Tuesday, May 7, 2013

မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်တွင် ပါဝင်နေသည့် ဥပဒေအရာရှိများအကြောင်း

Min Aung Khine and Zaw Win shared The Voice Weekly's photo.
မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်တွင် ပါဝင်နေသည့် ဥပဒေအရာရှိများ အကြောင်း
...............................................................................
ရွှေညာသား (ဥပဒေ)

ဒီမိုကရေစီစနစ် လက်ခံကျင့်သုံးနေပြီဖြစ်သော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး၏ အဓိကမဏ္ဍိုင်ကြီး သုံးရပ်အတွင်းမှ တရားစီရင်ရေး မဏ္ဍိုင်ကြီးတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သက် တာဝန်ထမ်းဆောင်မှု ပြုနေသော အဆင့်ဆင့်သော ဥပဒေရုံးများရှိ ဥပဒေအရာရှိများ အကြောင်း ပြည်သူများ သိရှိနိုင်ရန် ဗဟုသုတ အလို့ငှာ ရေးသားဖော်ပြရန် ရည်ရွယ်ချက်ဖြင့် ဤဆောင်းပါးကို ရေးသားတင်ပြခြင်း ဖြစ်ပါသည်။

စာရေးသူအနေနှင့် ယခင်က မည်သည့်သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင်များတွင်မှ သတင်းဆောင်းပါးများ ရေးသားပေးပို့ခဲ့ဖူးခြင်း မရှိကြောင်း ဦးစွာဝန်ခံ တင်ပြအပ်ပါသည်။

စာရေးသူတို့၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည် ဒီမိုကရေစီ ကျင့်သုံးနေသည့် နိုင်ငံဖြစ်သည်နှင့် အညီ အခြားသော ဒီမိုကရေစီ ကျင့်သုံးနေသည့် နိုင်ငံများ၏ စံနှုန်းများနှင့် ချိန်ထိုး၍ မိမိနိုင်ငံ၏ ရေမြေသဘာဝ အနေအထားပေါ် မူတည်ပြီး ပြည်သူများ၏ ဆန္ဒအပေါ် အလေးထား ကာ ကဏ္ဍတိုင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဆောင်ရွက်လျက် ရှိသည်မှာ ထင်သာမြင်သာလျက် ရှိပါသည်။

ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသော အဓိကမဏ္ဍိုင်ကြီး သုံးရပ်အနက် တရားစီရင်ရေးမဏ္ဍိုင်ကြီး ကိုလည်း အပြောင်းအလဲလိုလား သော ပြည်သူများက စိတ်ဝင်တစား လေ့လာစောင့်ကြည့်လျက် ရှိကြောင်း ယနေ့ခေတ်တွင် စတုတ္ထမဏ္ဍိုင်ကြီးဟု တင်စား ခေါ်ဝေါ်နေသည့် သတင်းစာ၊ ဂျာနယ်အစရှိသည့် မီဒီယာများ၏ အပိုင်းကဏ္ဍ၌ ရေးသားဖော်ပြနေမှု များက ထင်ရှားပေါ်လွင်လျက် ရှိနေပါသည်။

ဥပဒေပြုရေး မဏ္ဍိုင်ကြီးကို အဓိကတာဝန်ယူ ထမ်းဆောင်ပေးနေသည့် လွှတ်တော် အသီးသီး၏ လွှတ်တော်အတွင်း တင်ပြဆွေးနွေးမှုများ အရ လည်းကောင်း၊ လွှတ်တော်အသီးသီးက ဖွဲ့စည်းတာဝန် ပေးအပ်ထားသည့် ကော်မတီအချို့၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များအရ လည်းကောင်း၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ ယနေ့တရားစီရင်ရေး ကဏ္ဍကို
လူအများပိုမို စိတ်ဝင်စားမှုရှိနေပြီး ထိုဆွေးနွေးမှုများတွင် ဆက်စပ်ပါဝင် ပတ်သက်မှုရှိလာသည့် ပြည်ထောင်စုရှေ့နေချုပ် ရုံးနှင့် အဆင့်ဆင့်သော ဥပဒေရုံးများ အကြောင်း၊ ဥပဒေအရာရှိများ အကြောင်း၊ မရှင်းမလင်း ဖြစ်နေသည့် ပြည်သူများ၏ ထင်မြင်နေမှု အသံများ၊ လုပ်ငန်းတာဝန်များအပေါ် စူးစမ်းသိရှိလို၍ မေးမြန်းလာကြသည့် အသံများ အစရှိသည့် ပြည်သူလူထု၏ စိတ်ဝင်စားမှုများ အပေါ် တစ်စိတ်တစ်ဒေသ ရှင်းလင်းစွာ သိရှိစေလိုသည့် စေတနာ ရည်ရွယ်ချက်ဖြင့် ရေးသားဖော်ပြရခြင်း လည်း ဖြစ်ပါသည်။

စာရေးသူ၏ အနီးပတ်ဝန်းကျင်ရှိ လူ ၁၀၀ ဦးလျှင် လူ ၇၀ ဦးခန့်မှာ ဥပဒေအရာရှိဟု ပြောလျှင် ဘယ်အဖွဲ့အစည်း ဌာနကလဲ၊ ဘာတွေလုပ်နေလဲ၊ ဘာတာဝန်တွေ ယူနေတာလဲ အစရှိသည့် မေးခွန်းပေါင်းများစွာ မေးလာနေသည်ကို တွေ့ရပြီး ကျန် ၃၀ ဦးခန့်မှာ အမှုအခင်းများ ဖြစ်ဖူး၍သာ သို့မဟုတ် တစ်နည်းနည်းဖြင့် ပတ်သက်ဖူး၍သာ ဥပဒေအရာရှိ အကြောင်း သာမန် ပြင်ပကျောရိုး သဘောသဘာဝ လုပ်ငန်းများကိုသာ သိရှိကြသည်ကို လေ့လာတွေ့ရှိရ ပါသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံအချို့တွင် တရားရေးဝန်ကြီးဌာန ဟူ၍ ဖွဲ့စည်းထား ရှိပြီး ထိုဝန်ကြီးဌာန၏ အောက်တွင် တရားရုံးချုပ်နှင့် ရှေ့နေချုပ်ရုံးတို့ ဖွဲ့စည်း ထားသည်ကို လေ့လာသိရှိနိုင်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တွင်မူ လက်ရှိတွင် တရားရေးဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာနတစ်ခု သတ်မှတ် ဖွဲ့စည်းထားခြင်းမရှိဘဲ ပြည်ထောင်စုတရား လွှတ်တော်ချုပ်နှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှာလည်း သီးခြားစီ ရပ်တည်နေကြသော ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ ဖြစ်ကြပါသည်။

ပြည်သူများအကြား မရှင်းမလင်းဖြစ်နေသည့် လုပ်ငန်းတာဝန်များ ရှိနေသော ဥပဒေအရာရှိ များမှာ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အောက်တွင် ကြီးမားကျယ်ပြန့်သော လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက် ရှိပါသည်။

ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များနှင့် အဆင့်ဆင့်သော ဥပဒေရုံးများ (ဥပမာ-ခရိုင်/ မြို့နယ်) ရှိ ဥပဒေအရာရှိများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ လုပ်ငန်းတာဝန် များအကြောင်း အသေးစိတ် သိရှိလိုပါက ပြည်ထောင်စုရှေ့နေချုပ် ဥပဒေတွင် ဖတ်ရှုလေ့လာနိုင်ပြီး စာရေးသူအနေဖြင့် အခြေခံပြည်သူလူထုများ တိုက်ရိုက်ထိတွေ့ ဆက်ဆံနေရသည့်၊ ထိတွေ့ဆက်ဆံမှု ပြုရနိုင်သည့် အခြေခံ အဆင့်တွင် တာဝန်ထမ်းဆောင်လျက် ရှိနေကြသော ဥပဒေအရာရှိများ၏ လုပ်ငန်းတာဝန်များအကြောင်း ဦးစားပေးရှင်းလင်း တင်ပြလိုပါသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ မှုခင်းတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ (ဥပမာ - ဆဲမှု၊ ရိုက်နှက်မှု၊ လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု၊ လိမ်လည်မှု၊ ယာဉ်တိုက်မှု အစရှိသည် ဖြင့် ...) စုံစမ်းထောက်လှမ်း ရရှိထားသော သက်သေခံ အထောက်အထား များကို သက်ဆိုင်ရာဥပဒေရုံးသို့ စနစ်တကျ ပေးပို့တင်ပြ၍ တရားစွဲဆို တင်ပို့ခြင်း မပြုမီကာလအတွင်း ဥပဒေအကြံ တောင်းခံလာသည့်အခါ အဆိုပါသက်ဆိုင်ရာ ဥပဒေရုံးရှိ တာဝန်ခံ ဥပဒေအရာရှိ (ဥပမာ - မြို့နယ် ဆိုပါက မြို့နယ်ဥပဒေအရာရှိ၊ ခရိုင်ဆိုပါက ခရိုင်ဥပဒေအရာရှိ) က အမှုဖွင့် အရေးယူထားသည့် တရားခံအပေါ် မည်သည့် ဥပဒေပုဒ်မဖြင့် တရားစွဲဆို တင်ပို့သင့်ကြောင်း၊ မည်သူ့ကို တရားခံအဖြစ် ထည့်သွင်း အရေးယူသင့်ကြောင်း၊ မည်သည့်သက်သေခံ ပစ္စည်းများ ထပ်မံဖော်ထုတ်သိမ်းဆည်း တင်ပြသွားရန် လိုအပ်ကြောင်း၊ မည်သူ့ကို သက်သေအဖြစ် ထပ်မံ စစ်ဆေးတင်ပြသွားရန် လိုအပ်ကြောင်း အစရှိသည့် အချက်အလက်တို့ကို အမှုခိုင်မာစွာ တည်ဆောက်နိုင်ရေး အတွက် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် အညီ ရေးသားဖော်ပြ သုံးသပ်၍ သက်ဆိုင်ရာ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ထံသို့ ဥပဒေအကြံပေးရသည့် လုပ်ငန်းတာဝန်ကြီးကို ထမ်းဆောင်လျက် ရှိနေပါသည်။

ထိုကဲ့သို့ တရားစွဲဆိုတင်ပို့ခြင်းမပြုမီ ဥပဒေအကြံပြု ပြန်ကြားပေး ပြီးနောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သက်ဆိုင်ရာ တရားရုံးသို့ တရားခံများကို တရားစွဲဆို တင်ပို့လာပါက ဥပဒေရုံးကပင် ကနဦးစိစစ်ပြီး ဥပဒေအကြံပြုချက် နှင့်အညီ တရားစွဲဆို တင်ပို့လာခြင်း ဟုတ်၊ မဟုတ် တရားခံလွဲ၊ မလွဲ သက်သေခံ ပစ္စည်းများ တစ်ပါတည်း တင်ပို့နိုင်ခြင်း ရှိ၊ မရှိ အစရှိသည်တို့ကို စိစစ်ပြီး တရားရုံးသို့ တရားစွဲဆိုတင်ပို့သည့် လုပ်ငန်းတာဝန်များ ကိုလည်း ထမ်းဆောင်လျက် ရှိနေပါသည်။
တရားရုံးသို့ တရားစွဲဆိုတင်ပို့ပြီး နောက်တွင် တရားရုံး၌ အမှုစစ်ဆေး ရာ၌ ဥပဒေအရာရှိများက နိုင်ငံတော်ဘက်မှ နေ၍ လိုက်ပါစစ်ဆေး ဆောင်ရွက်ကြရပါသည်။ ဤနေရာတွင် စာရှုသူအနေဖြင့် နိုင်ငံတော်ဘက်မှနေ၍ ဟူသည့် စကားရပ်အပေါ် အမြင်ရှုပ်ထွေးသွားစေနိုင် သည့်အတွက် ထပ်မံရှင်းလင်းတင်ပြ ဆွေးနွေးသွားမည်ဖြစ်ပါသည်။

ပြစ်မှုတစ်ရပ်ဖြစ်ပွားပါက (ဥပမာ - ဆဲမှု၊ ရိုက်နှက်မှု၊ လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု၊ လိမ်လည်မှု၊ ယာဉ်တိုက်မှု၊ လောင်းကစားမှု၊ မူးယစ်ဆေးဝါးမှု များ အစရှိသည်ဖြင့် ...) ဖြစ်ပွားပါက အဆိုပါ ပြစ်မှုကျူးလွန်ခံရသူ ကိုယ်တိုင်နှင့် ဆက်စပ်ပတ်သက်မှု ရှိနေသည့် မိသားစုများမှာ ကိုယ်/စိတ် နှစ်ပါး ဆုံးရှုံးနစ်နာမှုဖြစ်ရုံ သာမက ပစ္စည်းဥစ္စာများလည်း များစွာဆုံးရှုံးနစ်နာမှု ဖြစ်ရပါသည်။ ထိုနည်းတူစွာပင် အဆိုပါအမှုများ ဖြစ်ပေါ်ပါက ရပ်ရွာအတွင်း၊ ဒေသအတွင်း၊ ခရိုင်အတွင်း ထိုမှတစ်ဆင့် တိုင်းဒေသကြီး/ပြည်နယ်အတွင်း ထိုမှတစ်ဆင့် တက်ပါက နိုင်ငံတော်အတွင်း အေးချမ်းသာယာမှုကို ထိခိုက် စေရုံသာမက လူ့စွမ်းအား အရင်းအမြစ်များ များစွာဆုံးရှုံးနစ်နာမှု ဖြစ်ရပါသည်။ ထို့ပြင် လူမှုစီးပွားရေး အသိုက်အဝန်း ကိုလည်း ပျက်စီးယုတ်လျော့ မှုများ ဖြစ်ရပါသည်။ သို့ဖြစ်ပါသောကြောင့် ပြစ်မှုကျူးလွန်ခံရသူ ကာယကံရှင်နှင့် မိသားစုဝင်များ ဆုံးရှုံးနစ်နာမှု ဖြစ်ရသကဲ့သို့ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ်များဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတော်ကြီး သည်လည်း ကြီးမားသော ဆုံးရှုံးနစ်နာမှုများ ဖြစ်ရပါသည်။

သို့ဖြစ်ပါ၍ အဆိုပါပြစ်မှု ကျူးလွန်ခဲ့သူကို ကျူးလွန်သည့်ပြစ်မှုနှင့် ပတ်သက်၍ ထိုက်သင့်သည့် ပြစ်ဒဏ်ရရှိရေး အတွက် လည်းကောင်း၊ ဖြစ်စဉ် အမှန်ပေါ်ပေါက်မှု ဖြစ်စေရေးအတွက် လည်းကောင်း၊ နိုင်ငံတော်ဘက်မှ နေ၍ (တစ်နည်းအားဖြင့် ဆုံးရှုံးနစ်နာသူ ဘက်မှ) လိုက်ပါဆောင်ရွက် အမှုစစ်ဆေး ခြင်းဖြစ်ပါသည်။ နစ်နာသူမှာ တရားလိုဖြစ်ပြီး ပြစ်မှုကျူးလွန် ခဲ့သူမှာ တရားခံဖြစ်သည်ဟု ယေဘုယျသဘော သတ်မှတ်နိုင် သောကြောင့် ရှင်းလင်းစွာ အများနားလည်လွယ် အောင် တင်ပြရပါလျှင် အများအမြင်၌ တရားလိုအကျိုးဆောင် အဖြစ်လည်းကောင်း၊ အစိုးရရှေ့နေ အဖြစ် လည်းကောင်း သတ်မှတ်၍ ရနိုင်ပါသည်။ သို့ဖြစ်ပါသည့် အတွက်ကြောင့် နစ်နာသူတရားလို အနေဖြင့် ၄င်းဘက်တွင် အလိုအလျောက် နိုင်ငံတော် အစိုးရက အစိုးရရှေ့နေ တစ်ယောက် လိုက်ပါဆောင်ရွက်ရန် အတွက် ခန့်ထားပေးလိုက်သည့် သဘော၊ ပြင်ပစကားနှင့် ဆိုရပါလျှင် ရှေ့နေတစ်ယောက် ငှားရမ်းပေးလိုက်သည့် သဘော သက်ရောက်နေပါသည်။

အထက်က စာရေးသူတင်ပြခဲ့သည့် ဥပဒေအရာရှိများ အကြောင်း မသိရှိသူ လူ ၇၀ ဦးကို အပထားပြီး အမှုအခင်းဖြစ်ဖူးသူ သို့မဟုတ် တစ်နည်းနည်းဖြင့် ပတ်သက်ဖူးသူ လူ ၃၀ ဦးခန့်တွင်ပင် တရားရုံး၌ အမှုစစ်ဆေးသော အခါ ဥပဒေအရာရှိ ဆိုသူ၏ စစ်ဆေးမေးမြန်း ဆောင်ရွက်နေမှုများ အပေါ် နားမလည်၊ မသိရှိဘဲ ဘယ်ဘက်က လိုက်သည့် ရှေ့နေလဲ၊ ဘယ်သူငှားထားတာလဲ ဟုပင် အစရှိသည့် သံသယများစွာဖြင့် ကနဦးတွင် အထင်ခံ၊ အမေးခံ၊ အစူးစမ်းခံနေရတတ် ပါသည်။
အမှန်မှာ ဥပဒေနှင့်အညီ အမှန်တရား ပေါ်ပေါက်စေရေးအတွက် နိုင်ငံတော်ဘက်က နေ၍ တစ်နည်းအားဖြင့် တရားလိုနစ်နာသူ ဘက်မှနေ၍ ရပ်တည်စစ်ဆေးပေး နေသည်ကို နစ်နာသူ တရားလိုဘက်မှ ကောင်းစွာ သိရှိနားလည် သဘောပေါက်ထားရန် လိုပါသည်။

အထက်က စာရေးသူတင်ပြခဲ့သည့် အပိုင်းများမှာ ဥပဒေအကြံပေး သည့်အပိုင်းနှင့် တရားစွဲဆို တင်ပို့ပြီးနောက် တရားရုံးတွင် အမှုလိုက်ပါ စစ်ဆေးဆောင်ရွက်သည့် အပိုင်းများဖြစ်ပြီး နောက်ထပ်တင်ပြမည့် အပိုင်းမှာ တရားရုံးက ချမှတ်သည့် အမိန့်တစ်ရပ်အပေါ် ပြင်ဆင်မှုနှင့် အယူခံ တင်သွင်းရေး တို့အတွက် စိစစ်ဆောင်ရွက်ခြင်း အပိုင်းဖြစ်ပါသည်။ ဥပမာ- တရားရုံးက ချမှတ်လိုက်သော အပြီးသတ် အမိန့်တစ်ရပ်အပေါ် တရားခံ ကျူးလွန်သည့် ပြစ်မှုအနေအထားနှင့် ပြစ်ဒဏ်တို့မျှတမှု ရှိ မရှိ၊ မိမိရုံးတွင် သတ်မှတ်ထားသည့် ပုံစံများ၌ စိစစ်ရေးသွင်း၍ သဘောထား မှတ်ချက်များ ဖြင့် တစ်ဆင့်မြင့် ဥပဒေရုံးများသို့ ပေးပို့ တင်ပြရခြင်း ဖြစ်ပါသည်။ ဥပမာ- မြို့နယ်ဥပဒေရုံး ဖြစ်ပါက ခရိုင်ဥပဒေရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်ဥပဒေ ချုပ်ရုံးများထံသို့ အစီရင်ခံ ပေးပို့တင်ပြရခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ ထို့အတူ တရားရုံးက တရားခံအပေါ် ချမှတ်သော အမိန့်သည် အပြီးအပြတ် လွှတ်သော အမိန့်တစ်ရပ်ဖြစ်ပါက မိမိရုံးတွင်းတွင် သတ်မှတ်ထားသည့်  ပုံစံ များ၌ ရေးသွင်း ဖြည့်သွင်း၍ ဥပဒေနှင့် ညီ/မညီ၊ မှန်ကန်မှု ရှိ/မရှိ စိစစ် သုံးသပ်၍ သဘောထား မှတ်ချက်များဖြင့် တစ်ဆင့်မြင့် ဥပဒေရုံးများသို့ အစီရင်ခံပေးပို့ တင်ပြရခြင်း ဖြစ်ပါသည်။ 

နစ်နာသူတရားလိုအနေနှင့် တရားရုံးက တရားခံအပေါ် ချမှတ်သော အမိန့်အပေါ် ကျေနပ်လက်ခံသည့်တိုင် အမှုလိုက်ပါ ဆောင်ရွက်သည့် ဥပဒေအရာရှိနှင့် တာဝန်ခံ ဥပဒေအရာရှိတို့က ပြစ်မှုနှင့် ပြစ်ဒဏ်မျှတမှု မရှိကြောင်း သို့မဟုတ် တရားခံကို အပြီးအပြတ် လွှတ်သည်မှာလည်း ဥပဒေနှင့် မညီကြောင်း ယူဆသုံးသပ်ပါက အဆိုပါ တရားခံအပေါ် ထိရောက် ဟန့်တားလောက်သော ပြစ်ဒဏ်များရရှိစေရေး သို့မဟုတ် အပြီးပြတ်လွှတ်ပါက ပြစ်ဒဏ်ပြန်လည် ရရှိနိုင်ရေးတို့အတွက် အဆင့်မြင့်ဥပဒေရုံး များသို့ ပြင်ဆင်မှုဝင်ရောက်ရန် တင်ပြခြင်း သို့မဟုတ် အယူခံမှု ဝင်ရောက်ရန် တင်ပြခြင်းတို့ ဆောင်ရွက်လျက်ရှိပြီး ထိုသို့ ဆောင်ရွက်ရန် တာဝန်ရှိနေကြသူ များလည်း ဖြစ်ကြပါသည်။

ယနေ့ပြည်သူများ စိတ်ဝင်စားမှု မြင့်တက်နေသည့် တရားစီရင်ရေး ကဏ္ဍအပိုင်းတွင် ပါဝင်ပတ်သက် တာဝန်ထမ်းဆောင်မှု ပြုနေသည့် ဥပဒေ အရာရှိများအကြောင်း အများပြည်သူများ ရှင်းလင်းလွယ်ကူစွာ သိရှိနိုင်ရေး အတွက် ရေးသားတင်ပြရန်မှာ တစ်ချိန်တည်း၊ တစ်ထိုင်တည်းတွင် မဖြစ်နိုင် ပါသောကြောင့် စာရေးသူအနေဖြင့် နောက်ပိုင်းအလျဉ်းသင့် ပါက ပြည်သူ များ ဗဟုသုတအသစ်များ သိရှိတိုးပွားနိုင်ရေး အလို့ငှာ ဆက်လက်ရေးသား တင်ပြသွားမည် ဖြစ်ပါကြောင်းနှင့် ယခုဆောင်းပါးတွင်မူ များမြောင်လှသည့် ဥပဒေအရာရှိများ၏ လုပ်ငန်းတာဝန်များ အနက်မှ ပြည်သူများ ဦးစားပေး သိထားသင့်သော တစ်စိတ်တစ်ဒေသ တာဝန်ပိုင်းကိုသာ ရွေးထုတ်ရေးသား တင်ပြလိုက်ရခြင်းဖြစ်ကြောင်း အစီရင်ခံတင်ပြရင်း အသိပညာဗဟုသုတ ဝေငှပေး လိုက်ပါသည်။
ဒီမိုကရေစီစနစ် လက်ခံကျင့်သုံးနေပြီဖြစ်သော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး၏ အဓိကမဏ္ဍိုင်ကြီး သုံးရပ်အတွင်းမှ တရားစီရင်ရေး မဏ္ဍိုင်ကြီးတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သက် တာဝန်ထမ်းဆောင်မှု ပြုနေသော အဆင့်ဆင့်သော ဥပဒေရုံးများရှိ ဥပဒေအရာရှိများအကြောင်း
ပြည်သူများ သိရှိနိုင်ရန် ဗဟုသုတ အလို့ငှာ ရေးသားဖော်ပြရန် ရည်ရွယ်ချက်ဖြင့် ဤဆောင်းပါး ကို ရေးသားတင်ပြခြင်း ဖြစ်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...