Monday, June 10, 2013

"နိုင်ငံရေး စကားလုံးများ ... "

ကွန်ဆူး မား and 4 other friends shared Ko Htike's photo.

မြန်မာပြည်မှာက အနှစ် (၅၀) လုံးလုံး "နိုင်ငံရေး" ဆိုတာကြီးကို လူတွေကြောက်အောင် လုပ်ထားခံရတော့ သင်ယူလေ့လာသူ မရှိသလောက် ရှားခဲ့ရပါတယ်။ မတရားတာတွေကို တော်လှန်လိုစိတ်နဲ့ တော်လှန်နေသူတွေ ကိုယ်တိုင်အတွက်လည်း လေ့လာနိုင်ဖို့ အခွင့်အရေးက မရှိခဲ့ပါဘူး။


လူထုထဲ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ရောက်နိုင်တဲ့ စာပေ၊ ဂီတ၊ ရုပ်ရှင် တို့အပါအဝင် အနုပညာလုပ်ငန်းတွေမှာလည်း နိုင်ငံရေးဆိုတာ ... အင်္ဂလိပ်ကို တော်လှန်တာ၊ ဂျပန်ကို တော်လှန်တာ ဆိုတာမျိုးလောက်ထက် ဘာမှ ပိုခွင့် မရဘူး။ လွတ်လပ်ရေး မရသေးတဲ့ တော်လှန်ရေးရုပ်ရှင်မင်းသားတွေဆိုတဲ့ နာမည်တောင် ရသူတွေ ရကုန်ကြတဲ့အထိပဲ။ နိုင်ငံရေး စာပေ ဆိုတာ ... လွတ်လပ်ရေး အကြိုခေတ်နဲ့ လွတ်လပ်ပြီးစ ပါလီမာန် ဒီမိုကရေစီခေတ်မှာ ထွန်းကားခဲ့တဲ့ လက်ဝဲ စာပေ အဟောင်းတွေပဲ ရှိပြီး ... အဆိုပါစာပေတွေလည်း ပြန်လည်ထုတ်ဝေခွင့်ဆိုတာ မရှိခဲ့ဘဲ တိမ်မြုပ်ပျောက်ကွယ်နေခဲ့ရပါတယ်

ဒီတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးအသိနဲ့ နိုင်ငံရေးအမြင်တွေဟာ အနှစ် (၅၀) စာ ရပ်တန့်နေခဲ့တယ်။ ကမ္ဘာကြီးကတော့ အနှစ် (၅၀) လုံးလုံး တစ်ရက်မှ ရပ်မနေခဲ့ပါဘူး။ နိုင်ငံရေး အပါအဝင် ... စာပေအမျိုးအစား ပေါင်းစုံဟာ အရှိန်အဟုန်နဲ့ ချီတတ်နေကြပါတယ်။ အခု နည်းနည်းပါးပါး ပွင့်လင်းလာတဲ့ အချိန်မှာ မြန်မာတွေ "နိုင်ငံရေး" စကားတွေ ပြောလာကြတယ်။ ... ဒီအခါ အခက်အခဲတွေ တွေ့လာရပါတော့တယ်။

နိုင်ငံရေးအတွက် လေ့လာပြီးနောက် စာပေအဖြစ် အသိအမြင်တွေကို မြန်မာလို ဖလှယ်ပြီး ရေးသားတဲ့အခါ ... စကားလုံးတွေ မရှိဘူး ဖြစ်နေတာ တွေ့ရပါတယ်။ စကားလုံး ပေါ်ပေါက်လာပုံနဲ့ စကားလုံးနောက်ကွယ်က ဖြစ်ရပ် (Concept) တွေလည်း မရှိဘူး ဖြစ်နေတယ်။ တချို့ စကားလုံးတွေကို (အထူးသဖြင့်) အင်္ဂလိပ် ဘာသာကနေ တိုက်ရိုက် မွေးစားလိုက်ပေမယ့် စကားလုံးတွေရဲ့ သမိုင်းကြောင်းကို တိတိကျကျ မသိဘူးဖြစ်နေပါတယ်။ ဆိုလိုရင်းတွေက ဝေဝါးကုန်ပါတယ်။ ဒီအထဲမှာ အဆိုးဆုံးကတော့ .. စကားလုံးတွေကို လွဲမှားစွာ နားလည်သဘောပေါက်မှုတွေနဲ့ အဲဒီ နားလည်မှု အလွဲတွေကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားမှုဟာ အဆိုးဆုံးပါပဲ။

ထင်ရှားတဲ့ ဥပမာ ပြရမယ်ဆိုရင် "ဖက်ဒရယ်" ဆိုတာကို "ပြည်ထောင်စု" လို့ ဘာသာပြန်ရမှာကို ... ဆန့်ကျင်ဘက် အဓိပ္ပါယ်နဲ့ မှားယွင်းနားလည်ပြီး "ဖက်ဒရယ်" ဆိုတာ ပြည်ထောင်စု ပြိုကွဲစေမယ့် စနစ် ဖြစ်တယ်လို့ ထင်မြင်ယူဆနေမှုဟာ အများသိပြီးသား လွဲမှား နားလည်မှုပါပဲ။

အလားတူ "လော်ဘီ" ဆိုတဲ့ စကားလုံးဆိုရင် မကောင်းတာ၊ မမှန်တာ၊ မဟုတ်တာကို ဝါဒဖြန့်တယ်လို့ ယူဆနေတာကိုလည်း တွေ့ရမှာပါ။ စကားလုံးရဲ့ ဖြစ်ပေါ်ပုံ ဖြစ်ရပ် (concept) နဲ့ နောက်ကွယ်က သမိုင်းကြောင်းကို နားမလည်တာဟာ ဒီနေရာအတွက် ပြဿနာ ဖြစ်ပါတယ်။

"လော်ဘီ (Lobby)" ဆိုတာရဲ့ အင်္ဂလိပ် မူရင်းအဓိပ္ပါယ်မှာ အခန်း (room) တမျိုးဖြစ်တယ်လို့ ဖွင့်ဆိုထားတာ တွေ့ရမှာပါ။ ဟော်တယ်လုပ်ငန်းဆိုင်ရာ လုပ်သူတွေဆို ပိုသိကြပါတယ်။ Lobby room ဆိုရင် .. ဟော်တယ် အဝင်ဝကနေ လူတိုင်း ဝင်နိုင်ပြီး တည်းခိုသူတွေနဲ့ သူတို့ကို လာတွေ့တဲ့ ဧည့်သည်တွေက တွေ့ဆုံနိုင်ရာ နေရာ အခန်းကို လော်ဘီလို့ ခေါ်တာ ဖြစ်ပါတယ်။ ဟော်တယ်ကြီးတွေမှာ အဲဒီ အခန်းကို ကျော်ပြီး တည်းခိုသူ မဟုတ်တဲ့ လူတွေကို လုံခြုံရေးအရ ဝင်ခွင့်မပေးပါဘူး။ ဒီအခါ အဆိုပါ လော်ဘီ အခန်းမှာ တွေ့ဆုံ စကားပြောကြတာပါပဲ။

နိုင်ငံရေးမှာ "လော်ဘီ (Lobby)" ဆိုတာကတော့ ... အဲဒီ စကားလုံး ပေါ်ပေါက်လာပုံနဲ့ အများကြီး သက်ဆိုင်ပါတယ်။ အခန်းလို့ တိုက်ရိုက်ဘာသာပြန်လို့ မရတော့ပါဘူး။ စကားလုံး ဖြစ်ပေါ်လာပုံကတော့ ယူကေနိုင်ငံက Westminster Parliament ရဲ့ House of Common လို့ ခေါ်တဲ့ အောက်လွှတ်တော်ကနေ စပြီး ဖြစ်ပေါ်လာခဲ့တာပါ။ အဲဒီ လွှတ်တော်ရဲ့ လူတွေ ဝင်လို့ရတဲ့ လော်ဘီ အခန်းမှာ ... လွှတ်တော်ဆွေးနွေးမှု မစခင်နဲ့ ဆွေးနွေးမှု အပြီး ကာလတွေမှာ လွှတ်တော် ကိုယ်စားလှယ်တွေက လက်ဖက်ရည်သောက် အနားယူကြပါတယ်။ ဒီအခါ ... လွှတ်တော်မှာ ဆွေးနွေးစေလိုတာ၊ ပြောစေလိုတာတွေကို ကန်ပိန်းသမားတွေ၊ စီးပွားရေးသမားတွေနဲ့ သတင်းသမားတွေက လွှတ်တော် ကိုယ်စားလှယ်တွေကို အဲဒီနေရာမှာ ခွင့်အရေး တစ်ခုအနေနဲ့ ဝင်ရောက်တွေ့ဆုံ စကားပြောကြပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေကလည်း အခွင့်အရေး တစ်ခု အနေနဲ့ လူထုရဲ့ အသံကို အဲဒီနေရာမှာ နားထောင်ခွင့် ရကြပါတယ်။ ဒါ့အပြင် လွှတ်တော်ကနေ ကြေငြာစရာတွေ ရှိလာရင်လည်း ဆွေးနွေးမှု ပြီးပြီးချင်း ပထမဦးဆုံး သတင်းပုံစံနဲ့ လော်ဘီ အခန်းထဲမှာ ကြေငြာပြီး သူတို့ မူဝါဒတွေကို လူထုက လက်ခံလာအောင် ကြိုးစားပါတယ်။ အဲဒီလို လုပ်ရာကနေ လော်ဘီ ဆိုတဲ့ စကားလုံး ပေါ်ပေါက်လာပါတော့တယ်။
ဒီတော့ လော်ဘီ ဆိုတာ ပြည်သူ၊ အစိုးရနဲ့ လူမှု့အဖွဲ့အစည်းတွေ ကြားမှာ မူဝါဒတွေကို လူသိများအောင် သတိထားမိအာင် ပြုလုပ်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်ကို လော်ဘီလုပ်တယ်လို့ ခေါ်ဝေါ်သုံးစွဲတာ ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ လော်ဘီ ဆိုတာ မဟုတ်တာတွေကို သတင်းဖြန့်ဖြူး ဝါဒဖြန့်တာဆိုပြီး ယူဆလာတာကို တွေ့ရပါတယ်။ နိုင်ငံရေး စာပေ မထွန်းခဲ့မှုရဲ့ အကျိုးဆက်တွေပါပဲ။

နိုင်ငံရေးကို ရှင်းပြဖို့ ကြိုးစားရာမှာလည်း တချို့ စကားလုံးတွေကို ဘာသာပြန်ဖို့ ကြိုစားတဲ့အခါ မလိုအပ်ဘဲ စကားလုံး ဖေါင်းပွပြီး လိုရင်းပျောက်ကုန်တာမျိုးလည်း ကြုံရပါတယ်။ ဥပမာ ... Consensus parliament လို့ ပြောရင် အင်္ဂလိပ်လိုမှာ အတော်ကို ခရီးတွင်ပါတယ်။ နိုင်ငံရေး စိတ်ဝင်စားသူ အင်္ဂလိပ်စာပေ နားလည်သူတိုင်း ဆိုလိုရင်း အလွယ်တကူ သိကြပါတယ်။ ဒါကို မြန်မာလို ဘာသာပြန်တဲ့အခါ "အများသဘောတူအောင် ကြိုးစားညှိနှိုင်းသော လွှတ်တော်" လို့ ဘာသာပြန်နိုင်ပါတယ်။ ဒီအခါ ဘယ်လွှတ်တော်က အများသဘောမတူတာကို လုပ်လို့လဲ ဆိုပြီး မေးစရာ ရှိလာပါတယ်။ အများသဘောတူမှ ဥပဒေဖြစ်လာတာ မဟုတ်လား။ ညှိမရရင် မဲခွဲပြီး မဲများတဲ့ ဘက်က အနိုင်ရတာ မဟုတ်လား။ ဒါကို အများက သဘောတူလက်ခံကြတာပဲ မဟုတ်လား။ အထွေးအထူး ပြောစရာလားလို့ ထင်စရာ ရှိလာပါတယ်။

Consensus parliament ဆိုတာမှာ ... လွှတ်တော်ထဲမှာ ပါတီ အကြီးကြီး တစ်ခု၊ နှစ်ခုတည်းက လွှမ်းမိုး အနိုင်ရထားတဲ့ ပုံစံ မဟုတ်ဘဲ ... ပါတီတွေက သူမသာ၊ ကိုယ်မသာ အင်အားတူလောက် အနိုင်ရထားပြီး ဘယ်သူကမှ လွှမ်းမိုးလို့ မရတဲ့ အခြေအနေဖြစ်တာကြောင့် သဘောထား တစ်ခုကို အကုန်လုံး သဘောတူအောင် ညှိနှိုင်းရတဲ့ လွှတ်တော်ကို Consensus Parliament လို့ ခေါ်တာ ဖြစ်ပါတယ်။ ဒီအခါ Consensus parliament လို့ ပြောရမယ့် နေရာမှာ ဒီစကားလုံးကို ဖေါင်းပွအောင် ရှင်းပြပြီးမှ ဆက်သွားလို့ ရမယ့် အဖြစ်မျိုးကို ကြုံလာရတွေ ရှိပါတယ်။ မြန်မာပြည်မှာ နိုင်ငံရေး သေသွားခဲ့ရခြင်းရဲ့ ဆိုးကျိုးတွေ ပါပဲ။

အထက်ပါ အခက်အခဲတွေကို ကျော်လွှားပြီး ... အနာဂတ် လူငယ်တွေ နိုင်ငံရေးကို ရှင်းရှင်းလင်းလင်း နားလည်နိုင်ဖို့ အတွက် .... မြန်မာပြည်မှာ နိုင်ငံရေး စာပေတွေကို များများ ရေးသားပြီး ... နိုင်ငံရေး စကားလုံးတွေရဲ့ မူရင်းဆိုလိုရင်း အဓိပ္ပါယ်တွေ အပါအဝင် စကားလုံး ဖြစ်ပေါ်လာပုံတွေ၊ စကားလုံးအသစ်တွေ မြန်မာ့ နိုင်ငံရေးစာပေမှာ တိုးတတ် ထွန်းကားလာဖို့ ... ပညာရှင်များအပါအဝင် အားလုံးမှ နိုင်သလောက် ဝိုင်းဝန်းလုပ်ဆောင်ကြပါလို့ နှိုးဆော်လိုက်ရပါတယ် ... ။

(ကိုထိုက်)

(ပုံကို http://dead-shot12.blogspot.co.uk/ မှ ရယူထားတာ ဖြစ်ပါတယ်။)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...