Saturday, May 18, 2013

အတောင်ချိုးခံရတဲ့ ဌက်တကောင် အကြောင်း

by Ye Min Tun (Notes) on Tuesday, May 14, 2013 at 9:04am
 
ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့်နှင့်တကွ နောက်လိုက်စစ်ထောက်လှမ်းရေး အပေါင်းတွေရဲ့ တချိန်က ကျောင်းသားတွေ အပေါ်ထားခဲ့သော မေတ္တာစေတနာတွေကို ပြန်သတိရလို့ ကျနော့်ကြုံခဲ့ရတဲ့ ခံစားချက်လေး ချရေးလိုက်ပါတယ်။

ထောင်ခုနှစ်နှစ်ကို အင်းစိန်ထောင်မှာ ကျခံပြီး လွတ်ရက်စေ့လို့ လွတ်လာတဲ့ကျနော်။ အင်းစိန်ထောင်ကြိုးတိုက်ထဲမှာ အကြာကြီး ပိတ်လှောင်ခံထားရလို့ ပိုးဟပ်ဖြူ ဖြစ်နေတဲ့ ကျနော် တယောက် ၁၉၉၇ ခုနှစ် ဖေဖေါ်ဝါရီလကုန်ပိုင်းရဲ့ နေ့တနေ့မှာတော့ အလွန်ဝမ်းသာနေပါတယ်။
ဘာလို့လည်းဆိုတော့ ကျနော်ရဲ့ ကျောင်း စိန်ပေါလ်ကျောင်းလို့ လူသိများသော အထက (၆) ဗိုလ်တထောင် သွားပြီး ကျောင်းပြန်တက်ဖို့ ကိစ္စအ၀၀ စီစဉ်ရန်ဖြစ်မှာမို့ပါ။

အိမ်က သန်းခေါင်စာရင်းနှင့် ထောင်ထွက်လက်မှတ်ကိုင်လို့ ထွက်အလာမှာပဲ အိမ်ရှေ့ မျက်စောင်းထိုးက ဘန်ဒါပင်အောက် ခုံဝိုင်းလေးမှာ ထိုင်နေတဲ့ လူနှစ်ယောက် စလိုက်လာပါတယ်။ သူတို့က သားရေအိတ်ကိုယ်စီ လွယ်ထားကာ မိုက်ကြည့်ကြည့်ပြီး လိုက်လာတာဖြစ်လို့ သိလိုက်တာတော့ ဒီလူတွေက စစ်ထောက်လှမ်းရေးတွေပါ။  ကုန်သည်လမ်းမမှာ ရှိတဲ့အဖေ့အိမ်ကနေ စထွက်တာနဲ့ လိုက်လာတဲ့ သူတို့ကို ကြည့်မရတာနဲ့ ကျောင်းကို တည့်တည့်မသွားတော့ပါ။ အနော်ရထာလမ်းအတိုင်း တက်သွားပြီး ဟိုးဆူးလေထိပ်မှာ ရှိတဲ့ ဆူးလေကျောက်ကျော အရင်သွားသောက်ပါတယ်။ ပြီးတော့ ရုပ်ရှင်ရုံတွေ အကုန်လုံးကို ပတ်ပြီး ရုပ်ရှင်ကြေငြာဓါတ်ပုံတွေ လိုက်ကြည့်တယ်။ ဗိုလ်ချုပ်လမ်း အတိုင်း ပြန်လျှောက်လာပြီး တခါ လမ်း(၄၀) အထက်လမ်းထဲဝင် ငယ်ပေါင်းကြီးဖေါ်တွေ ၀င်ရှာသေးတယ်။ ပြီးမှ အနော်ရထာလမ်းဖက် ပြန်ထွက်လာပြီး ကျနော့်ကျောင်းဖက်ကို သွားတဲ့အချိန်မှာတော့ ဟိုလူနှစ်ယောက်မျက်နှာ ကျွဲမြီးတိုနေပါပြီ။

ကျောင်းရှေ့ပေါက်က ၀င်ပြီး။ ကျောင်းရဲ့ အောက်ထပ်က ရုံးခန်းသေးလေးမှာ ကျနော်နှင့်သိပြီးသား ဆရာအချို့ တာဝန်ကျနေလို့ စကားပြော နှုက်ဆက်ပြီး။ ကျနော်လာရင်းကိစ္စပြောတဲ့ အခါမှာတော့ ကျနော်ကျောင်းပြန်တက်ဖို့ မြို့နယ်ပညာရေးမှူးရုံးက လက်မှတ်ရယ်။ ရပ်ကွက်ထောက်ခံစာရယ်။ ရဲစခန်းထောက်ခံစာရယ်။ မ၀တ ထောက်ခံစာရယ်လိုပါတယ်တဲ့ ဘာဖြစ်လို့လည်းဆိုတော့ ထောင်ကလွတ်လာလို့ပါ။ ကျနော်လည်းပြောတာပေါ့ ဆရာရယ် ကျနော်က ခိုးဆိုးလုယက်ပြီး ထောင်ကျတာမှ မဟုတ်တာ ဆိုတော့။ ဆရာတွေက သားရယ် ဆရာတို့ကို နားလည်ပါ။ ဆရာတို့ဆန္ဒနှင့် သားကိုတောင်းနေတာ တခုမှမရှိပါဘူးကွာတဲ့။



ဒီလိုနှင့်ရက်ပေါင်းများစွာ ရက်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာယူလို့ပြီးတော့ မ၀တ ထောက်ခံစာက မရပါဘူး။ မြို့နယ်ပညာရေးမှူးရုံးက ထောက်ခံစာရမှ မ၀တက ထောက်ခံပေးပါမယ် ဆိုလို့ တခါ မြို့နယ်ပညာရေးမှူးရုံးကို သွားပြန်တော့။ မြို့နယ်က ကျောင်းကအောင်လက်မှတ်ပါမှ ဆိုတော့ ကျနော်မှာ ထောင်မကျခင်ထဲက အိမ်မှာရှိသမျှ ငယ်ငယ်ထဲက ကြီးလာတဲ့အထိ ဓါတ်ပုံတွေ ကျောင်းနှင့် ပတ်သက်သော ဆုတံဆိပ် သင်တန်းဆင်းလက်မှတ်ကစလို့ အမျိုးသားနေ့ဟောပြောပွဲဓါတ်ပုံပါမကျန် စစ်ထောက်လှမ်းရေးတွေ လာသိမ်းသွားပြီလေ။

ဒီတော့ကျောင်းကို ပြန်သွားတဲ့အခါမှာတော့ ကျောင်းက နွေရာသီကျောင်းပိတ်နေပြီးတာလား စာမေးပွဲအချို့ဖြေနေတာလားတော့ မသိပါဘူး။  အဲဒီမှာအောက်ရုံးခန်းမှာ တာဝန်ကျနေတာက ခုနှစ်တန်းတုန်းက ဆရာမတယောက်လည်းပါတယ်။ ကျနော်ကိုးတန်းတက်တုန်းက ဆရာ တယောက်လည်းပါတယ်။ ဆရာမက အားရ၀မ်းသာ နှုက်ဆက်ပြီး။ လက်ဖက်ရည်ဖျော်တိုက် မုန့်တွေလည်း အတင်းစားခိုင်း ဆရာရော ဆရာမ နှစ်ယောက်လုံးရော ကျောင်းရုံးခန်းထဲ ၀င်ထွက်ကြတဲ့ ဆရာဆရာမအချို့ပါ ၀မ်းသာကြတယ်။ ဒီလိုနှင့်လာရင်းကိစ္စပြောတဲ့ အခါမှာတော့ ပြဿနာစပါပြီ။ ဆရာရော ဆရာမပါ စာအုပ်တွေ တထပ်ပြီး တထပ် ရှာတယ်။ ကျောင်းဝင်အမှတ် ၁၁၄/၈၀ မောင်ရဲမင်းထွန်း(ဘ)ဦးတင်ထွန်းဝေ ဆိုတဲ့ ကျောင်းသားကို ရှာမတွေ့ပါဘူး။ ဒီလိုနှင့် ဖုန်းတွေဆက်ကြ မေးကြ ရှာကြပြီး ဆရာတို့က နောက်နေ့ ပြန်ချိန်းလိုက်တယ်။


နောက်တနေ့ကိုရောက်လာတဲ့အခါမှာတော့ အိမ်ကနေ ၀မ်းသာစွာနဲ့ ထွက်မိတယ်။ ငါမကြာခင် ကျောင်းပြန်တက်ရတော့မယ်။ ပညာရေးကို အမြင့်မားဆုံးသင်ယူမယ်လို့ ထောင်ထဲမှာ ရည်ရွယ်တဲ့ ကျနော်ရင်ထဲမှာ မျော်လင့်ချက်တွေအပြည့်နှင့်ပေါ့။ အိမ်ကထွက်ထဲတာနှင့် လိုက်နေကြ နှစ်ယောက်ကလည်း အနောက်ကပါလို့။ ကျောင်းရောက်တော့ ကျနော်ကိုမြင်တာနှင့် ထိုင်ခိုင်းပြီး အပြင်ထွက်လိုက် အထဲဝင်လိုက် ဖြစ်နေတဲ့ တာဝန်ကျ ဆရာဆရာမတွေကို ကြည့်ပြီး ရင်တုန်နေတယ် ဘာများဖြစ်ပြီလည်း တခုခုတော့ ဖြစ်ပြီဆိုတာ သိနေပြီ။ နောက်တော့ ဆရာလာထိုင်ပြီး စကားပြောဖို့ ချောင်းဟန့်လိုက် ဖြစ်နေပြီး စကားတွေ ခံနေတာ အရှည်ကြီးဖြစ်နေလို့ ကျနော်က ဆရာပြောပါ အားမနာပါနှင့်  ဆိုမှ။


“သား မောင်ရဲမင်းထွန်း ဆရာတို့ မင်းကို ကိုယ်ချင်းလည်းစာတယ် အရမ်းလည်း အားနာတယ်ကွာ မင်းကို ဆရာတို့ ဘာမှထုက်ပေးစရာ မရှိပါဘူး။ မှတ်တမ်းကို မရှိတာ။ ဆရာတို့လုပ်တာ တခုမှ မပါဘူးနော် သားလည်းသိမှာပါ ဆရာတို့က ၀န်ထမ်းတွေ သက်သက်ပါ ဘာအာဏာမှ မရှိဘူးနော်”

ကျနော်တုန်လှုပ်သွားတယ်။ ဗျာ… ကျနော်ခြောက်နှစ်သားထဲက တက်ခဲ့တဲ့ကျောင်းမှာ ကျနော့်မှတ်တမ်း မရှိတော့ဘူး။ စိတ်ထဲ ခိုကိုးရာမဲ့သွားသလို ခံစားလိုက်ရတယ်။ ၀မ်းနည်းလာမိတယ် ထောင်ထဲမှာ နေ့တိုင်းတွေးနေတဲ့ ပညာတတ်ကြီးဖြစ်အောင် ကြိုးစားမယ်။ အများကြီးသင်ယူဆိုတဲ့ ကျနော်အားတင်းလာတဲ့ ခြောက်နှစ် တလသော ညဆိုးတွေရဲ့ မျော်လင့်ချက်ကြီး ပြိုလဲသွားပြီ။ မျက်ရည်တွေ ပေါက်ပေါက် ကျလာတဲ့ ကျနော့်ကို ဟာကွာဆိုပြီး ဆရာက ထလာကာ ပုခုံးလာညှစ်ပြီး

“သားရယ် ယောကျာင်္းပဲကွာ စိတ်တင်းထား မင်းဘ၀မှာ မင်းကြိုးစားလို့ ရနိုင်တာတွေ အများကြီး အားတင်းထားစမ်းပါ။ ဆရာ့ကို ကတိပေး မင်းအကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်လို့ မင်းလုပ်နိုင်ပါကွ မင်းက တကယ့်ကောင်ပါကွာ ဆရာတို့ အများကြီးမျော်လင့်တယ် သားရယ် အားမလျော့စမ်းပါနှင့်”

ပြောခါမှာ ကျနော် ထလိုက်တယ်။ ဆရာကျနော်သွားတော့မယ်လို ပြောရင်း ပတ်ဝန်းကျင်ကို ဝှေ့ကြည့်လိုက်တော့ အနီးနားက ဆရာမအချို့ ကျနော်ကို ဂရုဏာ သက်နေတဲ့မျက်လုံးတွေနှင့် ကြည့်နေတာကို မခံနိုင်တော့ဘူး ခပ်သုတ်သုတ်ထွက်လာတဲ့ ကျနော်နောက်ကို့ ဆရာက ပြေးလိုက်လာပြီး။

“သား ဆရာတို့ကို အထင်မလွဲနှင့်နော် ဆရာတို့ဘာမှ မလုပ်ပါဘူး။ ဆရာတို့ဘ၀ကို သားနားလည်တယ် မဟုတ်လားဆိုပြီး” လိုက်ပြောတဲ့ ဆရာ့ကို ကျနော် ပြန်ပြောလိုက်ပါတယ်။
"စိတ်ချပါ ဆရာရယ် ကျနော် သိပါတယ် ဘယ်သူတွေ လက်ချက်ဆိုတာ။ ဆရာလည်း ဆရာမတို့ကို ပြန်ပြောလိုက်ပါ ဆရာတို့ ဆရာမတို့ကို ကျနော်ကန်တော့ခဲ့ပါတယ်။ ဆရာတို့ အပြစ်မဟုတ်ပါဘူး ကျနော်သိပါတယ်"  လို့ပြောလိုက်တော့ ညိုမှောင်နေတဲ့ ဆရာမျက်နှာက မျက်ရည်တပေါက် ကျလာတာကို တွေ့လိုက်ရတယ်။ ငယ်ငယ်က အရိုက်ကြမ်းတဲ့ဆရာ ကျနော်တို့ မော့မကြည့်ရဲသောဆရာ မျက်နာတည်တဲ့ဆရာ၏ မျက်နှာက မျက်ရည်ကြောင့် ကျနော် ရှိုက်ငိုမိတယ်။ ကျနော် သွားတော့မယ် ဆရာဆိုပြီး ထွက်လာတော့ ဆရာက သဘက်သားပုဝါနှင့် ကျနော်မျက်နှာက မျက်ရည်တွေကို သုတ်ပြီး။

“သားငိုပြီး မသွားပါနဲ့ ဆရာကို ကတိပေး မငိုတော့နှင့် မင်းကြိုးစားပါ ကြိုးစားမယ်မဟုတ်လား”  လို့မေးလာတော့ ကျနော် ခေါင်းညိမ့်ပြလိုက်တယ်။ ဆရာက သူ့အိတ်ထဲက ဖေါင်တိန်ကို ကျနော့အကျီအိတ်ထဲ ထည့်ပေးလိုက်ပြီး ပုခုံးပုတ်လွှတ်လိုက်ပါတယ်။ ကျနော်လို ၁၉ နှစ်အရွယ်မှာ ထောင်ကျပြီး အသက် ၂၅ နှစ်အရွယ်မှာ ထောင်ကလွတ်လာခါစ လူငယ်တယောက်ရဲ့ စိတ်ထဲ ဘယ်လိုဖြေနိုင်မှာလည်း။

ကျောင်းတံခါးမကြီးကနေ ထွက်လိုက်တော့ မျော်လင့်ချက်တွေ ကုန်ဆုံး သွားသလို ခံစားလိုက်ရတယ်။ ပူပြင်းနေတဲ့ နေရောင်အောက်က ကျနော် တယောက်။ သစ်ပင်အောက် အရိပ်ကနေ ကျနော်ကို စောင့်ကြည့်နေတဲ့ စစ်ထောက်လှမ်းရေး နှစ်ယောက်ကို ဘုကြည့် ကြည့်လိုက်ပြီး။ နေပူထဲမှာ ဦးတည်ရာမဲ့ လျှောက်ခဲ့တော့တယ်။


ချစ်ခင်စွာဖြင့်
ရဲမင်းထွန်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...