Thursday, April 25, 2013

တချိန်က စကားပြေဘုရားတဆူ လို့ တင်စားပြောခံရသူရဲ့ ပုဂ္ဂိုလ်ရေးရာ စာလေးတစောင်...


၁၉၉၅ ခုနှစ် ကျနော် ဥရုဝေလတောအုပ် တနေရာမှာရှိနေတုန်း နောက်တန်းက
ကြေးနန်းတစောင်ရောက်လာပါတယ်။ ဆရာနိုင်ဝင်းဆွေ ကျဆုံးရှာပြီတဲ့။
(တကယ်တော့ သူဆုံးပြီး နှစ်လကျော်ကြာမှ ကြေးနန်း ရတာပါ။)
တော်တော်စိတ်ထိခိုက်ရပါတယ်။ 

သူရယ်၊ သူဇနီး ၀ အမျိုးသမီး မကျုံ ရယ်၊ မွေးစားသားလေးမောင်ဆန်းရယ် ကို
(ဒုတိယအကြိမ်) မဒတ မြောက်ပိုင်းချီစစ်ကြောင်းနဲ့အတူ အရှေ့မြောက်ဒေသကနေ
မာနယ်ပုလောပြန်အလာမှာ အတီးမန်းရှာက ခေါ်လာပါတယ်။
မာနယ်ပုလော တောင်ဖက်စွန်းမှာရှိတဲ့ သူရဲ့နာနတ်တောထဲက အိမ်မှာ
၂-၃ ရက်နားစေပြီးတဲ့နောက် အတီးက ကျနော်တို့ကို ထမင်းစားဖိတ်ပြီး
ဆရာနဲ့မိတ်ဖွဲ့ပေးပါတယ်။ ပြီးတော့ မာနယ်ပုလောတောင်ဖက်စွန်း
လောကွားလူ လို့လူသိများတဲ့ကျနော်တို့ ဌာနချုပ်အ၀န်းအ၀ိုင်းမှာ
နေရာချထားပေးဖို့ မေတ္တာရပ်ပါတယ်။ ကျနော်တို့လည်း ၀မ်းမြောက်ဝမ်းသာ
လက်ခံကြိုဆိုခဲ့ပါတယ်။ အတီးမန်းရှာရော၊ ကျနော်ရော တခုတော့ သူ့ကို
မေတ္တာရပ်ခံခဲ့ပါတယ်။ (အရှေ့မြောက်ဒေသ စပယ်တောစခန်းက အရေးအသားမျိုး
ထပ်ထွက်လာမှာစိုးလို့) မာနယ်ပုလောမှာ ရသစာပေသက်သက်ပဲရေးပြီး စာပေအလုပ်
ကိုပဲ စောက်ချပြီးလုပ်ပါ။ တခြားဘာမှ မလုပ်ပါနဲ့လို့ ရီရီမောမော ပြောဖြစ်တော့ သူက
ခင်ဗျားတို့က ကျုပ်ဘာမှမရေးရသေးခင် ဆင်ဆာကြိုဖြတ်တာပဲဗျ လို့ ပြောရင်း
သူ့ပင်ကိုယ်ဟန်အတိုင်း တခစ်ခစ်ရီနေပါတယ်။ နောက်မှ....စိတ်ချပါဗျာ၊ ကျနော်
ခင်ဗျားတို့ကို ဒုက္ခမပေးပါဘူး။ ဖထီးက အနီကပ်၊ ခင်ဗျားနဲ့ ကိုမိုးသီးက
အ၀ါကပ်ထိထားတယ်ဆိုတာ ကျနော်ကြားဖူးပါတယ်လို့ နောက်တယ်။
ကျနော်ကလည်း မာနယ်ပုလောမှာ ဆင်ဆာမဖြတ်ဘူး၊ တခြားဟာပဲ ဖြတ်တယ်ဗျ
လို့ ပြန်နောက်လိုက်ပါတယ်။

ဒီလိုနဲ့ သူ့မိသားစုအတွက် ကျနော်တို့ ဌာနချုပ် ဆေးခန်းရှေ့ သောင်ရင်းမြစ်ကမ်းဘးမှာ
တဲလေးတလုံး ထိုးပေးလိုက်ကြပါတယ်။ သူနဲ့ပတ်သက်လို့ သတိတရ
ရေးစရာတွေကတော့ အများကြီးပါပဲ။ စာပေရေးရာ၊ နိုင်ငံရေးရာကိုအသာထားလို့
ရောက်စ လေးငါးခြောက်လလောက် ထမင်းစားတိုင်း ငါးပိရည်ကို
ဟင်းချိုသောက်သလိုသောက်တာ။ မချက်ရ၊ မရောင်းရ၊ မသောက်ရ
အမိန့်ထုတ်ထားတဲ့ နေရာမှာ မကျုံက အရက်ချက်ရောင်းဖို့ကြံလို့ သူအကြပ်ရိုက်တာ။
(မဟုတ်ရင် ၀ပြည် ပြန်မယ်လို့ ဟိုက ရာဇသံပေးတာကိုး။) မောင်ဆန်းကို သူကိုယ်တိုင်ဗမာစာသင်ပေးဖို့အတွက် အလွယ်သင် ဗမာသင်ပုန်းကြီးဖတ်စာသစ်
ဆိုပြီးထွင်တာ။ (ဒီအကြောင်းကိုတော့ အရင်နှစ်က ကြုံကြိုက်တော့ ဦးလှိုင်ကိုပြောပြဖြစ်လို့
သူတောင် မန္တလေး FM ရေဒီယိုတခုနဲ့ အင်တာဗျူးတော့ ထည့်ပြောဖြစ်တယ်လို့
ဦးလှိုင်က ပြန်ပြောတယ်။) နောက်ပိုင်းတော့ မနေနိုင် မထိုင်နိုင် နိုင်ငံရေးစာတမ်းတွေ
ရေးတာ၊ ဖြန့်တာ။ ယာယီတော်လှန်ကော်မတီမှာ အခါပေးဝင်လုပ်တာ၊ နောက်တော့
စာပေကလပ်၊ သစ္စာရီဗျူး..လှုပ်ရှားမှု၊ ကျန်းမာရေးမကောင်း၊ ရဟန်းဝတ်.... စတဲ့...စတဲ့ သတိရစရာတပုံတပင်။

၂၀၀၅ ခုနှစ် မာနာပုလောကအဆုတ်၊ သူကျဆုံးချိန်မှာ ကျနော်က နှစ်ပတ်ခရီးလောက်
ဝေးတဲ့နေရာမှာ။ အထက်ကပြောခဲ့သလို တလလောက်ကြာမှ ကြေနန်းသတင်းအရ
သိရတာ။ နောက်တန်းရောက်လို့ ပြန်မေးကြည့်တော့မှပဲ စိတ်ထိခိုက်စရာ
အဖြစ်အပျက်ကို ကြားရတာ။ ဒါတောင် တိတိကျကျ ဘယ်သူမှ ရှင်းမပြနိုင်ကြ။
ဘယ်လိုပဲဖြစ်ဖြစ် သူကျဆုံးသွားတာ ၂၀၁၃ ဖေဖေါ်ဝါရီ ၂၄ ရက်ဆိုရင်
ရှစ်နှစ်တင်းတင်းပြည့်ပြီ။

ဖိုင်အဟောင်းတချို့ကိုပြန်ရှင်းရင်းနဲ့ သူလက်ရေးနဲ့စာလေးတစောင်တွေ့တယ်။
၁၁၊၆၊၁၉၉၁ ရက်စွဲနဲ့။ ဒီစာသက်တမ်းတောင် ၂၂ နှစ်ရှိနေပြီ။ ဒီလိုပဲထားရင်
တနေ့ ပျက်စီး၊ ပျောက်ဆုံးသွားမှာစိုးလို့ အလွမ်းပြေတင်ပေးလိုက်ပါတယ်။ ဒီလောက်
စိတ်ညစ်နေရတဲ့ အချိန်မှာတောင် သူ့ရဲ့ ဟာသဥာဏ်နဲ့ ထီမထင်တဲ့စိတ်ကို စာထဲမှာ
တွေ့နိုင်တယ်။ (မူရင်း စာလုံးပေါင်းသတ်ပုံအတိုင်း)

အဲဒီတုန်းက ဌာနချုပ်ရုံး တရုံးလုံးပေါင်းရင်တောင် တပြားမှ မရှိလို့ ထုံးစံအတိုင်း
ချောင်းထိပ်က အမိုးဘဏ်ကနေ (အကြွေးယူနေကြ ကုန်စုံဆိုင်) ဘတ် ၃၀၀
ချေးပေးလိုက်ရတာကို သတိရနေမိတယ်။

၂၀၁၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၉ )ရက်။

-------------- ဆရာနိုင်ဝင်းဆွေစာ မိတ္တူမှန် စ ။ --------------------
ချစ်စွာသော ကိုကျော်ကျော်

ကျနော်အခြေအနေဆိုးလွန်းလို့ အကူအညီတောင်းလိုက်ပါတယ်။
မောင်ဆန်းကို ငွေ ၁၀၀ ဘတ် ချေးပီး ကျောင်းသွားအပ်
ရတယ်။ ခု မကျုံလဲဖျားနေ။ လက်ထဲလဲ တပြားမှမရှိ။
အထူးသဖြင့် မကျုံ စိတ်ပိန်နေတယ်။ သနားစရာပါဘဲ။
ငါးပိရေ ချည့်စားနေရတာ ၁ လ လောက်ရှိသွားပြီ။
အထူးသဖြင့် မကျုံ စိတ်ဓာတ် နဲနဲ ပြန်လန်းဆန်းရေး။
ကို့ ညီလေး ဖြစ်တဲ့နည်းနဲ့ အနည်းဆုံး ငွေ ၂၀၀ ဘတ် -
ဘယ်လောက်အခက်အခဲ ကြုံရသည်ဖြစ်စေ - - လိုက်လံချေးငှား
တောင်းယမ်း လုယက် နည်းမျိုးစုံသုံးပီးကူညီပါ။
(အနည်းဆုံး ဘတ် ၂၀၀
အများဆုံး ဘတ် ၁၀၀၀။)

ချစ်စွာသော
နိုင်ဝင်းဆွေ
၁၁/၆/၁၉၉၁ နေ့
-------------- ဆရာနိုင်ဝင်းဆွေစာ မိတ္တူမှန် ဆုံး။ --------------------

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...