Sunday, May 5, 2013

အခြေခံဥပဒေဟု ဆိုရာဝယ် (၁) မျိုးသန့်

by Myo Thant (Notes) on Saturday, December 1, 2012 at 11:58pm

နိုင်ငံများမှာ အခြေခံဥပဒေတွေရှိကြတယ်။ ပုံမှန်အားဖြင့် မျက်မှောက်ခေတ် အခြေခံဥပဒေတို့တွင် ယေပူယျ - ပြည်သူတွေ၏ အခွင့်အရေးများကို ကမ္ပည်းထိုး (စာဖြင့်ရေးထား) ပြီး၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော နိုင်ငံတွေဆိုလျင် အခြေခံဥပဒေအတိုင်း နိုင်ငံနှင့် ပြည်သူအကျိုး အတွက် ပြည်သူ့ဆန္ဒနှင့်အညီ လက်တွေ့မှာပါ ကာကွယ်ပေးဒါကို တွေ့ရှိနိုင်တယ်။
နောက်ပြီး အာဏာကို ဘယ်ပုံဘယ်နည်း ခွဲဝေသတ်မှတ် သုံးစွဲရမယ်။ အစိုးရအဖွဲ့ကိုလည်း ဘယ်လို ဖွဲ့စည်းတည်ဆောက်ထားသလဲ ဆိုဒါတွေပါ တွေ့ရှိနိုင်တယ်။ ထို့အပြင် အစိုးရအာဏာကို ရယူ ကျင့်သုံးမည့် သူများအတွက်လည်း ပြည်သူတွေ၏ အခြေခံအခွင့်အရေးများကို မထိခိုက်အောင် အာဏာကို အတိုင်အတာအကန့်အသတ်များကို သေချာစွာ ဖေါ်ပြထား ဒါတွေကိုလည်း တွေ့ရမှာဖြစ်တယ်။
တကယ်တမ်း အခြေခံဥပဒေဆိုသည်မှာ ပြည်သူနဲ့ အာဏာကို အသုံးပြုမည့်သူများ (အစိုးရ) အကြား တည်ရှိနေသည့် ခံဝန်ကတိ တနည်းအားဖြင့် ဆိုသော် (ပဋိညာဉ်) စာချုပ်ဟု ယေပူယျ နားလည်းလို့ရတယ်။

အခြေခံဥပဒေအဓိပ္ပါယ်က အာဏာကို ပိုင်ဆိုင်သူနဲ့ အာဏာကို ဌားရမ်းသူ (အစိုးရ) အကြား တည်ရှိနေသော စာချုပ်ဖြစ်၍ အခြေခံဥပဒေထဲတွင် အာဏာ၏ မူလပိုင်ရှင်ဖြစ်သော ပြည်သူတွေ၏ အခွင့်အရေးများနဲ့ အကျိုးစီးပွားတို့ကို တိကျရှင်းလင်းစွာဖေါ်ပြထားကြတယ်။ ပြည်သူတွေ၏ အသက် အိုးအိမ် စည်းစိမ်တွေနဲ့ ပိုင်ဆိုင်မှုများအပါအ၀င် အခွင့်အရေးများကို နစ်နာဆုံးရှုံးမှု့ များ ဖြစ်ပေါ် မလာစေရန် အစိုးရအနေဖြင့် ကာကွယ်ပေးရန်ဖြစ်တယ်။ ပြည်သူများကလည်း၊ မိမိတို့ အကျိုးကို ဆောင်ရွက်ပေးသော အစိုးရဥပဒေများကို လေးစား လိုက်နာရတယ်။

အထူးသဖြင့် အာဏာကို ဌားရမ်းသူများ (အစိုးရ) အတွက် အာဏာကို ဘယ်ပုံဘယ်နည်း၊ ဘယ်လို အသုံးပြု၍ အုပ်ချုပ်ခွင့်ရှိသည်ကို ဖေါ်ပြထားကြတယ်၊ ဆိုလိုသည်က အာဏာကို ခွဲဝေမှုပုံစံနှင့် သုံးစွဲမှုတို့ကို သူ့အဆင့်၊ သူ့နေရာတွင် တိကျရှင်းလင်းစွာ သတ်မှတ်၍၊ မိမိအလုပ်ကို မိမိသိရှိပြီး၊ သူများအလုပ်တို့ကို ၀င်ရောက်စွက်ဖက် နှောက်ယှက်ဒါမျိုး မဖြစ်အောင် ရှင်းလင်းစွာ ဖေါ်ပြထားခြင်းဖြစ်တယ်။ အဓိကအကြောင်းက ဥပဒေအတွင်း (သို့မဟုတ်) ဥပဒေပြင်ပ ကနေ အာဏာရှင်စနစ် မပေါ်ပေါက်လာအောင် တားဆီး ထားခြင်းဖြစ်လို့ အာဏာကို သုံးစွဲသူများအကြား အချင်းချင်းအပြန်အလှန် ထိန်းကျောင်းထားသော စနစ်ဖြင့် အစိုးရအာဏာကို သုံးစွဲနေသူများ အချင်းချင်း လုပ်ပိုင်ခွင့် အာဏာတို့ကို ချိန်ခွင်လျှာမျှအောင် ဖန်တီးထားကြတယ်။

အာဏာကို လူတစ်ယောက် (သို့မဟုတ်) လူတစ်စု လက်ထဲတွင် စုပုံပြီး ရောက်မသွားစေရန် ကန့်သတ်ချက်များ ထားရှိပြီး၊ အစိုးရအတွင်းနဲ့ အဆင့်ဆင့်သော အစိုးရအဖွဲ့များအကြား တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့အချင်းချင်း အာဏာလု အားပြိုင်မှုမရှိစေဘဲ၊ စုပေါင်းလက်တွဲ၍ ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုးအတွက် အပြန်အလှန် ငြင်းခုံမှု၊ အပေးအယူလုပ်ဆောင်မှုနှင့် အပြန်အလှန် အလျှော့ပေး စေ့စပ်မှုတို့ကို ဆောင်ရွက်ရတယ်။


သမိုင်းကြောင်းနှင့် အဆင့်ဆင့်ဖွံ့ဖြိုးတိုးတက်လာခြင်း၊
အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံသူတွေအတွင်းတည်ရှိခဲ့သည် ဥပဒေတွေ၏ သမိုင်းဟာ လူ့ယဉ်ကျေးမှု စတင် ပေါ်ပေါက်လာ ကတည်းက တဖြည်းဖြည်းနဲ့ ဖွံ့ဖြိုးတိုးတက်လာခဲ့ သည်ကို လေ့လာတွေ့ရှိနိုင်တယ်။ အုပ်ချုပ်မှု ဥပဒေရေးရာနဲ့ ပတ်သတ်လို့ ပြဌာန်းခဲ့သည့် သမိုင်းကို ပြန်ကြည့်လျင် ကမ္ဘာပေါ်မှာ အစောဆုံးကာလဖြစ်ခဲ့သည့် ခရစ်တော် မပေါ်မှီ နှစ်ပေါင်း (၂၃၀၀) လောက်ကတည်းက စတင်ခဲ့ကြတယ်လို့ဆိုကြတယ်။ အထောက်အထားတော့ မတွေ့သေးပေ။

ဒါပေမယ့် ရှေ့ဟောင်း လူ့အဖွဲအစည်းရေးရာ လေ့လာသူ ပြင်သစ်လူမျိုးတဦးက (၁၈၇၇) က ယနေ့ခေတ် အခေါ် အီရတ်နိုင်ငံတွင် အထောက်အထားတစ်ခုကို လေ့လာတူးဖေါ်တွေ့ရှိခဲ့တယ်။

ခေတ်အဆက်ဆက်လူတို့ တီထွင်ခဲ့ကြသော လက်နက်ပစ္စည်းတွေကို ကြည့်ပြီး ယဉ်ကျေးမှုအဆင့်အတန်းကို ပိုင်းခြား သတ်မှတ်ကြရာမှာ သမိုင်းပညာရှင်တွေက လူ့သမိုင်းကို ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ စက်မှုခေတ်ဆိုပြီး ပိုင်းခြားခဲ့ကြတယ်။ ၎င်း ပြင်သစ်လူမျိုး တူးဖေါ်တွေ့ရှိခဲ့သည့် အထောက်အထားမှာ ကြေးခေတ် အစပိုင်းက မက်ဆိုပိုတေးမီးယားနိုင်ငံတွင် ကျင့်သုံးခဲ့ဒါဖြစ်တယ်လို့ ဆိုတယ်။

တရားဥပဒေဆိုင်ရာ ပြဌန်းချက်တစ်ခုဖြစ်ပြီး၊ ကမ္ဘာသမိုင်းမှာ ရှေ့အကျဆုံး နိုင်ငံသားတို့၏ ရပိုင်ခွင့်များကို ပြဌာန်းပေးခဲ့ဒါကို တွေ့ရှိ ရမှာဖြစ်တယ်။ ဥပမာ-မုဆိုးမများနဲ့ မိဘမဲ့ ကလေးများကို အခွန်အကောက် မကောက်ခံရ၊ နောက်ပြီး ဆင်းရဲသားများကို ချမ်းသာ သူတွေက မတရား အတိုးနှုန်းများမြင့်တင်ထားဒါမျိုးမရှိစေရ စသည်တို့ဖြင့် နိုင်ငံသားများကို ဥပဒေတို့ဖြင့် ပြဌာန်းကာကွယ်ပေး ထားဒါကို တွေ့ရှိနိုင်တယ်။

ဒီနောက်ပိုင်း ခရစ်တော် မပေါ်မှီ နှစ်ပေါင်း (၂၁၀၀) နဲ့ (၂၀၅၀) အကြားတွင် ယနေ့ထက်တိုင် လေ့လာနိုင်သော မှတ်တမ်းတင်ထားသည့် ဥပဒေများကိုလည်းတွေ့ရှိရမှာဖြစ်ပြီး၊ ၎င်း ဥပဒေများသည် ယနေ့ခေတ်အထိ ကမ္ဘာမှာ သုံးစွဲနေသော ရောမ ဥပဒေပြုစနစ်နဲ့ အင်္ဂလိပ် ဥပဒေပြုစနစ်များ၏ မူလအရင်းခံဖြစ်လာခဲ့တော့တယ်။


ထိုနောက်ပိုင်းတွင် အခြေခံဥပဒေများကို
အေသင်
ခရစ်တော် မပေါ်မှီ နှစ်ပေါင်း (၅၉၄) တွင် အာဏာရှင် (နိုဗယ်ဥပဒေပြုပုဂ္ဂိုလ်) ဆိုလွန်က ဒါရာကို ဥပဒေကို ပြင်ဆင်ဒါတွေ၊ ဖျက်သိမ်း ဒါတွေဖြင့် ပြုပြင်ပြောင်းလဲမှုများပြုလုပ်လာခဲ့ရာမှာ ဆိုလွန်နီယန်း အခြေခံဥပဒေသစ်ကို ပြဌာန်းလာတယ်။ အလုပ်သမားတွေအပေါ်မှာ ကျရောက်နေသော ၀န်ထုတ်ဝန်ပိုးများကို ဖျက်သိမ်းပေးဒါတွေ၊ အုပ်ချုပ်ရေး လူတန်းစားများကို ပညာရှိမှူးမတ်တွေ အုပ်ချုပ်မှုကနေ ချမ်းသာသောသူများဖြင့် အခြေခံလာခဲ့တယ်။ ချလစ်သင်ဆိုသော ပုဂ္ဂိုလ်က ထပ်မံပြီး၊ ခရစ်တော် မပေါ်မှီ နှစ်ပေါင်း (၅၀၈) တွင် အေသင် အခြေခံဥပဒေကို ဒီမိုကရေစီစံနှုန်းတို့အပေါ် အခြေခံလာစေခဲ့တယ်။

အရစ္စတိုတယ်လ် (ဂရိအတွေးအခေါ်ပညာရှင်) က ခရစ်တော် မပေါ်မှီ (၃၅၀) တွင် သာမန်ဥပဒေနဲ့ အခြေခံဥပဒေတို့ ကို ပထမဦးဆုံး အနေဖြင့် ရှင်းလင်းစွာ ခွဲခြားသတ်မှတ်ပေးခဲ့ပြီး၊ အခြေခံဥပဒေ၊ အခြေခံဥပဒေဆိုင်ရာအယူဝါဒ၊ မတူညီသော အခြေခံဥပဒေများအရ ပေါ်ပေါက်လာသော အစိုးရပုံစံများကို အမျိုးအစားခွဲခြားသတ်မှတ်ပေးခဲ့တယ်။ ယေပူယျ အဓိပ္ပါယ်ကို ဆောင်နေသော အခြေခံဥပဒေဆိုင်ရာ အသုံးအနှုန်းတွေကနေ၊ နိုင်ငံတစ်ခု၏ အစိုးရ ဖွဲ့စည်းမှု ပုံသဏ္ဍန်ကို ဖေါ်ထုတ်ပေးခဲ့ခြင်း၊ နောက်ပြီး အေသင် အခြေခံ ဥပဒေရေးရာ၊ နိုင်ငံရေးရာနဲ့ နိုင်ငံရေးကို အခြေပြုသော စိတ်ပိုင်ဆိုင်ရာ ကိုယ်ကျင့်တရားရေးရာ စသည့်တို့ကို ဖေါ်ထုတ်သတ်မှတ်ပေးလာခဲ့တယ်။

ဆက်လက်ပြီးတော့ ကောင်းသော အခြေခံဥပဒေနဲ့ ဆိုးသော အခြေခံဥပဒေဟူး၍ အေသင်၊ စပါ (တ်) တာနဲ့ ကာသ (စ်) ချ (စ်) တွေမှာ ရှိသော အခြေခံဥပဒေတွေကို အမျိုးအစားခွဲခြား ပေးခဲ့ပါသေးတယ်။ အကောင်းဆုံး အခြေခံဥပဒေကတော့ မင်းဧကရာဇ်၊ မူးမတ်မျိုးနွယ်၊ ပြည်သူများပါဝင်နေသော အခြေခံဥပဒေက အကောင်းဆုံး ဖြစ်တယ်ဟု ဆိုခဲ့တယ်။ နောက်ပြီးတော့ နိုင်ငံသားတွေနဲ့ နိုင်ငံသား မဟုတ်သူများ၊ ကျွန်များတို့အကြား မတူညီချက်တွေကို အသိအမှတ်ပြုပြီး၊ နားလည်းမှုများကိုပါ ရရှိစေခဲ့တယ်။

ရောမခေတ်
ခရစ်တော် မပေါ်မှီ (၄၅၀) တွင် ဇယားပေါင်း (၁၂) ခုပါဝင်သော အခြေခံဥပဒေကို ပြဌာန်းခဲ့တယ်။ အချိန်အခါအလိုက် ဥပဒေတွေကို အစဉ်အလိုက် ဖြည့်စွက်ခဲ့ကြတယ်။ ရောမ ဥပဒေတွေဟာ အတွဲလိုက် ပြဌာန်းခဲ့ပြီး၊ ခရစ်နှစ် (၄၃၈) အထိ ခရစ်ယာန်ဧကရာဇ်တွေ၏ လက်ထက်ရောက်လာမှ ဥပဒေတွေကို တစ်ခုခြင်းပြဌာန်းလာခဲ့ကြတယ်။

ခရစ်နှစ် (၅၂၉) မှ (၅၃၉)ခုနှစ် အထိ အရှေ့ဥရောပမှာ ကျင့်သုံး ခဲ့သော ခေါရပ်ဂျူရပ် (ဂျက်စတင်န (န်) ပထမဆုံး ခရစ်ယန်ရောမဧကရာဇ် လက်ထက်က ပြဌာန်းသော) ဥပဒေပြုစနစ်ဟာ ဥပရောပတိုက် တခုလုံး လွှမ်းမိုးပြန့်နှံ့ လာပါတော့တယ်။ ၎င်းဥပဒေတို့ကို ခရစ်သက္ကရာဇ် (၇၄၀) မှာ အရှေ့ပိုင်းရောမ ဧကရာဇ်များ ဖြစ်ကြသော လီယို (၃) ဆီးရီယန်းနဲ့ ခရစ်နှစ် (၈၇၈) ဘာစီ (လ်) ဥရောပအရှေ့ပိုင်းတွေမှာ ပြဌာန်းကျင့်သုံး ခဲ့ဒါတွေကို တွေ့ရှိရမှာပါ။

ရှေ့ခေတ် အိန္ဒိယ
ခရစ်တော် မပေါ်မှီ နှစ်ပေါင်း ( ၃၀၄) မှ (၂၃၂ ) တွင် အာသောကမင်းကြီးလက်ထက်တွင် အခြေခံဥပဒေဆိုင်ရာ စည်းမျဉ်းများကို ရှေ့ဟောင်း အိန္ဒိယတွင် ပြဌာန်း ခဲ့ဒါကိုတွေ့ရှိနိုင် ပါသေးတယ်။

ဂျပန်
ခရစ်နှစ် (၆၀၄) ခုနှစ်တွင် အပိုဒ် (၁၇) ခုပါသော အခြေခံဥပဒေကို မင်းသားကြီး ရှုးတိုကူ (ခေါ်) ယူမာရဒိုကို၏ အစီရင်ခံချက်အရ ပေါ်ပေါက်လာသော ၎င်းအခြေခံဥပဒေသည် အာရှ၏ နိုင်ငံရေးသမိုင်းမှာ ရှေ့ဦးစွာပေါ်လာခဲ့သော ဥပမာတခုဖြစ်လာခဲ့တယ်။ ဗုဒ္ဓ၏ အဆုံးအမများအပေါ် အခြေခံထားဒါကို တွေ့ရှိရမှာဖြစ်ပြီး၊ အစိုးရရေးရာ အဖွဲ့အစည်းတွေထက် လူကျင့်ဝတ်ဆိုင်ရာတရားတွေကို ပိုမိုစောင်းပေးထားဒါကို တွေ့ရှိ ရမှာဖြစ်တယ်။ ဒါပေမယ့် ဒီအခြေခံဥပဒေတွေဟာ အစိုးရနဲ့ သက်ဆိုင်နေသည်ကို ထင်ရှားစွာတွေ့ရှိနိုင်ပါတယ်။

အင်္ဂလန်
ခရစ်နှစ် (၁၁၀၀) ခုနှစ်တွင် ပထမမြောက် ဟန်နရီဘုရင်က ကြေညာခဲ့သော မှူးမတ်တွေနဲ့ ဘုရားကျောင်းတွေမှ ဘာသာရေးခေါင်ဆောင်များအကြား ဆက်ဆံရေး ဆိုင်ရာ ပြဌာန်းချက်ဖြစ်တယ်။ (၁၂၁၅) ခုနှစ်တွင် ဂျွန်ဘုရင်ကို မှူးမတ်များ၏ ဖိအားဖြင့် ဘုရင်၏ အာဏာကို ကန့်သတ်ထားပြီး၊ မှူးမတ်တွေ၏ အဆင့်အတန်းတွေကို ကာကွယ်ထားတယ်။ နိုင်ငံသားများ၏ အခွင့်အရေးဆိုင်ရာ ဥပဒေတို့ကို အတည်ပြု လက်မှတ်ထိုးပေးခဲ့ရတယ်။ ဘုရင်အနေဖြင့် မိမိ၏ တိုင်းသူပြည်သားများကို ဥပဒေမဲ့ ဖမ်းဆီးဒါတွေ၊ လွတ်လပ်ခွင့်များကို ကန့်သတ်ဒါတွေ၊ ဥပဒေပြင်ပမှ ပြုလုပ်မှုတွေ၊ အဝေးရောက်အောင် လုပ်ဆောင်မှုတွေ မရှိစေရဟူ၍ သက်ဦးစံပိုင် ဘုရင်၏ အာဏာကို ကန့်သတ်မှုတွေကို ပြုလုပ်နိုင်ခဲ့ပြီး၊ အင်္ဂလန်နဲ့ ဝေလတို့တွင် ယနေ့ထက်တိုင် တည်ရှိနေသော အုပ်ချုပ်ရေး ဥပဒေဖြစ်နေပါတော့တယ်။

၎င်းလွတ်လပ်ခွင့်ဆိုင်ရာ ဥပဒေတွေဟာ အင်္ဂလန်နိုင်ငံတွက် လွတ်လပ်မှုမှတ်တိုင်တခုဖြစ်လာခဲ့တယ်။ ဒါကတော့ အဲဒီခေတ်က အင်္ဂလန်မှာ တည်ရှိခဲ့သော ဘုရင်နဲ့ အထက်တန်း လွှာများ (ဘာသာရေးခေါင်းဆောင်တွေ၊ မြေပိုင်ရှင်ကြီးတွေနဲ့ အခြားသော နိုင်ငံ၏ အထက်တန်းလွှာများ) အကြားတည်ရှိခဲ့သည့် (ပဋိညာဉ်) စာချုပ်ဖြစ်ခဲ့ ပေမယ့်၊ နောက်ပိုင်းမှာ သာမန်ပြည်သူတွေအထိ ကျယ်ပြန့်လာပြီး၊ အဆုံးမှာတော့၊ စည်းမျဉ်းခံ ဘုရင်စံနစ်အထိ ဖြစ်လာခဲ့တော့တယ်။ အာဏာကို ဘုရင်နဲ့ အထက်တန်းလွှာများအကြားကနေ၊ ပါလီမန်အတွင်းတွင် အာဏာကို ချိန်ခွင်လျှာမျှတအောင် လုပ်ထားသောနေရာအဖြစ် ပြောင်းလဲလာစေခဲ့တယ်။

မြင့်မြတ်သော ရိုမန်အင်ပါယာ
ခရစ်နှစ် (၁၃၅၆) တွင် ရွှေတံဆိပ်ပါ ဒီဂရီကို နုရင်ဘတ်၏ ဧကရာဇ် ချားလ် (၄) က ပြင်ဆင်ပြဌာန်းခဲ့တယ်။ ၎င်းအခြေခံဥပဒေသည် နှစ်ပေါင်း (၄၀၀) လောက်အထိ တည်ထွန်းခဲ့ပြီး၊ မြင့်မြတ်သော ရိုမန်အင်ပါယာအတွက် အခြေခံဥပဒေဆိုင်ရာ ဖွဲ့စည်းပုံအဖြစ် များစွာအရေးပါခဲ့တယ်။

တရုတ်
ဧကရာဇ်ဟောင်ဝူက ဖန်တီးပြီး၊ တိုးတက်မှုကိုပြသနိုင်သော ပြဌာန်းချက်တခုက သူ့အခေါ် မိရိုးဖလားစည်းမျဉ်းဖြစ် (၁၃၇၅) ခုနှစ်တွင်ပြဌာန်းခဲ့ပြီး သူ မသေဆုံးမှီ ၁၃၉၈ခုနှစ်အထိ (၂) ကြိမ်အထက် ပြောင်းလဲခဲ့တယ်။ ၎င်း စည်းမျဉ်းများကို အခြေခံဥပဒေအဖြစ် မင်း (ဂ်) မင်းဆက်အသီးသီးတို့က ၎င်းကို အခြေခံဥပဒေအဖြစ်ဆက်လက်၍ နှစ်ပေါင်း (၂၅၀) လောက်အထိ ကျင့်သုံးခဲ့တယ်။


မျက်မှောက်ခေတ်အခြေခံဥပဒေများ
အစောဆုံးပြဌာန်ခဲ့သော အခြေခံဥပဒေကတော့ လက်တင်ဘာသာဖြင့်ရေးသားထားသော ဆ (န်) မာရိယိုခေါ်သော စာအုပ် (၆) အုပ်ဖြစ်တယ်။ (ယနေ့တွင် အီတလီနိုင်ငံ အတွင်းက ဒေသတခုဖြစ်တယ်။) ပထမ စာအုပ်မှာ အပိုဒ် (၆၂) ခုပါရှိပြီး၊ ကောင်စီအဖွဲ့များ၊ တရားရုံးများ၊ မျိုးစုံသော အုပ်ချုပ်ရေးအဏာပိုင်အဖွဲများနဲ့ ၎င်းတို့အား အာဏာကို ဘယ်ပုံဘယ်နည်းပေးအပ်ထားသည်ကို ဖေါ်ပြထားပြီး၊ ကျန်စာအုပ်တို့ကတော့ ရာဇာဝတ်ဆိုင်ရာ ဥပဒေတွေနဲ့ ရောမ ဥပဒေတွေဖြစ်ကြတယ်။

(၁၆၃၉) ခုနှစ် အမေရိကန်တွင် ကော်န (က်) တ (စ်) က (ပ်) ၏ ကိုလိုနီဖြစ်ကြသည့် ကော်န(က်) တ (စ်) က (ပ်) မြစ်နံဘေးနားတ၀ိုက်ရှိ မြို့များတွင် ပြဌာန်းသော အစိုးရ အုပ်ချုပ်ရေးဖြစ်တယ်။ ဒါဟာ မြောက်အမေရိကတိုက် အတွက် ပထမဦးဆုံး ဖြစ်လာသော အခြေခံဥပဒေတရပ် ဖြစ်လာတော့တယ်။ ထို့ကြောင့် ကော်န (က်) တ (စ်) က (ပ်) ပြည်နယ်ကို အခြေခံဥပဒေပြည်နယ်ဟု တင်စားခေါ်ဝေါ်လာခဲ့ကြတယ်။

(၁၆၅၃) ခုနှစ်တွင် ဓနသဟာရ အင်္ဂလန်၊ စကော့တလန် နှင့် အိုင်ယာလန်တို့၏ အခြေခံဥပဒေဖြစ်သော အစိုးရယန္တရားစနစ်ကို ပြဌာန်းထားပြီး၊ များမကြာမှီ (၁၆၅၅) တွင် ပါလီမန်စနစ်ဖြင့် အစားထိုးခဲ့တယ်။ နောက်ပိုင်းတွင် ဒုတိယအကြိမ်အခြေခံဥပဒေကို (၁၆၅၇) တွင် ဖြည့်စွက်ပြဌာန်းလာခဲ့တယ်။

(၁၂) မြောက်ဆွီဒင်ဘုရင်ချား (လ်) (စ်) ၏ အကူအညီနဲ့ (၁၇၁၀) ခုနှစ်တွင် ယူကရိန်းမှာ ပါလီမန်ဒီမိုကရေစီပုံစံဖြင့် အခြေခံဥပဒေတရပ်ပေါ်ထွန်းလာခဲ့တယ်။ ဒီအခြေခံဥပဒေ ကလည်း ခေတ်သစ်ဥရောပမှာ အစောဆုံးတွင် တည်ရှိလာခဲ့တယ်။ အုပ်ချုပ်ရေးအာဏာကို ကန့်သတ်ချက်များထားရှိပြီး၊ ဒီမိုကရေစီမူများနဲ့အညီ ရွေးကောက်ပွဲတွေမှ တဆင့် ကိုယ်စားလှယ်တွေနဲ့ အထွေထွေကောင်စီလို့ ခေါ်သော ပါလီမန်ကို ဖွဲ့စည်းထားဒါကို တွေ့ရှိနိုင်တယ်။ (၁၇၇၂) မှာလည်း ဆွီဒင်မှာလည်း အဲဒီလို အခြေခံ ဥပဒေကို ပြဌာန်း ခဲ့ဒါကို တွေ့ရှိရမှာဖြစ်တယ်။

မြောက်အမေရိကရှိ ဗြိတိသျှကိုလိုနီများမှာလည်း အမေရိကန်တော်လှန်ရေးကာလက ပြည်နယ် (၁၃) ခုတွင် မက်စာချူးဆက်နဲ့ လု (ပ်) အိုင်လန်ပြည်နယ်တွေကလွဲလို့ ကွန်ဖရယ်ဒရေးရှင်းနဲ့ အမေရိကန်ပြည်ထောင်စုတို့၏ အခြေခံဥပဒေတွေ မတိုင်မီ မိမိတို့ ပြည်နယ်အလိုက် ကိုယ်ပိုင်အခြေခံဥပဒေကို (၁၇၇၆) - (၁၇၇၇) တွင်ပြဌာန်း ခဲ့ဒါကိုတွေ့ရှိရမှာဖြစ်တယ်။ ၎င်းသည် အမေရိကန်နိုင်ငံမှာ ရှေ့အကျဆုံသော အခြေခံဥပဒေတခု ဖြစ်လာခဲ့တယ်။


မျက်မှောက်ခေတ် အခြေခံဥပဒေတွေထဲမှာ ရှေ့အကျဆုံးသော အခြေခံဥပဒေတခု ဖြစ်သည့် အမေရိကန်ပြည်ထောင်စု၏ အခြေခံဥပဒေ http://www.tryfreedom.us/wp-content/uploads/2012/03/United-States-Constitution.jpg

ဒီမိုကရေစီစံသော အခြေခံဥပဒေများ
ကမ္ဘာပေါ်တွင် အနောက်ခြမ်းနဲ့အရှေ့ခြမ်းတွေမှာ ဘာသာရေးနဲ့ လောကနီယာမ သဘာဝတရားတို့ကို အခြေခံသော အတွေးအခေါ်ပညာရှင်တွေ များစွာပေါ်ထွန်းခဲ့တယ်။ ၎င်းတို့၏ အတွေးအခေါ်တွေဟာ လူ့အဖွဲ့ အစည်းများအပေါ် များစွာ သြဇာသက်ရောက်မှုများ ရှိခဲ့ကြဒါကို တွေ့ရှိနိုင်တယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့၊ အုပ်ချုပ်ရေးတွေ အပေါ်မှာ ဖြစ်ကြပြီး၊ အဲဒီခေတ်ကာလတို့တွင် နိုင်ငံတချို့အတွင်း ဘာသာရေး၊ လောကသဘာဝ နီယာမတရာတွေအပေါ်မှာ အခြေခံပြီး၊ အခြေခံဥပဒေတို့ကို ရေးဆွဲလာကြ ဒါကို တွေ့ရှိရမှာဖြစ်တယ်။

(၁၈) ရာစုလောက်မှာ လူတွေ၏ အသိဥာဏ်ကို ပိုမိုကျယ်ပြန့်လာစေသော ဖြစ်ပေါ်မှု့ လှိုင်းတခု ပေါ်ထွန်းခဲ့တယ်။ ထိုကာလမှာ အတွေးအခေါ်ပညာရှင်များစွာပေါ်ပေါက်လာခဲ့ပြီး၊ ၎င်းတို့တတွေ၏ အတွေးအခေါ်တွေက အနုပညာ၊ သိပ္ပံနဲ့ အတွေးအခေါ်ဆိုင်ရာတွေကို သိတာစွာပြောင်းလဲပေးစေခဲ့တယ်။

ဉာဏ်ပညာဆင်ခြင်တုံတရားဖြင့်ရေးထားသည့် အခြေခံဥပဒေများကို အတွေအခေါ်ပညာရှင်များဖြစ်ကြသော သောမတ် (စ်) ဟာဘီ (စ်)၊ ဂျိန် (စ်) ဂျေကန် (စ်) ရိုစီအ (စ်) နဲ့ ဂျွန်လော့ (ခ်) တို့လို လူတွေ၏ အတွေးအခေါ်များဖြင့် လူ့အဖွဲ့အစည်းတို့ကို တိုးတက်ဖြိုးဖွံ့ လာစေခဲ့တယ်။ ဒီလိုမျိုး အခြေခံဥပဒေဖြင့် တည်ရှိ လာသော အစိုးရတွေဟာ တည်ငြိမ်သော၊ တည်ထွန်းသော၊ တာဝန်ခံသော၊ ပွင့်လင်းသော၊ ပြည်သူကို ကိုယ်စားပြုသော ဒီမိုကရေစီမူတွေကို အခြေခံပြီး၊ ရေးဆွဲရန် ရည်ရွယ်လာခဲ့ကြတယ်။

၁၇၉၁ခုနှစ်တွင် ပိုလန်တွေ၏ လစ်သွေနီးယား အခြေခံဥပဒေတွေနဲ့ (၁၇၉၁) ခုနှစ်၏ ပြင်သစ် အခြေခံဥပဒေတွေမျိုး ဖြစ်တယ်။ ၁၈၁၂တွင် စပိန်နိုင်ငံ၏ အခြေခံဥပဒေကို နမူနာပုံစံအဖြစ် များစွာသော လစ်ပရယ်အခြေခံဥပဒေကို ဥရောပတောင်ပိုင်းရှိနိုင်ငံတွေနဲ့ လက်တင် အမေရိကနိုင်ငံတွေမှာ ရေးဆွဲလာခဲ့ကြတယ်။ ဥပမာ (၁၈၂၂) ခုနှစ်၏ ပေါ်တူဂီနိုင်ငံ၏ အခြေခံဥပဒေ၊ တခုတည်းသော အီတလီ  မဖြစ်ပေါ်လာခင်မှာ ပေါ်ခဲ့သော အခြေခံဥပဒေ (သို့မဟုတ်) (၁၈၂၄) ခုနှစ်၏ မက်စီကိုနိုင်ငံ၏ အခြေခံဥပဒေမျိုးတွေဖြစ်တယ်။

နပိုလီယန်စစ်ပွဲ၏ ရလာဒ်တခုက နော်ဝေနိုင်ငံသည် ဒိန်းမတ်လက်က လွှတ်ခဲ့သော်လည်း၊ ဆွိဒင်သက်ဦးစံပိုင် လက်ကပြေးမလွှတ်ခဲ့ပါဘူး။ ဒါပေမယ့် ၁၈၁၄တွင် နော်ဝေနိုင်ငံ၏ အခြေခံဥပဒေထဲတွင် အများပြည်သူအုပ်ချုပ်ရေးနဲ့ လူတဦးချင်းလွတ်လပ်မှုတို့အပါအ၀င် အမေရိကန်၏ အခြေခံဥပဒေတွေနဲ့၊ ပြင်သစ်တော်လှန်ရေးဆိုင်ရာတွေမှာပါရှိသော အချက်များစွာကို ထည့်သွင်းထားခဲ့တယ်။ သက်ဦးစံပိုင်စနစ်ကို ၎င်းအခြေခံဥပဒေနဲ့ စပိန်နိုင်ငံကဲ့သို့ ကန့်သတ်ပေးခဲ့တယ်။ (၁၈၁၁) ခုနှစ်တွင် ဆိုက်ဘေးရီယားနိုင်ငံ၏ တော်လှန်ရေးတရပ်က အခြေခံဥပဒေရေးဆွဲပြဌာန်းရေးဆီသို့ ဦးတည်လာခဲ့ပြီး၊ နောက်ပိုင်း (၁၈၃၅) ခုနှစ်တွင် အခြေခံဥပဒေကို တရားဝင်ပေါ်ထွက် လာခဲ့တယ်။

ကျေးဇူးပြုပြီးတော့ အခြေခံဥပဒေဟု ဆိုရာဝယ် (၂) ကို ဆက်လက် ဖတ်ပါ။
http://www.facebook.com/notes/myo-thant/%E1%80%A1%E1%80%B1%E1%80%BB%E1%80%81%E1%80%81%E1%80%B6%E1%80%A5%E1%80%95%E1%80%B1%E1%80%92%E1%80%9F%E1%80%AF-%E1%80%86%E1%80%AD%E1%80%AF%E1%80%9B%E1%80%AC%E1%81%80%E1%80%9A%E1%80%B9-%E1%81%82-%E1%80%99%E1%80%BA%E1%80%B3%E1%80%AD%E1%80%B8%E1%80%9E%E1%80%94%E1%80%B9%E1%82%95/10151270309732593

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...