Tuesday, June 11, 2013

ညှို့အားပြင်း ဇာတ်ကောင်များ

by Seaman Nayminthu (Notes) on Monday, June 10, 2013 at 4:50am




ဆရာ ဦးမောင်မောင်သန်း စတေးတပ်မှာ ‘လှလေးစိန်’ ဇာတ်လမ်း Link တင်ထားတာတွေ့လိုက်မိလို့ ကူးယူပြီး  ပြန်ကြည့် ဖြစ်ပါတယ်။
ကျနော်တို့ ခပ်ငယ်ငယ်က ရွာမှာအထက်တန်းကျောင်းဆောက်ဖို့ ရံပုံငွေရှာဖွေပွဲ အနေနဲ့ နှစ်စဉ် နွေရာ သီ ကျောင်းပိတ်ရက်ရောက်တိုင်း ပိတ်ကားထောင် ရုပ်ရှင် ရုံပွဲများပြသလေ့ရှိတဲ့အခါမှာ ရုပ်ရှင်ဝါသနာအိုး ကျနော်တို့အဖို့ တင်လာသမျှ ရုပ်ရှင်ကားတိုင်းကို မလွတ်တမ်းကြည့်ခဲ့ရတာ ဝတ္တရားတခုလိုပါပဲ။
နှစ်လလောက် သာ ကြာမြင့်မယ်ထင်ရတဲ့ ရုပ်ရှင်ပွဲတရာသီ နိဂုံးချုပ်လိုက်ချိန်မှာ ကျနော်တို့ကြည့်ခဲ့တဲ့ ဇာတ်ကားပေါင်း ၁၀၀ ကျော်ကျော်သွားပြီ။

သုံးကားပေါင်း မိုးအလင်းပြတာဆိုတော့ ၂ ကားနှုန်းနဲ့ ကြည့်တယ်ဆိုရင်တောင် ဇာတ်ကားအရေအတွက် ၁၀၀ ကျော်နေပြီမို့လား။ ဒီတော့ ကိုယ်ကြည့်ပြီးတဲ့ ဇာတ်ကားတွေအကြောင်း လုံးစေ့ပတ်စေ့ မှတ်မိဖို့ အသာထား။ ဇာတ်ကားနာမည်တွေတောင် အကုန်မသိနိုင်တော့။ မနက်မနက်ဆို ရုပ်ရှင်ပြသရေးအဖွဲ့က နွားလှည်းတစီးပေါ် အသံချဲ့စက်ကြီးတင်ပြီး ရွာစဉ်တလျှောက် ဇာတ်ကားကြော်ငြာသူရဲ့ အောင်မြင်တဲ့ အသံဝါကြီးဟာ လော်စပီကာကြီး ကနေတဆင့် ရွာသားတွေရဲ့ အာရုံကို ဖမ်းစားနေပါပြီ။

လှည်းလမ်းကြောင်း ဖုန်တထောင်းထောင်းကြားမှာ ကလေးတွေ.. ကလေးတွေ … လှည်းရှိရာ ပြေးလွှား သွားကြ.. လှည်းပေါ်က ကြဲချလာတဲ့ လက်ကမ်းပိုစတာတွေကို အလုအယက် ကောက်ကြ.. အိမ်မှာရှိတဲ့ လူရွယ်လူလတ်ပိုင်းတွေကလည်း ကြော်ငြာသံကို နားတစွင့်စွင့်… ကလေးတွေနဲ့ ပါလာမယ့် လက်ကမ်း ကြော်ငြာ စာရွက်ပိုင်းလေးကို မျှော်တလင့်လင့်။

ညနေ အိမ်အလုပ်သိမ်းတာနဲ့ ကမန်းမတမ်း ရေချိုးညနေစာစား… ပွဲသွားဖို့ လူစုကြပြီ။ လူစုံတဲ့အခါ ၂ မိုင် သာသာ ခရီးကို အသော့နှင်ချီတက်… ဟိုရောက်တော့ ပွဲမစခင် ဈေးတန်းတလျှောက် ခေါက်တုန့်ခေါက်ပြန် လမ်းသလားရင်း… ကွမ်းယာနဲ့ ဆေးလိပ် လက်တည့်စမ်း မိကြရာက … ဈေးသည်မလေးတွေနဲ့ ရင်းနှီးသွား…။ အဲဒါတွေကြောင့်လည်း ပွဲသွားဖြစ်ဖို့  စေ့ဆော်မှု တွန်းအားတွေပိုခဲ့ရပြန်တာပေါ့ဗျာ။

 အဲဒီလို ကာလမှာ ‘လှလေးစိန်’ အမည်ရတဲ့ ရုပ်ရှင်ကားတကားကို ကျနော်တို့ ကြည့်ဖြစ်ခဲ့တာ။ မင်းသား ကိုကျော်သူ သရုပ်ဆောင်တာကို စကြည့်ဖူးတာက ‘ချစ်ကြိုးလေး နှစ်မျှင်’ ရုပ်ရှင်ကားပါ။ ဦးမောင်မောင် နဲ့ ရွှေမန်း သန်းနိုင် ဆပ်ကပ်တွေမှာ ကမ္ဘာလုံးထဲ ဆိုင်ကယ်စီးတာ ခေတ်စားနေချိန်… ကိုကျော်သူက ဆိုင်ကယ် စတန့်စီးကွက်လေးနဲ့ ပွဲထွက်လာတယ် ဆိုရမှာပါပဲ။

လှလေးစိန် ဇာတ်လမ်းရိုက်တော့ သူဟာ နာမည်ကြီးအရှိန်ရလာတဲ့ မင်းသားတလက်ဖြစ်နေပါပြီ။ ကျနော်တို့ နယ်ခံတွေ ပါးစပ်ဖျား
မှာ ‘လှလေးစိန်’ ဆိုတဲ့ စကားတလုံး တွင်ကျန်ရစ်ခဲ့အောင် လူကြိုက်များခဲ့ပါတယ်။

အနှစ်နှစ်ဆယ်လောက်ကြာပြီး ခုတကြိမ်ပြန်ကြည့်ရတဲ့အခါ အရင်ကနဲ့ မတူတဲ့ရသလေးတွေ ခံစားမိတယ်။ ကိုယ်တိုင် စစ်မှုထမ်းဘဝကို ကျင်လည်ခဲ့ဖူးတာပါတော့ သင်တန်းကာလမှာ ဂယောင်ဖတ်ခဲ့တာလေးတွေ၊ အိပ်ငိုက်ခဲ့တဲ့အဖြစ်တွေ၊ အကွက်လှည့်တယ် လို့အသုံးရှိတဲ့ ချောင်ကပ်ရေသာခိုတဲ့ မြင်ကွင်းလေးတွေ… သန္ဓေဝင် စစ်သည်ဘဝ ရောက်တော့လည်း အချင်းချင်း စနောက်ခဲ့တဲ့ပုံရိပ်တွေ၊ စရင်းနောက်ရင်း စိတ်မထိန်း နိုင်တဲ့အခါ သွေးထွက်သံယို အထိ ဖြစ်ခဲ့ရတာတွေ… စတဲ့ အတိတ်အကြောင်းလေးတွေ တရေးရေး ပြန်ပေါ်လာမိပါတယ်။

လက်တွေ့မှာလည်း စစ်တပ်ထဲကို ရည်မှန်းချက်ကြီးကြီးနဲ့ဝင်လာခဲ့ပေမဲ့ ထင်တိုင်းမပေါက်လို့ စောစောစီးစီး တပ်ခေါက် နောက်ဆုတ်သွား သူတွေရှိသလို၊ ပေါ့ပေါ့ပါးပါး မထင်မရှား နေရင်းက မထင်မှတ်တဲ့ အဖြစ်အပျက် တခုမှာ ရဲဝံ့စွန့်စား မှတ်ကျောက်တင်ခံကာ ဘဝတဆစ်ချိုးပြောင်းသွားသူတွေ ရှိတတ်ပါတယ်။

စစ်သားတယောက်ရဲ့ဘဝမှာ ရာထူး၊ အခွင့်အရေးရတာ နဲ့ စွန့်လွှတ်စွန့်စား အနစ်နာခံဆောင်ရွက်လို့ ရလာတဲ့ ဂုဏ်ဒြဗ်… တူညီမှု မရှိပါဘူး။ တခြားသူများရဲ့ လေးစားမှုအရာမှာရော ကိုယ်တိုင်ခံစားရတဲ့ ပီတိကြည်နူးဖြစ်ရမှု မှာပါ မတူညီနိုင်တာကို သတိပြုမိပါတယ်။

ကျနော့် ငယ်ဘဝကို လှုပ်ခတ်နှိုးဆွနိုင်ခဲ့တဲ့ အခြား ဇာတ်လမ်းတပုဒ်လည်း ရှိခဲ့ပါသေးတယ်။ မူရင်းကို တရုတ်လူမျိုး စာရေးဆရာ ချင်ချင်းမိုင် ရေးသားပြီး ဆရာထက်မြက်၊ဆရာနိုင်ဝင်းဆွေတို့ ပူးတွဲဘာသာပြန်ဆို ထားတဲ့ ‘အိုယန်ဟိုင်ရဲ့ တေးသံ’ အမည်ရတဲ့ တရုတ်တော်လှန်ရေးနောက်ခံ ဝတ္တရှည်တပုဒ် ဖြစ်ပါတယ်။ မှတ်မှတ်ရရ ကျနော် ဆယ်တန်းဖြေပြီးချိန်မှာ ဘကြီးတွေနေတဲ့ရွာကို အလည်သွားခိုက် ယောက်ဖတော် ကျောင်းဆရာရဲ့ စားပွဲပေါ်မှာ တွေ့မိလို့ ကောက်ဖတ်လိုက်ရာက လက်ထဲက မချရက်နိုင်အောင် စွဲစွဲလမ်းလမ်း ဖြစ်ခဲ့ရတဲ့ စာအုပ်လေးပါ။

ကူမင်တန် အုပ်စိုးမှုအောက် အစာရေစာ ငတ်လုမတတ် ဆင်းရဲနုံချာလှတဲ့ ဆင်းရဲသား လယ်သမား မိသားစုက မွေးဖွားလာတဲ့ ‘အိုယန်ဟိုင်’ ရဲ့ ငယ်ဘဝရုပ်ပုံလွှာတွေလေးက ကျနော့်ကို သူတို့ ကမ္ဘာလေးထဲ ဆွဲခေါ်သွား ခဲ့တယ်။ ဆင်းရဲလွန်းလို့ ခန္ဓာကိုယ် သေးသွယ်ပိန်လှီပြီး ယိုင်တိယိုင်ထိုးနဲ့ လမ်းလျှောက်သွားနေတဲ့ ‘အိုယန်ဟိုင်’ လေးဟာ လယ်သမားတွေဆီက မတရားခေါင်းပုံဖြတ် အမြတ်ထုတ်ရင်း ကျိကျိတက်ချမ်းသာ နေသော မြေရှင်ကြီးတွေရဲ့ ရဲတိုက်ပမာ ခမ်းခမ်းနားနား ဆောက်လုပ်ထားတဲ့ နေအိမ်ခြံဝင်း အဝမှာ ကြွကြွရွရွ ထုဆစ်ထားတဲ့ ခြင်္သေ့ရုပ်ကြီးတွေကို မြင်ရတိုင်း ကြက်သီးဖြန်း ကြောက်စိတ်ဝင်နေခဲ့တယ်။

သူတို့ဘဝတွေက ဆင်းရဲချို့တဲ့စွာ နေထိုင်ရတဲ့အပြင် လုံခြုံမှုလည်း ကင်းမဲ့နေခဲ့ပြီး ချန်ကေရှိတ်ရဲ့ ကူမင်တန် တပ်က အချိန်မရွေး လူသစ်စုဆောင်းခံရတဲ့ အန္တရာယ်ကလည်း အမြဲလိုလို ခြောက်လှန့်နေတာပါ။ အိုယန်ဟိုင် ရဲ့ အစ်ကို ‘စုန်’ ဟာ ကူမင်တန်တွေရဲ့ ချောဆွဲလူသစ်စုဆောင်းခြင်းကို ခံခဲ့ရတယ်။ အိုယန်ဟိုင်လေး အရွယ် ရောက်လာရင်လည်း အဲလိုထပ်ခံရမှာ စိုးရိမ်နေတဲ့ သူတို့မိဘတွေက အိုယန်ဟိုင်ကို မိန်းခလေး တဦးလို ဝတ်ဆင်စေခဲ့ရတယ်။ (ဖတ်ခဲ့တာ အနှစ်နှစ်မျှ ရှိပြီမို့ လွဲမှားမှုရှိရင် သည်းခံပေးကြပါ)

တနေ့တော့ အိုယန်ဟိုင်လေးဟာ တရုတ်တပ်နီတော်က ရဲဘော်တချို့နဲ့ ဆုံတွေ့ရင်းနှီးမိရာက တော်လှန်ရေး ထဲကို ပါဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။ တပ်နီတော်က သူ့ကို တပ်ဖွဲ့ဝင်အဖြစ် လက်ခံလိုက်ပေမဲ့ အသက်အရွယ် ငယ်ရွယ်လွန်းသူဖြစ်လို့ ရှေ့တန်းစစ်မျက်နှာတွေကို မပို့ဘဲ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ဖွဲ့မှာ တာဝန် ထမ်းဆောင် စေခဲ့ပါတယ်။

သူ့ကို စာသင်ပေးတယ်။ သင်တန်းတွေ တက်ခိုင်းတယ်။ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်ရတယ်။ ဥက္ကဌကြီးမော်ရဲ့ ‘ပြည်သူ့အကျိုးဆောင်ကြ’ ဆောင်ပုဒ်အောက်မှာ သူ့စိတ်ဓာတ် သံမဏိသားကျလာတယ်။ တက်ကြွဖျတ်လတ်တဲ့၊ မခိုမကပ် အနစ်နာခံတတ်တဲ့ တပ်စိတ်မှူး ရဲဘော်ဖြစ်လာတယ်။

သူက ‘ရဲဘော် လေဖုန်း’ ကို အားကျအတုယူတယ်။ ‘ရဲဘော် လေဖုန်း’ ဆိုတာ သူရဲကောင်း ဇာတ်ကောင် တဦးပါ။ ရန်သူလာမယ့် ရထားလမ်းတံတားတခုကို မိုင်းခွဲဖျက်ဆီးပစ်ဖို့ ‘ရဲဘော် လေဖုန်း’ တာဝန်ကျတဲ့အခါ တံတားဘောင်မှာ မိုင်းကပ်ဖို့နေရာလို့ မရဖြစ်နေတယ်။ ရန်သူရထားကလည်း တဖြည်းဖြည်း နီးလာပြီ။ အချိန်မီ ဆောင်ရွက်ဖို့ ကြံရာမရဖြစ်နေတုန်း သူ့စိတ်ထဲ ရဲရင့်ပြတ်သားမှု ရခဲ့တယ်။ မိုင်းဗုံးကို တံတားဘောင်မှာ သူ့လက်နဲ့မြဲမြဲကပ်ပြီး စနက်တန်ကို ဖြုတ်ချလိုက်တယ်။ ရထား တံတားပေါ်အရောက်.. မိုင်းဗုံးကွဲ.. အားလုံး အတွက် အသက်စွန့်တိုက်ပွဲဝင်သွားတဲ့ ‘ရဲဘော် လေဖုန်း’ ပါ။

‘ရဲဘော် လေဖုန်း’ အကြောင်းရေးထားတဲ့ စာအုပ်လေး ‘အိုယန်ဟိုင်’ ရဲ့ ကျောပိုးအိတ်ထဲမှာ ရှိနေတတ်တယ်။ အချိန်ရတိုင်း သူထုတ်ထုတ်ဖတ်တယ်။ ဒီလိုနဲ့ ‘အိုယန်ဟိုင်’ တို့ တပ်ဖွဲ့ဖောက်လုပ်ထားတဲ့ ရထားလမ်းသစ် ပြီးစီးလို့ ရထားအစမ်းမောင်းနှင်ကြည့်မယ့် နေ့ကိုရောက်လာတယ်။ အဲဒီအချိန်မှာ အိုယန်ဟိုင်ဟာ မကြာခင် တပ်စုမှူး သင်တန်းတက်ရောက်ဖို့ ရွေးချယ်ခံထားရတဲ့ ကေဒါ တဦးဖြစ်နေပါပြီ။

ရထားကြီးက ဥသြသံတညံညံနဲ့ လမ်းသစ်အတိုင်း ခုတ်မောင်းလာတယ်။ ဝေးလံခေါင်သီတဲ့ အရပ်ဖြစ်တာမို့ အဲဒီဒေသက လူအများစုဟာ ရထားကို မမြင်ဘူးကြဘူး။ ရထားနီးကပ်လာချိန်မှာ ဆောက်လုပ်ရေးတပ်က မြင်းတကောင် ဂဏှာမငြိမ် လှုပ်လှုပ်ရှားရှား ဖြစ်လာတယ်။ ကျယ်လောင်စူးရှတဲ့ ရထားဥသြသံကြောင့်  ရုတ်တရက် လန့်ဖျပ်ပြီး အတင်းရုန်းကန်လို့ ကြိုးပြတ်လွတ်သွားတဲ့မြင်းဟာ ရထားသံလမ်းပေါ်မှာ အဆက် မပြတ်ဟီရင်း ပတတ်ရပ်နေလေရဲ့။ အနားမှာရှိနေတဲ့ ‘အိုယန်ဟိုင်’ လည်း ဘာလုပ်ရမှန်းမသိ ကြောင်ကြည့် နေမိတယ်။ ရထားဟာ ကျွဲ၊ နွား၊ မြင်းလို တိရစ္ဆာန်တကောင်ကောင်နဲ့ တိုက်မိရင် လမ်းချော်တိမ်းမှောက် သွားနိုင်တယ်လို့ သူကြားဖူးထားတယ်။ ဒါပေမဲ့ မြင်းကို သံလမ်းဘေးရောက်သွားအောင် သူဘယ်လိုလုပ်နိုင် မလဲ။ သေနတ်ဖောက်ပြီး ခြောက်လှန့်လို့လည်း အကြောင်းမထူးနိုင်။ ပြေးတွန်းလို့ရော ဖြစ်နိုင်မလား၊ အချိန် ရော မီနိုင်ပါ့မလား။ ရထားက သိပ်နီးလာနေပြီ… အတွေးပေါင်းများစွာနဲ့ ချီတုံချတုံ ဖြစ်နေတုန်း ရဲဘော် လေဖုန်း သူ့အနားရောက်လာသလို ခံစားလိုက်ရတယ်။ သူ့မှာ အားမာန်တွေ ပြည့်ဝလာတယ်၊ စိတ်ဓာတ် ခိုင်ကျည်ပြတ်သားလာတယ်။ ရဲဘော် လေဖုန်းရဲ့ ဝိညာဉ်က သူ့ကို ပူးကပ်သွားပြီ။

အိုယန်ဟိုင် ရထားသံလမ်းပေါ်ကို တဟုန်ထိုး ခုန်တက်ပြီး မြင်းကိုတအားကုန် တွန်းထုတ်လိုက်တယ်။ မြင်းနဲ့ ရထားစက်ခေါင်း သီသီလေး လွတ်ထွက်သွားတယ်။ အရှိန်နဲ့လိမ့်နေဆဲ ရထားဘီးတွေဟာ သံလမ်းပေါ် ကန့်လန့်ဖြတ် လဲကျနေတဲ့ အိုယန်ဟိုင်ရဲ့  ခန္ဓာကိုယ်ကို ဖြတ်ကြိတ်သွားတယ်။ ဆူဆူညံညံ အော်ဟစ် တားမြစ် သံတွေနဲ့အတူ ရထားအရှိန်တဖြည်းဖြည်း လျော့ကျသွားပြီး ဘီးတွေအားလုံး ရပ်တန့်သွားတဲ့အခါ ရထားပေါ်က လူတွေ အိုယန်ဟိုင် ရှိရာကို ဂရုဏာဒေါသော ပြေးလွှားရောက်ရှိလာကြချိန်မှာ သူရဲကောင်း တပ်စုမှူး လောင်းလျာက သွေးအိုင်ထဲမှာ ခန္ဓာကိုယ်တပိုင်းပြတ်လျက် အားလုံးကို နောက်ဆုံးနှုတ်ဆက်တဲ့ အနေနဲ့ မမှိတ်မသုန် ကြည့်နေဆဲ။
……………………………………………………………

ပြောရမယ်ဆိုရင်တော့ ‘လှလေးစိန်’ နဲ့ ‘အိုယန်ဟိုင်’   နှစ်ယောက်လုံးဟာ ပေါ်လစီဇာတ်လမ်းထဲက စိတ်ကူး ဇာတ်ကောင်တွေပါ။ ‘လှလေးစိန်’ ဇာတ်ကားကို ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးက ရိုက်ကူးတင်ဆက်ခဲ့တာ ဖြစ်ပြီး ‘အိုယန်ဟိုင်ရဲ့ တေးသံ’ ဝတ္တုကိုတော့ တရုတ်ပြည် ယဉ်ကျေးမှုတော်လှန်ရေးအတွင်းမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားတွေကို အတွေးအခေါ် သွေးသစ်လောင်းပေးဖို့ ရည်ရွယ်ချက်နဲ့ စာရေးဆရာ ချင်ချင်းမိုင် ရေးသားခဲ့တာလို့ သိရပါတယ်။

သို့သော်လည်း အနုပညာဖန်တီးမှု အားကောင်းပြီး တကယ့်လက်တွေ့ဘဝတွေကို ထင်ဟပ်နေတော့ ကြည့်ရသူ ဖတ်ရသူတွေရဲ့ စိတ်ထဲမှာ ဝါဒဖြန့်တယ်ဆိုတဲ့ အတွေး မှေးမှိန်သွားစေခဲ့ပါတယ်။ ‘အိုယန်ဟိုင်ရဲ့တေးသံ’ ဝတ္တုကို ဖတ်ခဲ့ရစဉ်က ကျနော့်စိတ်ထဲမှာ တကယ့်အဖြစ်အပျက်လို ခံစားထင်မြင်ခဲ့ပါတယ်။ နောင် နှစ်အတန်ကြာ မဂ္ဂဇင်း တအုပ်ထဲမှာ သုံးသပ်ချက်ဆောင်းပါးတပုဒ်ကို ဖတ်လိုက်ရမှ စိတ်ကူးဇာတ်လမ်းမှန်း သိလိုက်ရတာပါ။ သို့တိုင် အိုယန်ဟိုင် ရဲ့ စိတ်ဓာတ်ဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားတွေ ရင်တွင်းမှာ စူးရှနစ်ဝင်သွားခဲ့ပြီး အိုယန်ဟိုင်လို စွန့်လွှတ်အနစ်နာခံတဲ့ ရဲဘော်အတော်များများ ပေါ်ပေါက်ခဲ့ တယ်လို့ ဆိုပါတယ်။

ကျနော်တို့ မြန်မာ့တပ်မတော်အတွင်းမှာလည်း ‘လှလေးစိန်’ လို စစ်သည်မျိုးတွေ မနည်းမနော ရှိပါတယ်။ အပြင်လောက လူထုအကြားမှာကို ‘စစ်ဆိုရင် ရေတောင်စစ်မသောက်ဘူး’ လို့ ပြောဆိုလေ့ရှိသူတွေပင် ‘လှလေးစိန်’ ဆိုတဲ့ နာမည်အသုံးတခုကိုတော့ အပြုံးမပျက် ပြောဆိုနေတတ်ကြပါတယ်။ ယနေ့အချိန်ထိ ပရိသတ်တွေ တမ်းတမ်းတတ ပြောဆိုနေရဆဲ ဇာတ်ကောင် စရိုက်လည်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း စစ်တိုက်အင်မတန်ကောင်းတဲ့ ပြင်သစ်ဧကရာဇ် နပိုလီယံ ကိုယ်တိုင်က ‘လှံသွားထက် ကလောင်သွားထက်’ လို့ ဆိုရိုးတခုကို ကျေကျေနပ်နပ်ကြီး မှတ်ချက်ပြုသွားတာ ဖြစ်ပါလိမ့်မယ်။
နေမင်းသူ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...