Friday, June 7, 2013
၈၈ ဇွန် ကျောင်းသားလှုပ်ရှားမှု
by Nay Myo (Notes) on Thursday, June 6, 2013 at 6:51am
၁၆.၃.၈၈၊ တံတားနီအရေးအခင်း အပြီးမှာ မဆလ စစ်အစိုးရဟာ ကျောင်းများကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ရာကနေ ဇွန်လ (၅) ရက်နေ့မှာ တက္ကသိုလ်ကျောင်းများ ပြန်လည်ဖွင့်လှစ် ပေးခဲ့ပါတယ်။  ကျောင်းများ ပြန်လည်ဖွင့်လှစ် ပေးလိုက်သည်နှင့် တပြိုင်နက် မြေပေါ်၊ မြေအောက် ကျောင်းသား လှုပ်ရှားမှုများလည်း စတင်ပေါ်ပေါက်လာခဲ့ပြီး မဆလ စစ်အစိုးရ ဆန့်ကျင်ရေး လှုံ့ဆော် မှုတွေ ရေးသားထားတဲ့ စာစောင်၊ စာတမ်းတွေနဲ့ ကျောင်းသားအရေး တောင်းဆိုချက်တွေ ဟာ ကျောင်းဖွင့်ပြီး ရက်အနည်းငယ် အတွင်းမှာပဲ နေရာအနှံ့အပြားမှာ ထွက်ပေါ်လာခဲ့ ပါတယ်။ တောင်းဆိုချက်များမှာ
၁) အဖမ်းဆီးခံထားရသော ကျောင်းသူကျောင်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်
၂) ကျောင်းထုတ်ခံထားရသော ကျောင်းသားများ ကျောင်းပြန်တက်ခွင့်ရရန်
၃) သေဆုံးသွားသော ကျောင်းသားဦးရေ အမှန်ကို ဖော်ထုတ်ပေးရန်
၎) သေဆုံးသွားသော ကျောင်းသားများအတွက် အမှတ်တရကျောက်တိုင် စိုက်ထူခွင့်ပေးရန
၅) မတ်လ အရေးအခင်းအတွင်း  အကြမ်းဖက် ရိုက်နှက်သတ်ဖြတ် မုဒိမ်းကျင့်ခဲ့သူများ အားလုံးကို     ဖော်ထုတ်အရေးယူပေးရန်
၆) သပိတ်တိုက်ပွဲများတွင် ငြိမ်းချမ်းစွာဆန္ဒပြကြသော ကျောင်းသားကျောင်းသူများကို
    အနှောက်အယှက်မပြုရန်
၇) ကျောင်းသားအရေးအခင်းနှင့် ပတ်သက်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကျောင်းမထုတ်ရန်
၈) ကျောင်းသားသမဂ္ဂများကို တရားဝင်ဖွဲ့စည်းခွင့်ပြုရန်နှင့် ဒီမိုကရေစီ အခွင့်အရေးများ အပြည့်အ၀ ပြန်လည်ပေးအပ်ရန် စသဖြင့် အမျိုးမျိုးသော တောင်းဆိုချက်များကို တောင်းဆိုခဲ့ကြပါတယ်။
ကျောင်းသားများ တက္ကသိုလ်ဝင်း အတွင်း စုဝေးခြင်း၊ တရားဟောခြင်းများ ရှိလာပြီး ဇွန်လ လှုပ်ရှားမှုကြီး စတင်သက်ဝင် လှုပ်ရှားလာခဲ့ပါတယ်။  မျက်နှာမှာ လက်ကိုင်ပုဝါစည်းထားတဲ့ ကျောင်းသား တွေဟာ စာသင်ခန်းတွေနဲ့ လက်ဖက်ရည်ဆိုင်တွေမှာ စတင်ဝင်ရောက်ပြီး သပိတ်ဖြစ်ပေါ်ရေးအတွက် လှုံ့ဆော် တရားဟောနေကြပါပြီ။ ကျောင်းသားတွေဟာ စာသင်ခန်းထဲမှာ ရှိမနေနိုင်တော့ဘဲ သပိတ်ဖြစ်ပေါ်ရေး အတွက် သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် ကြိုးပမ်းကြရင်း ရန်ကုန်တက္ကသိုလ်ဟာ ဇွန်လ ကျောင်းသားလှုပ်ရှားမှုရဲ့ ဗဟိုချက်မ ဖြစ်လာခဲ့ပါတယ်။
ကျောင်းသားလှုပ်ရှားမှု အားကောင်းလာတာနဲ့အမျှ လက်ဖက်ရည်ဆိုင်တွေမှာ၊ စာသင်ခန်းတွေမှာ၊ အဆောင်ရဲ့ အခန်းတွေမှာ၊ ထမင်းစားဆောင်တွေမှာ အစပြုခဲ့တဲ့ ကျောင်းသားတရားပွဲတွေဟာ အဓိပတိလမ်းမ၊ ဘွဲ့နှင်းသဘင်နဲ့ အဆောင်ရှေ့တွေကို ရွှေ့ပြောင်း ရောက်ရှိလာခဲ့ပါတယ်။
ဇွန်လ (၁၄) ရက်၊ ညနေ (၄) နာရီခန့်မှာ ကျောင်းသားခေါင်းဆောင် မောင်မောင်ကျော် ဟာ တောင်ငူဆောင်ရှေ့မှာ မျက်နှာကို အ၀တ်စည်းမထားဘဲ တရားဟောပါတော့ တယ်။ ကျောင်းသားထုရဲ့ မကျေနပ်မှုများကို ဖော်ထုတ်တဲ့တရားပွဲဟာ “နေ၀င်း အလိုမရှိ” ၊ “မဆလ အလိုမရှိ” စတဲ့ ကြွေးကြော်သံတွေနဲ့ ဖုံးလွှမ်းနေခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာချစ်ဆွေ ရောက်ရှိလာပြီး တရားပွဲကို ဆက်လက်မပြုလုပ်ဖို့ မေတ္တာရပ်ခံတောင်းပန် တာကြောင့် ညနေ (၅) နာရီခွဲခန့်မှာ ရပ်နားလိုက်ပါတယ်။
ဇွန်လ (၁၅) ရက်၊ မနက် (၁၁) နာရီခန့်မှာလဲ ဂျပ်ဆင်ရှေ့ မြက်ခင်းပြင်မှာ တရားပွဲ စတင်ခဲ့ပြန်ပါတယ်။ ရေတမာပင်အောက်တွေမှာ၊ မြက်ခင်းပြင်တွေပေါ်မှာ နားထောင်နေကြတဲ့ ကျောင်းသားအင်အားဟာ တဖြည်းဖြည်း ပိုမိုများပြားလာခဲ့ပြီး နေ့လယ်ဘက်မှာတော့ တရားပွဲကို RC ရှေ့ကို ပြောင်းရွှေ့ကျင်းပခဲ့ရ ပါတယ်။ တရားပွဲတွေဟာ ကျောင်းသားထုရဲ့ မကျေနပ်မှုများကို ဖော်ထုတ်ခြင်း၊ ကျောင်းသားထု အခွင့်အရေးများကို တောင်းဆိုခြင်းများမှ အစိုးရဆန့်ကျင်ရေးတရားများ ဟောပြောတဲ့အခြေအနေထိ ရောက်ရှိလာခဲ့ပါတယ်။ နားထောင်နေရင်းမှ စိတ်ဓာတ်တက်ကြွလာပြီး တရားဟောစင်ပေါ်သို့ တစ်ယောက်ပြီး တစ်ယောက်တက်ကာ ဖုန်းမော်ကျဆုံးခဲ့သောညက RIT ကျောင်းဝင်းအတွင်း အဖြစ်အပျက်များ၊ မတ်လ အရေးအခင်းနှင့် တံတားနီဖြစ်ရပ်များအတွင်း လုံထိန်းများ၏ ကျောင်းသားကျောင်းသူများအား သားသမီးချင်း၊ နှမသားချင်း မစာနာစွာ အကြမ်းဖက်ရိုက်နှက်ခဲ့မှုများကို ရှင်းပြသူများ၊ သမိုင်းဝင် (၇) ဇူလိုင်နှင့် ဦးသန့် အရေးအခင်း၊ မှိုင်းရာပြည့် အရေးအခင်းများအတွင်း အာဏာပိုင်များ၏ အကြမ်းဖက် ဖိနှိပ်ဖြိုခွင်းမှုများနှင့် နောင်တော် ကျောင်းသားများ၏ တိုက်ပွဲဝင် ခွပ်ဒေါင်းစိတ်ဓာတ်နှင့် အညံ့မခံ တွန်းလှန်မှုများအား ပြန်ပြောင်း ပြောဆိုသူများ၊ တိုင်းပြည်တစ်ခုလုံး ဆင်းရဲမွဲတေနေချိန်မှာ မဆလ ဗဟိုကော်မတီဝင်များ၏ အကျင့်ပျက် ခြစားမှုများကို ဖွင့်ချသူများ စသည်ဖြင့် အကြောင်းအရာ စုံလင်လှသလို နားထောင်သူများရဲ့ အားပေး လက်ခုပ်သံများနဲ့ ထောက်ခံကြွေးကြော်သံများဟာ လည်း သောသောညံနေခဲ့ပါတယ်။ အားလုံးဟာ တက်ကြွ နေကြပြီး တစ်ယောက်ပြီး တစ်ယောက် စင်ပေါ်တက်ဟောနေလိုက်ကြတာ ညနေ မှောင်စပျိုးလို့ တရားပွဲ ဆက်လက် ကျင်းပရန် မဖြစ်နိုင်တော့မှ ရုပ်သိမ်းလိုက်ကြပါတယ်။ ရန်ကုန်တက္ကသိုလ်နယ်မြေ တစ်ခုလုံး ဟာတော့ ကြွေးကြော်သံတွေ၊ တောင်းဆို ချက်တွေ၊ သြဘာသံတွေနဲ့ လွှမ်းမိုးညံစီနေပါတော့တယ်။
ဇွန်လ (၁၆) ရက်နေ့မှာလည်း တရားပွဲများကို နေ့လယ်ပိုင်းမှစတင်၍ ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ ကျင်းပနိုင်ခဲ့ပါတယ်။ တရားဟောသူများဟာ ကျောင်းသားထုရဲ့ မကျေနပ်မှုများ၊ ကျောင်းသားအခွင့်အရေး ရရှိလိုမှုများမှနေ၍ တစ်ပါတီစနစ် ရှုတ်ချရေးနှင့် ဒီမိုကရေစီရေး အကြောင်းများကို ဟောပြောလာကြသလို လာရောက်နားထောင်သူ၊ အားပေးသူ အရေအတွက်ဟာလည်း ပိုမိုများပြားလာသည်နှင့်အမျှ  တောင်းဆို ချက်များနှင့် ထုတ်ပြန်ချက်များအား လိုက်လံဖြန့်ဝေခြင်း၊ နံရံနှင့် သစ်ပင်များတွင် လိုက်လံကပ်ခြင်း စသည်တို့အပြင် ကြွေးကြော်သံများဟာလည်း ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းတစ်ခုလုံးအနှံ့ ဖုံးလွှမ်းနေ ခဲ့ပါတယ်။ ကျောင်းသားခေါင်းဆောင်များမှ ကျောင်းပစ္စည်းများ မဖျက်ဆီးရေး၊ ငြိမ်းချမ်းသေ၀ပ်စွာ ဆန္ဒပြရေးစသည့် စည်းကမ်းချက်များကို ထုတ်ပြန်ခဲ့သလို ကျောင်းသားများမှလည်း စည်းကမ်းသေ၀ပ် စွာဖြင့် မိမိတို့၏ ဆန္ဒကို ငြိမ်းချမ်းစွာ ဖော်ထုတ်ခဲ့ကြပါတယ်။ မဆလ အစိုးရမှ ကျောင်းဝင်းအပြင်ဘက် မှနေ၍ စစ်ကားများဖြင့် ၀ိုင်းထားခဲ့သော်လည်း တရားပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။
ဇွန်လ (၁၇)၊ သောကြာနေ့ တရားပွဲကိုလည်း ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာပဲ ကျင်းပနိုင်ခဲ့ပြီး ကျောင်းသူ မိန်းကလေးများပါ အားတက်သရော ပါဝင်ဆောင်ရွက်လာကြပါတယ်။ ရန်ကုန်မြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား/ ကျောင်းသူလေးများနှင့် သံဃာတော်များမှလည်း လာရောက်နားထောင်၍ ပူးပေါင်းဆောင်ရွက်ခြင်းများ ရှိလာခဲ့ပါတယ်။ ဇွန်လ ကျောင်းသားတိုက်ပွဲမှာ ထင်ရှားလာမယ့် ကျောင်းသား ခေါင်းဆောင် မိုးသီးဇွန် (ယခု-အမေရိကား) တရားဟောချိန် မှာတော့ ကျောင်းသားထုရဲ့ တခဲနက် ထောက်ခံ အားပေးမှုကို ရရှိခဲ့ပါတယ်။ မဆလ စစ်အစိုးရမှလည်း စစ်ကားများဖြင့် ကျောင်းဝင်းအပြင်မှ ဆက်လက် ၀ိုင်းထားမှုများ ရှိခဲ့ပေမယ့် အပိတ်အဖြစ် ညနေပိုင်းမှာ ကမ္ဘာမကျေသီချင်းကို သံပြိုင်ဝိုင်းဝန်း သီဆိုကြပြီး တရားပွဲကို အောင်မြင်စွာပဲ ကျင်းပနိုင်ခဲ့ပြန်ပါတယ်။
ဒီလိုနဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်တိုက်ပွဲဟာ ဇွန် ၂၀ ရက်ကို ရောက်ရှိလာခဲ့ပါတယ်။ သပိတ်တိုက်ပွဲ အားကောင်းလာတာနဲ့အမျှ ရန်ကုန်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား / ကျောင်းသူများ၊ ဆေးတက္ကသိုလ် (၁) နှင့် (၂)၊ RIT နှင့် ဗိုလ်တထောင်၊ ကြည့်မြင်တိုင်၊ လှိုင်ကောလိပ်မှ ကျောင်းသားများ လာရောက်ပူးပေါင်းကြသလို ရန်ကုန်တက္ကသိုလ် တရားပွဲများအား ထောက်ခံကြောင်း ကြေငြာချက်များလည်း အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။ ဆရာ၊ ဆရာမများလည်း တရားပွဲ လာရောက် နားထောင်ကြသလို သံဃာတော်များနှင့် အလုပ်သမားများမှလည်း လာရောက် ပူးပေါင်းဆောင်ရွက်မှုများ ရှိလာတာကြောင့် အင်အား (၁၀၀၀၀) ကျော်ခန့် ရှိလာခဲ့ပါတယ်။ လူထုမှလည်း စားသောက်စရာများ၊ အလှူငွေများ လှူဒါန်းခြင်းဖြင့် ကူညီခဲ့သလို မဆလ စစ်အစိုးရမှ ကျောင်းဝင်းအပြင်ဘက်တွင်ချထားသော စစ်ကားအရေအတွက်ဟာလည်း သိသိသာသာ များပြားလာခဲ့ပါတယ်။ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတွေ အားလုံးမြင်နိုင်တဲ့နေရာမှာ ထင်းထင်းကြီး ရှိနေတာကတော့ အားကစားရုံရဲ့ အမိုးဘက်ခြမ်းမှာ စာလုံးကြီးကြီးနဲ့ ရေးကပ်ထားတဲ့ “နေ၀င်း၏ နေ၀င်ချိန်” ဆိုတဲ့ စာတမ်းနဲ့ တရားဟောစင်မြင့် ရှေ့တည့်တည့်မှာ အင်္ဂလိပ်လို ရေးထားတဲ့ “Freedom to Democracy” ဆိုတဲ့ စာတမ်းတွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနှံ့အပြားမှာလည်း ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသားတွေ သပိတ်မှောက်ကုန်ကြပြီ၊ တရားဟောစင်တွေထိုးပြီး တရားဟော နေကြပြီ ဆိုတဲ့ သတင်းတွေဟာ ပြန့်နေပါပြီ။
ကျောင်းသားတွေဟာ သပိတ်ကို မနက်ပိုင်းမှပင် စတင်နိုင်ဖို့အတွက် ကံ့ကော်ပင်အောက်တွေမှာ၊ အဓိပတိလမ်းမကြီးတလျှောက် လမ်းဘေးဝဲယာတွေမှာ အပြည့်နေရာယူထားကြပေမယ့် အသံချဲ့စက် ငှားရမ်းရာမှာ အခက်အခဲဖြစ်နေလို့ မနက် (၁၀) နာရီခန့်မှာမှ စတင်နိုင်ခဲ့ပါတယ်။
ဇွန် ကျောင်းသားတိုက်ပွဲဟာ အရှိန်မြင့် အားကောင်းလာတာမှန်ပေမယ့် တိကျတဲ့ နိုင်ငံရေး ဦးတည်ချက် မရှိသေးသလို တိုက်ပွဲဝင်ကျောင်းသားအင်အားစုများ ကြားမှာလည်း အယူအဆ (၂) ရပ် ကွဲပြားနေခဲ့ ပါတယ်။ ၄င်းတို့ကတော့ “ကျောင်းသားများသည် ကျောင်းသားအရေးကိုသာ လုပ်သင့်သည်” ဆိုတဲ့ ကိုဝင်းလွင် အင်အားစု နဲ့ “ကျောင်းသားများသည် ပြည်သူများအရေးကိုပါ ပူးတွဲလုပ်ဆောင်သင့်သည်” ဆိုတဲ့ ကိုမိုးသီးဇွန် အင်အားစုပဲ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ တရားဟောစင်မြင့် ထက်မှနေ ၍ ကျောင်းသားထု၏ သဘောထားဆန္ဒဖြင့် ဆုံးဖြတ်ဖို့ သဘောတူခဲ့ကြပါတယ်။
ပထမဆုံးအနေနှင့် “ကျောင်းသားများသည် ကျောင်းသားအရေးကိုသာ တောင်းဆိုတိုက်ပွဲဝင်သင့်သည်” ဆိုတဲ့ အဆိုကို ကိုဝင်းလွင် အင်အားစုမှ ကိုလတ် က တင်သွင်းပါတယ်။ ဒုတိယအနေနှင့် “ကျောင်းသားများသည်  ကျောင်းသားအရေးသာမက နိုင်ငံရေးပါ လုပ်ရမည်” ဆိုတဲ့ အဆိုကို ကိုမိုးသီးဇွန် က တင်သွင်းပါတယ်။ ကျောင်းသားထုအတွင်းမှာတော့ ကိုဝင်းလွင်အုပ်စု ဘက် ကို ထောက်ခံသူ မရှိသလောက် နည်းပါးနေခဲ့ပြီး ကိုမိုးသီးဇွန် အုပ်စုဘက်ကို ထောက်ခံသူသာ များပြားနေခဲ့ပါတယ်။ ခေတ္တအကြာမှာတော့ ကျောင်းသားထုဟာ ကိုမိုးသီးဇွန် တင်သွင်းတဲ့ အဆိုကို တခဲနက်ထောက်ခံလိုက်ကြပြီး နိုင်ငံရေး တောင်းဆိုမှုဖြင့် နိုင်ငံရေးလုပ်ကြရန် ပြတ်သားစွာ ဆုံးဖြတ်လိုက်ကြပါတော့တယ်။
၎င်းနောက် ကျောင်းသားများသည် ကျောင်းသားအရေးသာမက နိုင်ငံရေးပါလုပ်ရမည် ဆိုတဲ့ အဆိုကို ထောက်ခံသောအားဖြင့် RIT မှ ကိုသံဒုတ် (ယခု-ပြည်ပ)၊ ဆေးတက္ကသိုလ် (၂) မှ ကိုဇော်ထွန်း (ထိုင်း-မြန်မာ နယ်စပ် ကျဆုံး)၊ အလယ်တန်းကျောင်းသူလေး တစ်ဦးနှင့် သံဃာတော်တစ်ပါး အပါအ၀င် အခြားကျောင်းသား များမှ ဆက်လက် တရားဟောကြပြီး မှောင်စပျိုးချိန်မှာ တရားပွဲကို ရုပ်သိမ်းလိုက်ကြပါတယ်။
၎င်းနေ့ည (၈) နာရီမှာပဲ မြန်မာ့အသံမှ ရန်ကုန်တက္ကသိုလ် (ပင်မ၊ ဗိုလ်တထောင်၊ လှိုင်၊ ကြည့်မြင်တိုင်)၊ ရန်ကုန်စက်မှုတက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ်တို့အား ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ကြေငြာလိုက်ပါတော့တယ်။ မဆလ စစ်အစိုးရဟာ ကျောင်းတွေပိတ်လိုက်ရုံနဲ့ အရှိန်အဟုန်နဲ့ မြင့်တက်လာပြီဖြစ်တဲ့ တော်လှန်ရေးဒီရေကို ဟန့်တားနိုင်လိမ့်မယ်လို့ ထင်နေပုံရပါတယ်။
တက္ကသိုလ်ကျောင်းဝင်းအတွင်းမှာ စတင်ခဲ့တဲ့ ဇွန်လ ကျောင်းသားသပိတ်ဟာ ကျောင်းသားထု တစ်ရပ်လုံး၏ သဘောထားဆန္ဒနှင့်အညီ တိကျတဲ့ နိုင်ငံရေးဦးတည်ချက်ကို ချမှတ်နိုင်ခဲ့ပြီဖြစ်သ လို ကျောင်းသားထုရဲ့ စစ်အစိုးရပေါ် နာကျည်းမုန်းတီးမှု အခြေခံနဲ့ လူထုတစ်ရပ်လုံးရဲ့ စစ်အစိုးရ ဆန့်ကျင်ရေး စိတ်ဓာတ် တဖြည်းဖြည်းမြင့်တက်လာခြင်းဟာ တော်လှန်ရေးရဲ့ ဆုံချက်တစ်ခုဆီသို့ ဦးတည်နေခဲ့ပြီ ဖြစ်ပါတယ်။
ဇွန်လ ၂၁ ရက်၊ တနင်္လာနေ့မှာတော့ ရန်ကုန်တက္ကသိုလ်ထဲမှာ စုဝေးခွင့်မရတော့တဲ့ ကျောင်းသား တွေဟာ RIT နဲ့ ဆေးတက္ကသိုလ် (၁) ဘက်တွေမှာ တရားပွဲများကို ပြောင်းရွှေ့ ကျင်းပခဲ့ကြပါတယ်။ RIT မှာ ကျင်းပတဲ့ တရားပွဲများကို ရန်ကုန်တက္ကသိုလ်မှ ကိုမိုးသီးဇွန် အုပ်စု လာရောက်ပူးပေါင်းခဲ့သလို ပဲခူး၊ ပြည် နှင့် မကွေးကောလိပ်များမှလည်း သပိတ်ကို ထောက်ခံကြောင်း သ၀ဏ်လွှာများ ပေး ပို့ခဲ့ကြပါတယ်။ ဒါ့အပြင် ဘီပီအိုင် ဆေးဝါးစက်ရုံမှ အလုပ်သမားများနဲ့ အင်းစိန် မီးရထားစက်ခေါင်းရုံမှ အလုပ်သမားများပါ ပူးပေါင်း ပါဝင်လာကြတဲ့အတွက် သပိတ်အင်အားဟာ အတော်လေး တောင့်တင်း ခဲ့ပါတယ်။ နေ့လယ်ပိုင်းမှာ RIT နှင့် ရန်ကုန်တက္ကသိုလ်မှ သပိတ်ကိုဦးဆောင်နေကြတဲ့ ကျောင်း သားခေါင်းဆောင် (၈) ယောက်ဟာ တစ်ဦးနှင့် တစ်ဦး အပြန်အလှန်မိတ်ဆက်၍ အစည်းအဝေးပြုလုပ်ပြီး သပိတ်ဆက်လက်ဖြစ်ပေါ်ရေး၊ ပြည်သူများနှင့် ပူးပေါင်း၍ ဆက်လက်တိုက်ပွဲဝင်ရေး စတဲ့ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့ကြပါတယ်။ ညနေ ၄ နာရီ ခွဲခန့်မှာ သပိတ်နားရန် တိုင်ပင်ကြပြီး လုံခြုံရေးအခြေအနေအရ RIT ကျောင်းဝင်းအတွင်း ဆက်လက်နေရန် မသင့်သဖြင့် လူစုခွဲလိုက်ကြပါတယ်။ လူစုခွဲပြီးနောက်မှ လှည်းတန်းဘက်တွင် ရဲမှပစ်လိုက်၍ သေဆုံး သွားသော ကျောင်းသားတစ်ယောက် အလောင်းဟာ RIT ကျောင်းဝင်းထဲကို ရောက်ရှိလာခဲ့ပြီး သပိတ် ဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ်။ သပိတ်ဖြစ်ပွားနေစဉ်မှာပဲ စစ်တပ်မှ ၀င်ရောက်စီးနင်း၍ ဖမ်းဆီးမိသူများအား လက်ပြန်ကြိုးတုပ်၍ ကျောင်းရှေ့မျက်နှာစာ မြက်ခင်းပြင်မှာ မှောက်လျက်ထားပြီးနောက် အင်းစိန်ထောင်သို့ ပို့လိုက်ပါတော့တယ်။ ကျောင်းပိတ်ရာတွင် မပါဝင်တဲ့ ဆေးတက္ကသိုလ် (၁) လမ်းမတော်မှာလည်း ကျောင်းသားနှင့် လုံထိန်းတို့ အဓိကရုဏ်း ဖြစ်ပွားခဲ့ကြပါတယ်။
ဇွန်လ (၂၁) ရက် နေ့လယ်ပိုင်းမှာပဲ ကျောင်းသားလူငယ်များဟာ မြို့လယ်သို့ ချီတက်ဆန္ဒပြကြ ပါတယ်။ တစ်ပါတီအာဏာရှင်စနစ် အလိုမရှိ၊ ပါတီစုံဒီမိုကရေစီတည်ဆောက်ရေး--- ဒို့အရေး စတဲ့ ကြွေးကြော်သံများဟာ ပြည်လမ်းမတလျှောက်မှာ ဖုံးလွှမ်းနေခဲ့ပါတယ်။ မြေနီကုန်းမီးပွိုင့် အရောက်မှာတော့ ဆန္ဒပြကျောင်းသားထုကို စစ်တပ်မှ ဟန့်တားရာမှ အဓိကရုဏ်းဖြစ်ပွားပါတော့တယ်။ စီတန်းလမ်းလျှောက် လှည့်လည်လာတဲ့ ကျောင်းသူ ကျောင်းသားတွေကို လုံထိန်းရဲကားများမှ အတင်းဒရကြမ်း ၀င်ရောက် မောင်းနှင်ပြီး  တိုက်ခိုက်ဖြိုခွင်းခဲ့တဲ့ အတွက် အနီးအနားမှာ ရှိနေကြတဲ့ ပြည်သူလူထုမှပင် မခံမရပ်နိုင်ဖြစ်ကာ ကျောင်းသားထုနှင့် ပူးပေါင်းပြီး လုံထိန်းများအား ပြန်လည်တိုက်ခိုက်ခဲ့ကြပါတယ်။ ကျောင်းသား ကျောင်းသူ အများအပြား သေဆုံး ဒဏ်ရာရခဲ့ကြသလို လုံထိန်းရဲ (၆) ဦး သေဆုံးသည်အထိ ပြင်းထန်ခဲ့ပါတယ်။ ယင်းနေ့ညမှာပဲ မြန်မာ့အသံမှ  ည (၈) နာရီသတင်းတွင် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများအား ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ကြေငြာလိုက်သလို ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ည (၆) မှ မနက် (၆) နာရီအတွင်း ညမထွက်ရအမိန့်နှင့် စစ်အုပ်ချုပ်ရေးဒေသအဖြစ် ကြေငြာကြောင်း အစိုးရမှ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
တစ်နိုင်ငံလုံးရှိ တက္ကသိုလ်နှင့် ကောလိပ်များ ပိတ်ပစ်လိုက်ပေမယ့် တရားပွဲများ၊ ကြေငြာချက်နှင့် စာတမ်းများ ထုတ်ပြန်၍ ဝေငှခြင်းများကိုတော့ ဟန့်တားနိုင်ခြင်း မရှိခဲ့ပါဘူး။ ကျောင်းသားများဟာ လူစုလူဝေးပြုလုပ်ခြင်း မပြုရ ဟူသော အမိန့်ကို ဆန့်ကျင်ပြီး သပိတ်စခန်းကို ရွှေတိဂုံ ကုန်းတော်ပေါ်ကို ရွှေ့ပြောင်းခဲ့ပါတယ်။ မန္တလေး၊ မြင်းခြံ၊ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို နဲ့ မိတ္ထီလာရှိ အ.ထ.က များမှာလည်း ပိုစတာတိုက်ပွဲများထွက်ပေါ်လာပြီး စစ်အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုများဟာ နိုင်ငံနှင့်အ၀ှမ်း တောမီးပမာ ပြန့်နှံ့လာခဲ့ပါတယ်။ ဇွန် (၂၃) မှာလဲ ပဲခူးတွင် လူထုအုံကြွမှုကြီး ပေါ်ပေါက်လာပြန်တဲ့အတွက် စစ်အစိုးရမှ အကြမ်းဖက်နှိမ်နှင်းရာ အနည်းဆုံး (၇၀) ခန့် သေဆုံးခဲ့ပြီး ပုဒ်မ (၁၄၄) ထုတ်ပြန်၍ ဟန့်တား နှိပ်ကွပ်ခဲ့ ပြန်ပါတယ်။ ဆန္ဒပြမှုများဟာ မော်လမြိုင်နဲ့ ပြည်မြို့များမှာလည်း ဆက်လက် ဖြစ်ပွားခဲ့ပါသေးတယ်။
ဇွန်လ ကျောင်းသားလှုပ်ရှားမှုရဲ့ အကျိုးဆက်ကတော့ တိုက်ပွဲကြားမှပေါ်ထွက်လာသော မင်းကိုနိုင် နှင့် မိုးသီးဇွန် ဆိုသည့် ကျောင်းသားခေါင်းဆောင်နှစ်ဦးအား မွေးဖွားပေးနိုင် ခဲ့ခြင်းနှင့် ကျောင်းသား ထုအား ပြည်သူနှင့် ပူးပေါင်းမိစေပြီး ကျောင်းသားလှုပ်ရှားမှုမှသည် တော်လှန်ရေး၏  အချိုးအကွေ့ တစ်ခုဆီသို့ ဦးတည်နိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။
မတ်လမှာ ဖြစ်ပွားခဲ့တဲ့ ဖုန်းမော်အရေးအခင်းနှင့် တံတားနီဖြစ်ရပ်တို့၏ အဆက်ဟု ဆိုနိုင်သော ၈၈ ဇွန် ကျောင်းသားတိုက်ပွဲဟာ ဇူလိုင်တိုက်ပွဲကို ဆက်လက်နိုင်ခဲ့တဲ့အပြင် မြန်မာပြည်အား (၂၆) နှစ်တိုင် တစ်ပါတီ အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သော မဆလ ပါတီကို ဖြုတ်ချနိုင်ခဲ့တဲ့ (၁၃၅၀) ပြည့် အရေးတော်ပုံ (သို့) သမိုင်းဝင် ၈ လေးလုံး အရေးတော်ပုံသို့တိုင် ဆက်လက်သယ်ဆောင်သွား ပါတော့တယ်။
မှတ်ချက်။        ။ ၈၈ ဇွန်လ ကျောင်းသားလှုပ်ရှားမှုနှင့် ပတ်သက်၍ တိကျသော မှတ်တမ်းမှတ်ရာများ
                     ရှားပါးခြင်းကြောင့် ကွဲလွဲချက်များစွာအတွင်းမှ ဖြစ်နိုင်ခြေအရှိဆုံး အချက်အလက်များအား
                     ယူငင်သုံးစွဲထားရခြင်း ဖြစ်သဖြင့် အချက်အလက်မှားယွင်းမှုများ အနည်းငယ် ရှိနိုင်ပါသည်။
ရည်ညွှန်း။        ။ ၁၉၈၈-၂၀၀၂ မြန်မာပြည်နိုင်ငံရေးဖြစ်စဉ် ထူးခြားမှု ရက်စွဲမှတ်တမ်းများ - မကဒတ
                    ။ ဒေါမာန်ဟုန် ဗမာပြည် ဒီမိုကရေစီတိုက်ပွဲ - စံဝင်းမောင်နှင့် မျိုးမင်းနိုင် မြန်မာပြန်
                    ။ အမှောင်ကြားက ဗမာပြည် - ၀င်းတင့်ထွန်း
                    ။ ၈၈ ဇွန် ကျောင်းသားတိုက်ပွဲများမှသည် - သံဒုတ်
                    ။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ နိုင်ငံတော်အာဏာ သိမ်းပိုက်ရေး လှုပ်ရှားမှုများ
                    ။ မြန်မာနိုင်ငံအတွင်းမှ သစ္စာဖောက်ပုဆိန်ရိုးများနှင့် ပြည်ပမှ ဓားရိုးကမ်းသူတို့၏ အရှုပ်တော်ပုံ
                    ။ မိုးလုံးပြည့် မုသာဝါဒများ ဘီဘီစီ၊ ဗွီအိုအေ အသံလွှင့်ချက်များနှင့်
                    ။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး (၁)  
                      ဗိုလ်ချုပ်ခင်ညွန့်၏ ပညာရေးဝန်ကြီးဌာန အကြီးအကဲများ၊ ပါမောက္ခချုပ်များ၊
                     ပါမောက္ခများ၊ ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပညာရေးဆိုင်ရာ ကိစ္စရပ်များ
                     ရှင်းလင်းပြောကြားချက်
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...