Friday, May 10, 2013

ဖွံ့ ဖြိုးမှု ကိုတိုင်းတာခြင်း

Athenian Ahnyarthar's status.
ဖွံဖြိုးမှုကိုအဓိပ္ပါယ်ဖွင့်ဆိုကြရာတွင် ၀ိဝါဒကွဲပြားကြသကဲ့သို့ ပင် ဖွံ့ဖြိုးမှုကိုတိုင်းတာရာတွင်လည်း အငြင်းပွားဖွယ်ပြဿနာများကြုံတွေ့ ရ၏။ များစွာသော ဖွံ့ ဖြိုးရေးသမား (development actors) တို့ အဖို့ ဖွံ့ ဖြိုးမှု ဟူသည်ကိုလူသုံးကုန်ပစ္စည်းတစ်ခုကဲ့သို့  တိုင်းတာ၍ရသောအရာ၊ ဆန်းစစ်အကဲဖြတ်အပ်သောအရာဟုမှတ်ယူကြ၏။ ၎င်းဖွံ့ ဖြိုးရေးသမားတို့ မှာ မူဝါဒချမှတ်သူများ (policy makers)၊ အစိုးရအဖွဲ့ များ၊ နိုင်ငံတကာအေဂျင်စီများ စသဖြင့်ဖြစ်နိုင်ပေ၏။ မူဝါဒချမှတ်သများအနေဖြင့် လူအုပ်စုတစ်စု၏ လူမှုရေးဖွံ့ ဖြိုးမှု (social development) အနေအထားကို တိတိကျကျသိမှသာ သင့်လျော်မှန်ကန်သော မူဝါဒကို ဖေါ်ထုတ်ချမှတ်နိုင်ပေလိမ့် မည်။ ထို့ အတူ နိုင်ငံတကာအကူအညီပေးအဖွဲ့ များအနေဖြင့်လည်း ၎င်းတို့ ၏ဖွံဖြိုးရေးအကူအညီများ၏ သက်ရောက်မှုကို ဆန်းစစ်ရန်အတွက် စီမံချက် (ပရောဂျက်) တစ်ခု၏ မစတင်မှီနှင့် ပြီးဆုံးပြီးအခြေအနေတို့ ကိုတိုင်းတာနှိုင်းယှဉ်ရန်လိုအပ်ပေသည်။ အဖျင်းဆုံးအားဖြင့် အပယ်ခံနင်းပြားများ၏အခွင့်အရေးအတွက် လှုပ်ရှားတက်ကြွသူများသည်ပင်လျှင် ၀ိုင်းပယ်ခြင်း (margninalization) ၏သဘောသဘာဝနှင့်ပတ်သက်သော သတင်းအချက်လက်တို့ လိုအပ်ပေသေး၏။

အမှန်စင်စစ် ဖွံဖြိုးမှုကိုတိုင်းတာခြင်းဆိုသည်မှာ တဆင့်ခံအတိုင်းအတာများ (proxy measures) ဖြင့် တိုင်းတာခြင်းသာဖြစ်သည်။ ဥပမာအားဖြင့် ကမ္ဘာ့ဘဏ်က အသုံးပြုခဲ့သော GNP ဟူသည် စီးပွားရေးဖွံ့ ဖြိုးမှု (economic development) ကိုတိုင်းတာခြင်းသာဖြစ်၏။ ဤ၌အခြားသော ကြားခံများ (proxies)၊ ညွှန်ပြကိန်းများ (indicators)ကိုလည်း အသုံးပြုနိုင်ပေသေးသည်ကိုသတိပြုရမည်။ ဥပမာအားဖြင့်- GDP ၌ လယ်ယာလုပ်ငန်းမဟုတ်သော လုပ်ငန်းများ၏ ပါဝင်မှုအတိုင်းအဆ။ တဖက်တွင်လည်း UNDP ၏ HDI တွင်ပါဝင်သော အဓိကသွင်ပြင်လက္ခဏာသုံးမျိုးဖြစ်သည့် ၁)ကျန်းမာရေး ၂) ပညာရေး နှင့် ၃) လူနေမှုအဆင့်အတန်း များကိုတိုင်းတာရန်အတွက်မူ ရိုးရိုးရှင်းရှင်းမဟုတ်သော ညွှန်ပြကိန်းများ (indicators) ကိုရွေးချယ်ရလေသည်။ ဥပမာအားဖြင့် ပထမဒိုင်းမင်းရှင်းဖြစ်သည့် “ကျန်းမာရေး” ကို “ဘ၀သက်တမ်း (life expectancy)” ဖြင့်၎င်း “ပညာရေး” ကို “သက်ကြီးစာတတ်မြောက်မှုနှုန်း (Adult Literacy rate)” စသဖြင့်၎င်း “လူနေမှုအဆင့်အတန်း(living standard)” ကိုမူ “တစ်ဦးကျဝင်ငွေ (GNP per capita) ”ဖြင့်၎င်း ညွှန်ပြကိန်းများ ဖြင့်တဆင့်ခံတိုင်းတာရလေသည်။ အချို့ သော ကြားခံအတိုင်းအတာများ (proxy measures) များသည် များစွာအငြင်းပွားဖွယ်ဖြစ်တတ်ကြသည်။ ဥပမာ- အခြေခံလိုအင်များ (Basic Needs) နှင့်ပတ်သက်၍ အမျိုးအစား (what they are) အနေဖြင့် “လုံလောက်သော အစားအစာနှင့်အ၀တ်အထည်၊ သင့်လျော်သောအမိုးအကာ၊ အလုပ်အကိုင်ရရှိမှု” စသဖြင့်သဘောတူလက်ခံနိုင်ကြသော်လည်း ၎င်းတို့ အားမည်သို့ မည်ပုံ တိုင်းတာကြမည်နည်း (how they are measured) တွင်မူများစွာခက်ခဲနက်နဲလာတော့သည်။

ဖွံ့ ဖြိုးခြင်းအားတိုင်းတာရာတွင် အခြားသောပြဿနာတစ်ခုမှာ နှိုင်းယှဉ်နိုင်စွမ်း (comparability) ပတ်သက်၏။ အချိန်ကာလအားဖြင့်နှိုင်းယှဉ်ခြင်း၊ မတူကွဲပြားသောတိုင်းပြည်များအား နှိုင်းယှဉ်ခြင်း စသည်ကိုဆိုလိုပေသည်။ ဤသို့ နှိုင်းယှဉ်အကဲဖြတ်ရန်အလို့ ငှာ သန်းခေါင်စာရင်းကောက်ယူသကဲ့သို တနိုင်ငံလုံးအတိုင်းအတာဖြင့် ကြီးမားများပြားသော သတင်းအချက်အလက်များကို စုဆောင်းရန်မှာမူ ကျွမ်းကျင်မှုပြည့်ဝသောဝန်ထမ်းများ အလုံအလောက်ရှိခြင်း၊ နည်းပညာရှိခြင်း စသည့် ရင်းမြစ်များလိုအပ်၏။ ဤသို့ သောရင်းမြစ်တို့ မှာ နိုင်ငံအစိုးရတို့ အနေဖြင့် ရှိခဲလှ၍ အခြားသောပြဿနာများဖြစ်သည့် နိုင်ငံရေးမငြိမ်သက်မှု၊ စစ်ပွဲ၊ စသည်တို့ သည်လည်း သတင်းအချက်အလက်ကောက်ယူခြင်းကိုဟန့် တားနှောင့်ယှက်နိုင်၏။ သည့်အပြင် အချို့ သောအုပ်စုများအား လူမှုရေးအားဖြင့်၎င်း၊ စီးပွားရေးအားဖြင့်၎င်း၊ ပထ၀ီဝင်ဆိုင်ရာအားဖြင့်၎င်း ၀ိုင်းပယ်ထားကာ လေ့လာမှုမှ ပယ်ဖယ်ထုတ်ထားမှုများလည်းရှိတတ်ပေသည်။

နောက်ဆုံးပြဿနာတစ်ခုမှာ ဖွံ့ ဖြိုးမှုအတိုင်းအတာတို့ သည် များသောအားဖြင့် အရေအတွက်ပြကိန်းဂဏန်းများ (quantitative) ဖြစ်နေတတ်ခြင်းပင်။ ကြီးမားများပြားသော သတင်းအချက်အလက်များကို ကိုင်တွယ်ရန်နှင့် အချိန်နှင့်နေရာအလိုက်နှိုင်းယှဉ်ရန်အတွက်မူ ဤအရေအတွက်ကိန်းဂဏန်းနည်းအားဖြင့်ချဉ်းကပ်ခြင်းကို နားလည်လက်ခံနိုင်ပေသည်။ သို့ သော်ဤနည်းသည် အရည်အသွေးဆိုင်ရာ ပုဂ္ဂလဓိဋ္ဋာန်ခံစားမှုများကို ထဲ့သွင်းမစဉ်းစားပေ။ အမှန်တကယ်တော့ ဖွံ့ ဖြိုးမှုဟူသည် တစ်ဦးချင်းအဆင့် စကေးနယ်ပယ်ဖြင့်ပါ ထဲ့သွင်းစဉ်းစားရမည်ဖြစ်သည်ကို မမေ့အပ်ပေ။ လူတစ်ဦးချင်းစီနှင့် လူအုပ်စုတို့ ၏ ခံစားမှုများ၊ အတွေ့ အကြုံများ၊ နှင့် ထင်မြင်ယူဆချက်များသည် ဖွံ့ ဖြိုးမှုဖြစ်စဉ်မှ ထုတ်ပယ်ထား၍မဖြစ်နိုင်ပေ။ သည့်အပြင် ဤသို့ အရေအတွက်အားဖြင့် ချဉ်းကပ်ခြင်းသည် ပြင်ပပုဂ္ဂိုလ် (outsiders) တို့ ၏ အတွေးအမြင်များကိုအလေးပေးသည့် အနေအထားသို့ ရောက်သွားတတ်၍ ကာယကံရှင်ဖြစ်သည့် ဒေသခံတို့ ၏ ဖွံ့ ဖြိုးမှုအပေါ် တွေးမြင်ခံယူချက်များကို လစ်လျူရှုလည်းရောက်တတ်ပေသည်။

ဤအတွက် အကောင်းဆုံးသောဥပမာမှာ “ဆင်းရဲမွဲတေမှု (poverty)” အားအဓိပ္ပါယ်ဖွင့်ဆိုခြင်းပင်။ ထောင်စုသစ်ရည်မှန်းချက်များ (MDGs=Millennium Development Golas) တွင် ဆင်းရဲမွဲတေမှုလျော့ချရေးမှာ ပင်မအကြောင်းရာတစ်ခုဖြစ်၍ ဆင်းရဲမွဲတေမှုကို ဘောဂဗဒအလိုအားဖြင့်ဖွင့်ဆိုကာ ဆင်းရဲမွဲတေမှုမျဉ်း (poverty line) ဖြင့်သတ်မှတ်ထား၏။ ဆိုလိုသည်မှာ နေ့ စဉ်ဝင်ငွေ US$ ၁ ထက်နည်းသောသူများအား “အလွန်အမင်းဆင်းရဲမွဲတေမှု (extreme poverty)” အတွင်းကျရောက်နေသူများအဖြစ်သတ်မှတ်ကာ US$ ၂ ထက်နဲသောသူများကိုမူ “ ဆင်းရဲမွဲတေမှု (poverty)” အတွင်းရှိသူအဖြစ်သတ်မှတ်လေသည်။ ဤ၌ သတိပြုရမည်မှာ ဤသတ်မှတ်ချက်သည် များစွာအကန့် အသတ်ရှိနေ၍ အခြားသော အတိုင်းအတာများ (အကျိုးနည်းခြင်း၊အခွင့်အလမ်းမရှိခြင်း စသည်) အတွက်မူ ၀င်ငွေဆင်းရဲမှု (income poverty) နှင့် ဆက်နွယ်သည့်အရာများဟူ၍ုသာ ယူဆထားသည်ကိုတွေ့ ရမည်ဖြစ်ပေသည်။ သည့်အပြင်ဤအတိုင်းအတာများသည် နိုင်ငံအဆင့် အတိုင်းအတာနယ်ပယ်၌သာ အသုံးတည့်လေသည်။

ဤသို့ သော ဆင်းရဲမွဲတေမှုညွှန်ပြကိန်းများသည် ဆင်းရဲမွဲတေမှုအတွေ့ အကြုံများကို အရည်အသွေးအားဖြင့် ပလှပ်ထားတတ်ကြပြန်သေးသည်။ အမှန်တကယ်တော့ လူတို့ သည် ဆင်းရဲမွဲတေမှုကို ကွဲပြားစွာတွေ့ ကြုံနားလည်တတ်ကြသည်ကို Mcllwaine ဆိုသူပညာရှင်က အောက်ပါအတိုင်းတင်ပြခဲ့သည်။

“ကျနော့်အတွက်တော့ ဆင်းရဲမွဲတေမှုဆိုတာ ကိုယ်နဲ့ မတော်တဲ့ကြီးလွန်းတဲ့ ဘောင်းဘီရှည်ကို ၀တ်ရတာပဲ”-(Jose, ၈ နှစ်၊ ဂွာတီမာလာ)

“ဆင်းရဲမွဲတေမှုဆိုတာ ကျမကလေးတွေကို ဖျားနာအောင်လုပ်ပြီး သူတို့ အခြေအနေပိုဆိုးလာအောင်လုပ်တဲ့အရာပဲ ဘာလို့ လဲဆိုတော့ ကျမတို့ က ဆင်းရဲတော့ ဆေးမ၀ယ်နိုင်ဘူးလေ” (Antonia, ၃၀ နှစ်၊ ဂွာတီမာလာ)

“ဆင်းရဲမွဲတေမှုဆိုတာ ကျုပ်ကို မူးလဲသွားအောင် သောက်ခိုင်းပြီး ဒီလို အလဲကွဲသောက်ခြင်းက ကျုပ်ကိုဆင်းရဲမှုဖြစ်စေတဲ့ အရာပဲ” (Eduardo, ၃၅ နှစ်၊ ဂွာတီမာလာ)

ဆင်းရဲမွဲတေမှုအား အထက်ပါကဲ့သို့ အရည်အသွေးအားဖြင့် စစ်ဆေးအကဲဖြတ်ခြင်းများသည် ပြည်သူလူထု၏ တွေ့ ကြုံခံစားမှုများအား ဗဟိုချက်အဖြစ်လေ့လာသုံးသပ်ခြင်းလည်းဖြစ်၏။ အချို့ သောဖွံ့ ဖြိုးမှုဆိုင်ရာချဉ်းကပ်မှုများ သည် နိုင်ငံအဆင့် သုံးသပ်မှုများကို ငြင်းပယ်ကာ ဤကဲ့သို့ သော ပြည်သူဗဟိုပြုချဉ်းကပ်မှု (people centered approach) ကို သော့ချက်အဖြစ်ခံယူကျင့်သုံးကြလေသည်။ မည်သို့ ဆိုစေဤအခြင်းအရာတို့ ကိုကြည့်ခြင်းအားဖြင့် ဖွံ့ ဖြိုးမှုဘာသာရပ်၏ အခြေခံအကျဆုံးဖြစ်သည့် ဆင်းရဲမွဲတေမှုသည်ပင်လျှင် တိုင်းတာအကဲဖြတ်ရန် မည်မျှခက်ခဲသည်ကို သိရှိနိုင်ပေတော့သည်။

ဝေါဟာရ

ကမ္ဘာ့တိုင်းပြည်များအား UNDP သည် HDI လူသားဖွံ့ ဖြိုးမှုညွှန်းကိန်းဖြင့် သုံးစားခွဲခြားခဲ့သကဲ့သို့ ကမ္ဘာ့ဘဏ်သည်လည်း GNP per capita ၀င်ငွေအားဖြင့် လေးမျိုးလေးစားခွဲခြားထားသည်ကိုတွေ့ ခဲ့ကြရပေပြီ။ ထို့ အပြင် ကမ္ဘာ့တိုင်းပြည်များအား ခွဲခြားရာ၌အသုံးပြုသော အခြားများစွာသော ဝေါဟာရများလည်းရှိသေး၏။ ဤဝေါဟာရများကို လေ့လာခြင်းအားဖြင့် မည်သူတို့ သည်ဤသို့ အဓိပ္ပါယ်သတ်မှတ်ရန် ပါဝါအာဏာရှိသည်ကိုတွေ့ နိုင်၍ မည်သည့်အတွက်ကြောင့် သတ်မှတ်ခဲ့သည်ကိုပါ သတိပြုရမည်ဖြစ်၏။
၁၉၇၇ တွင်ကျင်းပခဲ့သော ဘရန့် ကောမရှင် (Brandt Commission) မှ နိုင်ငံများအားအမျိုးအစားခွဲရာတွင် ကမ္ဘာကြီးအား ၂ ပိုင်းခွဲ၍ ကမ္ဘာ့မြောက်ပိုင်းနိုင်ငံများ (Global North) နှင့် ကမ္ဘာ့ တောင်ပိုင်းနိုင်ငံများ (Global South) ဟူ၍ခေါ်ဆိုခဲ့သည်။ မြောက်ပိုင်း (Global North) တွင် ချမ်းသာသည့်နိုင်ငံများဖြစ်သော ဥရောပ၊ ဂျပန်၊ သြစတေးလျ၊ နယူးဇီလန်၊ အမေရိကန်၊ ကနေဒါ တို့ ပါဝင်၍ တောင်ပိုင်းတွင်(Global South) ကျန်သည့် အာဖရိက၊ အာရှ၊ လက်တင်အမေရိက၊ ကာရစ်ဘီယန်နှင့် ပစိဖိတ်ဒေသနိုင်ငံများပါဝင်ကြ၏။ အမှန်စင်စစ် ဤခွဲခြားမှုရှိ မြောက်ပိုင်းတိုင်းပြည်များအားလုံးသည် အီကွေတာ၏မြောက်ဘက်တွင်ရှိကြသည်မဟုတ်သကဲ့သို့ တောင်ပိုင်းတိုင်းပြည်များအားလုံးသည်လည်း တောင်ဘက်တွင်မရှိကြသည်ကိုတွေ့ နိုင်၏။

အခြားသောခွဲခြားမှုမှာ ပထမကမ္ဘာ (frist world)၊ ဒုတိယကမ္ဘာ(Second World) နှင့် တတိယကမ္ဘာ (Third World) ဟူ၍ဖြစ်သည်။ ဤခွဲခြားမှုမှာ ဘက်မလိုက်လှုပ်ရှားမှု (non-aligned movement) နှင့်ဆက်စပ်လျှက်ပေါ်ထွက်လာခဲ့ခြင်းဖြစ်၏။ အမေရိကန်ဦးဆောင်သည့် အရင်းရှင်နိုင်ငံများအား ပထမကမ္ဘာဟုခေါ်ဆို၍ ဆိုဗီယက်ဦးဆောင်သော ကွန်မြူနစ်အုပ်စုကို ဒုတိယကမ္ဘာဟုခေါ်တွင်ကာ ကြားနေသောနိုင်ငံများအား တတိယကမ္ဘာဟုခေါ်တွင်ခဲ့ကြခြင်းဖြစ်၏။ ယင်းပထမကမ္ဘာတွင် အမေရိကန်၊အနောက်ဥရောပ၊ကနေဒါ၊ဂျပန်၊ နယူးဇီလန်နှင့်သြစတေးလျ တို့ ပါဝင်၍ ဒုတိယကမ္ဘာတွင် ကွန်မြူနစ်အုပ်စု USSR နှင့် အရှေ့ ဥရောပနိုင်ငံများပါဝင်၏။ ကျန်နိုင်ငံတို့ မှာ တတိယကမ္ဘာနိုင်ငံများဖြစ်၏။ မည်သို့ ပင်ဆိုစေ ဤသို့ ဘက်မလိုက်လှုပ်ရှားမှုတွင်ပါသောနိုင်ငံများအား တတိယကမ္ဘာဟု အဦးအစအားဖြင့် ခေါ်ဆိုခဲ့ကြသော်လည်း နောင်တွင် တတိယနေရာတွင်ရှိသောနိုင်ငံများအဖြစ် မကြာခဏ ဘာသာပြန်သုံးနှုန်းတတ်ကြသည်ကိုတွေ့ ရလေသည်။

အခြားလူသိများသော ခွဲခြားနည်းမှာ ဒွိယံ ခွဲခြားသည့် “ဖွံ့ ဖြိုးပြီး-ဖွံ့ ဖြိုးဆဲ (developed/developing)” နှင့် “ဖွံ့ ဖြိုးပြီး-မဖွံ့ ဖြိုး (developed/undeveloped)”ံအတွဲများဖြင့်ခွဲခြားနည်းဖြစ်သည်။ ဤနေရာ၌ ပထမအတွဲ “ဖွံ့ ဖြိုးပြီး-ဖွံ့ ဖြိုးဆဲ (developed/developing)” အသုံးမှာပိုမို၍ အပြုသဘောဆောင်သော ခံစားချက်ကိုပေးနိုင်သည်ကိုတွေ့ ရ၏။ အချို့ သော ပညာရှင်များ အထူးသဖြင့် Dependency Theory ကိုတင်ပြခဲ့သူ Frank ကမူ မဖွံ့ ဖြိုးသေး (undeveloped)၊ နှင့် နောက်ကျဖွံ့ ဖြိုးမှု (under-developed) စသည့် အခြားသောဝေါဟာရများကို ရည်ရွယ်ချက်ရှိရှိ ၎င်းတို့ ၏ သက်ဆိုင်ရာဖွံ့ ဖြိုးမှုသီအိုရီများတွင်သုံးကြပြန်သေးသည်။ မည်သည်ကိုသုံးသည်ဖြစ်စေ ပထမစကားလုံး “ ဖွံ့ ဖြိုးပြီး (developed)” ကညွှန်းဆိုနေသည်မှာ “ဖွံ့ ဖြိုးမှု (development)” ဟူသည် အဆုံးမှတ်တစ်ခုမျှသာဖြစ်၍ သက်ဆိုင်ရာလူ့ အဖွဲ့ အစည်းတစ်ခုသည် ၎င်းအမှတ် (သို့ ) သက်ဆိုင်ရာလူနေမှုအဆင့်အတန်းနှင့် စီးပွားရေးအနေအထားကို ရောက်ရှိသည်နှင့်တပြိုင်နက် အနှီတိုင်းပြည်သည် ဖွံ့ ဖြိုးပြီးဖြစ်သည်ဟုဆိုလိုတော့၏။ မည်သို့ ဆိုစေ ဤသတ်မှတ်ချက်သည် လူ့ အဖွဲ့ အစည်းတို့ ၏ ပြုပြင်လဲတတ်သော သဘာဝနှင့် လူတို့ ၏ ဆထက်တပိုးတိုးတက်ကောင်းမွန်အောင်ပြုလုပ်လိုသော ဆန္ဒ၊ အာသီသတို့ ကိုလစ်လျူရှုရာရောက်၏။ ထို့ အပြင် ဖွံ့ ဖြိုးပြီးဟုဆိုကြသည့်တိုင်းပြည်များတွင်လည်းတွေ့ ရတတ်သော လူမှုရေးဝိုင်းကျဉ်ခြင်း (social exclusion) ကိုအသိအမှတ်ပြုဖို့ ပျက်ကွက်ရာလည်းရောက်နေတော့၏။

အခြားသော ဝေါဟာရများမှာ “စီးပွားရေးအရ ပိုမိုဖွံ့ ဖြိုးပြီးတိုင်းပြည်များ (MEDC = More Economically Developed Countries” နှင့် “စီးပွားရေးအရ နဲပါး ဖွံ့ ဖြိုးပြီးတိုင်းပြည်များ (LEDC = Less Economically Developed Countries” ဖြစ်၏။
နောက်ဆုံးအနေဖြင့်ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှု (global justice) အတွက် နိုင်ငံရေးလှုပ်ရှားတက်ကြွသူများ သုံးခဲ့သည့် “အနဲစုကမ္ဘာ (Minority World)” နှင့် “အများစုကမ္ဘာ (Majority World)” တို့ ပင်ဖြစ်၏။ ဤတွင် အများစုကမ္ဘာမှာ အာဖရိက၊အာရှ၊လက်တင်အမေရိကနှင့် ကာရစ်ဘီယန် နိုင်ငံများအားညွှန်းဆို၍ ကျန်ကမ္ဘာ့အစိတ်အပိုင်းတို့ အား အနဲစုကမ္ဘာစာရင်းတွင်သွင်းလေသည်။ အများစု-အနဲစု ညွှန်းဆိုခြင်းမှာ လူဦးရေကိုမူတည်ကာ ညွှန်းဆိုခြင်းဖြစ်၍ ဥရောပဗဟိုပြုတွေးခေါ်မှု (Eurocentric Assumptions) ဖြစ်သည့် ကမ္ဘာ့မြောက်ခြမ်း-တောင်ခြမ်း (Global North-South) ကိုမသုံးလို၍လည်းဖြစ်ပေသည်။

ဤ၌ “ဥရောပဗဟိုပြုတွေးခေါ်မှု (Eurocentric Assumptions)” သည် ဖွံ့ ဖြိုးမှုသီအိုရီသမိုင်းကြောင်းတွင်များစွာအရေးပါနေရာယူခဲ့သည်ကိုတွေ့ ရပေမည်။ ဥပမာအားဖြင့် မော်ဒန်ဖြစ်မှုသည်ပင်လျှင် ဖွံ့ ဖြိုးမှုဖြစ်သည်ဟူသော အယူအဆသည် အနောက်ဥရောပအောင်မြင်မှုသည်သာ ဖွံ့ ဖြိုးမှုလမ်းကြောင်းမှန်ဟု ဆိုလိုရင်းဖြစ်ပေ၏။ “ဥရောပဗဟိုပြုတွေးခေါ်မှု” အရ အနောက်တိုင်းအမြင်အိုင်ဒီယာများသည်သာ မှန်ကန်သော ချဉ်းကပ်မှုဖြစ်၍ အခြားသောလမ်းကြောင်းတို့ သည်မမှန်ကန်နိုင်ဟုယူဆခဲ့ကြခြင်းဖြစ်၏။ ဤ “ဥရောပဗဟိုပြုမှုဝါဒ (Eurocentrism)” တွင်ထင်ရှားစွာတွေ့ ရသည်မှာ အနောက်တိုင်း၊ကမ္ဘာ့မြောက်ပိုင်း၏ အသိပညာသာလွန်မှုကိုအခြေပြု၍ တွေးခေါ်ထားခြင်းပင်။ အမှန်တကယ်တော့ ဖွံ့ ဖြိုးမှုဟူသည် ရေခံမြေခံဆိုင်ရာအခင်းအကျင်းကိစ္စ (context specific) ဖြစ်သည်ကို အနှီပညာရှင်တို့ မေ့လျော့ခဲ့ကြလေသည်။

မြေပုံ

ဤ၌အခြားမှတ်သားဖွယ်ကောင်းသောအချက်မှာ မြေပုံတို့ သည်လည်း ဖွံ့ ဖြိုးမှုဘာသာရပ်တွင်အရေးပါခြင်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော်ဖွံ့ ဖြိုးမှုဟူသည် အရပ်ဒေသမညီမျှမှုများ (spatial inequalities) နှင့်ပတ်သက်သောဘာသာရပ်ဖြစ်သောကြောင့်ဖြစ်၏။ ဤ၌ လူတို့ သည်ကမ္ဘာလောကကြီးအားရှူမြင်ရာတွင် ကွဲပြားခြားနားကြသဖြင့် ဝေါဟာရသုံးနှုန်းမှုတို့ တွင်သာမက ကမ္ဘာ့မြေပုံအားဆွဲယူတင်ပြရာတွင်လည်း အစွဲဥပါဒန်များဖြင့် ကွဲပြားခြားနားသော မြေပုံများကိုတင်ပြကြ၏။ ဥရောပဗဟိုပြုယူဆချက်ဖြင့် တင်ပြသော Mercator Projection တွင် ဥရောပတိုက်မှာ မြေပုံ၏အလယ်ခေါင်တွင်ရှိ၍ ကမ္ဘာ့တိုက်ကြီးများမှာ အမှန်တကယ်ရှိသည့် ပုံစံအတိုင်းရှိကြလေသည်။ ဤသည်ကို စိန်ခေါ်သော တင်ပြချက်မှာ Peters Projection ဖြစ်၍ မြေပုံပေါ်ရှိကုန်းမြေအေရိယာသည် အခြားသောကုန်းမြေအေရိယာတို့ နှင့် နှိုင်းယှဉ်ခြင်းအားဖြင့် မှန်မှန်ကန်ကန်ဖြစ်အောင်တင်ပြထားလေသည်။ အကျိုးဆက်အားဖြင့် ဤတင်ပြချက်တွင် အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကတို့ မှာ များစွာထင်ရှားလာ၏။ သို့ သော် ကမ္ဘာ့တိုက်ကြီးများမှာ ပုံပျက်သွားကာ ရှည်မျောမျောဖြစ်နေတော့၏။ အခြားသော တင်ပြချက်မှာ Eckert Projection ဖြစ်၍ တိုက်ကြီးများ၏ ပုံအားမပျက်စေရန်ကြိုးစား၍ Peters Projection မှာကဲ့သို့ ပင် ညီမျှသောအေရိယာ (Equal Area Projection) ကိုအသုံးပြုထားလေသည်။
--------------------------------------------------------------------------------------------------

Katie Willis ရေးသား၍ Routledge တိုက်ထုတ်ဖြစ်သည့် “Theories and Practices of Development” စာအုပ်ကို အဓိကမှီငြမ်းပြု၍ ရေးသားထားပါသည်။ ရွက်ပုန်းသီး လီကွမ်းယူး မျိုးဆက်သစ်များအတွက် ရည်ရွယ်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...