Sunday, June 2, 2013

~ယဉ်ကျေးမူ (Culture) မိတ်ဆက်~

by Aung Myo Myat (Notes) on Saturday, June 1, 2013 at 7:39am


ယဉ်ကျေးမူ (Culture) လေ့လာတယ်ဆိုတာ အရေးကြီးတယ်။ နိုင်ငံရေးသိပ္ဗံ (Political Science)၊ လူမူဗေဒ (Sociology)၊ မနုဿဗေဒ (Anthropology)၊ ဒဿနိက (Philosophy)၊ စိတ်ပညာ (Psychology)၊ စီးပွားရေး (Business) စတဲ့ပညာရပ်တွေ လေ့လာတဲ့အခါ ယဉ်ကျေးမူ (Culture) ကိုဗဟိုပြုလေ့လာကြရတယ်။ တနည်းအားဖြင့် ပညာရှင်နယ်ပယ်၊ ပညာရေးနယ်ပယ်၊ စာပေနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်၊ နေ့စဉ်လူမူဘ၀နယ်ပယ် အားလုံးကိုလွမ်းမိုးထားတဲ့ အကြောင်းတရားလို့လည်း ဆိုလို့ရတယ်။

Eastern World & Western World 

ကမ္ဘာကြီးကို အရှေ့ တိုင်း (Eastern) နဲ့ အနောက်တိုင်း (Western) ခွဲခြားထားရတာ ပထ၀ီအနေအထားကြောင့်ဆိုတာထက်  ယဉ်ကျေးမူနဲ့ အတွေးအခေါ်ကွဲပြားမူအပေါ် မူတည်ပြီး ခွဲခြားတာဖြစ်တယ်။
ယဉ်ကျေးမူ (Culture) 

ဆိုတာ အချိန်ကာလ၊ ဒေသတစ်ခုအတွင်းမှာနေထိုင်ကြပြီး (Proximity)၊ဘာသာစကား (Language) တစ်ခုကိုပြောဆိုတဲ့ သူတို့ရဲ့ မျှဝေသိတတ်သဘောက်ပေါက်ထားတဲ့ စံတန်ဖိုးတွေ (Value)၊ ကိုးစားယုံကြည်မူတွေ (Belief) ၊ စည်းဘောင်တွေ (Norms) ကိုရည်ညွန်းချက် ဖြစ်တယ်။

တနည်းအားဖြင့်ပြောရရင် ယဉ်ကျေးမူဟာ Proximity, Value and Belief, Norms တွေကနေပေါ်ထွက်လာတဲ့  လူတွေရဲ့  ဘ၀နဲ့ လောကကြီးကို မြင်ပုံ၊ တွေးယူပုံ၊ သိပုံ၊ ခံယူပုံ၊ နေထိုင်သွားလာ လုပ်ရှားပုံ၊ ယုံကြည်လက်ခံပုံတွေပဲဖြစ်တယ်။

ကာလဒေသတစ်ခုအတွင်းကျရောက်ခြင်း (Proximity)

ပထ၀ီရေမြေအနေအထားအရ၊ ရာသီဥတုအခြေအနေအရ အချိန်ကာလတစ်ခု၊ ခေတ်ကာလတစ်ခု၊ စတဲ့လွမ်းမိုးမူတွေကြားကိုဆိုလိုတယ်။

ဘာသာစကား (Language)ဘာသာစကား

လူ့အဖွဲ့ စည်းတစ်ခုတွင်းကလူတွေ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဆက်သွယ်ဖို့၊ ပညာရပ်ဆိုင်ရာနှင့် လူမူအကြောင်းတရား၊ အတွေ့အကြုံနဲ့  ခံယူချက်တွေကို မျိုးဆက်တွေတစ်ဆက်ပြီးတစ်ဆက်အလိုက် ဆင့်ကူးပေးတဲ့ ကြားခံဖြစ်တယ်။ ဒါကြောင့် ဘာသာစကားဟာ ယဉ်ကျေးမူနဲ့ အပြန်အလှန်သဘောပြဋ္ဌာန်းပြီး ရောယှက်နေတယ်။

စံတန်ဖိုး (Values)၊ (Belief)  နဲ့ စည်းဘောင် (Norms) 

လူကောင်းတစ်ယောက်အဖြစ်ဘယ်လိုနေထိုင်ရှင်သန်ရမယ်၊ ကိုနေထိုင်ရာလူ့အဖွဲ့အစည်း အတွင်း ကောင်းမွန်လိုက်လျောညီထွေစွာနေထိုင်နိုင်ရေး၊ လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုးဖြစ်ထွန်းရေး စတာတွေကိုပြဋ္ဌာန်းပေးထားတဲ့ ဘာသာရေး၊  လူမူရေး ဆိုင်ရာ ဆောင်ရန်ရှောင်ရန်၊ ခံယူရန်များ။

ယဉ်ကျေးမူရဲ့  သက်ရောက်မူ

ယဉ်ကျေးမူ ရဲ့ သက်ရောက်မူကို အလျားလိုက်သဘော (လူ့အဖွဲ့အစည်း တစ်ခုလုံး) နဲ့  ဒေါင်လိုက်သဘော (တစ်ဦးတစ်ယောက်ချင်းစီအလိုက်) နှစ်မျိုးခွဲကြည့်လို့ရတယ်။

လူ့အဖွဲ့အစည်းတစ်ခုလုံးအတိုင်းအတာနဲ့ဆိုရင်
- လူတို့ရဲ့ လောကကိုသိမြင်နားလည်ပုံနဲ့ ကိုယ့်ကိုယ်ကိုသိမြင်လက်ခံပုံ (Cognition)၊
- လူမူရေးဆိုင်ရာကောက်ချက်ချပုံ (Social Inferences)၊
- သတင်းအချက်အလက်တို့ကို အမျိုးခွဲယူပုံ (Information Categorization) တွေပဲဖြစ်တယ်။

လူတစ်ဦးတစ်ယောက်ခြင်းစီရဲ့ ယဉ်ကျေးမူနောက်ခံ (Cultural Background)
လွမ်းမိုးတာကတော့ သူတို့ရဲ့ ၊
- ဆုံးဖြတ်ချက်ချပုံ၊(Decision Making)
- အသိဥာဏ်မှတ်ယူပုံ၊(Memories)
- ဆက်ဆံရေးပုံစံ၊(Communication Styles)
- ဆင်ခြင်စဉ်းစားပုံ(Reasoning Style) တွေပဲဖြစ်တယ်။

အရှေ့ တိုင်းနဲ့  အနောက်တိုင်း ယဉ်ကျေးမူကွာခြားပုံ 

အရှေ့ တိုင်းမှာထွန်းကားတဲ့ယဉ်ကျေးမူနဲ့ အနောက်တိုင်းထွန်းကားတဲ့ယဉ်ကျေးမူနှစ်ခု ကွဲပြားတယ်။ အရှေ့ တိုင်းမှာထွန်းကားတဲ့ယဉ်ကျေးမူကို Collectivism၊ အနောက်တိုင်းမှာထွန်းကားတဲ့ ယဉ်ကျေးမူကို Individualism လို့ ပညာရှင်တွေက သတ်မှတ်တယ်။

Collectivism - (အစုအဖွဲ့ပြုယဉ်ကျေးမူ)

မိသားစုကနေစလို့ အခြားသော လူ့အဖွဲ့အစည်းပုံစံတွင်းမှာ ညီညွတ်ပေါင်းစည်းမူ၊ လိုက်လျောညီထွေသော ဆက်နွယ်မူများနဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ကောင်းကျိုးဖြစ်ထွန်းရေး စတဲ့ တန်ဖိုးတွေကို ဗဟိုပြုတည်ဆောက်ထားတဲ့ ယဉ်ကျေးမူတန်ဖိုးပုံစံဖြစ်တယ်။ Collectivism ယဉ်ကျေးမုထဲကပေါင်ဖွားလာတဲ့သူတွေကို Collectivist ဖြစ်တယ်။  Collectivist တွေဟာ အများနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်နဲ့ စံတန်ဖိုးတွေကို ဦးစားပေးတတ်တယ်။ လူ့အဖွဲ့အစည်းမှာ Collectivist တွေဟာ အလျားလိုက်သဘောဆောင်တယ်။

Individualism - (ပုဂ္ဂလပြု ယဉ်ကျေးမူ)

လူ့အဖွဲ့အစည်းလိုက် တန်ဖိုးနဲ့ကောင်းကျိုးတွေကို ဗဟိုပြုတာထက်၊ လူတစ်ဦးတစ်ယောက်ခြင်းစီ အလိုက်ရဲ့  သီးခြားလွတ်လပ်စွာရပ်ဖြစ်တည်မူနဲ့  ရည်မှန်းချက်ပန်းတိုင်ကိုရောက်စေဖို့ စတဲ့စံတန်ဖိုး တွေနဲ့တည်ဆောက်ထားတဲ့ ယဉ်ကျေးမူပုံစံဖြစ်တယ်။ Individualism ကနေကြီးပြင်းလာရသူဟာ Individualist ဖြစ်တယ်။ Individualist တွေဟာ၊ ပုဂ္ဂိုလ်ရေး ဆန္ဒနဲ့ ရည်မှန်းချက်တွေကို ဦးစားပေးတတ်ပြီး၊ လူ့အဖွဲ့အစည်းမှာ ဒေါင်လိုက်သဘောရှိတယ်။

Individualism နဲ့ Collectivism အမြင်နှစ်ခုနဲ့  အနောက်တိုင်းနဲ့ ယဉ်ကျေးမုူရဲ့ ပုံစံနဲ့  အရှေ့ တိုင်းယဉ်ကျေးမူနှစ်ခုမှာ တစ်ခုရဲ့  လက္ခဏာတွေ နောက်တစ်ခုမှာမပါဘူးလို့ မြင်လိုက်လို့မရဘူး။ Individualism နဲ့  Collectivism ခွဲရတာဟာ ဗဟိုပြုထားတဲ့ ပုံစံကွာတာနဲ့ ခွဲထားတာဆိုတာ မြင်ဖို့အရေးကြီးတယ်။

Horizontal-vertical Dimension - (အလျားသဘော-ဒေါင်လိုက်သဘော အမြင်)

Individualism နဲ့  Collectivism နှစ်ခုတွင်းမှာကို နောက်ထပ်ယဉ်ကျေးမူ ကွဲပြားချက်နှစ်မျိုးရှိတယ်။

Horisontal Dimension (အလျားသဘော အမြင်)

အလျားလိုက်အမြင်ရှိတဲ့ ယဉ်ကျေးမူနှစ်ခုလုံးကလူတွေဟာ ကို်ယ့်ကိုယ်ကို  ညီမျှမူတန်ဖိုး (Value of Equality) ကိုဗဟိုပြုပြီး လူ့အဖွဲ့အသည်းအတွင်းက လူသားအားလုံးကို တန်းတူညီမျှခြေတစ်ခုမှာ မြင်တယ်။

Vertical Dimension (ဒေါင်လိုက်သဘော အမြင်) 

ဒေါင်လိုက်သဘောအမြင်ရှိတဲ့  ယဉ်ကျေးမူနှစ်ခုလုံးက လူတွေဟာ ကိုယ့်ကိုယ်ကို အာဏာ၊ ရုပ်ဝတ္ထုပစ္စည်းပိုင်ဆိုင်မူ၊ လူ့အဆင့်အတန်း စတာတွေအရ အထက်အောက်ခွဲဆက်ဆံမူ (Hierarchy) အရ ခွဲခြားဆက်ဆံလိုတယ်။ လူ့အဖွဲ့အစည်းအတွင်းက အဆင့်အတန်းအလိုက် အခွင့်ထူးတွေရသင့်တယ်လို့ ယုံကြည်တယ်။ လူတွေကြားမှာ တန်းတူညီမျှမူဆိုတာ လက်မခံဘူး။


ယဉ်ကျေးမူပုံစံတွေကနေ ဖြစ်ပေါ်လာတဲ့ အတ္တပုံစံနှစ်မျိုး


Independent Self (Independent self-construal) - လွတ်လပ်တဲ့ အတ္တပုံစံ
IS ကို အများနဲ့မတူပဲသီးခြားဆန်တဲ့ ဥာဏ်စရိုက်တွေ၊ အစွမ်းအစတွေ၊ အရည်ချင်းတွေ ပေါင်းစပ်နေတဲ့ ကိုယ်ရည်ကိုယ်သွေးရှိသူရဲ့ အတ္တပုံစံလို့ပြောရင်ရမယ်။ IS ရှိတဲ့သူတွေဟာ ကိုယ့်အတွေး၊ ကိုယ့်ခံစားချက်အလိုက် ပြုမူပြောဆိုတတ်တယ်။ အခြားသူတွေရဲ့ အတွေးနဲ့ ခံစားချက်တွေနောက်လိုက်ပြီး ပြုမှုပြောဆိုတာမရှိဘူး။ 

Dependent Self (Interdependent self-construal) - မှီခိုတဲ့ အတ္တပုံစံ
DS ပုံစံဟာ သူနေထိုင်ရာလူမှုအဖွဲ့စည်းရဲ့ အမြင်နဲ့အယူအဆတွေအပေါ် တည်ဆောက်ထားတယ်။
သူ့ရဲ့ လူ့အဖွဲ့အစည်းနဲ့ ကြားထဲကဆက်ဆံရေးအပေါ်မူတည်ပြီး ပြုမှုပြောဆို၊ လုပ်ဆောင်လိုတယ်။ အများအားဖြင့် DS ရှိသူတွေဟာ အများစုရဲ့ ဆန္ဒနဲ့သဘောထားကို မိမိရဲ့ ကိုယ်ပိုင် ဆန္ဒနဲ့သဘောထားထက် ပိုမိုအရေးစိုက်လေ့ရှိတတ်ကြတယ်။ အများဆန္ဒနဲ့ ကိုက်ညီအောင်နေထိုင်ဖို့ ကြိုးစားတတ်ကြတယ်။ အများဆန္ဒနဲ့ မကိုက်ညီတဲ့ အယူအဆကိုလည်း လက်မခံလိုကြဘူး။ အများတွေးသလို တွေးပြီး၊ အများခံစားသလို လိုက်ခံစားတတ်ကြတယ်။ 

လူတွေရဲ့ အပြုအမူအပြောအဆို၊ တွေးခေါ်ပုံ၊ ဘ၀ကိုမြင်ပုံ၊  လက်ခံပုံ၊  အနက်ပြန်ယူပုံတွေကို သိဖို့ရာ ယဉ်ကျေးမူကို ထဲထဲဝင်ဝင် သိထားဖို့လိုတယ်။

~AMM~
Greenhill

REF:
-Heggy, Tarek; Culture, Civilization and Humanity. 1st Edit, 2003. Frenk Cass Publishers.
-Albrow, Martin; The Basic Sociology, 1st Edit, 1999. Routledge.
-Benson, Ciarán; The Cultural Psychology of Self, 1st Pub, 2001, Routledge.
-Encyclopedia of Applied Psychology, Elsevier Academic Press.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...