Sunday, April 7, 2013

“လူငယ်နှင့် ယဉ်ကျေးမှု”


ယဉ်ကျေးမှုဟူသည့် စကားလုံးကို အနက်အဓိပ္ပာယ် ဖွင့်ဆိုရန်ကား အလွန်နက်နဲလှပါသည်။ ယဉ်ကျေးမှုဟု ဆိုရာတွင် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၊ လူမျိုးစုတစ်စုခြင်း အလိုက် အတူတကွ လက်ခံကျင့်သုံးကြသော၊ အစဉ်အဆက်က ဆင်းသက်လာသော၊ တန်ဖိုးများ၊ ဓလေ့ထုံးတမ်း အစဉ်အလာများ၊ ယုံကြည်မှုများ၊ သမိုင်းဖြစ်စဉ်များ၊ ပါးစပ်ရာဇဝင်များနှင့် ရိုးရာများ၊ နေ့စဉ် လူနေမှုဘဝပုံစံများကြောင့် ဖြစ်ထွန်းလာသည့် စဉ်းစားတွေးခေါ်ပုံများ၊ အမူအကျင့်များ မှသည် စာပေ၊ အနုပညာ၊ ဘာသာစကား၊ ကိုယ်ကွယ်ယုံကြည်မှုများ အထိ ပါဝင်ပတ်သက်နေပါသည်။
နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတမျိုး၏ ယဉ်ကျေးမှု အဆင့်အတန်းကို ဆုံးဖြတ်ရာတွင် ရုပ်ပိုင်းဆိုင်ရာ အဆင့်အတန်းကိုသာမက၊ စိတ်ပိုင်းဆိုင်ရာ အဆင့်အတန်းကိုပါ ထည့်သွင်းဆုံးဖြတ်ကြပါသည်။
မြန်မာဟူသည် လွန်ခဲ့သော နှစ်ပေါင်း ၃ဝဝဝ ခန့်ကတည်းက ကိုယ်ပိုင် ယဉ်ကျေးမှု၊ ဘာသာစကား၊ ဓလေ့ထုံးတမ်း စသည်များဖြင့် စတင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်ကို သမိုင်းမှတ်တမ်းများက သက်သေပြနေပါသည်။ သို့သော်လည်း သမိုင်းမှတ်တမ်း အစကတည်းကပင် အစဉ်အဆက် နိုင်ငံတစ်နိုင်ငံ နှင့် တစ်နိုင်ငံ ကူးလူးဆက်ဆံမှုများအရ ဝတ်စားဆင်ယင်မှုပုံစံများ၊ အနုပညာပုံစံများ၊ စာပေပုံစံများ မှသည် ယဉ်ကျေးမှုပုံစံများလည်း ကူးလူး စိမ့်ဝင်မှုများ ရှိနေသည်ကိုကား ငြင်း၍မရနိုင်ပါ။
ရှေးမြန်မာဘုရင်များ လက်ထက်တွင် လှပျိုဖြူများ၏ ဝတ်စားဆင်ယဉ်မှုပုံစံများ မှသည် နန်းတွင်း ဝန်ကြီးများ၊ အမတ်မင်းများ၏ ဝတ်စားဆင်ယင်မှုပုံစံများအထိ တရုပ် နှင့် အိန္ဒိယ တို့၏ ဝတ်စားဆင်ယင်မှု ပုံစံများ တစ်စိတ်တစ်ပိုင်း ပါဝင်နေသလို ဂီတ၊ အနုပညာတွင် “ယိုးဒယား” စသည့် ဂီတအမျိုးအစား များသည် အခြားသောနိုင်ငံများမှ ယဉ်ကျေးမှုပုံစံများ အတိုင်းအတာ တစ်ခုအထိ ပါဝင်နေသည် သလို မြန်မာစာပေအစ ရာဇကုမာရ် ကျောက်စာကို ရေးသားခဲ့သည့် မြန်မာအက္ခရာများသည်ပင် အိန္ဒိယနိုင်ငံ ပြည်နယ်တစ်ခု ဖြစ်သည့် သြရိသ ပြည်နယ်မှ တဆင့် ကူးသန်းရောင်း ဖောက်ကားရန် မွန်တို့ဌာနေ ရာမညတိုင်းသို့ ရောက်ရှိသူများထံမှ ရရှိခဲ့သည်ကို သမိုင်းမှတ်တမ်းများတွင် တွေ့နိုင်ပါသည်။ မြန်မာလူမျိုး သည်ပင်လျှင် မူလမျိုးရင်းကို စစ်ကြည့်လျှင် Neroid ဟုခေါ်သော အသားမည်းလူမျိုး၊ Europoid ဟုခေါ်သော အသားဖြုလူမျိုး၊ Mongoloid ဟုခေါ်သော အသားဝါလူမျိုး ဟူသည့် ကမ္ဘာပေါ်ရှိ မျိုးနွယ်စုကြီး (၃) ခုအနက်မှ Mongoloid မျိုးနွယ်စုတွင် ပါဝင်ပါသည်။ သို့ဖြစ်၍ အခြားသော Mongoloid မျိုးနွယ်စုဝင်များ ဖြစ်သည့် ယိုးဒယား၊ ကမ္ဘောဒီယား၊ သီရိလင်္ကာ အစရှိသည့် နိုင်ငံများအပြင် အရှေ့ အာရှ တစ်ခုလုံး သာမက အမေရိက တိုက်ရှိ Red Indian များ အားလုံးတို့သည် မျိုးရင်းတူသည့်အတွက် အချို့သော ယဉ်ကျေးမှု ဓလေ့ထုံးစံများ တိုက်ရိုက်တူညီသည်များ ရှိသလို၊ တစိတ်တစ်ပိုင်း ပါဝင် ပတ်သက်နေသည်များကိုလည်း တွေ့နိုင်ပါသည်။
ခေတ်အဆက်ဆက်အလိုက် ယဉ်ကျေးမှုပုံစံများသည် ဆင့်ကဲပြောင်းလဲ လာသည်ကိုလည်း မည်သူမှ မငြင်းနိုင်ပါ။ ယနေ့ခေတ်တွင် “မြန်မာ့ယဉ်ကျေးမှု” ဟုဆိုလျှင် မည်သည့်စံနှုန်းဖြင့်တိုင်းတာ ကြမည်နည်း …… ရွာကြီးတစ်ရွာကဲ့သို့ ဖြစ်နေသည့် ယနေ့ကမ္ဘာကြီးတွင် ကမ္ဘာအနှံအပြား နိုင်ငံအသီးသီး၊ လူမျိုးအသီးသီးတို့သည် ကူးလူးဆက်ဆံနေသည့် အတွက် ယဉ်ကျေးမှုပုံစံများ ကူးလူးဆက်ဆံမည်ကိုကား မည်သူမှ ငြင်းနိုင်မည် မထင်ပါ။ လူတစ်ဦးတစ်ယောက်ခြင်းမှသည် နိုင်ငံတစ်ခု အထိ ယဉ်ကျေးမှု အဆင့်အတန်းကို ကြည့်လျှင် ရုပ်ပိုင်းဆိုင်ရာ ဝတ်စားဆင်ယဉ်မှု တစ်ခုတည်းကို ကြည့်ရုံဖြင့် လုံလောက်မည် မဟုတ်ပါ။ ဝတ်စားဆင်ယင်မှုဟူသည် နိုင်ငံတစ်နိုင်ငံခြင်း၏ ရာသီဥတုပုံစံများ အပေါ်တွင်လည်း အတိုင်းအတာ တစ်ခု အထိမူတည်နေပါသည်။
ကမ္ဘာ့ရွာကြီးတွင် နိုင်ငံအသီသီးသည် ဝတ်စားဆင်ယင်မှု ပုံစံများသည်လည်း တိုက်ရိုက် ကူးပြောင်းလာသည်များလည်း ရှိသလို မိမိနိုင်ငံနှင့် လိုက်လျောညီထွေ ဖြစ်မည့်ပုံစံများဖြစ်အောင် ကူးပြောင်းသည်များလည်း ရှိပါသည်။ မည်သို့ပင်ဖြစ်စေ နေရာ ဌာနအလိုက် လိုက်လျော ညီထွေဖြစ်အောင်၊ သင့်တင့်လျောက်ပတ်အောင် ဝတ်စားဆင်ယင် သင့်ပါသည်။ သျှောင်ထုံးနှင့် ထိုးကွင်းမင်ကြောင် ပုံစံ၊ ရင်ဖုံးအင်္ကျီ နှင့် ထိုင်မသိမ်း ပုံစံ နေရမည်ဟု မဆိုလိုပါ၊ ဘုရားသွား ကျောင်းတက်ချိန်တွင် ကွာတားဘောင်းဘီ၊ တီရှပ်၊ စကပ်အတို၊ အင်္ကျီအကြပ် ပုံစံများ ဖြင့်တော့ မတင့်တယ်ပါ။ မိမိကိုယ်ကို လုံခြုံအောင် နေတတ်ထိုင်တတ်လျှင် စကတ်အတို ဝတ်လိုက ဝတ်နိုင်ပါသည်၊ လူတစ်ဦးချင်း၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ပါ၊ သို့သော် မိမိကိုယ်တိုင်က ထိုအဝတ်အစားနှင့် လိုက်လျောညီထွေဖြစ်အာင်၊ လုံခြုံအောင် မနေတတ်မထိုင်တတ်လျှင် မဝတ်သင့်ဟု ယူဆပါသည်။  ကမ္ဘာနှင့်အညီ ရင်ဘောင်တန်းလိုလျှင် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲရုံဖြင့် မလုံလောက်ပါ။  ယနေ့လူငယ်များ သည် ကဏ္ဍအသီးသီးတွင် စာပေ၊ ဂီတ၊ ရုပ်ရှင် သတင်း၊ ဂျာနယ်များမှတဆင့်၊ အင်တာနက်မှတဆင့် ကမ္ဘာကြီးကို နေ့စဉ်နဲ့အမျှ ထိတွေ့ခွင့် ရနေပါသည်။ ထိုသို့ ထိတွေ့ခွင့်ရသည်နှင့် အမျှ လူနေမှုပုံစံများ၊ ယဉ်ကျေးမှုပုံစံများ အတုယူကာ ပြောင်းလဲလာကြသည်ကိုလည်း တွေ့နိုင်ပါသည်။ ယူသင့်သည်ကို ယူပြီး ချန်သင့်သည်ကို ချန်ထားခဲ့သင့်ပါသည်။
ဥပမာ ကိုရီးယား ဇာတ်လမ်းတွဲတစ်ခု ကို ကြည့်လျှင် ခံစားသူ၏ အမြင်အပေါ်တွင် မူတည်က ရှုထောင့် အမျိုးမျိုးကွဲသွားနိုင်ပါသည်။ ကောင်မလေးက စပြီး ရည်းစား စကားစပြောသည်၊ ဆိုဂျူး သောက်သည်ကို အတုယူ၍ရသလို ကိုရီးယားလူမျိုးများ၏ အလုပ်ကြိုးစားပုံများကိုလည်း အတုယူနိုင် ပါသည်။ ကိုရီးယားသူလေး စကတ်တိုတို ဝတ်သည်ကို ယူနိုင်သလို မိမိအသက်အရွယ် ကိုရီးယားသူ တစ်ယောက်၏ အသိပညာ၊ ဗဟုသုတ၊ ပညာအရည်အချင်း စသည်များကိုလည်း နှိုင်းယှဉ်ကာ အတုယူနိုင်ပါသည်။ မိမိတို့ ဖြတ်သန်းလာရသည့် ဘဝပုံစံမတူညီသည့် အတွက် ပညာအရည်အချင်း၊ ဘွဲ့ဒဂရီများကို မနှိုင်းယှဉ်နိုင်သည်မှာ အတိုင်းအတာတစ်ခုအထိ ဖြစ်နိုင်သော်လည်း ကိုယ်တိုင် လုပ်နိုင်သည့် အရည်အချင်းများကို နှိုင်းယှဉ် အတုယူသင့်ပါသည်။ ဥပမာပြောရလျှင် အနည်းဆုံး အာဆီယံနိုင်ငံများမှ လူငယ်များ တစ်နေ့အလုပ်ချိန်၊ ကိုယ်တိုင်စာပေလေ့လာချိန် စသည့် အကျိုးရှိသည့် အလုပ်များကို လေ့လာကြည့်ပါ၊ ဆိုပါစို့ သူတို့ တစ်နေ့တွင် ၁၆ နာရီမှ ၁၈ နာရီအထိ အလုပ်လုပ်နိုင်လျှင် မိမိဘယ်နှစ်ရီ အလုပ်လုပ်နိုင်လဲ … သူတို့ အသက် ၂၅ နှစ်မှာ စာအုပ်စာပေပေါင်း ၁ဝဝ ကျော်ခန့် ဖတ်ရှုလေ့လာပြီးပြီဆိုပါလျှင် မိမိ ဘယ်လောက် ဖတ်ရှုမှတ်သားထားပြီလဲ … စသည်စသည်ဖြင့် မိမိကိုယ်တိုင် လုပ်နိုင်သော ကိစ္စရပ်များကို တစ်ဦးတစ်ယောက်ခြင်း အတိုင်းအတာမှသည် နိုင်ငံ တစ်နိုင်ငံလုံး၏ ရာခိုင်နှုန်း အတိုင်းအတာအထိ လေ့လာနှိုင်းယှဉ်ကာ အတုယူနိုင်ပါသည်။
လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်းတွင် စိတ်ပိုင်းဆိုင်ရာ အထူးသဖြင့် အကျင့်စာရိတ္တ၊ ကိုယ်ကျင့်တရားသည်၊ အထူးအရေးကြီးပါသည်။ မြန်မာလူမှုအဖွဲ့အစည်းတွင် ကိုယ်ကျင့်တရား အတွက် မြတ်စွာဘုရားကိုယ်တော်တိုင် ဟောကြားထားသည့် “သဒ္ဒါ - ကိုးကွယ်ယုံကြည်မှုရှိခြင်း၊ သီလ - ကိုယ်၊ နှုတ်၊ စိတ်နှလုံး စောင့်ထိန်းခြင်း၊ စာဂ - ပေးကန်းစွန့်ကြဲခြင်း၊ သုတ - အကြားအမြင် ဗဟုသုတများခြင်း၊ ပညာ - အမှန်ကိုသိခြင်း၊ ဟီရိ - မကောင်းမှုပြုရမှာကို ရှက်ခြင်း၊ သြတ္တပ - မကောင်းမှုပြုရမှာကို ကြောက်ရွံ့ခြင်း” ဆိုတဲ့ သူတော်ကောင်းဥစ္စာ ခုနှစ်ပါးတရားက လမ်းပြပေး ထားပါသည်။ ကိုယ်စိတ်နှလုံး စောင့်ထိန်းရာတွင် အဝတ်အစားသည် ပါဝင်သည်မှာ အမှန်ပါ။ သို့သော် ဒီမိုကရေစီစနစ်အရ လူတစ်ယောက်၏ လွတ်လပ်ခွင့်တွင် တရားဥပဒေကို လေးစားလိုက်နာမှု၊ လူတစ်ဦးချင်းစီ၏ တာဝန်ယူမှု ရှိရပါမည်။ မိမိ၏ဆောင်ရွက်မှု အပြောအဆို၊ အပြုအမူ၊ အနေအထိုင်၊ အဝတ်အစား အားလုံးသည် လူတစ်ဘက်သားကို အနှောက်အယှက်မဖြစ်စေရန်၊ မထိခိုက်စေရန် လူတိုင်းလေးစားလိုက်နာရမည့် ကျင့်ဝတ်၊ တာဝန်၊ ဝတ္တရားပင်ဖြစ်ပါသည်။
အချုပ်အားဖြင့် ဆိုရပါလျှင် ကမ္ဘာနှင့် အညီရင်ဘောင်တန်းနိုင်ရန် သက်ဆိုင်ရာ ကဏ္ဍအလိုက် ကြိုးစားနေကြချိန်တွင် လူအဖွဲ့အစည်းပေါင်းစုံက လက်ခံနိုင်သော၊ လက်ခံထားသော ယဉ်ကျေးသူ ဟုဆိုနိုင်သော ဘုရားဟောတစ်ရာတော်နှင့် လျော်ညီသော မကောင်းမှုပြုရမည်ကို ရှက်ကြောက်ခြင်း၊ လူ့အဖွဲ့အစည်းအလိုက် သတ်မှတ်ထားသော တရားဥပဒေ၊ ကျင့်ဝတ်၊ စည်းကမ်းများကို လေးစား လိုက်နာခြင်း၊ အကြားအမြင် ဗဟုသုတများခြင်း၊ အကျိုးအကြာင်း စဉ်းစားဆင်ခြင် ဉာဏ်ပညာကြီးခြင်းကာ အမှန်မြင်ခြင်း၊ လူ့ကျင့်ဝတ်ကို နားလည်သော အပြုအမှု အနေအထိုင် ဓလေ့စရိုက်များ ထွန်းကားခြင်း စသော စိတ်သဘောထား ရိုးသား ဖြောင့်မတ် မှန်ကန်သော စာရိတ္တမဏ္ဍိုင် ဖွံဖြိုးတိုးတက်ခြင်း စသည်များကို တစ်ဦးချင်း၊ တစ်ယောက်ချင်း ကျင့်ကြံနိုင်မှသာလျှင် ယဉ်ကျေးမှုကို တန်ဖိုးထား ထိန်းသိမ်းတတ်သော၊ မတူညီသော ယဉ်ကျေးမှုပေါင်းစုံကိုလည်း  လေးစားလက်ခံနိုင်သော အနာဂတ် လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ဟူသော ယုံကြည်ချက်ဖြင့် လူငယ်များကို လက်ဆင့်ကမ်း မျှဝေလိုက်ပါသည်။

Ref: "မြန်မာ့ဓလေ့ Myanma Culture (မြန်မာ့သမိုင်းအကျဉ်း Myanma History in Brief)" - ဒေါက်တာသန်းထွန်း
“ယဉ်ကျေးမှု ဆိုတာ” (ငြိမ်းချမ်းအေး)



Read more: “လူငယ်နှင့် ယဉ်ကျေးမှု” - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A835451&xgs=1&xg_source=msg_share_topic#ixzz2PjWqPmtk

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...