Tuesday, May 7, 2013

တတ်ကြွလှုပ်ရှားသူများ part 2

by Ko Phoe Phyu (Notes) on Friday, May 3, 2013 at 8:29pm

အလုပ်အပေါ်မှာဖြူစင်ခြင်း
၈။         ရှေ့နေဆိုတာလှေနံနှစ်ဖက်မနင်းရပါဘူး။ ဟိုလိုလိုဒီလိုလိုလုပ်ခွင့်မရှိပါဘူး။ ကိုယ့်ကိုငှားရမ်းတဲ့အမှုသည်ရဲ့အခွင့်အရေးနဲ့အကျိုးစီးပွားကိုသာ တစ်စိုက်မတ်မတ် ရပ်တည်ဆောင်ရွက် ရပါတယ်။ နှစ်ဖက်ညှိနှိုင်းမရလို့အမှုဖြစ်ကြပြီဆိုမှဖြင့် ရှေ့နေရဲ့ တာဝန်ဟာ (အမှုသည်ခွင့်ပြုချက်မှ တပါး) ရွှေကြိုလုပ်ဖို့တာဝန်မဟုတ်ပါဘူး။
ဥပဒေလုပ်ငန်းတာဝန်ကိုပြတ်ပြတ်သားသားထမ်းရွက် ရပါတယ်။ ဒါဟာရှေ့နေကျင့်ဝတ်လက်စွဲမှာပါတဲ့ရှေ့နေကျင့်ဝတ်သဘောပါ။
၉။         ဒါပေမယ့်တတ်ကြွလှုပ်ရှားသူတော်တော်များများဟာ ဥပဒေမပြဋ္ဌာန်းရဘဲ ကိုယ်ပိုင်ကျင့်ဝတ်တွေရှိနေတတ်ပါတယ်။ဥပဒေပြဋ္ဌာန်းတာထက်တောင် သူတို့ရပ်တည်ချက်နဲ့သူတို့အလုပ်အပေါ် ပိုမိုရိုသေပြီးကျင့်ဝတ်တွေထားရှိတာကိုတွေ့ရတတ် ပါတယ်။
၁၀။       တတ်ကြွလှုပ်ရှားသူတော်တော်များများဟာကြေညာချက်ထုတ်ပြန်ရုံ စိတ်မ၀င်စားပါဘူး။ သဘောထားထုတ်ပြန်ရုံ နှမ်းမဖြူးပါဘူး။ ဂျာနယ်လစ်တွေရဲ့အသံဖမ်းစက်ရှေ့မှာ၊ ဟောပြောပွဲအခမ်းအနားရဲ့ မိုက်ကရိုဖုန်းရှေ့မှာ လူကြားကောင်းရုံဖွံ့ဖြိုးရေး၊ ဟိုအရေး၊ ဒီအရေး ရွတ်ဖတ်နိုင်ငံရေးမလုပ်ပါဘူး။ ဓါတ်ပုံအရိုက်ခံကောင်းရုံဟန်ရေးမပြပါဘူး။ကိုယ်ကိုလူအထင်ကြီးခံ၊ အရိုအသေခံရဖို့ဟန်တစ်လုံးမာန်တစ်လုံးပြည်သူထက်ခေါင်းတစ်လုံးပိုမြင့်မနေပြပါဘူး။ပြည်သူနဲ့တစ်သားတည်းဒုက္ခကိုရင်စည်း ခံကြသူတွေပါ။ မေတ္တာငတ်မိဘမဲ့ကလေးငယ်တွေကို ဆက်ဆံမှုနိုင်ငံရေးလို ဖြေသိမ့်မှုအပေါစားတွေမပေးတတ်ကြပါဘူး။ ပြည်သူတောင်းတဲ့အခွင့်အရေးနဲ့အတူ သူတို့ဘ၀တွေကို တစ်ပြေးတည်းထိုးအပ်ထားသူတွေပါ။လူလည်ပတ်ကားရေပေါဆီ၊ လူပေါ်လူဇော်၊ တောပြောတောင်ပြော မလုပ်ကြပါဘူး။ နောက်ထပ်သူတို့မှာလေးစားစရာအရည်အချင်းတစ်ရပ်ရှိပါသေးတယ်။ အဲဒါကတော့ သူတို့ပါးမှာပြောင်နေတဲ့အရောင်တွေမရှိကြပါဘူး။ဟိုပါတီ၊ ဒီပါတီ၊ ဟိုအဖွဲ့၊ ဒီအဖွဲ့၊ ဟိုပုဂ္ဂိုလ်၊ ဒီပုဂ္ဂိုလ်ကို ညွှန်ပြီး မှသူတို့ကိုယ်သူတို့မိတ်ဆက်စရာမလိုပါဘူး။သူများကိုညွှန်းပြီးမှသူတို့ဖြစ်လာတာမဟုတ်ဘူး။ သူတို့ဟာအဖေ့သားတွေ၊ အမေ့ သားတွေမဟုတ်ကြဘူး။(မိဘဂုဏ်နဲ့လူလုပ်သူတွေမဟုတ်) သားရဲ့အဖေ၊ သားရဲ့အမေတွေသာဖြစ်စေကြတာ။ (ကိုယ့်ကြောင့်မိဘဂုဏ်တတ်စေတာ)။ သူတို့မှာ ကိုယ်ပိုင်အရည်အချင်းတွေရှိတယ်။ သူတို့ရဲ့ကိုယ်ပိုင်ရုန်းကန်အားထုတ်မှု၊ကိုယ်ပိုင်စွန့်လွှတ် အနစ်နာခံမှုနဲ့ ကျောမွဲပြည်သူကို ချဉ်းကပ်ကူညီတယ်။ အဲဒါသူတို့ဘ၀ပဲ။အဲဒါသူတို့ကိုယ်ပိုင်အလင်းရောင်ပဲ။ အခွင့်အရေးကို လည်း အရေးဆိုသလို ကျင့်ဝတ်တာဝန်ကိုလည်းထမ်းတဲ့သူတွေဖြစ်ပါတယ်။
၁၁။       တတ်ကြွလှုပ်ရှားသူတော်တော်များများမှာထူးခြားတဲ့အရည်အသွေးတစ်မျိုးရှိပါသေးတယ်။ တော်ကြာလုပ်မယ်၊ ခုလုပ် မယ်၊လုပ်ချင်မှလည်းလုပ်မယ်ဆိုတဲ့အမူအကျင့်မျိုးမဟုတ်ကြပါဘူး။ သူတို့လုပ်မယ်လို့ဆုံးဖြတ်ကြေညာထားတာကို မဆုတ်မနစ် လုပ်ကြတာပါပဲ။
လွှတ်တော်ကယောင်လို့တောင် သေးလှည့်မပန်း
၁၂။         အခုလွှတ်တော်မှာနာမည်ကြီးနေတဲ့စကားတစ်ခွန်းရှိပါတယ်။လေးမြို့နယ်မြေယာမှုခင်းလို့ခေါ်ပါတယ်။ ဒဂုံ(ဆိပ်ကမ်း / အရှေ့/တောင်/မြောက်) လယ်သိမ်းပြဿနာကိုဆိုလိုတာပါ။ အဲဒီမြေယာပေါက်ကွဲမှုလယ်သမားအုံနဲ့ကျင်းနဲ့ ပါဝင်လာအောင် အစပြုခဲ့တဲ့သူတွေဟာဖွံ့ဖြိုးရေးပညာရှင်ကြီးတွေမဟုတ်ပါဘူး။ ကြီးကြီးကျယ်ကျယ်နိုင်ငံရေးသမားကြီးတွေမဟုတ်ပါဘူး။ကမ္ဘာကျော်ဖေကာလို့ခေါ်တဲ့ ဟာတွေမဟုတ်ပါဘူး။ ကျွန်တော်မှတ်မိသလောက်ပြောရရင် ဆေးဆိုးပန်းရိုက်လုပ်သားဦးမျိုးတင့်၊ကားဘော်ဒီပတ်တီးကိုင်ဦးထွန်းထွန်း၊ အငှားTaxi မောင်းသူလူပျိုကြီး ဦးသန်းနိုင်စိုး၊စာအုပ်အငှားလက်တွန်းလှည်းတွန်းသူ ကိုချစ်ဦးမောင်၊ သံချီသံကွေးလုပ်သားကိုရန်နိုင်ထွေးတို့အစပြုခဲ့ကြတာပါ။
၁၃။       သူတို့အစပြုခဲ့တဲ့အချိန်ကိုလည်းကြည့်လိုက်ပါဦး။ နအဖစစ်အုပ်ချုပ်ရေးကာလမှာကို တောင်သူလယ်သမားစုပေါင်း အရေးဆိုလှုပ်ရှားမှုစတင်ပေါ်ပေါက်ခဲ့တာပါ။အဲဒီကစလို့ တစ်နိုင်ငံလုံးတောင်သူလယ်သမားလှုပ်ရှားမှုတွေ ပျံ့နှံ့သွားခဲ့ပါတယ်။ အခုဆိုရင်လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအပြီးတိုင်ရပ်ဆိုင်းရေးနဲ့ လယ်သမားတွေရဲ့စိုက်ပျိုးအသက်မွေးရှင်သန်မှုအခွင့်အရေးအတွက် ရင်ဆိုင်လှုပ်ရှားနေကြတဲ့ တတ်ကြွလှုပ်ရှားသူများအဆုံး ပျောက်လိုက်ပေါ်လိုက်၊ပြန်ထွက်လိုက်ပြန်ဝင်လိုက်၊ ဖမ်းခံရလိုက်၊ လှုပ်ရှားလိုက်နဲ့လယ်သမားမိသားစုတွေနဲ့အတူရုန်းကန်နေကြတာပါ။အခက်အခဲအကျပ်အတည်းကြားကိုရောက် တဲ့အချိန်မှာ တတ်ကြွလှုပ်ရှားမှုလုပ်ငန်းစစ်စစ်ကို ဆောင်ရွက်တဲ့တတ်ကြွလှုပ်ရှားသူစစ်စစ်တွေလည်းရှားပါးတတ်ပါတယ်။ တကယ်ဆောင်ရွက်တဲ့သူတွေကို မြင်ရတိုင်း ဂရုဏာဖြစ်မိပါတယ်။
၁၄။       ဧရာဝတီတိုင်းမှာဆိုရင်ဦးအေးမြင့်တစ်ယောက်ရှိသေးတယ်။ သူကအပေါ်စက်အောက်စက်ပြင်တယ်။ လယ်သမားတွေ ရဲ့ မြေယာပြဿနာတွေကိုဖြေရှင်းပေးဖို့ အများပြည်သူစိတ်ပါဝင်စားလာအောင် အစပြုခဲ့သူဖြစ်တယ်။ ပဲခူးတိုင်းမှာဆိုရင်ဦးမျိုးသန့်ရှိသေးတယ်။ သူကအင်ဂျင်နီယာ။ ဒါပေမယ့်သူကလူမှုအင်ဂျင်နီယာလုပ်တယ်။ မြေယာပြဿနာကိုအားလုံးပါဝင် ကိုင်တွယ်ကြဖို့ သူကအစပြုဆော်သြခဲ့တာ။ အစရှိသဖြင့်၊ အစရှိသဖြင့်ပေါ့။တစ်နိုင်ငံလုံးမှာ တကယ်တတ်ကြွလှုပ်ရှားသူတွေ အများကြီးပါ။
၁၅။       ဥပဒေမဲ့လယ်သိမ်းခံပြည်သူတွေရဲ့ဘ၀တွေကို အုပ်ချုပ်နေတဲ့အစိုးရက မေ့ပျောက်လိုက်ချင်ပါတယ်။ လွှတ်တော်က လည်းမသိ၊ စိတ်မ၀င်စားပါဘူး။လွှတ်တော်မှတ်တမ်းတွေကို ကြည့်လိုက်ပါ။ ၂၀၁၁ခုနှစ်၊ အောက်တိုဘာလ(၁၁)ရက် အိုးအိမ်ရုံးရှေ့လယ်သမားဆန္ဒပြမှုမတိုင်မီထိ လွှတ်တော်က မြေသိမ်းပြဿနာတွေကို သေးနဲ့တောင် လှည့်ပန်းဖော်မရခဲ့ပါဘူး။ခုချိန်မှာ တော့ လွှတ်တော်ရဲ့စုံစမ်းမှုအစီရင်ခံအပိုင်းပိုင်း၊ အကြံပြုတိုက်တွန်းချက်၊လက်သိမ့်ထိုးဖြေရှင်းချက်တွေနဲ့ တဆင့်မြင့်သွားပါပြီ။ ဒါပေမယ့် လွှတ်တော်က အကြံပြုရုံပြုနေတာ၊စီမံခန့်ခွဲရေးဆိုင်ရာဆုံးဖြတ်ချက်ချမှတ်ဖို့လိုနေသေးတာကို သတိပြုကြိုးပမ်းရဦး မှာပါ။
အထင်ဟပ်ဆုံးလှစ်ဟ၊မူနှင့်ကျင့်စဉ်ပြောင်းဖို့ကြိုးပမ်း      
၁၆။       တတ်ကြွလှုပ်ရှားသူတော်တော်များများဟာဘာသာရပ်အလိုက် Professional ကျကျ ကျွမ်းကျင်သူတွေ ဟုတ်ချင်မှ ဟုတ်မယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ဘ၀ကိုအထင်ဟပ်ဆုံးလှစ်ဟပြနိုင်သူတွေဖြစ်ပါတယ်။ ပြဿနာဖြေရှင်းဖို့ တွန်းအားပေး အရုန်းကန်နိုင်ဆုံးသူတွေဖြစ်ပါတယ်။
၁၇။       ၂၀၁၂ခုနှစ်၊အလုပ်သမားအဖွဲ့အစည်းဥပဒေမထွက်လာမီ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်အတွက် ရုန်းကန်ခဲ့တဲ့စက်မှုလုပ်သားတွေနဲ့တတ်ကြွလှုပ်ရှားသူတွေရဲ့လမ်းမပေါ်က ဘ၀တွေကို မှတ်မိကြဦးမှာပါ။ အလုပ်သမားအခွင့်အရေးဥပဒေအသစ်မပြဋ္ဌာန်းတဲ့အပြင် အခြေခံအလုပ်သမားအခွင့်အရေးများပြဋ္ဌာန်းတဲ့ဥပဒေကိုတောင်ဖျက်သိမ်းလိုက်ပါသေးတယ်။ ရွှေဥာဏ် တော်စူးရောက်တဲ့ကိုရွှေလွှတ်တော်ကိုယ်စားလှယ်ကြီးတွေကိုတတ်ကြွသူတွေကလေးစားအားကျဂုဏ်ယူနေကြမယ်ထင်ပါတယ်။
၁၈။       အလုပ်သမားရေးတတ်ကြွလှုပ်ရှားသူတွေရဲ့လှုပ်ရှားမှုအပြင်းထန်ဆုံးရောက်ချိန်မှာဘဲ အလုပ်သမားအဖွဲ့အစည်းနည်း ဥပဒေနဲ့ အငြင်းပွားမှုဖြေရှင်းရေးဥပဒေထွက်လာတာပါဘဲ။အလုပ်သမားအခွင့်အရေးခရီးဟာ အရှည်ကြီးချီတက်ရဦးမှာမှန်ပေ မယ့် ရုန်းကန်မှုရဲ့အကျိုးဆက်အခွင့်အရေးတွေတိုးမြှင့်သွားတယ်ဆိုတာမငြင်းနိုင်ပါဘူး။
၁၉။       မြေယာမဲ့ဘ၀နဲ့မျက်ရည်ပေါက်ကြီးငယ်ကျနေတဲ့ လယ်သမားတွေကို၊ နည်းလွန်းတဲ့လစာကြောင့်ဘ၀မရပ်တည်နိုင်တဲ့ချွေးထုတ်လုပ်သားတွေကို အစိုးရကလူလိုမြင်တတ်အောင် အစပြုခဲ့၊ ရုန်းကန်ခဲ့သူတွေဟာ လူရှုပ်လှုံ့ဆော်သူတွေလို့အစိုးရက ပုံဖျက်ရှုတ်ချမကောင်းသမုတ်နေတဲ့တတ်ကြွလှုပ်ရှားသူအကောင်တွေဘဲ ဖြစ်ပါတယ်။ သူတို့တွေဟာတစ်စိုက်မတ်မတ် ရုန်းကန် သူတွေဖြစ်ပါတယ်။ မီဒီယာပါအများစိတ်ဝင်စားမှလေပန်းနိုင်ငံရေး(talktivepolitic)ပေါ်ပင်တိုင်စာဝင်ရေး၊ ပညာရှင်ယောင်ယောင် အကြံပြုစာဝင်ရေးသူတွေ မဟုတ်ကြပါဘူး။
တတ်ကြွလှုပ်ရှားသူတွေရဲ့အားနည်းချက်
၂၀။       တတ်ကြွလှုပ်ရှားသူတော်တော်များများကိုကြည့်ရင်အလုပ်ထဲမှာဈာန်ဝင်နေတတ်ပါတယ်။သူတို့စီးပွားရှာဖို့မေ့နေတတ်ကြပါတယ်။ သူတို့ရဲ့အသက်မွေးဝမ်းကျောင်းဘ၀ကို ပြတ်ပြတ်သားသားရှင်းရှင်းလင်းလင်းမြင်ရဖို့ခက်ပါတယ်။တတ်ကြွလှုပ်ရှား သူမိတ်ဆွေတစ်ယောက်ဆိုရင် ထီလက်မှတ်တွန်းလှည်းနဲ့ အချိန်ပိုင်းထီရောင်းရပြီးရုန်းကန်တယ်။ နောက်တစ်ယောက်ကတော့ ဒိုင်နမိုစက်ပြင်ဆရာပဲ။ စက်ပြင်ရင်သူလုပ်ချင်တာမလုပ်ရမှာစိုးလို့မီးဖိုချောင်သုံးစတီးပစ္စည်းတွေကို ဈေးမှာရောင်းတယ်။ အချိန်ပိုထွက်လာအောင်လို့တဲ့။
၂၁။       တတ်ကြွလှုပ်ရှားသူတွေထဲမှာကွန်ပျူတာပညာသည်၊ ဥပဒေပညာသည်နဲ့ အင်ဂျင်နီယာလို ပညာရပ်ဆိုင်ရာလုပ်ငန်း လုပ်သူတွေကတော့သူတို့ရဲ့ပညာအသက်မွေးဝမ်းကျောင်းမှုဘ၀ကို မစွန့်လွှတ်တတ်ကြပါဘူး။ လုံးဝစွန့်လွှတ်ရုန်းကန်သူတွေကိုတော့ ပိုမိုစာနာနားလည်နိုင်စရာဖြစ်ပါတယ်။
၂၂။       သူတို့မှာရှိတဲ့စရိတ်နဲ့ရန်ပုံငွေကိုခရီးစရိတ်အတွက်သုံးနေကြတာပါဘဲ။ နားနေတယ်လို့မရှိတတ်ကြပါဘူး။ တစ်ချိန်လုံး ခရီးထွက်သွားလာနေကြတာပါပဲ။မိသားစုဘ၀ထက်အများပြည်သူဘ၀ကိုပိုမိုခင်တွယ်နေတတ်ကြဟန်တူပါတယ်။ သူတို့မိသားစု ကို ပြုစုစောင့်ရှောက်အတူနေတာ အတော်နည်းကြပါတယ်။သူတို့မိသားစုဝင်တွေက သူတို့ကိုတစ်ကိုယ်ကောင်းဆန်တယ်လို့ သတ်မှတ်ခံရတတ်ပါတယ်။ နောက်တစ်ခုကတတ်ကြွလှုပ်ရှားသူတွေအတွက် နည်းပညာတတ်ဆင်ဖို့ လိုအပ်မယ် ထင်ပါတယ်။။ သူတို့လှုပ်ရှားဆောင်ရွက်မှုနယ်ပယ်အလိုက်သက်ဆိုင်ရာဘာသာရပ်ကျွမ်းကျင်မှုတွေ ဖြည့်ဆည်းသင့်တယ်လို့ ထင်ပါတယ်။
4

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...