Tuesday, May 28, 2013

တိုင်းရင်းသား အရေးကို Low politics views ဖြင့် ချဉ်းကပ်မိခြင်း

by Ko Htike (Notes) on Monday, May 27, 2013 at 2:35pm
 
တိုင်းရင်းသားဒေသတွေနဲ့ တိုင်းရင်းသား ကိစ္စတွေ ပြောဆိုကြရာမှာ "စိုးမိုးစကားလုံး" တွေက ... "အပစ်အခက် ရပ်စဲရေး" ..."ငြိမ်းချမ်းရေး" ... "အမျိုးသား ပြန်လည်သင့်မြတ်ရေး (သို့) အမျိုးသား ရင်ကြားစေ့ရေး" ... စတဲ့ စကားလုံးတွေ ဖြစ်ပြီး ... အခု နောက်ဆုံး ကြားလာရတဲ့ စကားကတော့ ... "တိုင်းရင်းသားအရေးကို နိုင်ငံရေး စားပွဲဝိုင်းမှာ ဖြေရှင်းရေး (သို့) တိုင်းရင်းသား ပြဿနာကို နိုင်ငံရေးနည်း အရ ဖြေရှင်းရေး" ... ဆိုတာဖြစ်လာပါတယ်။


ဒီစကားလုံးတွေဟာ များသောအားဖြင့် တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီ အရေးအတွက် တချိန်လုံး ပြောလာခဲ့တဲ့ နိုင်ငံရေး အသိုင်းအဝိုင်းက လူတွေ အသုံးပြုလေ့ရှိတဲ့ စကားလုံးတွေ ဖြစ်ပြီး ... စစ်အာဏာရှင်နဲ့ လက်ရှိအစိုးရ အဖွဲ့ကတော့ ... "အပစ်အခက် ရပ်ရေး" ... "ငြိမ်းချမ်းရေး" ... "တိုင်းရင်းသား စည်းလုံးညီညွတ်ရေး" ... "တိုင်းရင်းသားအရေးကို လွှတ်တော်မှာ ဆွေးနွေးရေး" ... စတဲ့ .. စကားလုံးတွေကို သုံးလေ့ရှိပါတယ်။

ဘုံ တူညီတဲ့ "အပစ်အခက်ရပ်ရေး" ... နဲ့ ... "(ယာယီ) ငြိမ်းချမ်းရေး" က (တစ်ခါတရံ .. အကျိုးအမြတ်ကိစ္စ နောက်ခံ အားနည်းတာမျိုးတွေမှာ) ရလေ့ရှိပေမယ့် ... နောက်ပိုင်း အဆင့်တွေကို သွားကြတဲ့အခါ ... ရှေ့ဆက်မတိုးဘဲ ... နံပါတ် (၁) အဆင့်ဖြစ်တဲ့ "တိုက်ပွဲတွေ ဖြစ်ပွားနေတယ်" ဆိုတာကနေ ပြန်စတာကို တွေ့ရပါတယ်။ "ဖက်ဒရယ်" ဆိုတာကို ပန်းတိုင်အဖြစ် ရည်မှန်းမှုသာ ရှိတယ် ... အဲဒီ အကြောင်းကို မျက်နှာခြင်းဆိုင် တွေ့ဆုံ ဆွေးနွေးချိန်မှာ ... (လောက်လောက်လားလား) ဆွေးနွေးဖို့ အခွင့်အရေးနဲ့ .. ဆွေးနွေးမှုတွေမှ ရှိပါလေစလို့ ... သံသယ ဖြစ်မိတယ်။

ဒါ့အပြင် ပြောဆို ဆွေးနွေးမှုတွေဟာ ... "နိုင်ငံရေး" "စစ်ရေး" "စီးပွားရေး အကျိုးအမြတ်" "အာဏာခွဲဝေရေး" စတဲ့ ရှင်သန် ရပ်တည်ရေးအတွက် မရှိမဖြစ် အရေးကြီးတဲ့ နိုင်ငံရေးဆွေးနွေးမှု (High politics) အတွက် ပြောဆိုမှုတွေကသာ အဓိက ဆွေးနွေးရာ ဖြစ်နေပါတယ်။ အာဏာနိုင်ငံရေး (Power Politics) အရ ... ဘာကိုရမယ်၊ ဘာကို လိုက်လျောလိုက်ရတယ်၊ ဘယ်လောက်တော့ တင်းထားရမယ်။ ဘယ်သူက ဘာကိုရတယ်။ ဘယ်လိုရတယ် ... ဆိုတဲ့ Professor Harold Dwight Lasswell ပြောတဲ့ .. "Politics is who get what, when and how?" ဆိုတာတွေကို ဦးစားပေး ညှိနှိုင်းနေတာကို တွေ့ရပါတယ်။ ဒါကလည်း အပြစ်ဆိုစရာတော့ မရှိပါဘူး။ ဆွေးနွေးရာမှာ မပါမဖြစ် အရေးကြီးတဲ့ အချက်တွေဆိုတော့ ဆွေးနွေးပွဲတိုင်းမှာ ဒီအချက်တွေကို ဦးစာပေးတာဟာ သဘာဝပဲ မဟုတ်ပါလား။

အထက်ပါ အချက်တွေဟာ မဖြစ်မနေ ပြောဆိုကြတဲ့ အချက်တွေ ဖြစ်လို့ ဒီနေရာမှာ ထပ်မပြောလိုဘဲ အခြားရှု့ထောင့် ကနေ ချဉ်းကပ်ကြည့်ချင်ပါတယ်။ အဲဒါကတော့ ရှင်သန်ရေးအတွက် မရှိမဖြစ် အရေးပါတဲ့ "အာဏာခွဲဝေရေး" "စီးပွားရေး" "စစ်ရေး" ရှု့ထောင်က မဟုတ်တဲ့ ... အတွေးအခေါ်ပိုင်း၊ ဆက်ဆံပြောဆိုမှု ပုံစံပိုင်းနဲ့ ရည်မှန်းချက်ထားတဲ့ အပိုင်းတွေကို ချဉ်းကပ်ဖို့လည်း လိုနေတယ်ဆိုတာကို ထောက်ပြချင်တာပါပဲ။

၁။ အတွေးအခေါ်အပိုင်း

အတွေးအခေါ်ပိုင်းနဲ့ ပက်သက်ရင် ... ပြောစရာတွေ ရှိလာပါတယ်။ တိုင်းရင်းသားအရေး ဆွေးနွေးတယ် ဆိုတာထက် .. မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံအရေး ဆွေးနွေးတယ်ဆိုတဲ့ အတွေးအခေါ်မျိုးကို ဆွေးနွေးဝိုင်းတွေမှာ ၂ ဘက်စလုံးမှာ လွှမ်းမိုး ယူဆသင့်တယ် ထင်ပါတယ်။ တိုင်းရင်းသားရေး ဆွေးနွေးတယ်ဆိုတာနဲ့ .... "သူတို့" နဲ့ "ငါတို့" (US and Them) ဆိုတဲ့ ခွဲခြားမှုက အလိုလို ပါနေတော့ ... "ငါက ဘာရမှ ဖြစ်မယ်၊ သူတို့က ဘာကို သဘော မတူဘူး" ဆိုတဲ့ ... ခွဲခြားထားတဲ့ စည်းကြီး တစ်ခုက ဆွေးနွေးမှုကို ရှေ့ မရောက်စေဘူးလို့ မြင်ပါတယ်။ ဒီအခါမှာ မတတ်သာလို့ သဘောတူလိုက်ပေမယ့် ... အကြောင်းမတိုက်ဆိုင်တဲ့အခါ အပစ်အခက် ရပ်ထားတာကို အချိန်မရွေး ချိုးဖေါက်ဖို့ ဝန်မလေးတော့ပါဘူး။ မူလ သဘောတူစဉ်ကတည်းက .. စိတ်လက်မပါနဲ့ သဘောတူထားတော့ ... ပြန်ချိုးဖေါက်ဖို့ လွယ်တာ ဖြစ်တော့တာပါပဲ။

ဒါကြောင့် တိုင်းရင်းသား အရေး ဆွေးနွေးတယ်ဆိုတဲ့ အတွေးအခေါ် အသုံးအနှံးကို ဖယ်ထားပြီး နိုင်ငံရေးအရ တစ်နိုင်ငံတည်းသားတွေ တစ်နိုင်ငံလုံး အရေးကို ဆွေးနွေးတယ်ဆိုတာမျိုး ဖြစ်သင့်ပါတယ်။ ဒီအခါမှာ ... အမြင်တွေ တူသွားပြီး ... "သူတို့" နဲ့ "ငါတို့" (Us and Them) ဆိုတာထက် ... လိုအပ်တာကို အတူတူ လုပ်ကြတာ။ ဒါ မလုပ်လို့ မဖြစ်ဘူးဆိုတဲ့ အမြင်တွေနဲ့ သဘောတူညီချက်ပြောပြော ... တိုင်းပြည်ကောင်းဖို့ တာဝန်ခွဲယူတယ် ပြောပြော ... နှစ်ဘက်လုံးက တိုင်းပြည်အတွက် တာဝန်ကိုယ်စီ ယူသွားခဲ့ကြမယ်ဆိုရင် ... သဘောတူညီချက်တွေ ချိုးဖေါက်ဖို့ထက် တစ်ဦးက အားနည်းတာကို တစ်ဦးက ဖေးဖေးမမနဲ့ လုပ်ဆောင်သွားတာတွေပါ ဖြစ်လာနိုင်ရင် ... ရေရှည်အတွက် အကျိုးအမြတ်ကြီးပါပဲ။


၂။ ဆက်ဆံပြောဆိုမှု အပိုင်း

ဆက်ဆံပြောဆိုမှု အပိုင်းမှာလည်း .... များသောအားဖြင့် အစိုးရဘက်က ပြောဆို ဆက်ဆံမှုတွေ၊ အင်တာဗျူးတဲ့ အသံတွေ နားထောင်ရရင် ... ဦးအောင်မင်းတို့ အပါအဝင် အစိုးရ အာဏာရှိသူတွေဘက်က ပြောစကားတွေထဲမှာ မသိစိတ်ကနေ စိတ်ပိုင်းဆိုင်ရာအရ ... "ငါတို့က အထက်စီးမှာရှိတယ်၊ ငါတို့ အမိအဖ နေရာမှာ၊ ငါတို့က ပေးမှ ရမှာ" ဆိုတဲ့ စိတ်မျိုး ဝင်နေတာကို တွေ့ရပါတယ်။ တန်းတူ သဘောနဲ့.. တိုင်းရင်းသားဆိုတာလည်း အတူတူပဲလို့ ပါးစပ်ကပြောနေပေမယ့် မသိစိတ်က တန်းမတူတဲ့ တွေးခေါ်မှုမျိုး ရှိနေတာကို တွေ့ရတာပါ။ ဥပမာ ... "တိုင်းရင်းသားတွေက မိမိတို့ လိုတဲ့ အခွင့်အရေးကို ကျွန်တော်တို့နဲ့ တွေ့တဲ့ အခါ တောင်းပါ။ ကျွန်တော်တို့က ပေးမှာပေါ့။ မတောင်းတဲ့အခါ ဘယ်သိနိုင်မလဲ။ တောင်းတဲ့သူတွေကို ခွင့်ပြုခဲ့တာပဲ" ... ဆိုတာမျိုးတွေ အထက်အောက်၊ တောင်းယူရမယ်၊ ပေးမယ် ... စတဲ့ ... အဆင့်ခွဲခြား သတ်မှတ်မှုဟာ မသိစိတ်မှာ ကိန်းဝပ်နေတာမျိုး တွေ့ရပါတယ်။

တကယ်ဆိုရင် ဘယ်ဒေသမှာ ဘာလိုအပ်တယ်။ ဘာတွေ ရနိုင်တယ်။ ဒီနေရာမှာ ကျွန်တော်တို့ ဘယ်လို ပူးပေါင်း ဆောင်ရွက်ချင်တယ်။ ခင်ဗျားတို့ရော အဆင်ပြေမလား။ သူများတွေနဲ့တော့ ဘယ်လို သဘောတူတာ ရလာတယ် ဆိုတာမျိုးတွေနဲ့ ... အထက်အောက် ဆက်ဆံမှုမျိုး မဟုတ်ဘဲ ... သူငယ်ချင်း မိတ်ဆွေ ဆက်ဆံသလို ဘေးတိုက် တန်းတူ ဆက်ဆံပြီး ... တန်းတူ သဘောထားသင့်ပါတယ်။ ငါတို့ ပေးမှ ရတာ မဟုတ်ဘဲ ... ရသင့်တာကို အတူတူ ဖေါ်ဆောင်တာသာ ဖြစ်သင့်ပါတယ်။ ဒီလို အတူတူ ဖေါ်ဆောင်တယ်ဆိုတဲ့ စိတ်မျိုး မသိစိတ်မှာ မကိန်းဝပ်ဘဲ ... အထက်အောက် ဆက်ဆံရေး ကိန်းဝပ်တဲ့အခါ ... ဆွေးနွေးဝိုင်းမှာ ... အဆင်မပြေ ဖြစ်ဖို့ ရှိလာနိုင်ပါတော့တယ်။ တိုင်းရင်းသားတွေ အဓိက ပြောလာတဲ့ အချက်ဟာ ... တန်းတူညီမျှတဲ့ အခွင့်အရေး ကိစ္စ ဖြစ်ပါတယ်။ တောင်းလို့ ပေးတယ်၊ တောင်းရင် ပေးမှာပေါ့ ဆိုတာ တန်းတူ အခွင့်အရေး မဟုတ်တော့ပါဘူး။ မူရင်း ဖြစ်သင့်တာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။

၃။ ရည်မှန်းချက် ထားတဲ့ အပိုင်း

ရည်မှန်းချက် ထားတဲ့ အပိုင်းမှာလဲ ... တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ဆိုတာကို ရည်မှန်းချက် ထားပေမယ့် .... ဒီထက် အသေးစိပ်တဲ့ ရည်မှန်းချက် အသေးလေးတွေ ထားပြီး တစ်ခုခြင်း လုပ်ဆောင်ရင်း ယုံကြည်မှု တည်ဆောက်သွားရမှာ ဖြစ်သလို ... လိုအပ်ရင်လည်း တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ဆိုတာကို ကျော်ပြီး ... မြန်မာတနိုင်ငံလုံးက တိုင်းရင်းသားအားလုံး နိုင်ငံရေး ဖြစ်စဉ်မှာ ပါဝင်ပြီး နိုင်ငံရေးကို ဦးဆောင်နိုင်ရေး ဆိုတာမျိုးအထိ ထားသင့်ပါတယ်။ တိုင်းရင်းသားတွေကလည်း မိမိ ကိုယ်စားပြုတဲ့ တိုင်းရင်းသား အရေးကို ဦးဆောင်တာထက် တနိုင်ငံလုံးကို ဦးဆောင်တဲ့ ဦးဆောင်မှုမျိုး ပေးနိုင်ဖို့ ရည်ရွယ်သင့်ပြီး ... အဲဒီ အခွင့်အလမ်းတွေကိုလည်း ဖြစ်လာအောင် ဖေါ်ဆောင်တာ၊ အားလုံးက တိုက်တွန်းအားပေးတာတွေ လုပ်သင့်ပါတယ်။

အစိုးရဘက်က ရည်မှန်းသလို တိုင်းရင်းသား အရေးကို ပါလီမာန်ထဲမှာ ဆွေးနွေးဖို့ ဆိုတာဟာ ... တကယ့်ကို စစ်မှန်တဲ့ လမ်းကြောင်းကို သွားမယ်ဆိုရင် ... ရည်မှန်းချက် ထားနေစရာတောင် မလိုဘဲ မလွဲမသွေ ဖြစ်လာရမယ့် ကိစ္စဖြစါပါတယ်။ ဒီတော့ ဒါကို အတင်းလမ်းကြောင်းပြီး ပြောဆိုနေတာထက် ... ပါလီမာန်တွင်းမှာ မဟုတ်လည်း ... အခြားနေရာတွေမှာ ဆွေးနွေးဖို့၊ ပါလီမာန်တွင်း ပါလာနိုင်အောင် ... အခြေခံဥပဒေကို "ဖက်ဒရယ်" စစ်စစ်ပုံစံ ဖြစ်အောင် ပြင်ဆင်တာမျိုးတွေနဲ့ ဖွင့်ပေးတာတွေ လုပ်ဆောင်သင့်ပါတယ်။ ဒါဆို ပါလီမာန်ထဲ တိုင်းရင်းသားတွေ ရယ်ရယ်ပြုံးပြုံး ကျေကျေနပ်နပ်နဲ့ ရောက်လာမှာ မလွဲပါဘူး။

လက်နက်စွန့်ဖို့ ကိစ္စကတော့ နောက်ဆုံး ရည်မှန်းချက်အဖြစ် ထားပြီးသာဆွေးနွေးသင့်ပါတယ်။ လက်နက်ရှိနေတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိနေပြီး ... နိုင်ငံရေး ဖြစ်စဉ်မှာ တသားတည်း ပါဝင်လာပြီး ... အပြည့်အဝ ယုံယုံကြည်ကြည်ရှိသွားတဲ့အခါ ... ဘယ်သူကမှ တောထဲမှာ သေနတ်ထမ်းပြီး မလိုအပ်ဘဲ စစ်တိုက်ဖို့ လုပ်မနေချင်ပါဘူး။ မယုံကြည်ကြလို့သာ လက်နက်ကိုင်ထားတာပါ။ ဒီတော့ ယုံကြည်မှုတည်ဆောက်တာ အားကောင်းပြီး သံသယ မရှိအောင် ယုံကြည်လာမယ် ဆိုရင် အလိုလို လက်နက် စွန့်လာပါလိမ့်မယ်။ ဇွတ်စွန့်ဖို့ ဖိအားပေးရင် .... မယုံကြည်ဘဲ ... ဆန့်ကျင်ဘက် ရလဒ်သာ ရနိုင်တာမို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးရဲ့ ... နောက်ဆုံး လုပ်ငန်း အဖြစ်နဲ့သာ လက်နက်စွန့်ဖို့ ရည်မှန်းသင့်ပြီး ... ယုံကြည်မှုကိုသာ တိုးမြှင့် ပူးပေါင်း လုပ်ဆောင်သွားသင့်ပါကြောင်း

(ကိုထိုက်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...