Saturday, June 15, 2013

သန်း ၆၀ အတွက် ရိက္ခာနှင့် သိက္ခာ

by Phillip Pyae (Notes) on Thursday, June 13, 2013 at 9:48pm
 
‘လူ’ဟုခေါ်ဝေါ်ပညတ်အပ်သော သတ္တဝါကို ပရမတ်မျက်ဝန်းနှင့် ကြည့်တော့ ရုပ်နှင့် နာမ် နှစ်ပါးသာရှိသည်။ ရုပ်က ၂၈ ပါး၊ နာမ်က ၅၃ ပါး၊ ရုပ်မှာလည်း ရုပ်သက်ရှိသည်။ နာမ်မှာလည်း နာမ်ဇီဝိတ နာမ်သက်ရှိသည်။အသက်ဟူသည် ထိုရုပ်ဇီဝိတ၊ နာမ်ဇီဝိတ နှစ်ပါးသာဖြစ်သည်။ ထိုနှစ်ပါးသည် ပရမတ်စစ်စစ်ဖြစ်သဖြင့်အကောင်အထည်မရှိ၊ ဝတ္ထု ဒြပ်မရှိ သဘောမျှသာ ရှိသည်။ အသက်ဟူသည် လိပ်ပြာမဟုတ်၊ ဝိညာဉ်မဟုတ်၊အတ္တမဟုတ်၊ ငါမဟုတ်၊ အကောင်တစ်မျိုးမဟုတ်၊ ရုပ်နာမ်နှစ်ပါး ဆက်လက်ရှင်သန်နိုင်အောင်စောင့်ရှောက်တတ်သော ဓာတ်သဘောမျှသာရှိသည်။


‘နတ္ထိအတ္ဆသမံ ပေမံ’ ကိုယ့်ကိုယ်ကိုယ်ချစ်သော အချစ်နှင့် တန်းတူရည်တူ ဒီဂရီပါဝါဟူသော အချစ်မည်သည်မရှိဟုဆို၏။ ရှင်းအောင်ပြောတော့ ကိုယ့်ကိုယ်သာ အချစ်ဆုံး ဖြစ်၏။ ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးဟူသည်ကိုယ့်အသက်ကိုယ် အချစ်ဆုံးဟု အဓိပ္ပာယ်ရသည်။ ကမ္ဘာမီးလောင် သားကောင်ချနင်းဟု အဆိုရှိ၏။ကမ္ဘာမီးလောင်သောအခါ မိခင်တစ်ယောက်သည် သားကို ပွေ့ချီ၍ မီးလွတ်မည်ထင်ရသည့်ဘက်ကို ပြေးလေ၏။မီးက မလွတ်၊ နင်းထားသည့် မြေကြီးက တဖြည်းဖြည်းနှင့် မနင်းနိုင်အောင် ပူလာတော့၏။ ထိုအခါအချစ်ဆုံးဖြစ်သော သားကိုပင် မြေမှာချ၍ နင်းရလေတော့၏။ ကိုယ့်အသက်ထက် ဘာကိုမျှ ဘယ်အရာကိုမျှပို၍ မချစ်နိုင်ဟူသော ပြယုဂ်တစ်ခုဖြစ်၏။

သက်ရှိသတ္တဝါတိုင်းသည်ကိုယ့်အသက်ကို အခင်တွယ်ဆုံး၊ အချစ်ဆုံး ဖြစ်၏။ အရှေ့က အနောက်၊ အနောက်က အရှေ့၊ တောင်ကမြောက်၊ မြောက်က တောင်၊ ဆိုင်ရာ ဆိုင်ရာ တတ်သည့်ပညာနှင့် အစာရှာထွက်ကြရသည်။ အသက်မွေးဖို့ဖြစ်၏။

စားနပ်ရိက္ခာဆိုသည့်အတိုင်းအစားအစာဟူသမျှကို ရိက္ခာဟု ခေါ်သည်။ တိရစ္ဆာန်တွေမှာလည်း ဝမ်းကရှိနေသည့်အတွက် ဝမ်းရိက္ခာလိုသည်။လူတွေမှာလည်း သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ဝမ်းစာရိက္ခာ လိုသည်။ ဤနေရာ၌ လူနှင့် တိရစ္ဆာန်ကွဲပြားတာက တိရစ္ဆာန်တွေမှာ ရိက္ခာသာ လိုသည်။ သိက္ခာ မလို။ လူတွေမှာတော့ ရိက္ခာသာမက သိက္ခာပါလိုသည်။လူတွေမှာ ရိက္ခာ ရှိရုံနှင့် မလုံလောက်သေး၊ သိက္ခာရှိဖို့ပါ လိုသည်။ လူသည် ရိက္ခာကို အလေးထားသလိုသိက္ခာကိုပါ အလေးထားရမည်။ သိက္ခာကို အလေးမထားလျှင် လူနှင့် တိရစ္ဆာန် ဘာမျှထူးခြားတော့မည်မဟုတ်ချေ။

ဘယ်သူတေတေ၊ငတေမာလျှင်ပြီးရော ဝါဒသည် တိရစ္ဆာန်ဝါဒ ဖြစ်သည်။ လူမှာလည်း ငတေဝါဒကျင့်သုံးလျှင် တိရစ္ဆာန်ဝါဒကျင့်သုံးရာရောက်သည်။ တိရစ္ဆာန်အများစုသည် ကိုယ့်အတွက်သာ ကိုယ်ကြည့်သည်။ ကိုယ့်အတွက်သာကိုယ်သိသည်။ ဘယ်သူ့အတွက်မှမကြည့်၊ ဘယ်သူ့အတွက်မှ မသိ။ လူမှာလည်း ထိုအကျင့်မျိုး ရှိနေလျှင်လူ့တိရစ္ဆာန်သာ ဖြစ်တော့မည်။ တိရစ္ဆာန်ဟူသည် ကြီးနိုင်ငယ်ညှဉ်းသဘောကို ဆောင်သည်။ လူသည်လည်းကြီးနိုင်ငယ်ညှဉ်းပြုမူလျှင် လူစိတ်ပျောက်နေသူဖြစ်သည်။ မနုဿမဟုတ်၊ အမနုဿသာ ဖြစ်သည်။ဆုတ်ကပ်အခါသမယမှာ အမနုဿတွေ ပေါများလာသည်။ ထို့ကြောင့် ပရိတ်အမွှမ်းမှာ ‘မနုဿတောဝါ’ လူကပေးသော ဒုက္ခတို့မှလည်း စောင့်ရှောက်တော်မူပါ။ ‘အ မနုဿတောဝါ’ လူမဆန်သူတို့က ပေးသော ဒုက္ခတို့မှလည်းစောင့်ရှောက်တော်မူပါဟု ဆိုသည်။ လူဆန်သူနှင့် လူမဆန်သူ နှစ်ဦးအနက် လူမဆန်သူက ပို၍ကြောက်ဖို့ ကောင်းသည်။ လူဆန်သူက လူစိတ်ရှိလို့ တော်သေးသည်။ လူမဆန်သူမှာတော့ လူစိတ်ပျောက်နေသည်။

ရိက္ခာနှင့်သိက္ခာအစား အူမနှင့် သီလ ဟုလည်း သုံးကြသေးသည်။ တစ်ချို့အူမကို အလေးထားသူတို့က အူမတောင့်မှသီလစောင့်နိုင်မည်ဟု ဆိုသည်။ တချို့ သီလအလေးထားသူတို့က သီလစောင့်လျှင် အူမတောင့်ပါသည်ဟုဆိုသည်။ အူမနှင့် သီလ ဘယ်အရာက အရေးကြီးသနည်း။ တိရစ္ဆာန်တွေကတော့ အူမကိုသာ နားလည်သည်။သီလကို နားမလည်။ လူတွေမှာလည်း အူမကိုသာ နားလည်ပြီး သီလကို နားမလည်ခဲ့လျှင် …

ယနေ့ ကမ္ဘာမှာလူဦးရေတွေ များလာသည်။ သယံဇာတတွေကလည်း တဖြည်းဖြည်း ပြုန်းတီးလိုက်လာသည်။ သိပ္ပံပညာ၏တီထွင်ဖန်တီးမှုတွေက ခေတ်မီဆန်းပြားလွန်းတော့ သဘာဝတွေ ယိုယွင်းလိုက်လာသည်။ ယိုယွင်းတော့ဖောက်ပြန်ကုန်သည်။ ဖောက်ပြန်တော့ ကပ်သင့်ကုန်သည်။ ဒုက္ခရောက်သည်။ တချို့ဒေသတွေမှာ စားနပ်ရိက္ခာတွေကရှားပါးကုန်သည်။ ရှားပါးသည်ထက် ငွေကြေးဖောင်းပွမှုနှုန်းက မြင့်မားတော့ ထိုဒဏ်ကို အခြေခံလူတန်းစားအများစုက ဦးစွာခံကြရသည်။ ထိုအခါ အူမနှင့် သီလက စစ်ခင်းလာကြတော့သည်။ အခြေအတင် ဖြစ်လာကြတော့သည်။

‘ငါ့ဝမ်းပူဆာအစာရှာ၊ မနေသာလို့ ကိုက်ရသည်’ဟူသော မြွေ၏ထုံးကို နှလုံးမူလာကြသူက များလာတော့သည်။ လွမ်းရေးထက်ဝမ်းရေးက ခက်လာတော့ သိက္ခာကိုလည်း မလွမ်းနိုင်တော့။ သီလကိုလည်း မလွမ်းနိုင်တော့။ သိက္ခာထက်ရိက္ခာက ပိုအရေးကြီးလာတော့သည်။ သီလထက် အူမကို ပိုအရေးထားလာတော့သည်။ ထိုအခါ ငတေဝါဒကိုကျင့်သုံးလာကြသည်။ ဂတိတို့၊ သစ္စာတို့ ဆိုတာတွေကိုလည်း သိက္ခာနှင့်အတူ သီလနှင့်အတူ လမ်းဘေးမြောင်းထဲကန်ချပစ်လိုက်ကြတော့သည်။

အူမ မတောင့်လို့သီလ မစောင့်ကြတာကတော့ ဖြစ်တတ်သည့် သဘာဝတစ်ခုလို့ ဆိုရပေလိမ့်မည်။ အူမတောင့်ပါလျက် သီလမစောင့်ကြတာကတေ့မဖြစ်သင့် မဖြစ်ထိုက်၊ အူမတွေ ဖောင်းကားနေပါလျက် သီလမစောင့်ကြတော့ ပိုဆိုးသည်။ အူမတောင့်သူတွေသီလ မစောင့်ကြတော့ တိုင်းပြည်တစ်ခုလုံး ကပြောင်းကပြန် ဆင်းရဲခြင်းဒဏ်က နလန်မထူတော့။၂၃ မျှသာ အရေအတွက်ရှိသော လက်ဝါးကြီးများက အုပ်ထားသဖြင့် တိုင်းပြည်စီးပွားရေး ပျက်ခဲ့ရပြီ။ထိုစီးပွားပျက်ကပ်ဒဏ်ကို သန်း ၆၀တို့ အလူးအလိမ့် ခံခဲ့ရသည်။ ယခုတော့ သန်း၆၀ ဆင်းရဲသားနင်းပြားတို့အတွက်မျှော်လင့်ချက် ရောင်ခြည်လေးတော့ သန်းလာပါပေါ့။ ထိုရောင်ခြည်မှတဆင့်  နံနက်မိုးသောက် အလင်းရောင်ဖြာ ထိန်ထိန်သာဖို့ ဆက်လက်ကြိုးစားလုပ်ဆောင်ကြရလိမ့်ဦးမည်။ အူမတောင့်သူတွေ သီလမစောင့်တာက အူမမတောင့်လို့ပါဟု ဆင်ခြင်ပေးလို့ရသည်။အူမတောင့်ပါလျက် သီလမစောင့်သူတွေမှာတော့ ဘာဆင်ခြေမှ ပေးစရာမရှိ၊ ပေးလို့မရ။ အမှန်တော့အူမတောင့်နေသည် ဖြစ်သည့်အတွက် သီလကိုတော့ စောင့်သင့်ပါသည်။ အူမတောင့်သူတွေ သီလစောင့်ခဲ့ပလျှင်… ။

အာဠာဝကဘီလူးက“အရှင်ဘုရား ဘယ်ပုံဘယ်နည်း အသက်မွေးခြင်းက အကောင်းဆုံးပါလဲ”ဟု ဘုရားကို မေးလျှောက်တော့ဘုရားက “ပညာနဲ့ အသက်မွေးတာ အကောင်းဆုံး”ဟု ဖြေတော်မူခဲ့သည်။ အဋ္ဌကထာဆရာက ပညာနှင့် အသက်မွေးခြင်းဟူသည်နှစ်ဖက်မြင်ပုဂ္ဂိုလ်တို့၏ အသက်မွေးခြင်းဟု ဖွင့်ဆိုသည်။ နှစ်ဖက်ဟူသည် လက်ရှိ ပစ္စုပ္ပန်ဘဝနှင့်နောင်တမလွန်ဘဝကို ဆိုလိုသည်။ တစ်နည်း သူ့ဖက်၊ ကိုယ့်ဖက်၊ သူ့ဖို့၊ ကိုယ့်ဖို့ကို ဆိုလိုသည်။သူသူကိုယ်ကိုယ် အသက်မွေးကြ၊ ဝမ်းကျောင်းကြရာတွင် ပစ္စုပ္ပန်အရေး တမလွန်အရေး နှစ်ဖက်မျှတွေးရမည်။ နှစ်ဖက်မျှ မြင်ရမည်။ သူ့ဖို့ ကိုယ့်ဖို့ နှစ်ဖက်မျှ တွေးရမည် နှစ်ဖက်မျှမြင်ရမည်။

လူသည်တစ်ယောက်ထဲနေတော့ တစ်ဝမ်းတစ်ခါးသာ ရှိသည်။ နှစ်ယောက်ပေါင်းမိတော့ နှစ်ဝမ်းနှစ်ခါး ဖြစ်သွားသည်။နောက်တော့ ဝမ်းတွေ ခါးတွေက တိုးပွားများပြားလာသည်။ ဝမ်းတွေရှိတော့ ဝမ်းစာရှာကြရသည်။ထိုသို့ ဝမ်းစာရှာကြရာတွင် တချို့က ကုသိုလ်သာရသည် ဝမ်းကား မဝ။ ပီတိစား၍ အားရှိနေရသည်။တချို့က ကုသိုလ်လည်း မရ၊ ဝမ်းလည်း မဝ။ တချို့က ကုသိုလ်လည်းရ၊ ဝမ်းလည်း ဝသည်။ ပညာနှင့်အသက်မွေးဝမ်းကျောင်းဟူသည် ကုသိုလ်လည်း ရသည်။ ဝမ်းလည်း ဝသည်။

ဤနေရာ၌ပညာဟူသည် အသိပညာ၊ အသိစိတ်ဓာတ်၊ အသိတရား ဖြစ်သည်။ အသိစိတ်ဓာတ်ရှိသူသည် ကောင်းသော အပြုအမူ၊ကောင်းသော အလေ့အထ ရှိသည်။ ကောင်းသော အပြုအမူ၊ ကောင်းသော အလေ့အထသည် သိက္ခာ ဖြစ်သည်။ အသိစိတ်ဓာတ်ရှိသူသည်ကောင်းသော စိတ်ထား ရှိသည်။ စိတ်ထား ကောင်းသည်။ ကောင်းသော စိတ်ထားရှိသဖြင့် စိတ်ထားကောင်းခြင်းသည်သမာဓိသိက္ခာ ဖြစ်သည်။ သမာဓိမှာ ‘သံ’က ကောင်ခြင်းဟု အဓိပ္ပာယ်ထွက်သည်။ ‘မာဓိ’က စိတ်ထားဟုအဓိပ္ပာယ်ထွက်သည်။ ထို့ကြောင့် သမာဓိဟူသည် စိတ်ထားကောင်းခြင်း ဖြစ်သည်။ အသိစိတ်ဓာတ်၊အသိတရား၊ အသိပညာ ကိုယ်တိုင်က ပညာသိက္ခာ ဖြစ်သည်။

သို့ဖြစ်၍အသိစိတ်ဓာတ်၊ အသိတရားရှိသူမှာ ရိက္ခာနှင့် သိက္ခာက တစ်သားတည်း ကျနေသည်။ အူမနှင့် သီလကထပ်တူထပ်မျှနေသည်။ ဘုရားရှင်မိန့်သော ပညာနှင့် အသက်မွေးတာ အကောင်းဆုံး ဆိုတာက ထိုသို့ရိက္ခာနှင့် သိက္ခာ တစ်ထပ်တည်းကျသော အသက်မွေးခြင်း၊ အူမနှင့် သီလ ထပ်တူမျှသော အသက်မွေးခြင်းကိုဆိုလိုသည်။ ထိုသို့ အသက်မွေးနိုင်သူသည် တော်လည်းတော်၊ ကောင်းလည်းကောင်းသည်။ ထို့ကြောင့်သူတော်ကောင်းဟု ဆိုရသည်။

အူမနှင့်သီလသည် တစ်သီးတခြား ခွဲခြား၍ မရ။ တစ်ဖက်ဖက် အစွန်းထွက်၍ မရ၊ မျှနေမှ သဘာဝကျသည်။ လူတိုင်းမှာအူမရှိသည်။ အူမတိုင်း တောင့်ဖိုလိုပါသည်။ အူမတောင့်ခြင်းသည် သီလစောင့်ဖို့အတွက် ကျေးဇူးပြုနိုင်သလိုသီလစောင့်ခြင်းကလည်း အူမတောင့်ဖို့အတွက် ကျေးဇူးပြုနိုင်ပါသည်။ သီလဟူသည် ကောင်းသောအလေ့အထ၊ကောင်းသော အပြုအမူဖြစ်သည့်အတွက် ကောင်းသော အလေ့အထတွေ ရှိကြလျှင် ကောင်းသော အပြုအမူတွေပြုမူကြလျှင် အူမတွေ တောင့်လာမှာ သေချာပါသည်။

မတောင့်သေးသောအူမ သန်း၆၀တို့ တောင့်လာဖို့အတွက် တောင့်ပြီးသော အူမ ၂၃ပါး၊ ထို့အပြင် နွယ်ရာနွယ်ရာ၂၁ ရာစု ခေတ်သစ် ဇောတိက၊ ဇဋိလတို့ လောဘဇောတွေသတ်၊ သီလစောင့်ဖို့သာ လိုပါသည်။ ထို့အပြင်စာဂတရားလည်း လိုပါသည်။ စာဂကို ဖွင့်ဆိုရာ၌ ‘ပယတပါဏိ’ ဖြန့်ထားသော လက်ရှိရမည်ဟူသော အထူးပြုပါဠိတစ်ပုဒ်ပါသည်။ လက်သီး ဆုပ်မလား၊ လက်ဝါး ဖြန့်မလား ဟူသော ကိုင်ဇာ၏ သီချင်းစာသားတစ်ပုဒ်အရဆိုလျှင် ဆုပ်ထားသော လက်တွေ ဖြန့်လိုက်ပါတော့။ လက်ဝါးကြီးတွေကို အများသူငါ ပုံမှန်လက်ဝါးအဆင့်သို့လျော့ချပေးပါ။ ဆုပ်ထားသော လက်ကို ဖြန့်လိုက်ပါ။ သို့ဆိုလျှင် သန်း ၆၀တို့အတွက် သမ္မာအာဇီဝ(သမာအာဇီဝ)၊ သမဇီဝိတသမ္ပဒါ ဖြစ်၍ သိက္ခာနှင့် ရိက္ခာ၊ အားလုံးပြည့်စုံလာမှာ သေချာပါသည်။




Source:

  • အရှင်သံဝရာလင်္ကာရ(ဓမ္မပိယဆရာတော်)

“ခပ်သိမ်းသောရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံး ဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ…”

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...