Tuesday, June 18, 2013

လူထု ဆိုတာ အချဉ် မဟုတ် - ကိုဘ

၂၀၁၂ မေလထုတ် ခေတ်မောင်း အတွဲ(၁)၊ အမှတ်(၁)

ပြောရရင် ၁၉၇၀-၇၃ ကာလတွေ ဟာ မဆလ အတွက် ကံဇာတာ အတက်ဆုံးအချိန်လို့ ပြောလို့  ရမယ်ထင်တယ်။ တော်လှန်ရေးကောင်စီ/မဆလ အနေနဲ့ နိုင်ငံရေးအရလည်း အထိုင်ကျလာပြီ၊ အနက်မှ အညို အညို မှ အဖြူ စတဲ့ နယ်မြေတည်ဆောက်ရေးတွေလည်း စလုပ်လာနိုင်ပြီ။
မြို့ ကြီးတချို့မှာသာမြေအောက် ကျောင်းသားလှုပ်ရှားမှု အနည်းငယ် ရှိနေပေမယ့်လည်း နိုင်ငံရေး လှုပ်ရှားမှုကြီးဖြစ်လာနိုင်တဲ့ အနေအထားမရှိသေးဘူး။ အဓိက လက်ကျန် မြို့ ပေါ်မြေပေါ် နိုင်ငံရေး အင်အားစုအများကလည်း အသစ်ပေါ်လာမယ့် ၁၉၇၄ မဆလ အခြေခံဥပဒေသစ်ကြီး၊့ လွတ်တော်သစ်ကြီး နဲ့ အစိုးရသစ်ကြီး မှာ အမတ်တမျိုး၊ အထူးအရာရှိတဖုံ ဖြင့် ပါဝင်နွှဲဖို့  စိတ်အားထက်သန်နေကြပြီ။ ဒေသ ဆိုင်ရာ ပါတီ၊ ကောင်စီ မှာ အကောင်တွေ ဖြစ်နေကြပြီ။


ဒေါက်တာဘိုလေး၊ ဒေါက်တာညီညီ စတဲ့ အရှေ့ ပြန်၊ အနောက်ပြန်နိုင်ငံတကာပြန် ပညာရှင် များကလည်း စီမံကိန်းကြီး တွေ မှ လက်စွမ်းပြခွင့်ရနေပြီ။
မထောက်ခံတဲ့သူ၊ အာခံမယ့်သူတွေကိုလည်း တောထဲမောင်းပို့ ၊ ထောင်ထဲပို့ ၊ တကျွန်းပို့  လုပ်ထားပြီးပီ။ ထောင်ကပြန်လွှတ်လိုက်တဲ့ ဖဆပလ ဟောင်းတော်တော်များများ ကလည်း အစွယ်ကျိုးကုန်ပြီ။ တချို့ လည်း အကြံကုန်လို့  ဆားချက်ဖို့ ပြင်နေကြပြီ။
တကယ့် တိုင်းပြည်ရဲ့  အချိုးအကွေ့ ကြီးတခုကို စိတ်တိုင်းကျ လုပ်ဖို့ အောကလီး ယား … ပဲ လို့  တောင် ဗိုလ်နေ၀င်းတို့  ကြွေးကျော်လို့ ရခဲ့တဲ့ အခြေအနေပေါ့။ ဒါဟာလည်း မဝေးသေးသော အတိတ်ပါ။

သမိုင်းဟာဘယ်တော့မှ ထပ်တူတပတ်ပြန်မလည်တတ်ဘူး… ဒါပေမယ့် တ၀ဲလယ်လယ် ဖြစ်တတ်တယ် ဆိုသလို ဒီနေ့ အဖြစ်အပျက်တွေက ရီဆိုင်ကယ် လုပ်ထားတဲ့ ရုပ်ရှင်ကြီး ကြည့်နေရ သလိုပါပဲ၊ (ရှိတ်စပီးယား ပြဇာတ်ကို ၂၁ ရာစု ဇာတ်အိမ်ဆင် ပြီးရိုက်တဲ့ ရုပ်ရှင် ကိုကြည့်တဲ့ အခါရတဲ့ ခံစားမှုမျိုးလို့  ဆိုရမယ်ထင်တယ်။) အညမည မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်ဝါဒ တဲ့၊ မြန်မာ့နည်း မြန်မာဟန် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ တဲ့ ခေတ်မီတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေးတဲ့။ သူတို့ တတွေ ကခဲ့ ကြ၊ ပြခဲ့ကြ၊ ပြောခဲ့ကြ တာ တွေဟာ ဒီရွှေသမင် ဘယ်ကထွက် မင်းကြီးတာကထွက် ဆိုသလို နောက်ဆုံးတော့ လည်းစစ်အုပ်စု အစဉ်အဆက် ရဲ့ အာဏာစီပွား တရားဝင် ရေရှည် တည်တံ့ရေး ဆိုတဲ့ အနှစ်သာရ မှာ တော့ အတူတူ ပါပဲ။

တော်လှန်ရေးကောင်စီ မှ အခြေခံဥပဒေနဲ့ ဖြစ်လာတဲ့ မဆလအစိုးရ ဆီသို့ ကူးပြောင်းစဉ်ကာလ အဆင့်ဆင့် တုန်းကလည်း အောက်ခြေအထိဆင်းလုပ်တဲ့ နှီးနှောဖလှယ်ပွဲတွေ၊ နောက် ပွင့်ပွင့်လင်းလင်း ပါတီညီလာခံမိန့် ခွန်းတွေ၊ နှစ်တို နှစ်ရှည်စီးပွားရေး မူဝါဒ အစီရင်ခံစာတွေ၊ … အားလုံးဟာ စနစ်တကျ နဲ့ ၊ အားရစရာ တွေ နဲ့  ဒို့ ခေတ်တော့မဝေးတော့ပါဆိုတဲ့ မျှော်လင်ချက်တွေနဲ့ ပေါ့။ နှိုင်းယှဉ် ကြည့်ချင်တယ် ဆိုရင်လည်း မဝေးသေးတဲ့ အတိတ် မို့  ဖတ်စရာ၊ နားထောင်စရာ မှတ်တမ်းမှတ်ရာတွေလည်း အပြည့်ပါ။

အဲဒီ တုန်းကဆို ….. ဦးကြီးတွေ က လည်း အပြောင်းအလည်း ဆိုတဲ့ မျှော်လင့်ချက်လေး နဲ့  တက်ကြွ လို့ ၊ ထို့ အတူ အလုပ်သမားတွေ၊ တိုးတက်တဲ့အမြင်ရှိ တယ်ဆိုတဲ့ မြို့ နေ ပညာတတ် တွေတောင်ပါသေးသဗျာ။ အဲဒီ မဆလ ခေတ်ဦး ရဲ့ မှိုင်း က ဘယ်လောက်ပြင်းသလည်းဆို အကောင်းဖြစ်ဖို့ အပြောင်း တော့ လာပါပြီ ငါတို့ လည်း အုတ်တချပ် သဲတပွင့် (အဲဒီတုံးက သိပ်ခေတ်စားတဲ့ စကားပေါ့) အနေ နဲ့  ပါမှဖြစ်တော့မယ်ဆိုပြီး ပါသွားခဲ့ကြတာ။ ဂီတ လုပ်သားတွေ ကလည်း အလှပြကားတွေလှည့်၊ သဘင်လုပ်သား၊ စာပေလုပ်သား တွေ ကလည်း သံချပ်တွေထိုးနဲ့ တကယ့် ကိုစည်စည် ကားကားကြီးပေါ့။

ငပလီကမ်းခြေ စံပြလုပ်သား၊ လူရည်ချွန်၊ ၀ ထ က လ သ၊ မြိုင်မြိုင်ဆိုင် တန်ဆောင်တိုင် ခေတ်ပေါ့။ အခု မြင်တွေ့ နေရတာတွေ နဲ့လည်းသိပ်မထူးလှပါဘူး၊ သဏ္ဍာန် မတူပေမယ့် လည်း အဲဒီခေတ် က အမြင် အဲဒီခေတ် က အထွာနဲ့ ပေါ့။ ဒီနေ့ လိုပဲ စိတ်မကောင်းစရာ ကတော့ မြိုတွေပေါ်မှာ ပျော် မော် နေကြပေမယ့် တောင်ပေါ်မြေမှာ တော့ ချယ်ရီမဝေနိုင်ပဲ ယမ်းငွေ့ တွေ လွှမ်း လို ပေါ့။

ဒီနေ့  ၂၀၁၂ ရောက်ပြန်တော့လည်း ဘာထူးသလဲ။ ၂၃-၄ နှစ်လုံး စာရင်းမရှိ အင်းမရှိ ဒေသဆိုင်ရာ တိုင်းမှုးက ဌာန၀န်ကြီးထက် ပိုပါဝါပြနိုင်၊ လုပ်ချင်သလို လုပ်နိုင်ခဲ့တဲ့ န၀တ/နအဖ အောက်မှာ နေခဲ့ရလို့ ထင်တယ် အခုလို ခမ်းခမ်းနားနား၊ ပုံစံတကျ၊ စနစ်တကျ လေး လုပ်ပြ ကိုင်ပြ တိုင်းပြည်ကိုပြောပြလာ တော့ အပြောင်းအလည်းတော့ ဖြစ်လာနေပြီ၊ နောက် သမ္မတ မိန့်  ခွန်းမှာ အောက်ခြေ က ပြဿနာ တွေအထိ ပါသဟ၊ နောက် ပြောင်းမယ် ဆိုတာလည်း ပါသဗျ …. ဆိုပြီး ဒါမျိုး မမြင်ရ၊ မကြုံရ တာတွေ ကြာခဲ့တော့ မျှော်လင့်ကြတယ် ထင်ပါတယ်။ တကယ်တမ်းဆို အခုအပြောတွေက မဆလ ခေတ် က အပြောတွေ ကို တကယ် မမှီသေးဘူး လို့ တောင်ဆိုချင်တယ်။ အလုံပိတ် အမှောင်ခန်းထဲ မှာ တလက်မ နှစ်လက်မလောက် ပြတင်းပေါက်လေး ဟလိုက်ရင် ပဲ လင်းလင်းထိန် သွားတယ်လို့ မျက်စိ ကျင့်သားမရခင် ထင်ယောင် ထင်မှား ဖြစ်တတ်သလိုပေါ့။ (ဒါ့ကြောင့်လည်း ၁၉၈၈ ဒီဘက်ခေတ်မှဖြစ်တဲ့ ကနေ့ ခေတ် တက်လူတွေ က ပိုမျှော်လင့်နေတာ သတိထားမိတယ် … သူတို့ အနာဂတ်ကိုး။)

ဒီလောက်တောင် သိသာမြင်သာနေတဲ့ ပြောင်းလည်းမှုတွေ ဖြစ်နေတာ အဲဒါကို မြင်နေရသားနဲ့  မပြောင်းလဲ ဘူးလို့ ငြင်းချင်တာလားလို့  မေးလာခဲ့ရင် ဒီလိုဖြေချင်ပါတယ်။ ကြိမ်းသေတာပေါ့ ပြောင်းနေပါတယ်၊ ပြောင်းလဲ မှုတွေ အခင်းအကျင်းအသစ်တွေ မြင်နေရတာပဲ မငြင်းပါဘူး၊ သို့ ပေသိ ဘယ်ကိုဦးတည်နေတဲ့ ပြောင်းလဲ မှုလည်း၊ ဘယ်သူတွေ အကျိုးရှိမယ့် ပြောင်းလဲ မှုလည်း၊ ဘယ်အထိသွားမှာလည်း၊ ဘယ်မှာရပ်မှာလည်း ဆိုတာကိုတော့ မေးခွန်းလေးလေးနက်နက်ထုတ်ရမယ့် ကိစ္စ ပါ။ အပေါ်ယံ အပြောင်းအလဲလား၊ အနှစ်သာရ အရအပြောင်း အလဲလား။

ဒီနေရာမှာ အပြောင်းအလဲ ဖြစ်နေတာကို သိရုံနဲ့ မပြည့်စုံပါဘူး။ ဘယ်လို အပြောင်းအလဲ ဖြစ်နေ တာလည်း ဆိုတာ သိဖို့ လိုအပ်ပါတယ်။ ဦးသိန်းစိန် ရဲ့စစ်တပိုင်းအစိုးရနဲ့  ကြံ/ဖွံ ပါတီ ဘာတွေ ဘယ်လိုပဲပြောပြော သူတို့  ကျောထောက်နောက်ခံလုပ်ထားရတဲ့ institution and structure လို့ ခေါ်တဲ့ ခေတ်နဲ့ စနစ် ကိုယှက်ဖျင် တည်ဆောက်ထားတဲ့ လူမှုစီးပွားနိုင်ငံရေးအာဏာ အဆောက်အဦး နဲ့ ပုံသဏ္ဍာန် တွေ နဲ့ သာ ချိန်ထိုးကြည့်သင့်ပါတယ်။ သမ္မတ၊ လွတ်တော်ဥက္ကဌ၊ ၀န်ကြီး၊ ကြံ/ဖွံ အတွင်းရေးမှုးစတဲ့ သူတွေ နဲ့ လုပ်သမျှအင်တာဗျူးတွေမှာ ကျနော်တို့  ဒီမိုကရေစီစနစ်ကို မဖြစ်မနေဖေါ်ဆောင်နေပါတယ်။ နောက်ပြန်လှည့်ဖို့ လုံးဝမရှိပါဘူး စသဖြင့် ရွန်းရွန်းဝေအောင်ဖြေကြပေမယ့် စစ်တပ်နိုင်ငံရေးမှာ ပါနေတဲ့ကိစ္စ၊ အခြေခံဥပဒေ ကိစ္စ တွေမှာတော့ အချိန်မတန်သေးဘူး/ပြင်ဖို့ မလိုသေးဘူး ဆိုတဲ့ အသံ၊ တိုင်းရင်းသားတွေ အတွက် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုရင်လည်း နိုး ဆိုတဲ့အသံ၊ အဲဒီလို တသံထဲ ထွက်နေတာ အကြောင်းမဲ့ မဟုတ်ပါဘူး။

မေးခွန်းတခု နဲ့ စကြည့်ရအောင်ပါ။ မဆလ၊ န၀တ၊ နအဖ အစဉ်အဆက် မှာ အာဏာလက်ကိုင်မဲ့သွား၊ အကြောင်းကြောင့်ကြောင့် ဘေးရောက်သွားတဲ့ စစ်ဗိုလ်ချုပ်တွေ ဘယ်နှစ်ယောက် စားရမဲ့သောက်ရမဲ့ ဖြစ်သွားသလဲဆိုတာပါ။ တချို့ တလေကို နောင်ကျဉ် အောင် တခဏထောင်ထဲထည့်ထားရင် တောင်၊ သူတို့  မိသားစု သားသမီးတွေ မှာ လုပ်ကွက် စားကွက်တွေ နဲ့ ကျန်ခဲ့တာပါ။ သာမာန်အရပ်သားထက် နှာတဖျားအမြဲသာနေပါတယ်။ ဒါဟာ စီးပွားရေးအခွင့်အလမ်း တခုထဲမှာမှမဟုတ်ပါ၊ ပညာရေးအခွင့်အလမ်း၊ လူမှုရေးအခွင့်အလမ်း စတဲ့နယ်ပယ်အစုံမှာပါ။ ဖဆပလ ခေတ်က၀န်ကြီး ဟောင်း တွေ ထဲကတချို့ လို အထည်ကြီးပျက် ဖြစ်ပြီး စားရမဲ့သောက်ရမဲ့ ဖြစ်သွားတာမဟုတ်ပါဘူး။ ပြည်သူလူထု တန်းတူ အကုန်ဆင်းရဲသွားတဲ့ မဆလ ခေတ်မှာလည်း မြန်မာ့ဆိုရှယ်လစ် လူဘောင်ကို အရောက် ချီတက်ပြီး အသီးအပွင့်တွေ ခံစားသွားတာ ဒီစစ်အုပ်ဝင် စစ်ဗိုလ်တွေနဲ့ သူတို့ အနွယ်တွေပါ။

အာဏာရဗိုလ်ချုပ်တွေ၊ တိုင်းမှုးတွေသာ အစဉ်အဆက် လူပြောင်းသွားမယ်၊ နောက်လူကရှေ့ လူရဲ့ စုဆောင်းထားတဲ့ ဓနဥစ္စာကို မထိတဲ့ အပြင် အကာအကွယ်လည်းပေးပါတယ်။ တိုးပွားသည်ထက် တိုးပွားအောင်လည်း အကူအညီ အပြန်အလှန်ပေးပါတယ်။ ဦးပိုင်လိမိတက် ဆိုတာ အကြောင်းမဲ့ ပေါ်လာ ဖြစ်လာတာမဟုတ်ပါ။ စစ်အုပ်စု ပထမမျိုး ဆက်ဖြစ်တည် လာတဲ့ နောက်ခံစီးပွားရေး အကြောင်းတခုဖြစ်တဲ့ BECD တို့ အင်းဝဘဏ်တို့ ကိုအမွေဆက်ခံထားတာပါ။ လူပြောများနေတဲ့ ခရိုနီတွေ ဆိုတာလည်း ၂ ဘက် အကျိုးအမြတ်ရှိလို့ ဒီစစ်အုပ်စု စစ်ဗိုလ်တွေမွေး လို့ပေါ်လာခဲ့တာပါ။ ဒါတင်မကပါ အာဏာရနဲ့ ခရိုနီ သားပေးသမီးယူ ရွှေနဲ့ မြ ဂဟေဆက် ပြီး တိုးတက်နေကြတာကလည်း ခေတ်အဆက်ဆက် သတင်းစာ တွေထဲ မမြင်ချင်မှအဆုံးပဲမဟုတ်လား။ ဒီ စစ်အုပ်စု အစဉ်အဆက် ကမွေးထုတ်လိုက်တဲ့ စစ်ဗျူရိုကရက် အရင်းရှင်လူတန်းစားဟာ တိုင်းပြည်ရဲ့ စီးပွားရေး မျက်နှာစာမှာ ကောင်းကောင်းကြီး အထိုင်ကျနေပါပြီ။

ဒီမှာ နောက်ဆက်တွဲမေးခွန်းတခု ထပ်ပေါ်လာပါတယ်။ သူတို့ ဘာ့ကြောင့် ဒီလို တိုင်းပြည် ရဲ့ ဓန တွေ ကိုစိတ်ကြိုက် ချယ်လှယ်ခွင့် ဝေစားမျှစားခွင့် ရနေတာလည်း။ ဘာ့ကြောင့်အဲဒီလို လုပ်နိုင်တာလည်း။ အဖြေကတော့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး စတဲ့မဏ္ဍိုင်တွေရဲ့ လက်အောက်ခံ ဌာနဆိုင်ရာ နှင့် လုပ်ငန်းဆိုင်ရာ အဆင့်ဆင့်မှာ အောက်ခြေတွေ အထိ အခြေခံထားတဲ့ စစ်ဗျူရိုကရေစီ ပုံသဏ္ဍာန် အုပ်ချုပ်ရေး စနစ်၊ နဲ့ အဲဒီစနစ် ကို ဖျက်သိမ်းဖို့ကြိုးစားမှုတိုင်းက အကာအကွယ်ပေးဖို့  စပ်တပ် ကိုသူတို့ စိတ်ကြိုက်အသုံးပြု နိုင် ခွင့် ရထားတာကြောင့်ပါ။ အရပ်စကား နဲ့ ပြောရရင် သူတို့ ရဲ့ အစဉ်အဆက် ဓနဥစ္စာ တွေ ကာကွယ်ဖို့ နဲ့ တိုးပွားအောင်လုပ် ဖို့ အတွက် နိုင်ငံရေး ကိုပါလက်ဝါးကြီးအုပ်ရပါတယ်။ နိုင်ငံရေး လုပ်ရပါတယ်။ အဲဒီနိုင်ငံရေးကိုလည်း သေနတ်ကိုင်ပြီး၊ စစ်တပ်ကိုကျောထောက်နောက်ခံထားပြီး လုပ်ပါတယ်။

ခေတ်ရဲ့ လိုအပ်ချက်အရ ယူနီဖောင်းပဲဝတ်ဝတ်၊ ခေါင်းပေါင်းပဲဆောင်းဆောင်း သေနတ်ကိုင်ပြီး လုပ်တဲ့နို်င်ငံရေးမို့ လည်း စစ်ဗျူရိုကရေစီ ပုံသဏ္ဍာန် အုပ်ချုပ်ရေး ကို အသက်သွင်းရပါတယ်။ ဌာန ဆိုင်ရာအဆင့်ဆင့်များ၊ ဖက်စပ် ကုမဏ္ဏီ များမှာ ယူနီဖောင်းဝတ်/ချွတ် တပ်ကလူများဖြင့် အလုပ်အတူ လုပ်ဘူးလျှင် အထက်အောက် ခေါင်းနင်းဆက်ဆံသည့် ပိရိမစ် ပုံစံဖြင့် အမိန့် ၊စည်းကမ်း၊ အဆင့် ခွဲခြားပြီး စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာကို ချုပ်ကိုင်ပုံ၊ သြဇာကွန်ယက် ကိုတည်ဆောက်ပုံ စသည်တို့ ကိုအလွယ်တကူသဘောပေါက်မှာဖြစ်ပါတယ်။ တကယ့်တော့ အနှစ် ၅၀ ရှိပြီဖြစ်တဲ့ စနစ်အတွင်း ကျရောက်သွားသောအခါ ဆန္ဒရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ စနစ်ရဲ့  ဖိအားပေးမှု အလိုအရ မေးခွန်းမထုတ်တော့ပဲ ယေဘူယျဓမ္မတာ လို လိုက်ပါဆောင်ရွက် သွားသည်ကလည်း ကိုင်းကျွန် မှီ ကျွန်းကိုင်မှီ သဘော ဖြစ်နေပြန်ပါတယ်။

အချုပ်ဆိုရရင် ဒီလို တိုင်းပြည် ရဲ့ ဓန တွေ ကို အခွင့်အာဏာ၊ လုပ်ပိုင်ခွင့်တွေနဲ့ စိတ်ကြိုက် ချယ်လှယ်ခွင့် ဝေစားမျှစားခွင့် ရနေတဲ့ အတွက် ဒီအခွင့် အရေး တွေ ကိုဘယ်လို မှလက်မလွှတ်ချင်တော့တဲ့ အစဉ်အဆက် စစ်အုပ်စု ဟာ လိုအပ်ရင် အရောင်ပြောင်းမှု ကို လုပ်ဖို့ ဝန်မလေးဘူးဆိုတာပါပဲ။ စစ်တပ် လည်းဖြစ်နေ အာဏာလည်းရှိ နေတဲ့ အတွက် စနစ်တကျ နဲ့ ဖြစ်အောင် လည်းလုပ်နိုင်ပါတယ်။ Road Map ဆိုတဲ့ သူတို့ ခရီးစဉ်ဟာ တခဏ နဲ ကမူးရှုးထိုး လုပ်ခဲ့တာ မဟုတ်ပါ။ စနစ်တကျ နဲ့ ရေရှည်အကောင်အထည်ဖေါ်ခဲ့တာပါ။

၁၃၅၀ အရေးတော်ပုံကြီးကြောင့် ခေါင်းပေါင်းဆောင်း တောင်ရှည် ၀တ်ပြီးလွတ်တော်တက် နိုင်ငံရေး လုပ်တဲ့ မဆလ စနစ်ကြီးပြိုကျခဲ့ရပါတယ်။ ဒါပေမယ့် နောက်ဆုံးအောင်ပွဲ အထိမရောက်ခဲ့ တဲ့ အတွက် စစ်အုပ်စု နန်းဆက်ဟာ ဆက်လက်ရှင်သန်ခွင့်ရ သွားပြီး ထီးနန်းအမွေခွဲ၊ ပြီးတော့ သူတို့  နိုင်ငံရေး မျှခြေပျက်ပြီး တရားဝင်မှုပျောက်ခဲ့ ရတာ ကိုပြန်တည်ဆောက်နိုင်ဖို့ လုပ်ပါတယ်။ မဟာမိတ် အသစ်တွေရှာရတယ်၊ ကမ္ဘာ နိုင်ငံရေးအပြောင်းအလည်းနဲ့ လားရာကိုလည်းချိန်ဆတယ်၊ ဥစ္စာဓန သစ်စုဆောင်းရတယ်၊ ခေတ်ကာလ နဲ့ ကိုက် ညီမဲ့ နိုင်ငံ ရေးလမ်းကြောင်းသစ်ဖေါက် ဖို့ မြေစမ်းခရမ်း ပျိုးလုပ်ရပါတယ်။ စစ်အုပ်စုအကြောက်ဆုံးဖြစ်တဲ့ လူထု ရဲ့ တက်ကြွမှု နဲ့ နိုင်ငံရေး ရေချိန်မြင့်နေချိန် ကာလ တခုကိုဖြတ်သန်း ရတာကြောင့် သာသူတို့ အနှစ် ၂၀ ကျော် ကြာသွားတာပါ။

တကယ်တော့ အမျိုးသားညီလာခံကိုစတင်ကျင်းပတဲ့ ၁၉၉၃ ခုနှစ်ထဲ မှာပဲ ကြံ/ဖွံ ကို စတင်ဖွဲ့  စည်းပြီးဖြစ်ခဲ့သလို၊ ၂၀၀၅ အမျိုးသားညီလာခံမှာ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေးဆိုင်ရာအာဏာခွဲဝေမှု အသေးစိတ်မူ၊ ဥပဒေပြု ရေးဆိုင်ရာ အာဏာခွဲဝေမှု အသေးစိတ်မူများကို ချမှတ်ပြီး ချိန်မှာ ကြံ/ဖွံ ကိုနိုင်ငံရေးပါတီအဖြစ်ပြောင်းရေး ကိုလက်တွေ့အကောင်အထည်ဖေါ်ခဲ့ပြီ ဆိုတာ ကို မမေ့စေချင်ပါ။ တကယ်ကအမျိုးသားညီလာခံ တို့ ၊ ဆန္ဒခံယူပွဲတို့ လမ်းပြမြေပုံ ၇ ချက်တို့  ဆိုတာ သူတို့  ရည်မှန်းချက်ပေါက်မြောက်အောင် အသုံးချခဲ့တာတွေ ဖြစ်ပါတယ်။

တကယ်တော့ D 5 လို့ ခေါ်တဲ့ ၁။ Deny (ငြင်းပယ်ခြင်း) ၂။ Delay (အချိန်ဆွဲခြင်း) ၃။ Deceive (လှည့်စားဖြင်း) ၄။ Disrupt (ရှုပ်ထွေး၍ ကမောက်ကမဖြစ်စေခြင်း) ၅။ Destroy (ခြေမှုန်းခြင်း) စတဲ့စစ်ရေး နည်းပရိယာယ်တွေ ကို နိုင်ငံရေးမှာ အသုံးပြုပြီး ဒီနေ့ ၂၀၁၂ မှာ NLD သူတို့ ရဲ့ ၂၀၀၈ အခြေခံဥပဒေ အောက်ခေါင်း လျှိုဝင်လာအောင်၊ လူထု တွေ ကြားထဲမှာလည်း ထင်ယောင် ထင်မှား၊ အကွဲအပြား တွေ ဖြစ်အောင် လုပ်ခဲ့တာပါ။

အချုပ်ဆိုရရင်တော့ ဒီနေ့ လက်ရှိဖြစ်ပေါ်နေတဲ့ အပြောင်းအလည်းတွေ ဟာစစ်အုပ်စု ကဦးဆောင်ပြီးလုပ်တဲ့ အပြောင်းအလည်းဖြစ်သလို သူတို့  ရဲ့ control အောက်မှာပဲရှိတဲ့ အပြောင်းအလည်းပါ။ ဒီ့အတွက်လည်း သူတို့ ရောက်စေချင်၊ သွားစေချင်သလောက်ပဲရောက်မှာပါ။ သူတို့ အတွက်အကျိုးအမြတ် အရှိဆုံးဖြစ်သွားတာကတော့ NLD အပါအ၀င် ဒီမိုကရက်တစ် အချို့ ဟာ သူတို့ ဖြစ်စေချင်တဲ့ ပုံစံအောက်ရောက်သွားတာနဲ့  ကမ္ဘာနိုင်ငံရေး အပြောင်းအလဲ (အနောက်နိုင်ငံတွေရဲ့ GFC ခေတ်နိုင်ငံရေး နှင့် ဘိုဘားမား အစိုးရ တက်လာခြင်းများ) ကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ နိုင်ငံခြားရေးရာပေါ်လစီတွေ နဲ စစ်အုပ်စုရဲ့ အရောင်ပြောင်း ဖို့  ဂီယာပြောင်းအရှိန်တင်တဲ့အချိန် အချိန်အခါသင့်ဖြစ်သွားတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် စစ်အုပ်စု မျိုးဆက်သက်တမ်း၇ှည်ဖို့ နဲ globalization ဖြစ်စဉ်မှာ သူတို့ ရဲ့ ဓနဥစ္စာ တွေ တိုးပွားဖို့ အတွက် တရားဝင် ပါဝင်ခွင့် အခွင့်အလမ်းတွေ ကို ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတဲ့ အပြောင်းအလည်းဟာ အများစုဖြစ်တဲ့ ပြည်သူတွေ အတွက်တော့ နတ်ကရာကျီးမော့ တဲ့ အဖြစ်ထက် ပို့မှာမဟုတ်ပါဘူး။ စစ်အုပ်စု နဲ့ သူတို့ အနွယ်တွေ၊ ခရိုနီတွေ၊ ရေ၇ှည်တည်တဲ့တိုးတက်မှုကိုဖြစ်စေတဲ့ နိုင်ငံခြားရင်းနှီးမှုပ်နှံမှု ကိုစိတ်မ၀င်စားတဲ့ သယံဇာတမုဆိုး နိုင်ငံတကာ အရင်း၇ှင်တွေ၊ ဖုံ့းကွယ်ထားတဲ့ ရည်မှန်းချက်တွေ နှောင် ကြိုးတွေ နဲ ရောက်လာကြမယ့် INGO တွေ၊ ရေပေါ်စီ နိုင်ငံရေးသမားတွေ စတဲ့ သူတွေရဲ့စုပေါင်းစပ်ပေါင်း စားတော်ခေါ်ပွဲကြီးရဲ့ နောက်ကွယ်မှာ အများစု သော ဗမာနိုင်ငံသား လူထုကြီးအတွက်ကတော့ မျှော်လင့်သလို ဖြစ်မလာပဲ အနာဂတ်ပျောက်နေအုံးမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ တချို့ က သမ္မတဦးသိန်းစိန် ကိုမျှော်လင့်ချက် ထားချင်နေကြပြီး ဦးသိန်းစိန် ကိုယ်စားပြုထား တာ နဲ့ သူကိုမွေးထုတ် ပေးထားတဲ့ စနစ်ကိုမေးခွန်းထုတ်ဖို့ မေ့နေကြပါတယ်။ အထက်မှာပြောခဲ့သလိုပါ ပဲ (စစ်တပ်တပိုင်းအစိုးရ၊ စစ်ဗျူရိုကရေစီစနစ်၊ စစ်အုပ်စု) စစ် ၃ စစ် ဆိုတဲ့ institutions အဆောက်အဦး တွေနဲ့  ယှက်ဖျင် တည်ဆောက်ထားပြီး အနှစ် ၅၀ လောက်အခြေတည် ခိုင်မာ နေတဲ့ အဆောက်အအုံကြီးကို လူထုအခြေပြုတဲ့ သဘောမဆောင်ပဲ လူပုဂ္ဂိုလ် တယောက် ရဲ့ အစွမ်း၊ အစိုးရတဖွဲ့ ရဲ့ အစွမ်းနဲ့  ဘယ်လိုကျော်လွှားမလဲ၊ ဆန္ဒ ရှိရင် တောင် သဘောအတိုင်းလုပ်နိုင်ပါ့မလား ဆိုတဲ့မေးခွန်း ဟာ လက်ရှိမှာ အရေးတကြီးမေးသင့်တဲ့မေးခွန်းလို့ ထင်ပါတယ်။ စစ်အုပ်စုဆိုတာ လက်ရှိ တပ်ထဲက ဗိုလ်ချုပ်တွေ၊ ကြံ/ဖွံ ကဗိုလ်ချုပ်(ငြိမ်း)တွေ ချည်းပဲမှမဟုတ်တာ၊ ဟိုးဘက်ခေတ် ဗိုလ်အောင်ကြီး တို့ ကစလို့ ၊ ဒီနေခေတ် စစ်အုပ်စုအတွင်းစည်းကိုပေးဝင်သင့်မသင့် အစမ်းစာမေးပွဲစစ်တဲ့ ရာထူးဖြစ်တဲ့ ဗိုလ်မှုးကြီး အဆင့် မှာ အလှည့်စောင့်နေသူတွေအထိပါတယ်။

ဘာ့ကြောင့်ဆို … အတိတ်မှာလည်း မဆလ ၀န်ကြီးချုပ်လုပ်ခဲ့တဲ့ ဗိုလ်ချုပ် စိန်ဝင်း၊ ၀န်ကြီးလုပ်ခဲ့ တဲ့ ဦးလွင် (NLD လွင်လေး) သူတို့  ဟာတဦးချင်းအရ့ လူကောင်း တွေ ပါ။ ဒါကို သူတို့ နဲ့ တွဲလုပ်ခဲ့ဘူးကြတဲ့ အရပ်သားတွေ၊ ပညာရှင်တွေ ကလည်း ဒီအတိုင်းပဲသတ်မှတ်ခဲ့တာပါပဲ။ ဒါပေမယ့် သူတို့ ရဲ့  အကောင်း ဆုံး ဖြစ်အောင်လုပ်မဟဲ့ ဆိုတဲ့ သူတို့ ရဲ့ ပုဂ္ဂလိကဆန္ဒ ကျိုးပမ်းချက်တွေ ဟာ အဲဒီ institutions တွေ ရဲ့ အတားအဆီးတွေ ကိုမကျော်လွှား နိုင်ခဲ့ ဘူး။ ဒါတောင် သူတို့ ခေတ်ပြောင်းဖို့ လုပ်ခဲ့တာမဟုတ်ပဲ အဲဒီ ခေတ်စနစ် ထဲမှာ အကောင်းဆုံးဖြစ်အောင်လုပ်မယ် ဆိုပြီးအားထုတ်ခဲ့ကြတာ။ နောက်ဆုံးတော့ အံဝင်ဂွင် မကျ တဲ့ သူတွေ အဖြစ် နဲ့ ဖယ်ထုတ်ခံခဲ့ရတာပဲ။ သူတို ကတော့ ကံကောင်းသူတချို့ လို့ ဆိုရမယ့် ထင်တယ်၊ ဘာ့ကြောင့်လည်းဆိုတော့ ကျန်တဲ့ အများစု့ စစ်ဗိုလ်ဖြစ်ဖြစ်၊ ပညာရှင်ဖြစ်ဖြစ်၊ နိုင်ငံရေးသမားဖြစ်ဖြစ် အဲဒီ institutions ချဉ်ဖတ်အိုးထဲ ရောက်သွားပြီး ရင် ရာဘာဖိနပ်တောင် အချဉ်ပေါက်တယ် ဆိုတဲ့အတိုင်း ချဉ်ဖတ်တွေ ဖြစ်ကုန် တာ သမိုင်းမှာ ငြင်းလို့ မှမရခဲ့တာကြောင့်ပါ။ ဒါပေမယ့် သူတို့ တတွေ တောင် အဲဒီ ချဉ်ဖတ် တွေနဲ့  ပတ်သက်ခဲ့တော့ သေတဲ့အထိ မပျောက်နိုင် အောင် အနံ့စွဲခဲ့တာပဲမလား။

ဒီနေ့  ၂၀၁၂ မှာ ပြန်ကြည့်လိုက်ရင်လည်း ပါဝင်ပတ်သက်နေသူတွေ သာပြောင်းသွားတယ် ဒီအချဉ်တည်တဲ့ အိုးကြီးကတော့ ၁၉၆၂ ကအတိုင်း ဒီအတိုင်းပါပဲ။ အဲဒီထက် အဆိုးဆုံးပြဿနာကတော့ အဲဒီ ချဉ်ဖတ် အိုးကြီးထဲကို ခုန်ချချင်သူတွေ တန်းစီနေတာနဲ့  ကိုယ်ကိုယ်တိုင်တောင် အားမရပဲ လူထုကြီးကိုပါ အဖေါ်ညှိ နေတာပါ ။ ဒါပေမယ့် သူတို့  မသိတာ က လူထုဆိုတာ မျှော်လင့်ချက်ထားတယ် ဒါပေမယ့် သူတို့  မျှော်လင့်ချက်ဆိုတာစိတ်ကူးယဉ် အိမ်မက် မက်နေတာမျိုး မဟုတ်ဘူး။ သူတို့ ဟာ လက်တွေ့ ဘ၀ပေတံနဲ့ ပဲ တိုင်းပါတယ်။ ဒါ့ကြောင့်လည်း ၁၉၇၀ ၀န်းကျင်တွေ မှာသူတို့ ဘ၀တွေအတွက် တကယ်အကောင်းကိုဦးတည်မဲ့ အပြောင်းအလည်းများ ဖြစ်မလားဆိုပြီး မျှော်လင့်ချက်ထားခဲ့ကြဘူးတယ်။ ဒါပေမယ့် ဆန္ဒဟာ ဘ၀ဖြစ်မလာ တဲ့အခါမှာ ၁၉၇၄ အလုပ်သမားအရေးအခင်း၊ ဦးသန့် အရေးအခင်း ကစလို့  ၁၃၅၀ ပြည့်အရေးတော်ပုံကြီးအထိ ကိုယ်လမ်း ကိုယ်ဖေါက် လို့ မရပ်မနားချီတက်ခဲ့ကြတာပဲမလား။ ဒါတင်ဘယ်ကမလည်း အဲဒီတုံး က သမိုင်းတခေတ် သစ်ခဲ့ပြီ၊ ဘာညာဖြစ်ခဲ့ပြီ ဆိုပြီး လူထုကို မျှော်တော်ယောင်ဘ၀ ဆီတွန်းပို ချင်ခဲ့တဲ့သူတွေ ကိုလည်း ချဉ်ပတ်အိုးရဲ့ အောက်ဆုံးမှာ ဆွေးရိသွားအောင်တော့ ထားပစ်ခဲ့တာ မဟုတ်လား။ ဒါပေမယ့် သနားစရာကောင်း လောက်အောင် သူတို့  မသိခဲ့တာ ကတော့ လူထု ဆိုတာ အချဉ် မဟုတ် ဆိုတာပါပဲ။

ကိုဘ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...