Sunday, May 5, 2013

တွေးမိ တွေးရာ ပြည်မြန်မာ (Fight for every drop of water or die)

by Hla Shwe (Notes) on Saturday, May 4, 2013 at 12:23am

 
ကမ္ဘာ့သတင်းမီဒီယာတွေမှာတရုတ်နိုင်ငံရဲ့ အံ့မခန်း စီးပွားရေးတိုးတက်မှုတွေ၊ကုန်သွယ်ရေး ပိုငွေပြမှုတွေ၊ တရုတ်လူလတ်တန်းစား တိုးပွားလာမှုတွေကို နေ့စဉ်နဲ့အမျှ မြင်တွေ့ ကြားသိနေရတာတွေနဲ့ ဆန့်ကျင် ဘက် တရုတ်နိုင်ငံရဲ့ သဘာဝ ပတ်ဝန်းကျင်ဟာ ဆိုးဆိုးရွားရွား ပျက်စီးနေပြီး ကမ္ဘာ့ ရာသီဥတုကိုပါ ခြိမ်းခြောက်လာနေပြီ ဆိုတာ ပြောဆိုခြင်း ခံနေရပါတယ်။
Foreign Affairs မဂ္ဂဇင်းကြီးမှာ တရုတ်နိုင်ငံရဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးယိုယွင်းနေမှုကိုမီးမောင်းထိုးပြတဲ့ Choking on China ဆိုတဲ့ ဆောင်းပါး တပုဒ်ရေးထားပါတယ်။ တရုတ်နိုင်ငံရဲ့ စက်မှု မြို့တော် ရှန်ဟဲကို ဖြတ်သန်း စီးဆင်းနေတဲ့ Whompoa မြစ်ထဲမှာ ၀က်သေကောင်ရေ တသောင်း ခြောက်ထောင် မျောနေတဲ့ သတင်းကတော့ တရုတ်ပြည်မှာ ဟိုးလေးတကျော် ဖြစ်ခဲ့ရတဲ့ ဖြစ်ရပ်ပါ။ တရုတ်နိုင်ငံရဲ့ မြို့ ၂၀ မှာ ၁၆ မြို့ဟာ ညစ်ပတ်ဆုံး မြို့တွေဖြစ်နေပါတယ်။သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုနဲ့အတူ H7 N9 ကြက်ငှက် ဗိုင်းရပ်စ်ကလည်း တရုတ်နိုင်ငံနဲ့ ကမ္ဘာတ၀ှမ်းရှိ လူသားတွေကို ခြိမ်းခြောက်လာနေတဲ့ ကူးစက်ရောဂါ ဖြစ်နေပြန်တယ်။

သဘာဝပတ်ဝန်းကျင်နဲ့ပတ်သတ်လာရင် တရုတ်ခေါင်းဆောင်တွေကဆတ်ဆတ်ထိမခံတဲ့ သူတွေ ဖြစ်နေကြတယ်။ သဘာဝ ပတ်ဝန်းကျင်ကို ဖျက်ဆီးပိုင်ခွင့်ရှိတယ်လို့ခံယူထားတဲ့ တရုတ်ခေါင်းဆွေကတော့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ စံချိန်စံညွန်းတွေကိုလက်ခံလိုက်ရင် တရုတ်ရဲ့ စီးပွားရေး ဇက်သတ်လိုက်သလို ဖြစ်သွားနိုင်တဲ့အတွက်သဘာဝပတ်ဝန်းကျင် ကိစ္စက အထိမခံတဲ့ ရွှေပန်းကန် လိုဖြစ်နေပါတယ်။

တရုတ်အစိုးရနဲ့တရုတ်ကုမ္ပဏီတွေဟာ တရုတ်နိုင်ငံအပြင် ကမ္ဘာတ၀ှမ်းက ဆင်းရဲမွဲတေပြီး စစ်အာဏာရှင် အုပ်ချုပ်တဲ့ နိုင်ငံတွေကို ထောက်ခံ အားပေးရင်း သဘာဝအရင်း အမြစ်နှင့် သဘာပတ်ဝန်းကျင်ကို အတားအဆီးမရှိ ဖျက်ဆီးနေတဲ့ နိုင်ငံလည်း ဖြစ်နေပြန်တယ်။ အဲဒီလို နိုင်ငံရဲ့ သဘာဝအရင်း အမြစ်တွေကို ဂုတ်သွေးစုတ် ဖျက်ဆီခြင်း ခံလိုက်ရတဲ့ နိုင်ငံတွေထဲမှာ အာဖရိကတိုက်က အာဏာရှင်တွေကြီးစိုးတဲ့နိုင်ငံတွေနဲ့အရှေ့တောင်အာရှာက မြန်မာနိုင်ငံဟာ အဆိုးရွားဆုံး ခံရရတဲ့ နိုင်ငံတွေ ဖြစ်နေပါတယ်။

ဗူးလဲရာဖရုံဆင်တဲ့မြန်မာနိုင်ငံကတော့ လက်ရှိ အချိန်ထိ တရုတ်အစိုးရရဲ့ ဂုတ်သွေးစုတ်ယူခြင်းကိုခံနေရတဲ့ နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းမုံရွာအနီး လက်ပံတောင်း ကြေးနီစီမံကိန်းဟာ အနီးအနားတ၀ိုက်က တောင်ပေါင်းများစွာကိုဖြိုဖျက်ပြီး ကြေးနီ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဒီတောတောင်တွေဟာ ဘယ်တော့မှ ပြန်လည် အစားထိုးလို့မရနိုင်တဲ့ရာသက်ပန် ဖျက်ဆီးခြင်း ခံလိုက်ရတဲ့ သဘာဝ ရင်းမြစ်တွေဘဲ ဖြစ်ပါတယ်။ နဂိုကတည်းက ပူပြင်းခြောက်သွေ့နေတဲ့အညာဒေသရဲ့ သဘာဝ ပတ်ဝန်းကျင်ကို ဘူးလဲရာ ဖရုံဆင့်လိုက်သလို ဖြစ်သွားစေပါတယ်။

အဲဒါအပြင်လက်ရှိ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်ထဲက တောတောင် ရေမြေတွေကလည်း နေ့စဉ်နဲ့အမျှ ဖျက်ဆီးခြင်း ခံနေရပါတယ်။ အရှေ့တောင်အာရှရဲ့ တခုတည်းသော ရေခဲတောင် တည်ရှိရာ ကချင်ပြည်နယ်ကတော့ အ၀တ်မပါတဲ့ သမီးပျိုလို ဖြစ်နေပါပြီ။ အစိုးရကြီးစိုးတဲ့ နယ်မြေတွေမှာ ခရိုနီတွေက ကျောက်မျက် တူးဖေါ်ရေးလုပ်ငန်းတွေကိုပျော်ပျော်ပါးပါး လုပ်နေချိန်မှာ ကချင်တပ်မတော်ဘက်က ထိမ်းချုပ်တဲ့ နယ်မြေတွေမှာလည်း တရုတ်ကုမ္ပဏီတွေက လက်နက်နဲ့ သယံဇာတကို လှဲလည်ရင်း သဘာဝ ပတ်ဝန်းကျင်ကို မြင်မကောင်း ရှုမကောင်းအောင် ဖျက်ဆီးခြင်းခံနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ရခိုင်၊ ကရင်၊ ရှမ်း၊ ကချင် စတဲ့ပြည်နယ်တွေက သစ်တောတွေကတော့ န၀တ၊ နအဖ လက်ထက်ကတည်းက ကုန်သလောက် ဖြစ်နေပါပြီ။

ရခိုင်ပြည်နယ်မှာတူးဖေါ်နေတဲ့ သဘာဝဓါတ်ငွေ့ တူးဖေါ်ထုတ်လုပ်ရေးက သဘာဝ ပတ်ဝန်းကျင်ကို ဘယ်အထိ ထိခုက်ပျက်စီးနေပြီလဲဆိုတာကို ရေလုပ်သားတွေရဲ့ ဘ၀ကို လေ့လာရင်း သိနိုင်တဲ့ အရာဖြစ်ပါတယ်။ ရခိုင်ကမ်းရိုးတန်းတလျှောက်သဘာဝအရ တည်ရှိနေတဲ့ သန္တာ ကျောက်တန်းတွေဟာ ပင်လယ်ပျော် သက်ရှိတို့ရဲ့ နိဗ္ဗာန်ဘုံ ဖြစ်ပါတယ်။ အဲဒီ သန္တာကျောက်တန်းတွေဟာ ရေနံနှင့် သဘာဝဓါတ်ငွေ့ တူးဖေါ်မှု၊ ပိုက်လိုင်းတည်ဆောက်မှုကြောင့်နိတိတံ သွားတဲ့ သဘာဝအရင်း အမြစ်တွေ ဖြစ်ပါတယ်။ တချိန်က မြန်မာနိုင်ငံမှာ ရခိုင်ဒေသဟာ ပင်လယ်ထွက် ပစ္စည်းပေါများတဲ့ ပြည်နယ်အဖြစ် တည်ရှိခဲ့တာဟာ ဒဏ္ဍာရီ ပုံပြင်တပုဒ်အဖြစ် ကျန်နေခဲ့ပါပြီ။ ပင်လယ်ထွက် အစားအစာ ပေါများတဲ့ ရခိုင်ဒေသခံတွေဟာ ပြည်မဘက်က တင်သွင်းတဲ့ မွေးမြူရေး ငါးတွေကိုဈေးကြီးပေးပြီးဝယ်စားရတဲ့ ဘ၀ကို ရောက်သွားပါပြီ။

သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနဲ့အတူ ရခိုင်ဒေသခံတွေဟာ ဘ၀ရပ်တည်ရေး ခက်ခဲလာတဲ့အတွက် မလေးနဲ့ ထိုင်းနိုင်ငံမှာ ရေလုပ်သား၊ စက်ရုံ၊ စိုက်ပျိုးရေးခြံနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ တရားမ၀င် လုပ်သားများအဖြစ်ကို ရောက်ခဲ့ရပါတယ်။
ရှေးခေတ်တရုတ်ရာဇ၀င်မှာ ထင်ပေါ်ခဲ့တဲ့ ယန်စီ မြစ်ဆိုတာ ခုတော့ ရာဇ၀င်ထဲက သတိုးသမီး အဖြစ်ကျန်ခဲ့ပါပြီ။ တရုတ် ပြည်မကြီးကို ဖြတ်သန်း စီးဆင်းနေတဲ့ မြစ်ကြီးတွေဟာ အတားအဆီးမရှိ ရေကာတာတည် ဆောက်ဆောက်မှုကြောင့် တိမ်ကော သွားတဲ့ မြစ်အရေအတွက်က တရုတ်နိုင်ငံ အနှုံ့အပြားမှာ တွေ့နေရပါတယ်။

တရုတ်နိုင်ငံကိုကြည့်တဲ့အခါ စက်မှု လုပ်ငန်းတွေကြောင့် လောင်စာဆီ လိုအပ်လာမှုကိုဘဲ ဇောင်းပေး ပြောဆိုကြလေ့ရှိပါတယ်။၂၁ ရာစုနှစ်တွေမှာ တရုတ်နိုင်ငံ ရင်ဆိုင်ရမယ့် ပြသနာက သောက်သုံးရေ ရှားပါး ပြတ်လတ်မှုက ထိပ်ဆုံးက ပါဝင်လာနိုင်တယ်လို့ ပညာရှင်တွေ ခန့်မှန်း ပြောဆိုနေကြပါတယ်။ တရုတ်နိုင်ငံက မြို့ပြ (၉၀) ရာခိုင်နှုန်းကျော်ဟာ မသန့်ရှင်းတဲ့ မြေအောက်ရေကို မှီခိုနေရကြောင်း သိပ္ပံပညာရှင်တွေက ဖေါ်ထုတ်ခဲ့ပါတယ်။ ဒီလို ဖြစ်ပေါ်လာရခြင်းရဲ့ အဓိက အကြောင်းအရင်းဟာ တရုတ်အစိုးရနဲ့ ကုမ္ပဏီတွေရဲ့ မဆင်မခြင် လုပ်ရပ်တွေကြောင့် ဖြစ်ပါတယ်။

လောင်စာဆီရရှိရေးနှင့်ရေကောင်းရေသန့် ရရှိရေး ဟာ ၂၁ ရာစု တရုတ်နိုင်ငံရဲ့ဦးစားပေး မဟာဗျူဟာ ဖြစ်လာနေပါတယ်။
စိုက်ပျိုးရေးနှင့်သောက်သုံးရေ၊ လျပ်စစ် ဓါတ်အား ထုတ်လုပ်ရေးအတွက် တရုတ်နိုင်ငံ တ၀ှမ်းရှိ မြစ်များကို ဆည်တည်ဆောက်ခဲ့ပါတယ်။ကမ္ဘာပေါ်ရှိ အကြီးဆုံး ရေကာတာရဲ့ တ၀က်ကျော် အရေအတွက်ဟာ တရုတ်နိုင်ငံမှာ တည်ရှိပါတယ်။ ကုလသမဂ္ဂက ချမှတ်ထားတဲ့ ဒေသတွင်း ရေမျှဝေ သုံးစွဲရေး ပြဌာန်းချက်တွေကို တရုတ်နိုင်ငံက ဆန့်ကျင်နေပြီး၊ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ရေအရင်းအမြစ် သုံးစွဲရေးနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုလက်မှတ်ရေးထိုးထားတာ မရှိပါဘူး။ တရုတ်နိုင်ငံရဲ့ ရေအရင်း အမြစ်ဝန်ကြီး အဖြစ်ထမ်းဆောင်ခဲ့တဲ့ Wang Shucheng ကတော့ တရုတ်အစိုးရရဲ့ ရေနဲ့ပတ်သက်တဲ့ မူဝါဒကို အခုလိုဖေါ်ပြခဲ့ပါတယ်။ “ Fight for every dropof water or die” ရေရရှိရေးအတွက်တိုက်ပွဲဝင်မလား အသေခံမလား ဆိုတာ တရုတ်ပြည်သူတွေ ရွေးရလိမ့်မယ်လို့ပြောဆိုခဲ့ပါတယ်။

ဒါကြောင့်ကမ္ဘာပေါ်မှာ ရေအရင်းအမြစ် ကြွယ်ဝတဲ့၊ မြစ်ချောင်းတောတောင်တွေ၊မြေပေါ်မြေအောက် သယံဇာတတွေပေါများတဲ့ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံအတွက်တော့သရေကျစရာ အိမ်နီးနားချင်းနိုင်ငံဖြစ်နေပါတယ်။
UNCAP ရဲ့၂၀၀၁ ခုနှစ် အစီရင် ခံစာထဲမှာ မြန်မာနိုင်ငံရဲ့ မြေအောက်ရေ ရရှိမှုပမာဏဟာ ကမ္ဘာပေါ်မှာ စတုတ္ထမြောက် နိုင်ငံဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ အခြားသော ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများကလည်း မြန်မာနိုင်ငံရဲ့ ရေလုံခြုံမှု အဆင့်ဟာ ကမ္ဘာပေါ်မှာ အဆင့် (၁၅) သာရှိတဲ့လို့ ဖေါ်ပြခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၁ ခုနှစ်က ရေအရင်း အမြစ် ကြွယ်ဝတဲ့ မြန်မာနိုင်ငံဟာ ဆယ်စုနှစ် တခုကျော်အကြာ လက်ရှိအချိန်မှာတော့ ပြောင်းပြန် ဖြစ်ကုန်ပါပြီ။ မြန်မာနိုင်ငံတ၀ှမ်းကသစ်တောတွေကို အတားအဆီးမရှိ ခုတ်ထွင်မှုကြောင့် သစ်တော ပြုန်းတီးပြီး မြစ်ချောင်းတွေ တိမ်ကောကာ ရာသီဥတု ဖေါက်ပြန်မှုတွေနဲ့ ရင်ဆိုင်နေရပါပြီ။

သဘာဝပတ်ဝန်းကျင်ဝါဒီများနှင့်ပညာရှင်များက အနာဂါတ်မှာ ကြုံတွေ့ရမယ့် ပဋိပက္ခ စစ်ပွဲတွေဟာ ရေပိုင်ဆိုင်မှုကြောင့်ဖြစ်လာနိုင်တယ်လို့ ဟောကိန်း ထုတ်ထားတွေရှိနေပါတယ်။အဲဒီဟောကိန်းတွေဟာ အရှေ့အလယ်ပိုင်းက အာရပ်-အစ္စရေးနိုင်ငံတွေအတွက်မှန်ကန်နေပါပြီ။ တောင်အာရှ နိုင်ငံတွေလည်း အလားတူ ပြသနာနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ပညာတွေက သုံးသတ်ထားပါတယ်။

မြန်မာနိုင်ငံမှာရင်းနှီးမှုလုပ်နေတဲ့ ကုမ္ပဏီအများစုဟာ ကမ္ဘာ့စံနှုန်းတွေ၊ ကျင့်ဝတ်တွေကို မလိုက်နာတဲ့ တရုတ်နိုင်ငံထွက် ကုမ္ပဏီတွေဖြစ်နေပါတယ်။မိမိနိုင်ငံရဲ့ သဘာဝပတ်ဝန်ကျင်ကိုမှ ဂရုမစိုက်တဲ့ တရုတ်လုပ်ငန်းရှင်တွေမြန်မာနိုင်ငံအတွက်တော့စိတ်မောစရာပါ။

 ဒီမိုကရေစီကနုနု၊ ပြည်တွင်းစစ်ကရှိနေဆဲ၊သူတလူငါတမင်း စစ်ဘုရင်တွေနဲ့ စခန်းသွားနေရဆဲ မြန်မာနိုင်ငံဟာ လူဦးရေ သန်းထောင်ကျော်ရှိတဲ့ကမ္ဘာ့စီးပွားရေး နံပါတ် (၂) တရုတ်က လောင်စာဆီ ဖူလုံရေး ၊ ရေသန့်ဖူလုံမှုစတဲ့ မဟာဗျူဟာတွေနဲ့ နယ်ပယ်ချဲ့ထွင်လာမယ့်၂၁ ရာစုကို ဘယ်လို ရင်ဆိုင် ဖြတ်သန်းကြမလဲ။  တရုတ်ရေအရင်းအမြစ် ၀န်ကြီးဟောင်းရဲ့ စကားကို ငှားသုံးရမယ်ဆိုရင် အနာဂါတ် မျိုးဆက်အတွက် “fight for every drop of water or die”။

လှရွှေ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...