Friday, April 26, 2013

ဟန်းဖုန်းတစ်လုံးရဲ့ ရာဇဝင်

Cloud Cuckoo Land and ကျွန်တော် မျီုးကြီးလဲ shared The Voice Weekly's photo.
ဟန်းဖုန်းတစ်လုံးရဲ့ ရာဇဝင်
..............................
(ဘမောင်ညို)

ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့ကတော့ ကံထူးတဲ့နေ့ ပါပဲခင်ဗျား။ ရပ်ကွက်ရုံးမှာ မဲနှိုက်လိုက်တာ ကျွန်တော် ဖုန်းမဲပေါက်ကြောင်း အိမ်က ရုံးကို လမ်းဘေးဖုန်းနဲ့ ဆက်လာပါတယ်။ လူ ၆၀၀ မှာ ဖုန်းအလုံး ၁၀၀ ပေးတာဆိုတော့ ခြောက်ယောက်မှာ တစ်ယောက်ကံထူးသူပေါ့။ ဟုတ်ကဲ့၊ မရသေးတဲ့ ကျန်တဲ့ဘဝတူတွေ အတွက်လည်း စိတ်မကောင်းပါဘူး။ နောက်လတွေ ဆိုရင်တော့ ရကြမှာပါ။ သမ္မတကြီးကိုသာ နာနာဖိပြီး မေတ္တာ ပို့လိုက်ကြပါ။

ဟုတ်တယ်လေ။ ဇာတ်လမ်းက အားလုံးသိတဲ့အတိုင်း သမ္မတ ကိုယ်တိုင်ဝင်ပါလို့ ဒီအခြေရောက်တာ မဟုတ်လား။ ပြုတ်သူ ပြုတ်၊ ပြောင်းသူ ပြောင်းနဲ့ အတော်ကလေး ပွဲပျက်ပြီးမှ ဒီအဆင့်ရောက်လာတာ မဟုတ်ပါလား။ နောက်ဆုံးပိတ် အစည်းအဝေးမှာကို သမ္မတကိုယ်တိုင် တက်ပြီး ဝင်ပါခဲ့ရသေးတာ သတင်းစာမှာ တွေ့လိုက်ရတယ် မဟုတ်လား။

ဆိုရှယ်လစ်ကနေ အကူးအပြောင်း၊  အာဏာရှင်ကနေ အကူး အပြောင်းစတဲ့ အကူးအပြောင်း နိုင်ငံတိုင်းမှာ ဒီလိုအဖြစ်တွေ ကြုံကြရတယ် ဆိုပေမယ့် ကျွန်တော်တို့ဆီမှာ ပိုပြီးတော့ကို နေသလိုပါပဲ ခင်ဗျား။ မီးသတ်ဝတ်စုံလောက် ဝတ်ရရင်တောင် အရပ်ထဲမှာ လွှားလွှား လွှားလွှား လုပ်ချင်လာတာ။ အရာရှိကြီးများဆိုတော့ လုပ်ပိုင်ခွင့်တွေ၊ အာဏာတွေကို မက်မောပေတော့မပေါ့။ လူမျိုးကိုက အဲသလိုဖြစ်နေသလားလို့ ထင်ရတဲ့ အထိ ဖြစ်လာပါတယ်။

တကယ်ကတော့ စနစ်တွေပါ။ အကူးအပြောင်းတွေပါ။ အစိုးရကြီးကြီး လား၊ အစိုးရသေးသေးလား ဆိုတဲ့ ပြဿနာပါ။ အတွေးအခေါ်မှာကိုက စီးပွားရေးလုပ်ငန်းတွေမှာ ပုဂ္ဂလိကကဏ္ဍကို ဦးစားပေးဖို့ဆိုတာကို မရှင်းတဲ့ ပြဿနာပါ။ ပုဂ္ဂလိကစားသွားရမှာ၊ အမြတ်စွန်းရသွားမှာကို အရမ်း မလိုလားတဲ့ ပြဿနာပါ။ အာဏာအားလုံး ကိုယ့်လက်ထဲကိုင်ထားရင် ကိုယ်ပဲ စားရမယ်။ ကိုယ်ပဲ လုပ်ပိုင်ခွင့်ရှိတယ် မဟုတ်ပါလား။ ဒါပေမဲ့ အရင်း အနှီးကျတော့လည်း မစိုက်နိုင်ပါဘူး။ အရင်းအနှီးဒေါ်လာ သန်း ၉၀၀၊ ၁၀၀၀ စိုက်လိုက်မှသာ တစ်ခါတည်း ဝေါခနဲ လူအားလုံးလက်ကို ဖုန်းတွေရောက်လာ မှာပါ။ ဆက်သွယ်ရေးဌာနကလို ငါးကြင်းဆီနဲ့ ငါးကြင်းကြော်နေလို့ ကတော့ (သမ္မတသာ ဝင်မပါခဲ့ရင်) နောက်ငါးနှစ်နေလို့လည်း ဒီဈေးနှုန်းကို ရောက်လာမှာ မဟုတ်ပါဘူး။

အိန္ဒိယမှာ အခုတစ်လကို ဖုန်းအလုံးရေ သန်း ၂၀ လောက် ချပေးနေပါတယ်။ ဒါပေမဲ့ သူ့မှာလည်း နိုင်ငံပိုင် (SOE) လုပ်ငန်းအများအပြား ရှိနေပါသေးတယ်။ ဒါတွေဟာ ယခင် အင်ဒီရာဂန္ဒီလက်ထက်က ရုရှားနဲ့ ပေါင်းပြီး လုပ်ခဲ့တဲ့ ဆိုရှယ်လစ်ဆန်ဆန် စီးပွားရေးတွေရဲ့ အကျိုးဆက်တွေပါ။ အဲဒီတုန်းက တိုင်းမ်မဂ္ဂဇင်းမျက်နှာဖုံးမှာ အင်ဒီရာဂန္ဒီက အာလာဒင်မီးခွက်ကို လက်နဲ့ ပွတ်လိုက်တဲ့အချိန်မှာ ဂိုဘာချော့က ဝေ့စ်ကုတ် လက်ပြတ်ကလေးနဲ့ မီးခွက်ထဲက လက်ကလေးပိုက်ပြီး ပေါ်လာတဲ့ပုံနဲ့ ဖော်ပြဖူး ပါတယ်။ အဲဒီအချိန်က နိုင်ငံအနှံ့ ရုရှားက ဆောက်ပေးတဲ့ စက်ရုံပေါင်း ရာကျော်ရှိပါတယ်။ အခု ဒီလို နိုင်ငံပိုင်စက်ရုံတွေ၊ လုပ်ငန်း  တွေဆိုတာ အိန္ဒိယစီးပွားရေးမှာ ဖြေရှင်းနေရတဲ့ ပြဿနာတွေပါပဲ။

တရုတ်ကတော့ ပိုဆိုးပါတယ်။ အကြီးစားစက်မှုလုပ်ငန်းအားလုံး၊ ဘဏ်ကြီးများအားလုံး၊ ရေနံကုမ္ပဏီကြီးများ အားလုံးလောက်ဟာ အစိုးရပိုင် လုပ်ငန်းတွေပါ။ အခုနည်းပညာ ကုမ္ပဏီကြီးတွေမှာလည်း အစိုးရရှယ်ယာတွေ အများစုပါပဲ။ ဒါပေမဲ့ ပုဂ္ဂလိကကဏ္ဍကို တရုတ်အစိုးရက အားပေးလာတာ အခုဆိုရင် ပုဂ္ဂလိက ကဏ္ဍက ၃၀ ရာခိုင်နှုန်း ကျော်အထိ ကြီးထွားလာတယ်လို့ ဆိုပါတယ်။ အိန္ဒိယမှာ SOE တွေကို ပုဂ္ဂလိကပိုင်လုပ်တဲ့ အစီ အစဉ်တွေရှိပေမယ့် တရုတ်မှာတော့ အဲဒီလို မကြားရပါဘူး။ ဒါကြောင့် တရုတ် SOE တွေ ကြီးထွားလာတာနဲ့အမျှ တစ်နေ့ ဘယ်လိုဇာတ်သိမ်းမလဲ ဆိုတာ စီးပွားရေး ပညာရှင်များ စောင့်ကြည့်နေရဆဲပါ။

ကျွန်တော်တို့ဆီမှာတော့ ယခင် နဝတအစိုးရ၊ ဗိုလ်ချုပ် ခင်ညွန့် ရှိစဉ်ကတည်းက နိုင်ငံပိုင်စက်ရုံများ ပုဂ္ဂလိကပိုင်ပြုရေး ဆိုတာ လုပ်ခဲ့ကြပေမယ့် ဘာမှထိထိရောက်ရောက် ဖြစ်လာတာ မတွေ့ရပါဘူး။ အခုနောက်ဆုံး အသုတ်မှာ စက်ရုံအချို့နဲ့ ဓာတ်ဆီဆိုင်တွေ ပုဂ္ဂလိက နီးစပ်သူတွေကို ပေးလိုက်တာ တွေ့ရပါတယ်။ အချို့စက်မှုဝန်ကြီးဌာန တွေဟာ အများပိုင် သဘောမျိုးတွေ အရင်ကထက်တောင် များလာသလို တွေ့နေရပါတယ်။

အခု တယ်လီဖုန်းဟာလည်း ဒီဖြစ်စဉ်ထဲကပါပဲ။ အခု တင်ဒါ ခေါ်ထားတဲ့ နိုင်ငံခြားကုမ္ပဏီတွေ ဝင်လာပြီး အင်နဲ့အားနဲ့ လုပ်မှသာ အမြန်ဆုံး ပြည်သူအများစုလက်ကို ဖုန်းတွေရောက်လာမှာပါ။ သူတို့ ဝင်လာလို့ သူတို့စားသွားတော့မှာပဲလို့ မစိုးရိမ်ပါနဲ့။ သူတို့ဆီက အလုပ် အကိုင် အခွင့်အလမ်းတချို့၊ နည်းပညာတွေနဲ့ ဈေးကွက်သဘော တရား ဆိုင်ရာတွေ ပြန်ရနိုင်ပါသေးတယ်။ အားလုံးကို ကိုယ်ပဲစားဖို့ဆိုတဲ့ ခေတ်ကတော့ ကျန်နေပါစေ။

သောမတ်အယ်လ်ဖရိုက်မင်ရဲ့ “လက်ဇပ်ကားနဲ့ သံလွင်ပင်” စာအုပ်ထဲမှာ အတော်ကောင်းတဲ့ ဟာသတစ်ခု ထည့်ရေးထားတာ တွေ့ရပါတယ်။ အဲဒါကတော့ တစ်နေ့ အာရှနိုင်ငံ တစ်နိုင်ငံက ဝန်ကြီးတစ်ယောက်ထံ အာဖရိကနိုင်ငံ တစ်နိုင်ငံက ဝန်ကြီးတစ်ယောက် လာလည်တဲ့အခါ အာရှ ဝန်ကြီးရဲ့ ခမ်းနားလှတဲ့အိမ်ကို ကြည့်ပြီး အာဖရိကဝန်ကြီးက အတော်အံ့သြ အားကျဖြစ်ကာ ဘယ်လိုများ ဆောက်နိုင်ခဲ့တာလဲပေါ့။ ဒီလိုမေးတဲ့အခါ အာရှဝန်ကြီးက “ဟိုးမှာတွေ့လား။ လမ်းတွေ၊ တံတားတွေ” ဆိုတော့ အာဖရိကဝန်ကြီးက “တွေ့ပါတယ်” ပေါ့။ အဲဒီအခါ အာရှဝန်ကြီးက ပြုံးပြီး အဲဒါ သူ့အတွက် ၁၀ ရာခိုင်နှုန်းပဲလို့ ပြောလိုက်ပါတယ်။ သြော်၊ သြော်ဆိုပြီး အာဖရိကဝန်ကြီး အတော် သဘောပေါက်သွားပါတယ်။ နောက် လေး၊ ငါးနှစ် ကြာတော့ အာရှဝန်ကြီးက အာဖရိကကို သွားလည်တဲ့အခါ အာဖရိကဝန်ကြီး ဟာ နန်းတော်လောက်ရှိတဲ့ အိမ်ကြီးနဲ့ဖြစ်နေပါပြီ။ အာရှဝန်ကြီးလည်း အံ့သြသွားပြီး ဘယ်လိုများဖြစ်လာပါသလဲပေါ့ ဆိုတဲ့အခါ အာဖရိကဝန်ကြီးက 
“ဟိုးမှာ လမ်းတွေ၊ တံတားတွေ တွေ့လား” ဆိုပြီး ပြပါတယ်။ အဲဒီအခါ  သူလက်ညှိုးညွှန်ပြရာ နေရာမှာ ဘာလမ်း၊ ဘာတံတားမှ မရှိပါဘူး။ ဒါနဲ့ အာရှဝန်ကြီး အံ့အားသင့်နေချိန်မှာ အာဖရိကဝန်ကြီးက ပြုံးပြုံးကြီးကြည့်ပြီး အဲဒါ သူ့အတွက် ၁၀၀ ရာခိုင်နှုန်းပေါ့လို့ ပြောလိုက်ပါတယ်။ ဒါကတော့ အပြန် အလှန် ထိန်းကျောင်းမှုမရှိတဲ့၊ ဒီမိုကရေစီမရှိတဲ့ အာဏာရှင် နိုင်ငံတွေမှာ ကလက်တိုကရေစီ လို့ခေါ်တဲ့ တိုင်းပြည်ဘဏ္ဍာကို ခိုးကြ၊ ဝှက်ကြပုံတွေကို အပြောင်မြောက်ဆုံး သရုပ်ဖော်ထားတဲ့ ဟာသတစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာလည်း အခိုင်အမာဖြစ်ရပ်တွေ၊ ဇာတ်လမ်းတွေအရ ပြောရင် ဒီလိုကိစ္စတွေ အများအပြားပါပဲ။

အခု ဟန်းဖုန်းကိစ္စကတော့ ဒီဥပမာထဲကလို ပြောရင် ပြည်သူတွေ အတွက် လက်ကျန် ၉၀ ရာခိုင်နှုန်းထဲက ပဲလား သို့မဟုတ် ၈၀ ရာခိုင်နှုန်း ထဲကပဲလား၊ ဒါမှမဟုတ် ၅၀ ရာခိုင်နှုန်းလောက် ထဲကပဲ ထွက်လာသလား မသိနိုင်ပေမယ့် ကျွန်တော် ဖုန်းတစ်လုံးတော့ သုံးစွဲခွင့်ရတော့မှာပါ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...