Wednesday, May 15, 2013
ရှေးရိုးစံထားသီအိုရီများနှင့် စီးပွားရေးကြီးထွားမှု
by Athenian Ahnyarthar (Notes) on Monday, May 13, 2013 at 8:29pm
ရှေးရိုးစံထားသီအိုရီများ (classical theories)
ဖွံဖြိုးမှုသီအိုရီအများစုမှာ ၁၉၄၅ နောက်ပိုင်း တွင်မှပေါ်ထွန်းလာကြသော်လည်း ၎င်းတို့ သည်ရုတ်ခြည်းအလိုအလျောက်ထွက်ပေါ်လာသည်မဟုတ်။ ၁၈ ရာစုဥရောပတိုက်ရှိ စီးပွားရေး၊နိုင်ငံရေးနှင့်လူအဖွဲ့ အစည်းဗေဒဆိုင်ရာ စဉ်းစားကြံဆမှုများကိုအခြေပြု၍ တစတစ ဖွံဖြိုးထွက်ပေါ်လာကြခြင်းဖြစ်သည်။၎င်းတို့ အနက် စီးပွားရေးဖွံဖြိုးမှုနှင့်ပတ်သက်သော တွေးခေါ် ယူဆချက်များကိုအလွှမ်းမိုးနိုင်ဆုံးသော သီအိုရီသမားများအနက် တစ်ဦး မှာ အဒမ်စမစ် (Adam Smith) ဖြစ်သည်။
၎င်း၏ ကျော်ကြားလှသောလက်ရာဖြစ်သည့် “နိုင်ငံတို့ ၏ဥစ္စာဓန” ဟုအလွယ်ခေါ်ကြသည့် “An Inquiry into the Nature and Causes of the Wealth of Nations”  မှာ ၁၇၇၆ တွင်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ ဤစာအုပ်သည် ထိုအချိန်က အနောက်ဥရောပ၏ ကုန်သွယ်မှု (trade) နှင့် စီးပွားရေးမူဝါဒ (economic policies)တွင် ကြီးစိုးလွှမ်းမိုးထားသည့်  ကုန်သည်ဝါဒ (mercantile) ကို စိန်ခေါ်ထားခြင်းဖြစ်သည်။
ထိုအချိန် ၁၈ ရာစုဥရောပတွင် စီးပွားရေးကြီးထွားမှုအတွက် အဓိကမောင်းနှင်အားမှာ ကုန်သွယ်မှု (trade) ဖြစ်၍ ကုန်သည်များ- အထူးသဖြင့် အရှေ့ ဥရောပ ကုမ္ပဏီ (the East India)ကဲ့သို့ သော ကြီးမားလှသော ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီကြီးများ (large trading companies)- မှာ နိုင်ငံအစိုးရတို့ နှင့် နှိုင်းယှဉ်ရလောက်အောင်ပင် တန်ခိုးထွားကြလေသည်။ အနှီကုန်သည်တို့ သည် ၎င်းတို့ ၏ အကျိုးစီးပွားကို ကာကွယ်ရန်အလို့ ငှာ ကုန်သွယ်မှုတွင် ၎င်းတို့ အသာစီးရစေမည့် ကာကွယ်ရေးအစီအမံများ (protection measures) ကိုထောက်ခံအားပေးကြလေသည်။ ဤသို့ အစီအမံများဆိုရာတွင် ပြည်ပကုန်ပစ္စည်းများ (goods produced outside the country) အပေါ်၌ တင်သွင်းခွန်မတန်တဆမြှင့်တင်ထားခြင်း (high import tariffs) အား ဖြင့် ပြည်တွင်းထုတ်ကုန်ပစ္စည်းများ (domestically produced goods) သည် အဆိုပါ နိုင်ငံခြားမှတင်သွင်းလာသည့် ကုန်ပစ္စည်းများထက် စားသုံးသူများအမြင်တွင် ပို၍ဈေးချိုသယောင် ပြုလုပ်ထားလေ့ရှိကြသည်။ ဤသို့ ”များနိုင်သမျှများများရောင်း၊ နည်းနိုင်သမျှနည်းနည်းဝယ်”  ဆိုသည့် မိမိအကျိုးစီးပွားကာကွယ်သည့် ကုန်သွယ်မှုဝါဒ (protectionism) ကိုအလွယ်အားဖြင့် “ကုန်သည်ဝါဒ (mercantilism)” ဟုကင်ပွန်းတပ်ခဲ့ကြခြင်းဖြစ်သည်။
မည်သို့ ဆိုစေ Smith အတွက်မူ ဤလုပ်ထုံးလုပ်နည်းသည် ပြည်သူပြည်သားတို့ ၏ကြွယ်ဝမှုနှင့် တိုင်းပြည်၏ စီးပွားရေးကြီးထွားမှုအတွက် အန္တရယ်ကြီးတစ်ခုဖြစ်၍ ကုန်သွယ်လူတန်းစားလက်တစ်ဆုပ်စာအတွက်သာ အကျိုးရှိသည်ဟု မြင်လေ၏။ Smith ၏တင်ပြချက်မှာ စီးပွားရေးဖွံ့ ဖြိုးမှုအတွက်ဆိုလျှင် ကုန်သွယ်မှု (trade) ဆိုသည်ထက် ထုတ်လုပ်မှု (production) ကိုပိုမို၍ အာရုံစိုက်ရန်ဖြစ်ပေသည်။ ဤ၌  အထူးမှတ်သားရမည့်အချက်မှာ လုပ်အားခွဲဝေခြင်း (divisions of labor) သည် ထုတ်လုပ်နိုင်မှု (productivity) ကိုတိုးတက်စေ၍ အကျိုးဆက်အားဖြင့် စီးပွားရေးကြီးထွားမှု (economic growth) နှင့် ကြွယ်ဝမှု (wealth creation) ကို တပါတည်း ဖန်တီးလိမ့်မည်ဟူ၍ဖြစ်သည်။ လုပ်အားခွဲဝေခြင်းဟူရာ၌ ထုတ်လုပ်မှုဖြစ်စဉ်တစ်ခုလုံးကို လူတစ်ဦးတည်းမှအစအဆုံးပြီးဆုံးအောင်လုပ်မည့်အစား မြောက်များလှစွာသော အဆင့်(stages)များ အဖြစ်ခွဲစိတ်လိုက်ပြီး လူများစွာမှ ၎င်းတို့ နှင့်သာသက်ဆိုင်သည့်အဆင့်တစ်ခုတည်းကိုသာ အသီးသီး ခွဲခြား လုပ်ကိုင်စေခြင်းပင်ဖြစ်သည်။ အကျိုးဆက်အားဖြင့် လုပ်သားတို့ သည် တစ်ခုတည်းသာအာရုံစိုက်ရသည့်အတွက် ၎င်းတို့ လုပ်ကိုင်ရသည့် အလုပ်တွင်များစွာ ကျွမ်းကျင်လာပြီး များများပိုထုတ်လုပ်လာနိုင်တော့သည်။
စမစ်ကဲ့သို့ ပင် သြဇာလွှမ်းမိုးမှုကြီးလှသည့် အခြားသော ရှေးရိုးစံထားဘောဂဗေဒပညာရှင်မှာ ၁၈ ရာစုနှေင်းပိုင်းမှ ၁၉ ရာစုအစောပိုင်းထိရှင်သန်နေထိုင်ခဲ့သော David Ricardo ပင်ဖြစ်ပေသည်။ ရီကာဒိုမှာ လွတ်လပ်သောကုန်သွယ်မှု (free trade) ကိုအပြည့်အ၀ထောက်ခံခဲ့သူဖြစ်၍ “နှိုင်းယှဉ်အကျိုး” သီအိုရီ (comparative advantage theory) ကိုထုတ်ဖေါ်ခဲ့ပေသည်။ ၎င်း၏ သီအိုရီအရ တိုင်းပြည်များသည် မိမိတို့ ၏ အားသာချက်များရှိသည့် ကုန်စည်များ ထုတ်လုပ်ခြင်းနှင့်ရောင်းချခြင်း၌သာ (producing and selling) ဂရုထားရမည်ဟု ဆိုလေ၏။ အဆိုပါ အားသာချက်များဟူသည် မြေ၊ သဘာဝရင်းမြစ်များ၊ ဈေးပေါလုပ်သား၊ နည်းပညာ၊ စသည့်အရာများဖြစ်၏။ ဥပမာ- နည်းပညာရှိသောဂျပန်အတွက် ကားထုတ်လုပ်ခြင်းသည် နှိုင်းယှဉ်အကျိုး (comparative advantage) ရှိသောနယ်ပယ်ဖြစ်၍ မြန်မာပြည်အတွက်မူ စပါးစိုက်ကာ ဂျပန်သို့ ဆန်တင်ပို့ ခြင်းသည် နှိုင်းယှဉ်အကျိုးရှိသော ကိစ္စဖြစ်ပေသည်။
တနည်းအားဖြင့် ဤနှိုင်းယှဉ်အကျိုးသည် တကမ္ဘာလုံးအတိုင်းအတာအားဖြင့် လုပ်အားခွဲဝေခြင်းဖြစ်စေသည်ကို တွေ့ ရပေမည်။ စမစ်၏ လုပ်အားခွဲဝေခြင်းမှာ ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုအတွင်းတွင်သာဖြစ်၍ ရီကာဒို၏ သီအိုရီအရမူ တိုင်းပြည်များအကြား လုပ်အားခွဲဝေခြင်း သို့ မဟုတ် ကမ္ဘာလုံးဆိုင်ရာလုပ်အားခွဲဝေခြင်း (global division of labor) ပင်ဖြစ်တော့သည်။ တနည်းအားဖြင့် ကမ္ဘာ့တိုင်းပြည်တို့ သည် အရာရာအားလုံးကို ထုတ်လုပ်ဖို့ ကြိုးစာသည်ထက်  မိမိတို့ နှိုင်းယှဉ်အကျိုးရှိသော ကုန်စည်ကိုသာ အထူးပြုထုတ်လုပ်ခြင်းသည် စီးပွားရေးအရပို၍အဓိပါယ်ရှိကာ ပို၍အကျိုးကျေးဇူးဖြစ်ထွန်းစေသည်ဟု ဆိုလိုပေသည်။ အဘယ်ကြောင့်ဆိုသော် နှိုင်းယဉ်အကျိုးရှိရာ၌အထူးပြုထုတ်လုပ်ခြင်းအားဖြင့် ထုတ်လုပ်မှုသည် ပိုမို၍ စွမ်းဆောင်ရည်ရှိ (efficient) ကာ၊ ရှားပါးသည့်ရင်းမြစ်များ (scarce resources) ကို ထိထိရောက်ရောက် (effectively) နှင့် ခြွေတာသုံးစွဲရာရောက်ပြီးလျှင် စီးပွားရေးကြီးထွားမှု (economic growth) အတွက် လိုအပ်သည့်စွမ်းရည်များ (capacities)လည်းမြင့်တက်လာပေလိမ့် မည်။
စီးပွားရေးကြီးထွားမှု သီအိုရီ(Economic Growth Theory)
စမစ်နှင့်ရီကာဒိုကဲ့သို့ သော ရှေးရိုးစံထား ဘောဂဗေဒပညာရှင်များ ယုံကြည်ထောက်ခံခဲ့ကြသည့် ဈေးကွက်သည်သာ လူသားတို့ ၏ ပျော်ရွှင်ချမ်းမြေ့မှုများ နှင့် ရင်းမြစ်များအားထိထိရောက်ရောက် အသုံးပြုနိုင်သည့် အကောင်းဆုံးသော ယန္တရားဖြစ်သည်ဟူသည့် အဆိုကို ချေဖျက်နိုင်မည့် စီးပွားရေးအကျပ်အတည်းများ ၂၀ ရာစုအစောပိုင်းကာလများတွင်ဖြစ်ပွားလာခဲ့သည်။ ထင်ရှားလှသည့် ၎င်းအဖြစ်အပျက်တို့ မှာ ၁၉၂၉ ဝေါစထရိပြိုလဲမှု (Wall Street Crash) နှင့် ၁၉၃၀ နှစ်များအတွင်းက အမေရိကား၏ အကြီးအကျယ်စီးပွားရေးကျဆင်းမှု (Great Depression) တို့ ပင်ဖြစ်သည်။ ဤအဖြစ်အပျက်များမှာ အစွန်းရောက်ဈေးကွက်ပျက်ယွင်းမှု (extreme market failure) ကြောင့် မျှခြေ (market equilibrium) သို့ မရောက်နိုင်တော့ပဲ အဆုံးတွင် စီးပွားပျက်ကပ်အတွင်းသို့ သက်ဆင်းခဲ့ရခြင်းပင်။ သို့ ဖြင့် ဘောဂဗေဒပညာရှင်များသည် နိုင်ငံတို့ ၏စီးပွားရေးတစ်ခုလုံးအပေါ် အသွင်သစ်ဖြင့်သိမြင်နားလည်ရန်ကြိုးစားအားထုတ်လာကြရတော့၏။
၎င်းတို့ အနက် အထင်ရှားဆုံးသူမှာ John Maynard Keynes ဖြစ်၍ ၎င်းသည် ၁၉၃၆ တွင် “The General Theory of Employment, Interest and Money” ဟူသောစာအုပ်ကိုထုတ်ဝေခဲ့လေသည်။ ဤစာအုပ်တွင် ကိန်းသည် စမစ်နဲ့ သူ၏နောက်လိုက်များ ယုံကြည်လက်ခံထားသည့် လွတ်လပ်သောဈေးကွက် (free market) သည်သာ အပြုသဘောဆောင်သော တွန်းအား (positive force) ဖြစ်သည်ဟူသော အဆိုကို စိန်ခေါ်ထားလေသည်။ ကိန်းက တင်ပြသည်မှာ စီးပွားရေးကြီးထွားမှုအတွက် သော့ချက်ကျသောအရာမှာ အမှန်အကန်ရင်းနှီးမြှုပ်နှံမှု (real investment) ဖြစ်၍ ဤရင်းနှီးမြှုပ်နှံမှုသည် အခြေခံအဆောက်အဦအသစ်များတည်ဆောက်သည့် ပရောဂျက်များ (new infrastructure projects) တွင် မြှုပ်နှံခြင်းဖြစ်ရမည့်အပြင် အဟောင်းများအား အစားထိုး (replacement)သော ရင်းနှီးမြှုပ်နှံမှုမဖြစ်ရပေ။ ဤသို့ သော အမှန်တကယ်ရင်းနှီးမြှုပ်နှံမှု (real investment) သည်သာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်၍ (job creation)၊ ကြွယ်ဝမှုဖြစ်စေခြင်း (wealth creation) ကိုလည်း မြှောက်ဖေါ်ကိန်းအကျိုးသက်ရောက်မှု (multiplier effect) အားဖြင့် တိုးပွားစေလိမ့် မည်ဟူ၍ တင်ြပခဲ့သည်။ တနည်းအားဖြင့် စီးပွားရေးကြီးထွားမှု(economic growth) အတွက် အပြုသဘောတွန်းအားအဖြစ် အမှန်တကယ်ရင်းနှီးမြှုပ်နှံမှု (real investment) ကို လွတ်လပ်သောဈေးကွက် (free market) နေရာ၌ အစားထိုးတင်ပြခဲ့ခြင်းဖြစ်ပေသည်။
ဆက်လက်၍ သတိပြုရမည်မှာ မြှောက်ဖေါ်ကိန်းအကျိုးသက်ရောက်မှုသည် ပြောင်းပြန်အားဖြင့် အပျက်သဘောလည်းသက်ရောက်နိုင်ပေရာ (negative effect) အမှန်တကယ်ရင်းနှီးမြှုပ်နှံမှု အဆင့် (level of real investment) ကျဆင်းလျော့နဲလာခြင်းသည် အဆုံးတွင် အောက်သို့ စိုက်၍၀က်အူရစ်လည်သည့်အတိုင်း တဖြည်းဖြည်းဖြင့် စီးပွားပျက်ကပ်အတွင်းသို့ သက်ဆင်းကျရောက်ပေလိမ့်မည်။
သည့်အပြင် ကိန်းသည် ရှေးရိုးဘောဂဗေဒပညာရှင်များနှင့်ဆန့် ကျင်စွာ စီးပွားရေးကြီးထွားမှုအတွက် အစိုးရ၏အခန်းကဏ္ဍကို သော့ချက်ကျသောနေရာအဖြစ် ရှုမြင်ခဲ့လေသည်။ ဈေးကွက်အားတစ်ကိုယ်တော်ကြဲခိုင်းခြင်း၊ သူ့ ချည်းသက်သက်လည်ပတ်စေခြင်းထက် ဘဏ်တိုးနှုန်းများကစားခြင်း၊ အစိုးရအသုံးစရိတ်များတိုးခြင်းလျော့ခြင်း စသည့် ငွေကြေးမူဝါဒ (monetary policies)ကိရိယာများ ဖြင့် ရင်းနှီးမြှုပ်နှံမှုအားမြှင့်တင်ရန် အစိုးရပိုင်းမှနေ၍ ၀င်ရောက်စွက်ဖွက်ရမည်ဟု ဆိုခဲ့ပေသည်။ ဥပမာအားဖြင့် လမ်းတစ်ခုအား အစိုးရမှနေ၍ တာဝန်ယူဖေါက်လုပ်သည်ဆိုပါစို့ ။ ဤသို့ လမ်းဖေါက်ခြင်းသည် လမ်းဖေါက်သမားတို့ အား အလုပ်ရရှိစေသည်သာမက လမ်းဖေါက်လုပ်ရေးပစ္စည်းများနှင့်လက်နက်ကိရိယာများရောင်းချသူများပါ အလုပ်ရရှိစေမည်ဖြစ်သည်။ သည့်အပြင် အဆိုပါလုပ်သားများမှ လုပ်အားခငွေများသုံးစွဲကြဦးမည်ဖြစ်ပေရာ ၎င်းသုံးစွဲမှုများသည် အခြားသောသူတို့ ၏ အလုပ်အကိုင်များအားနှင့် ကုမ္ပဏီများအား ထောက်ပံ့ရာရောက်၍ ကုမ္ပဏီများမှ ရရှိလာသည့်အမြတ်အစွန်းကို ထပ်မံ၍ ရင်းနှီးမြှုပ်နှံကြပေလိမ့်ဦးမည်။ ဤသို့ အားဖြင့်စီးပွားရေးတစ်ခုလုံးကြီးသည်လည်ပတ်ကာ စီးပွားရေးကြီးထွားမှုကို ရရှိပေလိမ့် မည်။ ဤသည်ကို မြှောက်ဖေါ်ကိန်းအကျိုးသက်ရောက်မှု (multiplier effect) ဟုခေါ်၍ ၎င်းကိုအောက်ပါအတိုင်းသံသရာလည်နေသည့် ကွင်းဆက်များအဖြစ်မြင်နိုင်ပေသည်။
အစိုးရ (သို့ ) ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ==> တိုက်ရိုက်အလုပ်အကိုင်ဖန်တီးခြင်း ==> တိုးမြင့်လာသောအလုပ်သမားများ၏ အသုံးစရိတ်များ ==> သွယ်ဝိုက် အလုပ်အကိုင်ဖန်တီးခြင်း ==> ပြည်တွင်းရှိတိုးတက်လာသော ကုန်စည်နှင့်ဝန်ဆောင်မှု ၀ယ်လိုအား ==> အစိုးရ (သို့ ) ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု
စင်စစ် ကိန်းသည် အစိုးရအသုံးစရိတ်ကို အကျပ်အတည်းများ ယဉ်ပါးအောင်မွေးမြူ (taming the crises) ရာလက်နက်အဖြစ်အသုံးပြုနိုင်သည်ဟု တင်ပြခဲ့ခြင်းပင်ဖြစ်လေသည်။ ထို့ အပြင်Keynes မှ တောင်ပိုင်းတိုင်းပြည်များ၏ စီးပွားရေးနှင့်ဘောဂဗေဒအခြေအနေများအကြောင်း တိတိပပရေးသားထားခဲ့ခြင်းမရှိသော်လည်း  အစိုးရများ၏အပြုမူမှုများနှင့်ပတ်သက်သော သူ၏တွေးခေါ်ယူဆချက်များမှာ စစ်ပြီးခေတ် ဖွံ့ ဖြိုးရေးလုပ်ငန်းများတွင် ထဲ့သွင်းကျင့်သုံးလာကြသည်ကိုတွေ့ ကြရပြန်ပေသည်။
--------------------------------------------------------------------------------------------------
Katie Willis ရေးသား၍ Routledge တိုက်ထုတ်ဖြစ်သည့် “Theories and Practices of Development” စာအုပ်ကို အဓိကမှီငြမ်းပြု၍ ရေးသားထားပါသည်။ ရွက်ပုန်းသီး လီကွမ်းယူး မျိုးဆက်သစ်များအတွက် ရည်ရွယ်ပါသည်။
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...