပြီးတစ်ဦး စင်မြင့်ပေါ်တက်ကာ ဦးနေဝင်းအား တာဝန်ဆက်လက် ထမ်းဆောင်ပါရန် တိုက်တွန်း ပန်ကြားကြလေသည်။ ပထမဦးဆုံး စကားပြောခွက်ကိုင်သူမှာ ကချင်ပြည်နယ်မှ ငယ်ရွယ်သော ကိုယ်စားလှယ်တစ်ဦးဖြစ်သူ လာနန်ဘောက် ဖြစ်သည်။

သူက “တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို တည်ဆောက်တဲ့နေရာမှာ ခါးသီးသော အတွေအကြုံများအရ ပါတီစုံစနစ်ကို ကျင့်သုံးဖို့ လုံးဝမဖြစ်နိုင်ဘူးလို့ ယုံကြည်ပါတယ်။ ဒါ့အပြင် ပါတီစုံစနစ်ဟာ အထိန်းအကွပ် ကင်းမဲ့တဲ့ အလွန်အကျွံ ဒီမိုကရေစီစနစ်ကို ခံယူကျင့်သုံးတဲ့အတွက် ပြတ်သားတဲ့ဆောင်ပုဒ်၊ ထိရောက်တဲ့ လုပ်ငန်းစဉ်၊ မှန်ကန်တဲ့ မူဝါဒတို့ကို ချမှတ်တဲ့နေရာမှာ အခက်အခဲနဲ့ ကြုံတွေ့နိုင်ပါတယ်။ အထူးသဖြင့် အခုလို နိုင်ငံတော် စီးပွားရေး ခိုင်မာ တောင့်တင်းအောင် တည်ဆောက်နေတဲ့ အခါမှာ တစ်ပါတီစနစ်သည်သာ အထိရောက်ဆုံး အသင့်လျော်ဆုံး ဖြစ်ကြောင်း တင်ပြအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။ 

ဆက် ၍ “မြန်မာ့ဆိုရှယ်လစ်လူ့ဘောင် ရှင်သန်တိုးတက်ပြီး လုံးဝဥဿုံ အောင်မြင်လာတဲ့ အထိ ဥက္ကဋ္ဌကြီးကဘဲ ဦးဆောင်မှုပေးသွားပါရန် ကျွန်တော်တို့ လိုလားတောင့်တ လျက်ရှိကြပါတယ်။ ဒါ့ကြောင့် ဥက္ကဋ္ဌကြီးနှင့်တကွ နိုင်ငံ့ခေါင်းဆောင်များက တာဝန်မှ အနားယူရန် တင်ပြထားခြင်းကို ကချင်ပြည်နယ်မှ ပါတီညီလာခံ ကိုယ်စားလှယ်များက လုံးဝသဘောမတူကြောင်း တင်ပြအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။ 

ကယားပြည်နယ်မှ ဦးကျော်လှိုင်က “ပါတီစုံစနစ်ကျင့်သုံးလျှင် လွတ်လပ်ရေး ဆုံးရှုံးရမည့် အန္တရာယ် ဖြစ်ပေါ်လာနိုင်သည်” ဟု ပြောကြားခဲ့သည်။ ချင်းပြည်နယ်မှ ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ခန်မန် က ”ပါတီစုံစနစ်ကျင့်သုံးရေးအတွက် ပြည်သူ့ဆန္ဒခံယူပွဲပြု လုပ်ရန်မလို”ဟု ကြိမ်းဝါးသွားခဲ့သည်။ တနင်္သာရီတိုင်းမှ ပါတီယူနစ် ကော်မတီဝင် ဦးမောင်မောင်နိုင်က ”မဆလပါတီသည် မြန်မာပြည်၏ တစ်ခုတည်းသော ပါတီအဖြစ် အခိုင်အမာ ရပ်တည်နေပြီ ဖြစ်၍ တစ်ပါတီစနစ်ကို သာလျှင် ဆက်လက် ကျင့်သုံး သွားရမည်။ ပါတီ ဥက္ကဋ္ဌကြီး အနေနှင့် ပါတီဝင် အဖြစ်မှ နှုတ်ထွက်ရန် မလိုအပ်ပါ” ဟူ၍၎င်း၊ မကွေးတိုင်းမှ ဦးခန့်က ”ပါတီစုံစနစ်သည် မင်းမဲ့ဝါဒနှင့် ကမောက်ကမ စနစ် တို့ကို ဖြစ်ပေါ်စေပြီး တစ်ပြည်နှင့် တစ်ပြည်၊ လူတန်းစား တစ်ခုနှင့်တစ်ခု၊ မိသားစုအတွင်း တစ်ဦးနှင့် တစ်ဦး၊ တစ်ရွာနှင့် တစ်ရွာ၊ တစ်မြို့နှင့် တစ်မြို့ အကြားတွင် စည်းလုံး ညီညွတ်မှု ပျက်ပြားစေမည့် ဟူ၍ ၎င်းပြောကြားခဲ့ကြသည်။ အဆိုပြုချက်ကိုထောက်ခံသော သူများမှာ မန္တလေးတိုင်းမှ ဦးသန်းထွန်းနှင့် ပဲခူးမြို့မှ ဦးစံတင် တို့ဖြစ်သည်။ ဦးစံတင်က ”ပါတီ ဥက္ကဋ္ဌကြီးသည် ပါတီအပေါ် မိဘသဖွယ် ဖြစ်၍ ဆက်လက် ခေါင်းဆောင်မှု ပေးပါရန် ညီလာခံမှ ပန်ကြားသင့်ကြောင်း” ပြောခဲ့သည်။ ညီလာခံသည် တစ်ခုသော အရေးအရာတွင် အားလုံး တစ်ညီတစ်ညွတ်တည်း ရှိကြလေသည်။ လူတိုင်းက ဦးနေဝင်းအား ကျေးဇူတင်ကြောင်း ပြောကြားခဲ့ကြသည်။ အကြောင်းမှာ ၁၉၆၂ခုနှစ်တွင် ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဖောက်ခွဲဖျက်ဆီးခဲ့သော
 ဖြစ်ရပ်မှန်ကို ပြောကြားခဲ့သောကြောင့်ဖြစ်သည်။ 

အဓိပ္ပါယ် တစ်ခုထက် ပို၍ ထူးခြားသော အရေးပေါ် ညီလာခံကြီးသည် ၂၅ရက်နေ့တွင် ပြီးဆုံးခဲ့သည်။ ဦးနေဝင်းအား ပါတီ ဥက္ကဋ္ဌရာထူးမှ နှုတ်ထွက် ခွင့်ပြုခဲ့သော်လည်း ပါတီဝင်အဖြစ် ရှိနေဆဲ ဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ရန်မှာ ပိုမို အရေးကြီးကြောင်း “ပြည်သူ့ဆန္ဒပြုလုပ်ရန်မလို” ဟု ကိုယ်စားလှယ်များက ဆုံးဖြတ်ခဲ့ကြသည်။ ဦးစန်းယုကိုလည်း နှုတ်ထွက်ခွင့် ပေးခဲ့သည်။ သို့သော် ဦးအေးကို၊ ဦးစိန်လွင်၊ ဦးကျော်ထင်၊ ဦးထွန်းတင်တို့မှာ ကံအကြောင်းမလှ၍ သူတို့၏ လိုလားချက်များကို အလေးထားခြင်း မခံခဲ့ရပေ။ သူတို့ ဆက်လက်၍ တာဝန်ထမ်းဆောင် ရမည်ဟု ညီလာခံမှ ဆုံးဖြတ်ခဲ့သည်။

	ပြည်တွင်း ပြည်ပရှိ မြန်မာပြည်ကို စောင့်ကြည့်နေကြသူများသည် ဖြစ်ရပ်အစစ်အမှန်မှာ မည်သို့နည်းဟု စိတ်ရှုပ်သွားကြသည်။ ဦးနေဝင်းမှာ ညီလာခံ ပထမနေ့တွင်ပင် ထွက်ခွာသွားပြီး နောက်နေ့များတွင် ပေါ်မလာတော့ချေ။ ပုံမှန်အားဖြင့် မဆလပါတီ ညီလာခံများ ကျင်းပသည်  ဆိုသည်မှာ အသင့်ချမှတ် ပြီးသော ဆုံးဖြတ်ချက်များကို အတည်ပြုရန် အတွက် ရာဘာတံဆိပ်တုံး ရိုက်နှိပ်ခြင်း သဘောသာ ဖြစ်နေသည်။ ၂၆နှစ်တိုင် သက်ဦးဆံပိုင် တစ်ပါတီစနစ် အုပ်ချုပ်ရေး အောက်တွင် ရှိနေခဲ့သည့် မြန်မာပြည်သည် ပါတီ ဥက္ကဋ္ဌကြီး တင်သွင်းလာသော အဆိုကို ဆန့်ကျင်ရန် မဖြစ်နိုင်ခဲ့ချေ။ သို့သော် ဖြစ်ရပ်မှာ အဘယ်နည်း။ သူကိုယ်တိုင် ဖန်တီးခဲ့သော ပါတီ၏ အခြေခံအား ဖြစ်သည့် ပါတီဝင်များသည် အာဏာရှင် လက်ဟောင်းကြီးကို ကိုယ်မွေးသည့်မျောက် ကိုယ်ပြန်ခြောက် ဆိုသကဲ့သို့ ပုန်ကန်ကြလေပြီလား။

	နိုင်ငံခြားမှ လေ့လာနေသူများမှာ စိတ်မောလူမော အလုပ်များသွားခဲ့ကြသည်။ ဆန်းစစ်သူများစွာမှာ မဲပေးပုံ အသွင်အပြင်ကို လေ့လာကြသည်။ အချို့က တွေ့ရှိသည်မှာ လူမျိုးစု ဒေသများမှ ကိုယ်စားလှယ် တို့သည် အဆိုပြုချက်ကို ကန့်ကွက်မဲ ပေးခဲ့ကြသည်။ လူမျိုးစု ပုန်ကန်မှုများ ရှိနေသောကြောင့် နယ်မြေတည်ငြိမ်မှုနှင့် ဆက်လက်တည်မြဲမှုတို့မှာ အဓိက မဏ္ဍိုင်ဖြစ်၍ ဤသို့ကန့်ကွက်ခြင်း ဖြစ်သည်ဟု ယူဆကြသည်။ 

နည်းပါးသော ထောက်ခံမှုတို့မှာ အေးချမ်းသည့် အလယ်ပိုင်း မြေပြန့်ဒေသမှ ဖြစ်သည်။ ညီလာခံမှ ဦးနေဝင်း ရုတ်တရက် ထွက်သွားခြင်းမှာ ဦးနေဝင်းလက်မှ အာဏာ ပျောက်ကွယ်သွားပြီဟု ညွှန်းဆိုခြင်းပင်လော ဟူ၍ ပဟေဋ္ဌိ တစ်ရပ် ဖြစ်နေသည်။ သို့ရာတွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ပေးမည်ဟူသော ကတိကြောင့် စိတ်အားထက်သန် နေကြသော နိုင်ငံခြားမှ လေ့လာသူများသည် ထိုသို့သော အထင်အမြင်တို့ကို ဂရုမစိုက်ကြတော့ချေ။ နှစ်ပေါင်းများစွာ  စောင့်ဆိုင်း နေခဲ့ကြသည့်အချိန် ရောက်ရှိလာပေပြီ။ သယံဇာတ ကြွယ်ဝသော မြန်မာပြည် တံခါးပွင့် ပေတော့မည်။ 

လမ်းများပေါ်မှ ပြည်သူတို့မှာ ထိုသို့သော ထင်မြင်ဆန်းစစ်ချက်များကြောင့်  စိတ်တွေဝေ ရှုပ်ထွေးကုန်ကြ၏။ လေ့လာသူများသည် ညီလာခံ၏ ဗန်းပြလုပ်ဆောင်ချက်များကို မယုံကြည်ကြပေ။ အာဏာရှုင်ဦးနေဝင်း၏ အကျင့်စရိုက်ကို သိထားကြသောကြောင့် “နံပါတ်တစ်” အသက်ရှင်နေသေးသရွေ့ ကာလပတ်လုံး  အပြောင်းအလဲ မဖြစ်နိုင်ဟု ယုံကြည်နေကြသည်။ သမ္မတကြီးနှင့်မဆိုင်၊ ပါတီ ဥက္ကဋ္ဌနှင့်လဲ မဆိုင် သူသာလျှင်ဗိုလ် ဖြစ်၏။ နေဝင်းမှ နေဝင်းပင် ဖြစ်တော့သည်။ 

“သူ့ရဲ့ တစ်ကယ့်ဆန္ဒကို ဖီဆန်ပြီး ညီလာခံက မဲပေးကြမယ်ဆိုတာ မစဉ်းစားရဲစရာဘဲ။ ပြည်သူ့ဆန္ဒ ခံယူပွဲကို အဆိုတင်ပြီး ညီလာခံကို ပယ်ချစေတာက နေဝင်းဟာ ဇာတ်စင်ပေါ်ကနေ သိက္ခာရှိရှိနဲ့ ကန့်လန့်ကာနောက်ကို ဝင်သွားပြီး ကြိုးဆွဲနိုင်အောင် အကွက်ဆင်တာ ဖြစ်တယ်။ ဒါက အာဏာဆက်လက် တည်မြဲအောင် ကြံစည်တဲ့ စဉ်းလဲမှုကြီးတစ်ခု ဖြစ်တယ်။ အခု လူတိုင်းဟာ ခေါင်းဆောင်ဟောင်းကြီးကို သတိရနေ ကြတော့မယ်။ ဘာပဲပြောပြော ပြည်သူ့ ဆန္ဒခံယူပွဲကို အဆိုပြုခဲ့တာက ဦးနေဝင်း။ ဒါကို ညစ်ပတ်တဲ့ ညီလာခံက ပယ်ချခဲ့တာဘဲလို့ သမိုင်းစာမျက်နှာမှာ သူ့အတွက် နေရာကျန်အောင် လုပ်ဆောင်ခဲ့တာ ဖြစ်တယ်။ ဒါသူ့စိတ်ကူးဘဲ” ဟု မြန်မာ မိတ်ဆွေတစ်ဦးက ကောက်ချက်ချ ခဲ့သည်။

နောင်ဖြစ်ပေါ်လာသော ဖြစ်ရပ်များက ဤသုံးသပ်ချက် မှန်ကြောင်း သက်သေထူလာသည်။ မြန်မာပြည်သည် ပွင့်လင်း လွတ်လပ်သော ခေတ်သစ် တစ်ခုသို့ ဝင်ရောက်လာခြင်းမဟုတ်ဟု ချက်ချင်း သိသာ လာတော့သည်။ ယင်း ဇူလိုင်လ၏ ထူးခြားသော ရက်သတ္တပတ် ကုန်ဆုံးချိန်တွင် သမ္မတကြီးနှင့် မဆလပါတီ ဥက္ကဋ္ဌရာထူးတို့ကို ဆက်ခံမည့်သူအား ရွေးချယ်၍ ကြေညာလိုက်ကြသည်။ အရွေးချယ်ခံရသူမှာ လူယုံတော်ကြီး ဦးစိန်လွင် ပင်ဖြစ်ပေတော့မည်။ 

                             ***************
ဘာတီးလင့်တနာ Bertil Lintner- Outrage Burma struggle for Democracy စာအုပ်ကို စံဝင်းမောင် နှင့် မင်းမျိုးနိုင် တို့ ဘာသာပြန်ထားသော  “ဒေါမာန်ဟုန်- ဗမာပြည် ဒီမိုကရေစီတိုက်ပွဲ” အခန်း(၃) “ကလေးများ၏ ဒေါသမာန်” အား မူရင်းအတိုင်း မျှဝေပါသည်။

မှတ်ချက်။  ။ဤစာအုပ်မှ ရှစ်လေးလုံး လူထု အရေးတော်ပုံ နှင့် သက်ဆိုင်သော အခန်းကဏ္ဍများကိုသာ ဆက်လက် တင်ပြသွားမည်  ဖြစ်ပါကြောင်း စာဖတ်သူများအား လေးစားစွာ အသိပေးအပ်ပါသည်။
ဓာတ်ပုံ။  ။ မျိုးချစ်ကျောင်းသားတပ်ဦးဟူသော အမည်ဖြင့်  (၈.၈.၈၈) မတိုင်မီက ရွေတိဂုံဘုရား စနေဒေါင့်တွင် လူစုကာ  ရွှေတိဂုံဘုရား အောင်မြေတွင် တရားဟောခဲ့ကြပုံ။

လေးစားစွာဖြင့်
ကျော်နိုင်
June/30/2013
 
with Aung Aung Kyaw  Aung Moe Win  Moe Zay Nyein  Soe Moeငြိမ်သက်လျက် ရှိသော်လည်း တင်းမာလှသည့်

with Aung Aung Kyaw Aung Moe Win Moe Zay Nyein Soe Moe
— with Lu Cifer and 143 others.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...