Tuesday, April 16, 2013

မှုခင်းဖြစ်ပွားရာနေရာ လေ့လာဆန်းစစ်ချက် (Crime Scene analysis)

(၂၀၁၃) ခုနှစ်၊ ဧပြီလထုတ် ဖြစ်ရပ်မှန်မှုခင်း မဂ္ဂဇင်းမှာ ရေးသား ဖော်ပြထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။

မှုခင်းဖြစ်ပွားရာနေရာ လေ့လာဆန်းစစ်ချက်များ ပြုလုပ်ရာမှာ ရှာဖွေခြင်း၊ မှတ်တမ်းပြုစုခြင်း၊ သက်သေခံ အထောက်အထားများကို ခြေရာလက်ရာ မပျက်အောင် ထိန်းသိမ်းခြင်း စတာတွေ ပြုလုပ်ရတဲ့အတွက် မှုခင်းဖြစ်ပွားရာနေရာ လေ့လာဆန်းစစ်ချက် ဆိုတာကို ဖြည်းဖြည်းမှန်မှန်နဲ့ စနစ်တကျ ပြုလုပ်ရတဲ့ ဖြစ်စဉ်တရပ်အဖြစ် မှုခင်းပညာရှင်များက ဆိုလေ့ရှိကြပါတယ်။ ကောင်းမွန်သော ဆက်ဆံရေးနဲ့ စနစ်တကျ စုဖွဲ့လုပ်ဆောင်နိုင်မှုဟာ မှုခင်းဖြစ်ပွားရာနေရာ ဆန်းစစ်ချက်ရဲ့ အရည် အသွေးကို ဖော်ပြပေးပါတယ်။

မှုခင်းဖြစ်ပွားရာ နေရာများ

မှုခင်းဖြစ်ပွားရာနေရာတွေကို အကြမ်းဖျဉ်းအားဖြင့် primary scene နဲ့ secondary scene ဆိုပြီး နှစ်မျိုး ခွဲခြားနိုင်ပါတယ်။ primary scene ဆိုတာက လူသေအလောင်း (သို့မဟုတ်) သားကောင်ကို တွေ့ရှိတဲ့ နေရာ ဖြစ်ပါတယ်။ Secondary scene ဆိုရာမှာတော့ မှုခင်းကျူးလွန်ခံရတဲ့ သားကောင်ရဲ့ နေအိမ်၊ သံသယဖြစ်ဖွယ်ရှိသော မှုခင်းကျူးလွန်သူရဲ့ နေအိမ်၊ ကား၊ ဆိုင်ကယ်စသည်များနဲ့ အခြားဆက်စပ် အတွင်းအပြင်နေရာများ ပါဝင်ပါတယ်။ secondary scenes အများစုကို အသေးအမွှားများကအစ သက်သေအထောက်အထား ရှာဖွေရတဲ့ အသေးစိတ်ရှုထောင့်နဲ့ ရှုမြင်စရာ မလိုအပ်ပါဘူး။ နေရာဒေသ အခြေအနေကို ခြုံငုံသုံးသပ်ဖို့ပဲ လိုအပ်ပါတယ်။ မှုခင်းဖြစ်ပွားရာနေရာနဲ့ ပတ်သက်ပြီး ထပ်မံစဉ်းစား သင့်တဲ့ အချက်တချက်ကတော့ ဖြစ်ပွားရာနေရာရဲ့ လူအများ လှုပ်ရှားမှု အခြေအနေဖြစ်ပါတယ်။

ဒီလို အခြေအနေတွေပေါ်မှာ မူတည်ပြီး၊ မှုခင်းဖြစ်ပွားရာနေရာကို ကာကွယ်တဲ့ အကာအရံ၊ အတားအဆီးတွေ (boundaries of a crime scene) သတ်မှတ်ရမှာ ဖြစ်ပါတယ်။ အချို့ရဲတပ်ဖွဲ့တွေ ကတော့ ရှာဖွေရေးအဖွဲ့ငယ်များ ဖွဲ့စည်းပြီး၊ သတ်မှတ်လေ့ရှိကြပေမယ့် ရဲတပ်ဖွဲ့အများစုကတော့ အတွင်းစည်း၊ အပြင်စည်းတွေ ခွဲခြားသတ်မှတ်လေ့ရှိပါတယ်။ အတွင်းစည်းကတော့ မှုခင်းဖြစ်ပွားရာနေရာ ဖြစ်ပြီး၊ အပြင်စည်းကတော့ ၀င်ပေါက်၊ ထွက်ပေါက်ဖြစ်နိုင်သော နေရာများနဲ့ သဲလွန်စ (ဥပမာ- ကျည်ဆန်ခွံရှိနိုင်သော နေရာ) တွေ့နိုင်သော နေရာများ ပါဝင်တဲ့ ဘေးပတ်ဝန်းကျင်ဖြစ်ပါတယ်။ သံသယဖြစ်ဖွယ် မှုခင်းကျူးလွန်သူက ထွက်ပြေးသွားနိုင်ချေရှိတဲ့ လမ်းကြောင်းတွေကို တွက်ဆနိုင် ခဲ့ရင်တော့ တိုးချဲ့စည်း ထပ်မံသတ်မှတ်ဖို့ လိုအပ်ပါတယ်။

လုပ်ထုံးလုပ်နည်းများ

မှုခင်းဖြစ်ပွားရာနေရာကို လေ့လာဆန်းစစ်ချက်များ ပြုလုပ်မှုဟာ အခြေအနေနဲ့ အချိန်အခါတွေပေါ်မှာ မူတည်ပြီး၊ ယုတ္တိဗေဒ အမှီသဟဲပြု လုပ်ဆောင်ရတာ ဖြစ်တဲ့အတွက် စံနှုန်းတွေချမှတ်ဖို့ ခဲယဉ်းလှပါတယ်။ ဒါပေမယ့် အသုံးပြုလေ့ရှိတဲ့ အခြေခံလုပ်ထုံးလုပ်နည်းတွေကတော့ တူညီပါတယ်။ အသုံးများတဲ့ လုပ်ထုံးလုပ်နည်း ပုံစံတခုကတော့ မေးမြန်းစုံစမ်းခြင်း၊ ဆန်းစစ်ခြင်း၊ ဓာတ်ပုံရိုက်ယူခြင်း၊ ပုံကြမ်း ရေးဆွဲခြင်းနဲ့ သဲလွန်စများ ရှာဖွေခြင်း စသော အဆင့်ငါးဆင့်ပါတဲ့ ပုံသဏ္ဍာန်ပဲ ဖြစ်ပါတယ်။ အဆင့်တိုင်းမှာ ရေးသားမှတ်တမ်းတင်ခြင်း ပြုလုပ်ထားသင့်ပါတယ်။

နောက်ထပ်ပုံသဏ္ဍာန်တခုမှာတော့ အဆင့် (၁၇) ဆင့် ပါဝင်ပါတယ်။ ဒီအဆင့်တွေကတော့ မှုခင်းဖြစ်ပွားကြောင်း သတင်းရရှိခြင်း၊ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်မယ့် ရဲတပ်ဖွဲ့ဝင်များအား အကြောင်းကြား စေလွှတ်ခြင်း၊ ကနဦး ဆန်းစစ်ချက်များ ပြုလုပ်ခြင်း၊ ဒဏ်ရာရသူများနဲ့ သေဆုံးမှုများနဲ့ ပတ်သက်ပြီး အရေးပေါ် လိုအပ်သည်များ ဆောင်ရွက်ခြင်း၊ အခင်းဖြစ်ပွားရာနေရာအား ဓာတ်ပုံများ ရိုက်ယူခြင်း၊ မှတ်တမ်းများယူခြင်း၊ အခင်းဖြစ်ပွားရာနေရာ ပုံကြမ်းဆွဲခြင်း၊ အခင်းဖြစ်ပွားရာနေရာအား ပထမအကြိမ် ပြန်လည်စစ်ဆေးခြင်း၊ အလောင်းနဲ့ ဒဏ်ရာရသူများအား ဆေးရုံ (သို့မဟုတ်) လိုအပ်သောနေရာသို့ ပို့ဆောင်ခွင့်ပြုခြင်း၊ သဲလွန်စများ ရှာဖွေခြင်း၊ အခင်းဖြစ်ပွားရာနေရာအား ဒုတိယအကြိမ် ပြန်လည်စစ်ဆေးခြင်း၊ တတိယအကြိမ် ပြန်လည်စစ်ဆေးခြင်း၊ အခင်းဖြစ်ပွားရာနေရာ အနီးတ၀ိုက်အား စစ်ဆေးခြင်း၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ငယ်အား on-site debriefing ပေးခြင်း၊ မှုခင်းဖြစ်ပွားရာ နေရာမှ ထွက်ခွာခြင်း (သို့မဟုတ်) သင့်လျော်သော အစောင့်အရှောက်ထားခဲ့ခြင်း၊ သက်သေအထောက်အထားများအား သိမ်းဆည်းထုပ်ပိုးခြင်းနဲ့ formal debriefing ပြုလုပ်ခြင်း စတာတွေ ဖြစ်ပါတယ်။

ဓာတ်ပုံမှတ်တမ်းများ ရယူခြင်း

ဓာတ်ပုံမှတ်တမ်းများရယူမှုကို မှုခင်းဖြစ်ပွားရာနေရာမှာ သဲလွန်စတွေ မပျောက်ပျက်သေးခင် အချိန်မှာ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဓာတ်ပုံမှတ်တမ်းများ ရယူရမှာ အသုံးပြုတဲ့ ကင်မရာမှာ ၄ megapixels အနည်းဆုံး ရှိတဲ့ပါတယ်။ pixels များလေလေ၊ အသေးစိတ်ကို မှတ်တမ်းရယူနိုင်မှုများလေပါပဲ။ တရားရုံးမှာ သက်သေခံအထောက်အထား တင်ပြရာမှာလဲ ဒါက အရေးကြီးပါတယ်။ ၄ megapixels နဲ့ ရိုက်ယူထားခဲ့ရင် ဓာတ်ပုံကို ပရင်တာနဲ့ ထုတ်ယူရာမှာ 11"x14" ဓာတ်ပုံကောင်းကောင်းကို ထုတ်ယူနိုင် ပြီး၊ ၅ megpixels နဲ့ဆိုရင်တော့ 16"x20" ဓာတ်ပုံကောင်းကောင်းကို ထုတ်ယူနိုင်တဲ့အတွက် တရားရုံးမှာ တင်ပြဖို့ ပိုပြီး အဆင်ပြေစေပါတယ်။

ဓာတ်ပုံမှတ်တမ်းများရယူရာမှာ အမျိုးအစား () မျိုးရှိပါတယ်။ ပထမတမျိုးက overview ပုံဖြစ်ပြီး၊ ဒုတိယတမျိုးကတော့ mid-range ပုံဖြစ်ပါတယ်။ တတိယတမျိုးကတော့ close-up ပုံဖြစ်ပါတယ်။ overview (locale and approach route) ပုံတွေနဲ့ mid-range (၁၀-၂၀ ပေ) ပုံတွေက မှုခင်းကျူးလွန်သူရဲ့ modus operandi ကို သဲလွန်စပေးနိုင်ပြီး၊ Close-up ရိုက်ထားတဲ့ ဓာတ်ပုံတွေ ကတော့ မှုခင်းကျူးလွန်မှုရဲ့ corpus delicti ကိုဖော်ပြပေးနိုင်ပါတယ်။ လူသတ်မှု (သို့မဟုတ်) လူသေမှုတွေကို ဓာတ်ပုံမှတ်တမ်းရယူရာမှာတော့ ဦးခေါင်းမှ ခြေထောက်၊ ခြေထောက်မှ ဦးခေါင်း၊ ညာဘက်၊ ဗယ်ဘက်နဲ့ အထက်စီး စတဲ့ ရှုထောင့် () ခုကနေ ဓာတ်ပုံ () ပုံ ရိုက်ယူသင့်ပါတယ်။

ပုံကြမ်းများ ရေးဆွဲခြင်း

မှုခင်းဖြစ်ပွားရာနေရာကို ဓာတ်ပုံမှတ်တမ်းများ ရယူပြီးချိန်မှာ၊ အခင်းဖြစ်ပွားမှုဆိုင်ရာ ပုံကြမ်းများ ရေးဆွဲဖို့ လိုအပ်ပါတယ်။ ပုံကြမ်းများ ရေးဆွဲရာမှာ အတိုင်းအတာများကို ထည့်သွင်းစဉ်းစားဖို့ လိုသလို၊ သက်သေခံ အထောက်အထားများကိုလဲ အလံ (သို့မဟုတ်) နံပါတ်စာရင်းစဉ်များ သတ်မှတ်ပြီး ရေးဆွဲရမှာ ဖြစ်ပါတယ်။ များသောအားဖြင့် ပုံကြမ်းနဲ့ စတင်လေ့ရှိပြီး၊ နောက်ပိုင်းကျမှ စကေးသတ်မှတ်ပြီး အချောသတ် ရေးဆွဲလေ့ရှိကြပါတယ်။ ပုံကြမ်းများမှာ Overhead Sketch (ကောင်းကင်မှ ရိုက်ကူးထားသော ဓာတ်ပုံသဏ္ဍာန်ကဲ့သို့ ရေးဆွဲထားခြင်း) Exploded View Sketch Elevation Sketch (ဘေးတိုင်အမြင်မှ ရေးဆွဲခြင်း) နဲ့ Perspective Sketch (တတိယ ဒိုင်မင်းရှင်း ထည့်သွင်းရေးဆွဲခြင်း) ဆိုပြီး ပုံကြမ်းအမျိုးအစား လေးမျိုးရှိပါတယ်။

ရှာဖွေရေး

မှုခင်းဖြစ်ပွားရာနေရာမှာ ရှာဖွေရေးပြုလုပ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ဟာ မှုခင်းကျူးလွန်ခံရသူနဲ့ မှုခင်းကျူးလွန်သူတို့နဲ့ ဆက်စပ်နိုင်ချေဖွယ်ရာရှိတဲ့ သဲလွန်စအထောက်အထားများကို ရှာဖွေတာ ဖြစ်ပါတယ်။ များသောအားဖြင့် ၀င်လမ်း၊ ထွက်လမ်းတွေကနေ စတင်ရှာဖွေလေ့ရှိကြပါတယ်။ မှုခင်းဖြစ်ပွားမှုမှာ အသုံးပြုခဲ့တဲ့ လက်နက်ကိရိယာများကို ဒီလမ်းကြောင်းတလျှောက်မှာ စွန့်ပစ်တတ်လေ့ ရှိတတ်တဲ့အတွက် သဲလွန်စများရနိုင်တဲ့ နေရာတွေ ဖြစ်ပါတယ်။ ဒီလိုရှာဖွေရာမှာ ကိုယ်တိုင်မှုခင်းကျူးလွန်သူ ဖြစ်ခဲ့ရင် ဘယ်လိုလုပ်နိုင်ချေရှိမလဲ ဆိုတာကို စဉ်းစားပြီး၊ ရှာဖွေရေး ပြုလုပ်မယ်ဆိုရင် ပိုပြီး ထိရောက်နိုင်ပါတယ်။ ရှာဖွေတွေ့ရှိတဲ့ ပစ္စည်းများကို စနစ်တကျ အမှတ်စဉ်တပ်ပြီး သိမ်းဆည်းရေး လုပ်သင့်ပါတယ်။

မှတ်တမ်းတင်ခြင်း

မှုခင်းဖြစ်ပွားရာနေရာနဲ့ ပတ်သက်ပြီး မှတ်တမ်းတင်တဲ့အခါ မှုခင်းဖြစ်ပွားရာနေရာနဲ့ ပတ်သက်တဲ့ ဖော်ပြချက်များ (ဥပမာ- ကျည်ဆံပေါက်များ၊ ရုန်းရင်းဆန်ခတ်ဖြစ်ထားမှုများ စသည်)၊ သက်သေခံ အထောက်အထားများအား တွေ့ရှိတဲ့ နေရာများနဲ့ မှုခင်းဖြစ်ပွားရာနေရာမှာ တွေ့ရှိရသူများ စတာတွေကို မှတ်တမ်းတင်ထားသင့်ပါတယ်။ မှတ်တမ်းများကို အစီအစဉ်တကျ ရေးသားမှတ်တမ်းတင်သင့်ပါတယ်။ သက်သေများနဲ့ သံသယဖြစ်ဖွယ်မှုခင်းကျူးလွန်သူများဟာလဲ မှုခင်းဖြစ်ပွားရာနေရာမှာ ရှိနေနိုင်တဲ့ အတွက် သူတို့နဲ့ ထိတွေ့ဆက်ဆံ ပြောဆိုထားချက်များကို မှတ်တမ်းတင်ထားခြင်းဖြင့် မှုခင်းဖော်ထုတ်ရေးအတွက် အကျိုးရှိလာနိုင်ပါတယ်။

သက်သေအထောက်အထားများ စုစည်းခြင်း

မှုခင်းပညာရှင် Weston နဲ့ Lushbaugh ဆိုသူတို့က မှုခင်းဖြစ်ပွားရာနေရာမှာ တွေ့ရှိရတတ်တဲ့ သက်သေအထောက်အထား ခုနစ်မျိုးကို ခွဲခြားဖော်ပြခဲ့ပါတယ်။ ဒီအမျိုးအစားတွေကတော့ လက်နက်များ၊သွေး၊ လက်ဗွေရာများ၊ ပစ္စည်းကိရိယာများရဲ့ သက်ရောက်မှုများ (ဥပမာ- နံရံပေါ်မှ သေနတ်ကျည်ပေါက်)၊ အမှိုက်သရိုက်နှင့် ဖုန်များ၊ စာရွက်စာတမ်းများနဲ့ ရှုပ်ထွေးနက်နဲသော သဲလွန်စများ စတာတွေ ဖြစ်ပါတယ်။ အချို့သက်သေအထောက်အထားများ ရယူရာမှာ crime lab ရဲ့ အကူအညီကို ရယူဖို့ လိုအပ်ပါတယ်။

သက်သေအထောက်အထားများအား ထုပ်ပိုးသိမ်းဆည်းခြင်း

သက်သေအထောက်အထားများကို ထုပ်ပိုးသိမ်းဆည်းရာမှာလဲ စနစ်တကျ ထုပ်ပိုးသိမ်းဆည်းဖို့ လိုအပ်ပါတယ်။ တူညီတဲ့ ပစ္စည်းနှစ်ခုဖြစ်နေခဲ့ရင် သီးခြားအိတ်ထဲမှာ ထည့်သွင်းဖို့ လိုအပ်ပါတယ်။ သွေးစွန်းနေတဲ့ အရာဝတ္ထုများကို ကနဦးလေထဲမှာ အခြောက်ခံပြီးမှ သီးခြားထုပ်ပိုးသိမ်းသင့်ပါတယ်။ လောင်ကျွမ်းထားတဲ့ အရာဝတ္ထုများကို airtight container နဲ့ သိမ်းဆည်းသင့်ပါတယ်။

အမှုတည်ဆောက်ခြင်း

မှုခင်းဖြစ်ပွားရာနေရာ လေ့လာဆန်းစစ်ချက်ရဲ့ အဆုံးသတ်ကတော့ အမှုတည်ဆောက်ခြင်း (crime reconstruction) ပဲ ဖြစ်ပါတယ်။ ဘယ်သူ၊ ဘာ၊ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘာကြောင့် ဒီမှုခင်းဖြစ်ပွားရလဲ ဆိုတဲ့ အချက်တွေအားလုံးကို သက်သေအထောက်အထားများ၊ မျက်မြင်သက်သေများ၊ အမှုသွားအမှုလာ ဆန်းစစ်ချက်များ၊ သံသယဖြစ်ဖွယ် မှုခင်းကျူးလွန်သူများရဲ့ ထွက်ချက်များ၊ မှတ်တမ်းများကို စုစည်းပြီး အမှုတည်ဆောက်ရမှာ ဖြစ်ပါတယ်။

နိဂုံး

မှုခင်းဖြစ်ပွားမှုတွေဟာ မှုခင်းကျူးလွန်ခံရသူတွေကိုတင် ထိခိုက်နစ်နာစေတာ မဟုတ်ပါဘူး။ မှုခင်းရဲ့ အတိမ်အနက်ပေါ် မူတည်ပြီး၊ အများပြည်သူကိုလဲ အလန့်တကြား၊ ကျီလန့်စာစားဖြစ်စေမှုတွေ ရှိနိုင်ပါတယ်။ ဒါတင်မကပဲ ရဲတပ်ဖွဲ့ရဲ့ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်နိုင်တဲ့ စွမ်းရည်ကိုလဲ ယုံကြည်မှုတွေ လျော့နည်းလာစေနိုင်ပါတယ်။ ဒါကြောင့် မှုခင်းဖြစ်ပွားမှုများကို ကာကွယ်ရန် ဘက်ပေါင်းစုံက လုပ်ဆောင်ဖို့ လိုအပ်သလို၊ မှုခင်းများ ဖြစ်ပွားလာတဲ့အခါမှာလဲ ကျူးလွန်သူများကို အရေးယူနိုင်ရေးက အလွန်ပဲ အရေးကြီးပါတယ်။ ဒီလို အရေးယူနိုင်ရေးအတွက် မှုခင်းဖြစ်ပွားရာနေရာ လေ့လာဆန်းစစ်ချက်ကလဲ အရေးပါတဲ့ ကဏ္ဍတခုဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၈၊ ၂၊ ၂၀၁၃)

ရည်ညွှန်းကိုးကား

Bennett, W. & Hess, K. (1998) Criminal Investigation, 5th edition, Belmont, CA: Wadsworth.
Byrd, M. (2001). Crime Scene Evidence: A Guide to the Recovery and Collection of Physical Evidence. Temecula, CA: Staggs Publishing.
Fisher, B. (2000). Techniques of Crime Scene Investigation. Boca Raton: CRC Press.
Gardner, R. (2005). Practical Crime Scene Processing and Investigation. Boca Raton: CRC Press.
McAuliffe, J. (2002). Criminal Investigations: A Scenario-Based Text. Upper Saddle River, NJ: Prentice Hall.
Sonne, W. (2006). Criminal Investigation for the Professional Investigator. Boca Raton, FL: CRC Press.
Staggs, S. (1997). The Crime Scene and Evidence Photographer's Guide. Temecula, CA: Staggs Publishing.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...