Wednesday, May 15, 2013

သတင်းစာဆရာနှင့် နိုင်ငံရေးသမား (မောင်ဝံသ)

by Maung Wuntha (Notes) on Tuesday, May 14, 2013 at 8:47pm
 
ပြည်သူ့ခေတ်ဂျာနယ် ၁၅ မေ ၂၀၁၃မှာ ဖော်ပြခဲ့တဲံ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး။

လက်သံပြောင် ကလောင်ထက်
ခုတစ်လော ကျွန်တော့်ဆရာတချို့ အတော်လက်သံပြောင်ကလောင်ထက် နေတာ အွန်လိုင်းကနေ ဖတ်နေရတယ်ဗျ။ ကျွန်တော့်ဆရာဆိုတာ သတင်းစာဆရာတွေကို ပြောတာပါ။ ယနေ့ခေတ်မှာတော့ သတင်းစာဆရာဆိုတာထက် သတင်းမီဒီယာသမားတွေလို့ ပြောတာကို ပို ကြိုက်ကြပုံရတယ်။ ကျွန်တော်တို့ကတော့ နှစ်ပေါင်းများစွာ တွင်ကျယ်စွာ သုံးနှုန်းခဲ့တဲ့ သတင်းစာဆရာဆိုတဲ့ စကားလုံးကို သံယောဇဉ်ရှိနေတုန်း journalist, press စသည်ကို သတင်းစာဆရာလို့ သုံးရင် ပိုပြီး ဂုဏ်ရှိတယ်လို့ ယူဆတုန်းဖြစ်လို့ ဆက်ပြီး သုံးနှုန်းနေတာပါ။
    ကျွန်တော်ချစ်ခင်လေးစား တန်ဖိုးထားတဲ့ သတင်းစာဆရာတချို့ဟာ နေ့စဉ်ထုတ် ပုဂလိက သတင်းစာတွေထွက်လာပြီးချိန်မှာ လက်ရည်တွေ ပိုတက်လာသလား အောက်မေ့ ရတယ်ဗျ
။ နေ့စဉ်သတင်းစာတွေက အရေး အသားတွေ၊ ခေါင်းကြီးပိုင်းတွေထဲက အများစုဟာ ပြည်သူလူထုရဲ့ သဘောထား အမြင်တွေကို ထင်ဟပ်တာ၊ ပြည်သူလူထုရဲ့ သဘောထားအမြင်တွေကို ဦးဆောင်ပေးနေတာ တွေ့ရလို့ ဘရာဗို၊ ဘရာဗိုလို့ အံ့ချီးမိတဲ့ အကြိမ် အတော်များများ ရှိခဲ့ပါတယ်။

ဂျာနယ်တွေလည်း ပြောင်မြောက်
    နေ့စဉ်ထုတ်သတင်းစာတွေက ကလောင်ထက်လာကြတာကို အကြောမပေးဘဲ အပတ်စဉ်ထုတ် ဂျာနယ်တွေမှာလည်း ရဲရင့် ပြောင်မြောက် တဲ့အရေးအသားတွေ ယခင်ကထက် ပိုတွေ့လာရသလား ထင်မိပါတယ်။
    ကျွန်တော့်ဆရာတစ်ယောက်ဆို အသက်ကြီးလာပေမယ့် ခုမှ ပိုပြီး လက်သွက်လာနေတာ သတိထားမိတယ်ဗျ။ သူ့စာတွေ ဖတ်ရတာ မုန်တိုင်း တိုက်နေတဲ့ကြား ရောက်နေသလားတောင် ခံစားမိတယ်ဗျာ။
နိုင်ငံရေးသမားကြီး
    လက်ရှိသူ့အရေးအသားတွေကို ကြည့်ပြီး သတင်းစာဆရာနဲ့ နိုင်ငံရေးသမား တူညီချက်နဲ့ ခြားနားချက်တချို့ကို စဉ်းစားမိတယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ဆရာက လက်တွေ့နိုင်ငံရေးနယ်ထဲမှာ လောလောဆယ်အချိန်အထိ ကာယကံမြောက် ရပ်တည်နေဆဲ၊ သို့ပေမယ့် သူ့ကိုယ်သူ နိုင်ငံရေးသမားလို့ မပြောဘဲ ]]ကျုပ်ကတော့ တစ်သက်လုံး သတင်းစာဆရာပဲ၊ ကျုပ်တွေးတာ ခေါ်တာ၊ ပြောတာဆိုတာ၊ လုပ်တာ ကိုင်တာတွေအားလုံး သတင်းစာဆရာ ရပ်တည်ချက်နဲ့ချည်းပဲ}}လို့ ပြောနေတုန်း ဖြစ်ပါတယ်။
    ကျွန်တော်က လက်တွေ့နိုင်ငံရေးမှာ ကာလတစ်ခု ပါဝင် လုပ်ဆောင် ခဲ့ပေမယ့် လက်ရှိအနေအထားမှာတော့ မိမိကိုယ်ကို သတင်းစာဆရာ တစ်ယောက်အဖြစ် အပြည့်အ၀ခံယူပြီး နေနေသူဖြစ်ပါတယ်။ လွတ်လပ်တဲ့ သတင်းစာဆရာတစ်ယောက်လို့လည်း မိမိဘာသာ နှလုံးသွင်းထားပါတယ်။
    သို့ပေမယ့် ကျွန်တော့်ဆရာက ကျွန်တော့်ကို နိုင်ငံရေးသမား ပိုဆန်တယ်လို့ ရှုမြင်ခဲ့ပါတယ်။ ဘာကြောင့် အဲသလို မြင်တာလဲလို့ ကျွန်တော် မမေးခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ တိကျတဲ့အဖြေတစ်ခုကို ကျွန်တော် မကြားချင်လို့ ဖြစ်ပါလိမ့်မယ်။

မုန်တိုင်းကလောင်
    ဆရာကတော့ မုန်တိုင်းတိုက်တဲ့ ကလောင်ကို ကိုင်စွဲပြီး သူ့ရင်ထဲ ရှိနေတာတွေကို သွန်ထုတ်နေလေရဲ့။ သူဟာ အမှန်တရားလို့ သူယုံကြည်တဲ့ ရပ်တည်ချက်ကနေ သူ့အမြင်တွေကို ဘွင်းခနဲ၊ ရှင်းခနဲ၊ ဒိုးခနဲ ဒေါက်ခနဲ ရေးနေ ပြောနေပါတယ်။
    ဆရာနဲ့ ကျွန်တော် တွဲလုပ်ခဲ့ကြတုန်းက အဖွဲ့အစည်းရဲ့ စာစောင် ကလေးတစ်ခု (သတင်းရှင်းတမ်း) ထုတ်ခဲ့ကြဖူးတယ်။ အဲဒီတုန်းက ဆရာက စာစောင်ထိပ် ကြွေးကြော်သံအဖြစ် စစ်ကြိုခေတ် ကာတွန်းဆရာကြီး ရွှေတလေးရဲ့ဆောင်ပုဒ် }}
ကမ္ဘာသူ ဓာတ်မှန်ပြသည်သို့ အမှားကို အမှန်ကျ အောင် ရေးရသည်ပဲ}} ဆိုတာကို ထည့်ခိုင်းခဲ့တာ ပြန်သတိရမိတယ်။

နားရည်ဝနေတဲ့ စကားအချို့  
    ဆရာက ပီဘိ လွတ်လပ်တဲ့ သတင်းစာဆရာ တစ်ယောက်ဟာ မိမိပါဝင်နေတဲ့ အဖွဲ့အစည်းရဲ့ မျက်နှာထက် တိုင်းပြည်မျက်နှာ၊ ပြည်သူမျက်နှာ ကို ကြည့်မယ်၊ သည်နေရာမှာလည်း အရာခပ်သိမ်း အများစု သဘောထားကို လိုက်နေစရာမလို၊ အများစုကြီးက အမှားလမ်းကြီးကို လိုက်နေရင် အများစု ကိုလည်း ဆန့်ကျင် ငြင်းပယ်ရမယ်၊ အမှန်ကို ထောက်ပြတည့်မတ်ပေးရမယ်လို့ ခံယူထားပါတယ်။ (ကျွန်တော်နဲ့ စကားလက်ဆုံကျတဲ့အခါများမှာ ကြားရဖန် များလို့ နားရည်ဝနေတာတွေထဲက ကောက်ချက်ဆွဲယူထားတာပါ။)
    လက်တွေ့နိုင်ငံရေးသမား (politician) ကျတော့ မှန်တယ် ထင်တိုင်း မပြောဘူး၊ ပြောဖို့လိုတော့မှ ပြောတယ်။ တိုင်းပြည်အတွက်ရော၊ မိမိအတွက်ပါ ကြီးမားတဲ့ရေရှည်အကျိုးအတွက် လတ်တလော ရေတို ဝေဖန်ခံရမှု၊ ပြစ်တင်ခံရမှုတွေကို သည်းခံတယ်။ တချို့ကို မသိချင် ယောင်ဆောင်တယ်၊  ဥပေက္ခာပြုတယ်။ တချို့ကို မျိုချတယ်။

နိုင်ငံရေးသမား အောင့်နိုင်ရမယ်
    ကျွန်တော့်ကို နိုင်ငံရေးရာ သိမှတ်ဖွယ်ရာတွေ တဖွဖွ သွန်သင်ခဲ့ဖူးတဲ့ ရှာမှ ရှားတဲ့ နိုင်ငံရေးသမားကြီး သခင်ဝတင်က ]]နိုင်ငံရေးသမားရဲ့  အခြေခံ အရည်အချင်းက အောင့်နိုင်ရမယ်ကွ၊ ချင်ခြင်းတွေနောက်ကို မလိုက်ဘဲ အောင့်နိုင်ရမယ်}}လို့ အထူးပြု ပြောခဲ့ဖူးပါတယ်။ ဆရာကြီး သခင်ဝတင်က အင်မတန်မှ   ဖြူစင်သန့်ရှင်းတဲ့   နိုင်ငံရေးသမားကြီးဆိုတော့ နိုင်ငံရေးသမား တွေရဲ့ ကိုယ်ကျင့်တရားဘက်က ပိုပြီး အလေးပေး ပြောခဲ့ပါတယ်။
လောဘ၊ ဒေါသ၊ မာန်မာန အစွယ်တွေကို ချိုးနှိမ်ပြီး အောင့်နိုင်သမျှ အောင့်နိုင်မှ ပြည်သူ လက်ခံတဲ့ နိုင်ငံရေးသမား ဖြစ်မယ်လို့ အတိအလင်းခံယူပါတယ်။
    သတင်းစာဆရာစိတ်နဲ့ နိုင်ငံရေး နယ်ထဲ ရောက်နေတဲ့ ကျွန်တော့် ဆရာကတော့ အမြင်မတော်တာတွေ့ရင် သည်းမခံဘူး၊ အောင့်မထားဘူး၊ ပြောချိန်မတန်သေးပါဘူးလေဆိုပြီး ရက်မရွှေ့ဘူး။ သူက သူ့ကိုယ်ကျိုးအတွက် တစ်သက်တာလုံး ဘာလောဘမှ မရှိခဲ့ဘူး၊ ဒါကြောင့် သူ့မှာ ရှိတဲ့လောဘဟာ ပြည်သူ့အခွင့်အရေးတွေ ပြည့်ပြည်၀၀ ရဖို့ဆိုတဲ့ လောဘပဲ ဖြစ်နိုင်တယ်။ သူက ဒေါသကိုလည်း မအောင့်ဘူး။ သခင်စိုးကြီး ပြောခဲ့ဖူးတယ်ဆိုတဲ့ ပစ္စည်းမဲ့ဒေါသဆိုတာမျိုးတော့မဟုတ်၊ ပြည်သူတွေဘက်က ထပ်တူခံစားတဲ့ ဒေါသမျိုးနဲ့ ရေးနေတယ် ပြောနေတယ်လို့ နားလည်ရပါတယ်။ မာန်မာနဆိုင်ရာမှာလည်း အလားတူပါပဲ။ ပြည်သူ့အခွင့်အရေးကို ထိရင် နည်းနည်းမှ သည်းမခံဘူးဆိုတဲ့ မာန်မာနအပြည့်ရှိပါတယ်။

တိုင်းပြည်အကျိုး ရှေးရှုတာချင်းအတူတူ
    နိုင်ငံရေးသမားဘ၀မှာ သတင်းစာဆရာစိတ်နဲ့ အလုပ်လုပ်နေတဲ့ ဆရာ့ရဲ့ အရေးအသားတွေကို ဆက်တိုက်ဖတ်မိနေရာက တွေးမိတာလေးတွေ ရေးချလိုက်တာပါ။ သည်ခေါင်းစဉ်ဟာ တကယ်တော့ အလွန်ကျယ်ပြန့်ပါတယ်။ စကားရည်လုပွဲလုပ်ရမှာမျိုးလည်း မဟုတ်ပါဘူး။ သတင်းစာဆရာက နိုင်ငံရေးသမားထက် တိုင်းပြည်အကျိုး ပိုလုပ်နိုင်တယ်စသည်ဖြင့် အဆို အခြေ လုပ်ဖို့လည်း မသင့်ပါ။
    တကယ်ကတော့ သည်ဘ၀နှစ်ခုရဲ့ ကြားမှာ သေးသေးမျှင်မျှင် မျဉ်းကလေး တစ်မျဉ်းပဲ ခြားတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ နိုင်ငံရေးသမားနဲ့ သတင်းစာဆရာဟာ အခြေခံအားဖြင့် တိုင်းပြည်အကျိုးကို ရှေးရှုပြီး ကိုယ့်အလုပ်ကိုယ်လုပ်နေကြတာပါပဲ။ သဘာဝအလျောက် ခံယူချက်၊၊ ရပ်တည်ချက်နဲ့ လုပ်ဟန်များမှာ မတူတာလေးတွေ ရှိနေတာလို့ ပြောချင်ပါကြောင်း။

(ကျွန်တော်က ယနေ့ မွန်းလွဲပိုင်း MAI လေယာဉ်နဲ့ စင်ကာပူကနေ ရန်ကုန် ပြန်မှာပါ။ စင်ကာပူဆေးကုခရီး ၅ကြိမ်မြောက်၊ ယခုတစ်ခေါက်မှာ နှစ်လနီးနီးကြာမြင့် ခဲ့ပါတယ်။ ခ့နာသအ့နမစေပနဲ့ မေိငသအ့နမစေပ ပူးတွဲပေးပြီး ကုသမှု ခံယူခဲ့ပါတယ်။ တိုးတက်မှု ရှိမယ်လို့ မျှော်လင့်ပါတယ်။ နောက်နှစ်လ အကြာမှ ပြန်လာပြီး ဆေးစစ်ဆေးမှုများ ပြုလုပ်ရပါဦးမယ်။ ကျွန်တော့်ရဲ့ ချစ်ခင်လေးစားရပေါသော  ဆွေမျိုး မိတ်သင်္ဂဟများ၊ စေတနာရှင်၊ အလှူရှင်များ ထံ အစီရင်ခံခြင်း ဖြစ်ပါတယ်။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။)
၁၂ မေ ၂၀၁၃
maungwuntha@gmail.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...