Monday, June 24, 2013

ကတ္တရာ လမ်းပေါ် နွားလှည်းမမောင်းရ.....

`` ဟိုင်းရော......... ဟိုင်းးးးးးးးးးးးး´´ ကျယ်လောင်စွာ အော်ဟစ် သွားသော လှည်းမောင်းသမားကို ကြည့်မိသည်။ အော်ယုံအော်နေသည်မဟုတ်၊ လက်ထဲက နှင်တံနှင့်လည်း တဖုန်းဖုန်းရိုက်နေသည်၊ မြီးညှောင်းရိုးအနားကိုလည်း နှင်တံထိပ်မှသံချွန်ဖြင့် အကြိမ်ကြိမ် ဆောင့်ဆောင့် ထိုးနေသည်၊ နာလို့ဖြစ်မည် လှည်းကတော့ မြန်မြန်ဆန်ဆန် သွားနေသည်၊ ခနော်ခနဲ့ မြေလမ်းပေါ်မှာပေါ့....

ဘာများ အရေးကြီးလို့လည်း..... အရေးကြီးလျှင်လည်း နွားလှည်းထက် မြန်သော အခြားနည်းများဖြင့် မသွားနိုင်ဘူးလား..... ကျွန်တော်သေသေချာချာကြည့်ြုဖစ်တော့ သံချွန်ဖြင့်ဆောင့်ထိုးထားသောနေရာမှာ အနာတွေ တောင် ဖြစ်နေပြီ..... စကားတစ်ခွန်းကို သွားသတိရမိသေးသည် ( အနာပေါ်တုတ်ကျ......တဲ့)၊ နာလွန်းသဖြင့် တင်စားသော စကားလေးဖြစ်သည်၊ အခု... အနာပေါ်ကို တုတ်ကျခြင်း မဟုတ် သံချွန်ဖြင့် ထပ်ခါ ထပ်ခါ ဆောင့်ထိုးနေခြင်းဖြစ်သည်။

ကျွန်တော် စဉ်းစားမိသည်၊ ဤမျှအထိ လိုအပ်ပါသလား.......လို့။

နွား... ဆိုသော တိရိစ္ဆာန်သည် လူကို အန္တရာယ် လုံးဝမပေးပါ၊ လူများ၏ စိုက်ပျိုးရေး လုပ်ငန်းကို များစွာဝိုင်း ၀န်းကူညီကြပါသည်၊ ကျေးလက် ခရီးသွားလုပ်ငန်းအတွက်လည်း မရှိမဖြစ် အရေးကြီးပါသည်။ ကုန်စည် သယ်ယူ ပို့ဆောင်ရေးအတွက် လည်း အသုံးဝင်လှသည်၊ ထို့အပြင် အလှူမင်္ဂလာ အခမ်းအနားများအတွက်လည်း အမျိုးမျိုး အသုံးပြုကြသည်၊ ဖျော်ဖြေရေးခေါ်မလား ၊ လောင်းကစားပြောရမလား မသိ၊ လှည်းပြိုင်ပွဲများ နွားတိုက်ပွဲများကိုလည်း ပြုလုပ်ကြသည်။ ထိုမှ တဆင့် နွားများသည် လူများအတွက် စားစရာဖြစ်လာသည်၊ ၄င်းတို့၏ နို့များသည် သောက်စရာ ဖြစ်လာသည်၊ အဟာရပစ္စည်းများ ဖြစ်ကြသည်၊ မစင်များသည်လည်း သဘာဝ မြေသြဇာဖြစ်လာသည်၊ ထို့ထက်ပိုသုံးလိုသော် ဘိုင်အိုဘက္ထရီ အဖြစ်လည်း အသုံးပြုနိုင်သေးသည်၊ အမဲခြောက်ဖုတ်လေးကို အခါးရည်ဖြင့်တစိမ့်စိမ့် အရသာခံနိုင်သေးသည်။ အသုံးဝင်လှပါသည်။

သူတို့အတွက်.... လူသည် အစာကျွေးရပါသည်၊ ခြင်မီးဖြုတ်မီးမွှေးပေးရပါသည်၊ တန်ရာနှင့် တန်ကြေးကို တွက်သော်........ သူတို့၏ လုပ်အားခနှင့် သူတို့အတွက် ကုန်ကျ စရိတ်ကို ပြန်တွက်သော်.....။

ဆင်းရဲ နွမ်းပါးသူများ၊ တောင်ယာလုပ်ကိုင်သူများ၊ လယ်သမားပြောလေ့ရှိသော စကားတစ်ခွန်းရှိပါသည်... နွားနှင့်ဖက်ရုန်းရတဲ့ ဘ၀ .....တဲ့၊ လုပ်သမျှ ခံလျှင်လည်း ပြောကြသည် နွားကျခံတာကိုးတဲ့၊ ဘာပြောပြော အရေး မလုပ်လျှင်လည်း နွား လို ကောင်ပါကွာတဲ့..... ဤစကားလေးများဖြင့် နွားများ၏ သဘာဝကို အကြမ်းဖျင်းနားလည်နိုင်ပါသည်....။

နွားလှည်း မောင်းသမားသည် နွားလေးဆွဲသော လှည်းပေါ်တွင် လိုက်ပါ၍ လိုရာခရီးသို့ သွားပါသည်၊ ထိုလှည်းပေါ်မှပင် နွားလေးအား တဖုန်းဖုန်းရိုက်ပါသည်၊ ရိုက်လျှက်မှပင် အော်ဟစ်မြည်တမ်းပါသည်၊ မြည်တမ်းလျှက်မှပင် အချွန်ဖြင့် ဆောင့်ထိုးပါသည်။ ဆောင့်ထိုးလျှက်မှပင် နှာနုတွင် ချည်နှောင်ထားသော နဖားကြိုးကို ဆောင့်ဆွဲပါသေးသည်။ နှာနုသည် နွားလေးများအတွက်... အဓိက အားနည်းချက်နေရာ ဖြစ်ပါသည်။ လူများသည် နွားလေးများအား လိုရာသို့ အလွယ်တကူ ယူဆောင်နိုင်ရန် နဖားကြိုး ထိုးထားပါသည်။

တစ်နည်းအားဖြင့် နွားလေးများ၏ အားနည်းချက်အား နင်းထားခြင်းပင်ဖြစ်ပါသည်။ ကျွန်တော် ခြုံငုံစဉ်းစားမိသည်မှာ လူဆိုသည်မှာ... တော်ယုံရက်စက်သူများ မဟုတ်၊ အလွန်ရက်စက်ကြသူများ ဖြစ်သည်ဟု... အတွေးအခေါ်များ မှားလျှင်လည်း မှားပါမည်၊ မှန်လျှင်လည်းအပြည့် အစုံတော့ဖြင့် မမှန်နိုင်ခဲ့ပါ။

ငယ်ငယ်က ကျွန်တော်တို့ နေသောရွာတွင် ယောက်ျားဆုံးပါးသွားသူ အဒေါ်ကြီး တစ်ဦး ရှိပါသည်။ အဒေါ်ကြီး၏ အိမ်တွင် ဖိုးကြာဟု ခေါ်သော နွားလေး တစ်ကောင်ရှိပါသည်....။ နွားကလေး၏ ထိပ်တွင် အဖြူရောင်ကြာပွင့်လေးများ ပါနေသဖြင့် ဖိုးကြာဟု ခေါ်ကြခြင်းဖြစ်ပါသည်။ ကြာပါသော နွားသည် ကပ်သည်ဟု ပြောဆိုကြသော်လည်း ဖိုးကြာသည် မကပ်ပါ၊ အမည်ခေါ်ယုံမျှဖြင့် ချက်ချင်းပြေးလာတတ်သော နွားလေး ဖြစ်ပါသည်။ ထိုနွားကလေး ဖိုးကြာအား အဒေါ်ကြီးသည် အင်မတန်ချစ်ပါသည်။ ``အဒေါ့်ယောက်ျားရဲ့နွား လေးပါ၊ အခုသူပဲ အဒေါ်တို့ကို လုပ်ကျွေးနေတာ´´ ဟူသော စကားလေးကိုလည်း မကြာမကြာ ကြားခဲ့ ရပါသည်။

အဒေါ်ကြီးသည် ညနေရောက်သည်နှင့် ဖိုးကြာ၏ နွားတင်းကုပ်အား မီးမွှေး ထားပေးပါသည်၊ ရေဖြည့်ထားပေးပါသည်။ နွားစာကိုကိုယ်တိုင်စဉ်း၍ကိုယ်တိုင်ပင် ထည့်ပေးပါသည်။

အဒေါ်ကြီး၏ သားများသည် ကျွန်တော်တို့၏ သူငယ်ချင်းများပင် ဖြစ်ပါသည်။ အဒေါ်ကြီးသည် ဖိုးကြာ၏ကိစ္စများအတွက် သားများ ကိုပင် မခိုင်းပါ၊ ကိုယ်တိုင်လုပ်ပါသည်။ ဖိုးကြာသည် အလွန်ပင်လိမ်မာပါသည်။ လူစကား နားလည်သလိုပင်ဖြစ်ပါသည်။ အဒေါ်ကြီးသည် ဖိုးကြာကို ရိုက်လျှင် လုံးဝမကြိုက်ပါ..... ``လူနှင့် နွားပင်ဖြစ်သော်လည်း လုပ်ဖော် ကိုင်ဘက်များ ဖြစ်သည်၊ တစ်နည်းအားဖြင့် ကျေးဇူးရှင် ဖြစ်သည်´´ဟု မကြာခဏ ပြောတတ်ကြောင်း မှတ်မိနေပါသည်။

အချိန်ကာလ အရ ဖိုးကြာ အိုမင်းလာသောအခါ သားသတ်ရုံသို့ ပို့ရန် တိုက်တွန်းကြသူများလည်း ရှိခဲ့ပါသည်...။

အဒေါ်ကြီးသည် ပြင်းပြင်းထန်ထန်ပင် ဆန့်ကျင့်ခဲ့ပါသည်။ ထို့နောက် ဖိုးကြာသေဆုံးခဲ့ပါသည်။ အသေသားကိုလည်း မစားစေခဲ့ပါ....... ခြံဝင်းအတွင်း ကောင်းမွန်စွာ မြေမြှုပ်၍ မြေပုံပေါ်တွင် ပန်းပင်လေးများ စိုက်ပျိုးခဲ့ဘူးကြောင်း မှတ်မိနေပါသည်။

ဖိုးကြာအား မြေမြှုပ်စဉ် အဒေါ်ကြီးသည် မင်းအဖေလည်း သွားနှင့်ပြီ..... အခုသားလည်း သွားပြီ၊ အမေလည်း မကြာခင် လိုက်လာမယ်၊ သွားနှင့်ပါသားရေ.... သံသရာမှာ ပြန်ဆုံခဲ့ရင်လည်း ဒီဘ၀မျိုးနဲ့ မလာပါနဲ့ကွယ်...... ဟု ပြောရင်း မျက်ရည်များ ကျခဲ့ဘူးပါသည်.....။

အဲဒီတုန်းက ကျွန်တော်တို့ အလယ်တန်း ကျောင်းသား အရွယ်ဖြစ်သော်လည်း ကောင်းစွာ မှတ်မိနေပါသည်။ ကျောင်းတွင် စာစီစာကုံးရေးသောအခါ ကျွန်တော်သည် ``အဒေါ်ကြီးနှင့် ဖိုးကြာ´´ ဟူသော ခေါင်းစဉ်ဖြင့် ၀င်ရောက်ရေးသားခဲ့ရာ ဆုပင်ရခဲ့ဖူးပါသည်။

မြန်မာလူမျိုးများသည် သူတစ်ထူး၏ ကျေးဇူးအား ဆင်ခြင်အောက်မေ့ နေသူများ၊ ပြန်လည် ကျေးဇူးဆပ်ရမှ စိတ်ဘ၀င်ကျ သူများ ဖြစ်ကြပါသည်..... ကျေးဇူးတရားဟူသည် အမျိုးမျိုးသော အသွင်ကို ဆောင်ပါသည်... ဥစ္စာ ပစ္စည်း ထောက်ပံခြင်း၊ ပြည့်စုံ ကျန်းမာ စေလိုသော စိတ်စေတနာထားခြင်း၊ မိမိအကျိုးကို ဆောင်ရွက်ပေးခြင်း၊ စောင့်ရှောက်ပေးခြင်းနှင့် အသိပညာ အတတ်ပညာများကို သင်ကြားပြသပေးခြင်း စသဖြင့် အမျိုးမျိုး ရှိကြသည်များ အနက် မိမိ၏ ၀မ်းစာရေးနှင့် စီးပွါးရေးအတွက် ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးနေသော နွားလေးများကိုလည်း ကျေးဇူးရှိသည်ဟု မသတ်မှတ်နိုင်ပါကလည်း အကြောင်းမဲ့သက်သက် ရက်စက်ရန်မသင့် ကြောင်း သုံးသပ်စဉ်းစားမိပါသည်......။

အမှန်တကယ်တွင် နွားလေးများသည် လူများ၏ မိတ်ဆွေကောင်းများပင် ဖြစ်ပါသည်၊ လူများ၏ အကျိုးအတွက် ဆောင်ရွက်ပေးနေသော နွားကလေးများအား ကရုဏာ မျက်စိဖြင့် ကျွန်တော် မြင်မိသော ခဏတွင် နွာလေးများအား.... ရက်စက်စွာ ဆက်ဆံနေတတ်ကြသော လူများသည် အလွန်ပင် အရုပ်ဆိုးသွားပါတော့သည်။

တစ်ခါက ကျွန်တော်တို့ မြို့ဈေးသို့ ဖိုးကြာ၏ လှည်းကလေးဖြင့် အတူ သွားခဲ့ဘူးပါသည်၊ လှည်လမ်းကြောင်းမှ လမ်း မကြီးသို့ အတက်လမ်းတွင် ကတ္တရာ လမ်းပေါ်တွင် နွားလည်းမမောင်းရန် ဆိုင်းဘုတ်တစ်ခု ထောင်ထားပါသည်၊ အဒေါ်ကြီးသည် စာကောင်းစွာ မဖတ်တတ်သဖြင့် ကျွန်တော့်ကို ဖတ်ခိုင်းခဲ့ပါသည်။ ကျွန်တော် ဖတ်ပြလိုက်သော အခါ..... အဒေါ်ကြီးသည် ဖိုးကြာအား

``သားရေ လှည်းလမ်းအတိုင်းသာသွား... အန္တရာယ်လလည်းကင်းမယ်၊ မင်းလည်း ခွါပူ သက်သာတာပေါ့´´ တဲ့.........

ယခု အချိန်တွင် ကျွန်တော်သည်ပင် လူလတ်ပိုင်း အရွယ် ရောက်ရှိခဲ့ပြီ၊ တစ်ခါတစ်ရံ ငယ်စဉ်က အကြောင်းများစဉ်းစားရင်း အဒေါ်ကြီးကိုလည်း သတိရမိသည်။ ဖိုးကြာကိုလည်း သတိရတတ်ပါသည်။ သူတို့ နှစ်ဦးထက် အဒေါ်ကြီး ပြောခဲ့သေည့် `` ကျေးဇူးတရား´´ ဆိုသော စကားလေးအားပို၍ အမှတ်ရမိပါသည်။ ယခုတော့ အချိန်ကာလပါမက ဆိုင်းဘုတ်လေးများလည်း ပြောင်းလဲခဲ့ပါပြီ...

ယခင်က `` ကတ္တရာ လမ်းပေါ် နွားလည်းမမောင်းရ....´´ ဟူသော စကားလုံးများ အစား ယခုအခါ `` ကတ္တရာ လမ်းပေါ် သံဘီးတတ်ယာဉ်များ မမောင်းရ´´ တဲ့...... ကျွန်တော် ဆက်ပြီး စဉ်းစားဖြစ်ခဲ့သည်၊ ယခင်ကတည်းက နွားဆိုသော သတ္တ၀ါများ မရှိခဲ့လျှင်..... အနည်းဆုံးတော့ ကျွန်တော်တို့......။

ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ သတိရနေတတ်ဆဲ... နွားလေးများလည်း လယ်ထွန်၊ လှည်းဆွဲနေဆဲ၊ လူများလည်း.........။

(ကွန်ဆူးမား) (၂၃-၆-၂၀၁၃)

၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင်ရေးဖြစ်ခဲ့သော ပို့စ်လေးအား ပြန်လည် တင်ပြပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...