Wednesday, June 12, 2013

အချိန်တန် အိမ်ပြန်ခဲ့ပါသူငယ်ချင်းတဲ့လား။


တိုင်းခြားပြည်ခြား
ဒေသခြားမှာ သောကပွေလီ
တုန်ရီမနေနဲ့
အချိန်တန် အိမ်ပြန်ခဲ့ပါသူငယ်ချင်းတဲ့လား။

ဝက်သား ၇၀၀၀
ခပ်ယောင်ယာင်လေးစားမယ် တစ်ဆယ်သားဆို ၇၀၀ ကျပ်
ကြက်မာက ၈၀၀ ဈေး
(တစ်ပိသာမတွေးနဲ့ အဲဒါတစ်ဆယ်သား)
အမဲသားက ၆၀၀
၁၁၀၀ ဆို ဆယ်လုံးရတာက စီပီကြက်ဥ
အတုများစွာအထဲက
မြေသြဇာနဲ့နှပ်တယ်ဆိုတဲ့
ရေချိုငပိ ၅၀၀ ဖိုးက မိသားတစ်စု ၂ခွက်စာ
ပိုးထိုးရွက်ပုပ် မကောင်းတာဖယ်ထုတ်ရင် ကန်ဇွန်း
၁၀၀ဖိုး တစ်စည်းမှာ ကျန်တာက ၃ ရိုး
ပိုးထိုးပေါ်ကျွဲက ၁၂၀၀ ဆို ပြည်ခိုးပြည်တောင်းနဲ့တစ်တောင်း
အူဟောင်းလောင်းနဲ့အလုပ်ဆင်း
နေ့ခင်းစာ ကြက်ဥချဉ်ရည်ဟင်းကတစ်ခြမ်း
ပါးစပ်ကြမ်းတဲ့စပါယ်ယာကို မျက်နှာချိုသွေးပြီး
ဘက်စကားကိုတိုးတွဲစီးကာ
တနေကုန် လူကြမ်းကြီးလုပ်ပါလို့ ရတဲ့ဖွတ်ကလိဒင်္ဂါးက ၃၀၀၀
ဆေးလိပ်ကိုရှောင် ကွမ်းယာလည်းမစား
လက်ဖက်ရည်ရှားရင်တောင်
လမ်းစရိတ်နုတ်ပြီး နောက်ဆုံး အိမ်ပါတာက ၂၀၀၀။

မီးဖိုး ရေဖိုး
ခိုကိုးရာအိမ်ခန်းခ၊ သားသမီးကျောင်းအခ
ဟိုအခ ဒီအခတွေပေါင်း
ခြေလေးချောင်း လက်လေးဖက်
မောင်မယ်အတူရွက်ရင်တောင်
ဝမ်းမချောင်ခါးမလှ
လူလုံမကြွတဲ့ဘ၀။

မွန်ဂိုးလီးယားကုန်းမြင့်က
တိဘက်တိုတွေ ဆင်းလာတာ မပျော်လို့မဟုတ်
မ၀လို့၊
ယူရယ်က လူတွေ အနောက်နဲ့အရှေ့ ဖြန့်ကျက်ဆင်း
ရေကြည်ခြင်းမြက်နုခြင်းကိုရှာတာကလည်း
ဟောဒီသမုဒ္ဒရာ ၀မ်းတစ်ထွာလှတပတဖြစ်ရေးက အဓိကပေါ့။

ထိုင်းမှာ ၄ သန်း
မလေးမှာ ၄ သိန်း
စလုံးမှာ
ဂငယ်မှာ
ကကြီးမှာ
ထိုင်ဝမ်မှာ
ဟောင်ကောင်မှာ
အမေရိကားမှာ
သြဇီမှာ
ဥရောပမှာ
ဘာရိန်းမှာ
ယူအေအီးမှာ
ဆော်ဒီမှာ
ဟိုမှာဒီမှာ
ရောက်နေရှာတဲ့ ရွှေမြန်မာ ၆ သန်း
သန်း ၆၀ ရဲ့ ၁၀ ရာနုန်း အပြင်ရောက်နေတာ
ပျော်လွန်းလို့ လမ်းသလားနေတယ်လို့များ မှတ်နေသလားကွယ်။

ဇာတိပုည
ဂုဏ်မာနထက်သလောက်
ဇာတိချက်ကြွေ
မွေးရပ်မြေကို တွယ်တာအတတ်ဆုံးက
ဟောဒီငါတို့ ရွှေမြန်မာတွေပေါ့။

ကားတွေများ၊ ဖုန်းတွေများ
သတင်းစာတွေများလာတာကြားတော့ အဝေးကနေကြိုဆိုမိပါရဲ့
ဒါပေမဲ့
ကုန်ဈေးနုန်းများ
ရာဇ၀တ်မှုများ
မဟားဒယားကြားရပြန်တော့
ဘယ်ခြေဘယ်အလှမ်းနဲ့
ပြည်တော်ကို မြန်းကြွ
ဝမ်းလှအောင်နေနိုင်ရပါ့လို့တွေး
အပြောင်းအလဲက တို့များနဲ့ဝေးနေဆဲပါလားလို့တွေးမိရင်
ယခင်က စာဥကိုပေးခဲ့တဲ့ဂတိကိုဖျက်
နှလုံးပွက်ပွက်နဲ့ နေညိုမှာရွာအရောက်မပြန်နိုင
အကာကွယ်မဲ့နေရာမှာ မှိုင်နေဆဲပဲ သူငယ်ချင်းရေ။

1 comment:

  1. ဒီလိုရေးလို့ ဘားမှမထူး မင်းလုပ်နိုင်တာ ပြဘာကိုလဲ သိလား ပြောနေလို့အပိုလုပ်သာပြလိုက် မင်းအတွက်ပါမက
    အများသူ ကောင်းစားရေးမင်းဘာလို့မလုပ်ပေး
    ဘာလဲ ပြည်သူ ဒုက္ခ ရောက်မင်းက ကော် ဘာတွေလုပ်ပြနေလဲ

    ReplyDelete

Related Posts Plugin for WordPress, Blogger...