Thursday, May 16, 2013
အဖြောင့်သွား ငါးဆင့် သီအိုရီ
by Athenian Ahnyarthar (Notes) on Wednesday, May 15, 2013 at 8:14pm
[Linear Stages Theory/Five Stages Theory]
ကားလမတ်စ် သည် ကွန်မြူနစ်ဝါဒကိုထုတ်ဖေါ်၍ အလုပ်သမားလူတန်းစား (Proletariat)၊ (မြန်မာပြည်ကွန်မြူနစ်တို့ အခေါ် ပစ္စည်းမဲ့လူတန်းစား) သည် အရင်းရှင်တို့ ကိုတော်လှန်ကာ အဆုံးတနေ့ ၌ လူတန်းစားခွဲခြားခြင်းမရှိသော လူ့ အဖွဲ့အစည်းကိုအောင်မြင်စွာ တည်ဆောက် လိမ့် မည်ဟု ဟောကိန်းထုတ်သည်။ ဤသည်ကို တန်ပြန်ရန်အတွက် အမေရိကန်တို့ သည်လည်း “အဖြောင့်သွားငါးဆင့်သီအိုရီ” ဟု ခေါ်သော်ရနိုင်အံ့သော Walt Rostow ၏ “Five Stages Theory/Linear Stages Theory” ကို တင်ပြလာကြ၏။
Rostow သည်ဂျူးဖြစ်၍ ဘောဂဗေဒသမိုင်း (Economic History) ဆိုင်ရာ ပညာရှင် ဖြစ်၏။၎င်း၏ဖခင်ရော၊ အစ်ကိုများပါ ကွန်မြူနစ်ဝါဒ ကိုထောက်ခံသူများဖြစ်ကြသော်လည်း Rostow ကိုယ်တိုင်ကမူ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဋ္ဌာန၏ အရေးပါအရာရောက်သည့် အရာရှိကြီးတစ်ဦးဖြစ်၏။ ၁၉၆၀ ခုနှစ်တွင် Rostow သည် ဘောဂဗေဒသမိုင်းဆိုင်ရာအမြင်ဖြင့်ရေးသားထားသော “The Stages of Economic Growth: A Non-Communist Manifesto” စာအုပ်ကိုထုတ်ဝေခဲ့လေသည်။
နာမည်ကဖေါ်ပြသည့်အတိုင်းပင် ဤသီအိုရီသည် ဖွံ့ ဖြိုးမှုသို့ သွားရာ၌ ကျော်ဖြတ်ရမည့်အဆင့်များကိုဖေါ်ပြထားလေသည်။ ၎င်းအဆင့်များသည်လည်း အဖြောင့်သွားဖြစ် (linear) ၍ တဆင့်ပြီးမှတဆင့်သွားရမည်ဖြစ်ပြီး ခုန်ကျော်၍ နောက်တစ်ဆင့်သို့ မရောက်နိုင်ပေ။
တကယ်တော့လည်း Rostow ကရေးသားခဲ့သည်မှာ စီးပွးရေးကြီးထွားမှု (economic growth) သာဖြစ်၍ စီးပွားရေးဖွံ့ ဖြိုးမှု (economic development) မဟုတ်ပေ။ သို့ သော် သူ၏စာအုပ်တွင်မူ “ပို၍ဖွံ့ ဖြိုးသော (more developed)” နှင့်  “ဖွံ့ ဖြိုးမှုပိုနဲသော (less developed)” ဒေသများကိုမူ ခွဲခြားပြောဆိုခဲ့လေသည်။
ထို့ အပြင် သီအိုရီပါ “စီးပွားရေးကြီးထွားမှု၏အဆင့်များ (stages of economic growth)” ဟူသည် “ပို၍ဖွံဖြိုးသောအခြေအနေ more developed status” သို့ သွားရာ ခြေလမ်းများပင်ဖြစ်ပေသည်။ Rostow ၏အမြင်အရ ဖွံ့ ဖြိုးမှုသို့ သွားရာ လမ်းမှာ တကြောင်းတည်းသောလမ်းသာဖြစ်၍ နောက်ဆုံးအဆင့်တွင် ကြီးမားသောနိုင်ငံနှင့်ချီအမြောက်အမြားစားသုံးမှု (the Stage of High Mass Consumption) သို့ ရောက်ကာ ဖွံ့ ဖြိုးမှုကိုရရှိပေလိမ့် မည်ဟူ၍ဖြစ်ပေသည်။ တနည်းအားဖြင့် ဖွံ့ ဖြိုးမှုဟူသည် လူဦးရေထုထည်ကြီးတစ်ခုလုံးမှ (mass population) စားသုံးကုန်စည်များ (consumer products) အတွက် အမြောက်အမြားကုန်ကျခံသုံးစွဲနိုင်ခြင်း၊ လယ်ယာကဏ္ဍသည် စီးပွားရေးလည်ပတ်မှုကြီးတစ်ခုလုံး၏ သေးငယ်သောအပိုင်းသာဖြစ်ခြင်း၊ နှင့် မြို့ ပြကိုများစွာအခြေခံခြင်း (urban based) စသည့် သွင်ပြင်လက္ခဏာများဖြင့် အတိပြီးရမည်ဟုဆိုလိုပေသည်။ သည့်အပြင် စာအုပ်၏ခေါင်းစဉ်ခွဲဖြစ်သည့် “ကွန်မြူနစ်မဟုတ် ကြေငြာစာတမ်း”  (“A Non-Communist Manifesto”) ကပင် ဖွံ့ ဖြိုးမှုဟူသည် ကွန်မြူနစ်စံနစ်ထက် အရင်းရှင်စီးပွားရေးစံနစ်နှင့်သာ သဟဇာတဖြစ်သည်ဟု တင်ပြထားလေသည်။
ဤသီအိုရိသည် ဖွံ့ ဖြိုးမှုကို မော်ဒန်ဖြစ်ခြင်းနှင့်ဆက်စပ်နေသော ဖြစ်စဉ်ဖြစ်ရပ်တစ်ခုအနေဖြင့် ရှုမြင်ထားပါသည်။ တနည်းအားဖြင့် ဖွံ့ ဖြိုးမှုဟူသည် သမရိုးကျ (traditional) ယဉ်ကျေးမှု ဓလေ့ထုံးစံများရှိသည့်လယ်ယာအခြေပြုလူ့ အဖွဲ့ အစည်းများ (agricultural societies) မှ ကျိုးကြောင်းကျစဉ်းစားတွေးခေါ်သော (rational)၊ စက်မှုဖွံ့ ဖြိုးသော (industrial)၊ ၀န်ဆောင်မှုအသားပေးသော (service focused) စီးပွားရေးစံနစ်သို့ ကူးပြောင်းရောက်ရှိသွားသော ဖြစ်စဉ်တစ်ခုဟု တင်ပြထားခြင်းပင်ဖြစ်ပေသည်။
Rostow က အားလုံးသော ကမ္ဘာ့လူ့ အဖွဲ့ အစည်းတို့ သည် ဘောဂဗဒအတိုင်းအတာအားဖြင့် ၎င်းတင်ပြထားသည့်အုပ်စုငါးမျိုးထဲမှ တစ်မျိုးမျိုးသာ ဖြစ်သည်ဟု ဆိုပေသည်။ ဖွံ ဖြိုးမှုကို ဖြစ်စဉ်တစ်ခုအဖြစ် မြင်သာစေရန်အတွက် Rostow က လေယဉ်ပျံတက်ခြင်းဥပမာကို ပေးခဲ့လေသည်။ လေယဉ်တစ်စင်းသည် ပြေးလမ်းတစ်လျှောက် လုံလောက်အောင်ပြေးပြီးမှသာ မြေပြင်မှ ကြွတက်ခြင်း (take-off) ပြုနိုင်၍ သည့်နောက်မှ ကောင်းကင်ထဲတွင်လေဟုန်စီးခြင်း (soaring) ကိုပြုနိုင်ပေလိမ့်မည်။ ထို့ အတူ ကမ္ဘာ့တိုင်းပြည်အသီးသီးတို့ သည်လည်း ဖွံ့ ဖြိုးမှုပြေးလမ်းပေါ်ရှိ မိမိတို့ ၏ဆိုင်ရာဆိုင်ရာအဆင့်တို့ တွင်ရှိနေကြပေသည်။ ၎င်းအဆင်များကို Rostow ကအောက်ပါအတိုင်းခွဲခြားထားလေသည်။
၁) သမရိုးကျလူ့ အဖွဲ့ အစည်းများ ==> ၂) ကြွတက်ခြင်းမတိုင်မှီတင်ကူးအခြေအနေများ ==> ၃) ကြွတက်ခြင်း ==> ၄) ရင့်ကျက်မှုသို့ မောင်းနှင်ခြင်း ==> ၅) နိုင်ငံနှင့်ချီအမြောက်အမြားစားသုံးမှု
ရှင်းလင်းချက်
၁) သမရိုးကျလူ့ အဖွဲ့ အစည်းများ (traditional societies) မှာ- စိုက်ပျိုးရေးအခြခံသော၊ နယူတန်ခေတ်မတိုင်မှီ သိပ္ပံနှင့်နည်းပညာကိုအသုံးပြုသော၊ မိသားစုနှင့်မျိုးနွယ်စုအလိုက် နေထိုင်ကြသော အမျိုးသားနိုင်ငံများအဖြစ်မပေါ်ထွန်းနိုင်သေးသည့် လူ့ အဖွဲ့ အစည်းများဖြစ်သည်။
၂) ကြွတက်ခြင်းမတိုင်မှီတင်ကူးအခြေအနေများ (preconditions for take-off) ဆိုသည်မှာ- နိုင်ငံတနိုင်ငံတွင် လူဦးရေတိုးနှုန်းထက် စုဆောင်းမှုနှင့်ရင်းနှီးမြှုပ်နှံမှုနှုန်းက မြင့်မားခြင်း၊ အမျိုးသားနိုင်ငံအဆင့်အဖွဲ့ အစည်းများနှင့်၊အင်စတီကျူးရှင်းများရှိခြင်း၊ အီလစ်အသစ်များပေါ်ထွက်လာခြင်း၊ ပြင်ပကျူးကျော်မှုများကြောင့် အပြောင်းအလဲများဖြစ်တတ်ခြင်း။ [ မြန်မာနိုင်ငံသည် ဤအဆင့်မှမကျွတ်လွတ်နိုင်သေးဟု ထင်ပါသည်။ ]
၅) နိုင်ငံနှင့်ချီအမြောက်အမြားစားသုံးမှု (Age of High Mass Consumption)- ကား၊တီဗွီ စသည့် ကြာရှည်ခံကုန်စည်များ (durable goods) များနှင့် ၀န်ဆောင်မှုများအား ၀ယ်ယူစားသုံးမှု ကျယ်ကျယ်ပြန့် ပြန့် များပြားလာခြင်း၊ ကျန်းမာရေး၊ပညာရေးစသည့် လူမှုဖူလုံရေးဝန်ဆောင်မှုများ (welfare services) အတွက် ဆထက်တပိုး သုံးစွဲလာခြင်း
အချုပ်ဆိုရသော် Rostow ၏သီအိုရီသည် မော်ဒန်ဖြစ်မှု (modernity) ကို ရရှိရန် အနောက်ကမ္ဘာ၏ အောင်မြင်မှုအတိုင်းလိုက်နာလုပ်ဆောင်ရန်လိုအပ်ကြောင်းတင်ပြထားခြင်းမျှသာဖြစ်၏။ သည့်အတွက် ၎င်းကို မော်ဒန်ဖြစ်ခြင်းသီအိုရီများ (Modernization Theories) ထဲမှ အကောင်းဆုံးသော ဥပမာတစ်ခုအဖြစ်မှတ်ယူနိုင်ပေသည်။ ထို့ အပြင် ဤသီအိုရီရှိ ဖွံ့ ဖြိုးမှုနယ်ပယ်သည် နိုင်ငံတော်အဆင့် (national scale) စကေးနယ်ပယ်ဖြစ်နေသည်ကို သတိချပ်ရပေမည်။ တနည်းအားဖြင့် သီအိုရီပါ အဆင့်အသီးသီးတို့ သည် နိုင်ငံအဆင့်တိုင်းတာခြင်းများသာဖြစ်သည်ကိုသတိပြုရပေမည်။ ဆိုရလျှင်- Rostow အဖို့  ဖွံ့ ဖြိုးမှုဟူသည် ဤကဲ့သို့ နိုင်ငံအဆင့် (national scale) ဖြင့်သာနားလည်အပ်သော အရာမျှသာဖြစ်သည်ဟု ဆိုသော်လွန်အံမထင်ပေ။
--------------------------------------------------------------------------------------------------
Katie Willis ရေးသား၍ Routledge တိုက်ထုတ်ဖြစ်သည့် “Theories and Practices of Development” စာအုပ်ကို အဓိကမှီငြမ်းပြု၍ ရေးသားထားပါသည်။ ရွက်ပုန်းသီး လီကွမ်းယူး မျိုးဆက်သစ်များအတွက် ရည်ရွယ်ပါသည်။
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...