Sunday, April 14, 2013

ရာဇ၀င်တို့၏ သင်ခန်းစာ ( ၂ ) ( ရုန်းထွက်နိုင်မှု စွမ်းရည် )


သိဝိတိုင်း၊ အရိဋ္ဌပုရမြို့တော်၌ အစိုးရသော သိဝိမင်းနှင့် စစ်သူကြီးအဘိပါဒကတို့သည်
သက်တူရွယ်တူများ ဖြစ်ကြပြီး ငယ်စဉ်တောင်ကျေး ကလေးဘ၀ကပင် ကစားဖေါ်များ ဖြစ်ခဲ့
ကြသည်။ တစ်ဦးနှင့်တစ်ဦးလွန်စွာရင်းနှီးချစ်ခင်ကြပြီး တက္ကသိုလ်မြို့တော်သို့ ပညာသင်သွား
ကြရာတွင်လည်း အတူတူပင်ဖြစ်၏။
၎င်းတို့နှစ်ဦး ပညာစုံ၍ပြည်တော်သို့ ပြန်လည်ရောက်ရှိ
ကြပြီးနောက် ခမည်းတော်မင်းတရားကြီးက သိဝိမင်းကို ထီးနန်းလွှဲအပ်ခဲ့၏။ ဘိသိက်ခံယူပွဲ
မှာပင် သိဝိမင်းက ငယ်ပေါင်းကြီးဖေါ်ဖြစ်သော အဘိပါဒကကို စစ်သူကြီးအရာပေးအပ်ခဲ့လေ
၏။
အဘိပါဒကစစ်သူကြီးမှာ သိဝိမင်းနှင့်ရင်းနှီးချစ်ခင်သည်နှင့်အမျှ ကိုးစားယုံကြည်ခြင်း
ကိုလည်းခံယူရ၏။ အရေးကြီးသောကိစ္စရပ်များကြုံရသည့်အခါတိုင်းသိဝိမင်းသည် သူနှင့်တိုင်
ပင်ဆွေးနွေးရ၏။ အဘိပါဒကစစ်သူကြီးကလည်း မိမိ၏အကျိုးစီးပွားထက် အရှင်သခင်၏ အ
ကျိုးစီးပွားကိုသာ အလေးထား၍ထမ်းရွက်ခဲ့လေ၏။
တိရိဋိဝစ္ဆ သူဌေးကြီးသည် လွန်စွာမှ ချောမောလှပသော မိမိ၏သမီးလှရတနာ အရွယ်
ရောက်သည့်အခါ၌ သိဝိမင်းကြီးထံဦးစွာဆက်သခဲ့၏။သမီးလှရတနာ ဥမ္မာဒန္တီမှာ တွေ့မြင်ရသ
မျှသောယောင်္ကျားသားတို့ လိုချင်တပ်မက်စိတ်ဖြင့်အရုးအမူးဖြစ်ကြရကား လူအများမမြင်တွေ့
ရအောင် တပင်တိုင်ဆောင်၌သာ နေထိုင်ရလေသည်။ သိဝိမင်းကြီးက မိန်းမမြတ်တို့၏ လက္ခ
ဏာနှင့်ညီမညီ သိရှိစေရန်ပုရောဟိတ်ပုဏ္ဏားတို့ကို လေ့လာစူးစမ်းရန် စေလွှတ်လိုက်၏။ သူ
ဌေးကြီးကလည်း ပုဏ္ဏားတို့ကိုခရီးဦးကြိုကာ ဃနာနို့ထမင်းဖြင့်တည်ခင်းဧည့်ခံလေ၏။ ထိုစဉ်
အခိုက်မှာပင် သမီးတော်ဥမ္မာဒန္တီသည် ၀တ်စားတန်ဆာပြည့်စုံစွာဆင်မြန်းလျှက် ပုဏ္ဏားများထံ
သို့ဝင်ရောက်လာပေသည်။ ဥမ္မာဒန္တီကိုမြင်လိုက်ရသော ပရောဟိတ်ပုဏ္ဏားကြီးတို့မှာ မိမိတို့၏
သိက္ခာကိုပင် မထိန်းသိမ်းနိုင်ကြတော့ပဲ အရူးအမူးဖြစ်ကုန်ကြရလေ၏။ အချို့ကဆုပ်ကိုင်လျှက်
တန်းလန်းထမင်းလုတ်ကို ခေါင်းပေါ်တင်ကြ၊ အချို့က ချိုင်းကြားထဲသွင်းကြ၊ အချို့မှာတော့ထ
မင်းဝိုင်းမှထကာ အိမ်နံရံကို ခေါင်းနှင့်ဝှေ့ကြ၊ အယာင်ယောင်အမှားမှား ဖြစ်ကြရသည်ဟု ဆို
လေ၏။
ဤတွင် ဥမ္မာဒန္တီက..." ငါ့လက္ခဏာကိုဖတ်ဖို့လာကြတဲ့ ပုဏ္ဏားတွေက အရူးဘ၀ရောက်
ကုန်ကြမှတော့ ဘာအသုံးကျတော့မှာလဲ၊ သူတို့ကိုအိမ်ထဲကနှင်ထုတ်လိုက်ကြတော့ " ဟု အ
မိန့်ပေး လိုက်လေလျှင် အိမ်စေများက ဆွဲထုတ်သဖြင့် လမ်းမပေါ် ရောက်သွားခါမှ သတိပြန်
လည်လာကြတော့သည်။ သတိပြန်လည်လာသည်နှင့် ရှက်ရွံ့ ခြင်း၊ အမျက်ဒေါသ ထွက်ခြင်း
တို့ဖြင့်ရွှေနန်းတော်သို့ဝင်ရောက်ခစားကာ " အရှင်မင်းကြီး၊ ဥမ္မာဒန္တီဟာ အလွန်ဒေါသကြီးလှ
ပါတယ်၊ မိန်းမမြတ်လက္ခဏာလည်းမရှိပါ၊ အလွန် ယုတ်ညံ့သူတစ်ဦးလည်း ဖြစ်ကြောင်းပါဘု
ရား " ဟု မဟုတ်မမှန်လုပ်ကြံ၍ လျှောက်တင်ကြလေ၏။
ပုရောဟိတ်ပုဏ္ဏားတို့၏ လီဆယ်လျှောက်တင်ချက်ကို ယုံကြည်ပြီး ဆက်သမှုကိုလက်
မခံခဲ့သဖြင့် သိဝိမင်းသည် ဥမ္မာဒန္တီနှင့် လွဲချော်ခဲ့ရလေသည်။ သူဌေးကြီးလည်း သမီးကညာ
ဆက်သမှုကို ဘုရင်ကလက်မခံသဖြင့် စစ်သူကြီး အဘိပါက ကိုဆက်သခဲ့ရာ စစ်သူကြီး က
လက်ခံခဲ့သဖြင့် ဥမ္မာဒန္တီမှာ စစ်သူကြီး၏ ကြင်ရာတော်ဖြစ်ခဲ့ရလေသည်။ ဤတွင် ဥမ္မာဒန္တီ၏
စိတ်၌ မိန်းမသားပီပီ မခံချင်စိတ် နှင့် အလှမာနစိတ်တို့၏ စေ့ဆော်မှုကြောင့် သိဝိမင်းကြီးနှင့်
ပုဏ္ဏားများအပေါ် အတေးအမှတ်တစ်ခု စွဲထင်ဖြစ်ပေါ်ခဲ့ရလေ၏။
တစ်ခုသော တန်ဆောင်မုန်းလပြည့်ပွဲတော် ၌ဥမ္မာဒန္တီ၏ အမှတ်အတေးနှင့် မိမိယုတ်ညံ့
သူဟုတ်မဟုတ် လက်တွေ့ပြလိုသည့်ဆန္ဒကို အကောင်အထည်ဖေါ်ခွင့် ရရှိခဲ့လေသည်။ သိဝိ
မင်းသည် အစဉ်အလာအရ မြို့တော်တွင်းထွက်၍ အပူဇော်ခံချိန်တွင် မင်းကြီးမြင်သာသည့်နေ
ရာသို့မထွက်ရန် ခင်ပွန်းသည်စစ်သူကြီးက ကြိုတင်မှာကြားထားပါလျှက် သတိပေးချက်ကိုချိုး
ဖျက်ကာ ဥမ္မာဒန္တီ၏ နေအိမ်ရှေ့ အရောက် လေသာဆောင်မှထွက်၍ ပန်းပွင့်များဖြင့် ကြဲပက်ပူ
ဇော်ခဲ့လေ၏။ ဥမ္မာဒန္တီကိုထိုခနတာမျှ မြင်တွေ့လိုက်ရသည့်အခိုက်မှာပင် မင်းကြီးအဖို့ အရူးအ
မူးစွဲလန်းတပ်သွားရကား ရှေ့ သို့ပင်ခရီးမဆက်နိုင်တော့ပဲ ချက်ချင်းပင် နန်းဆောင်တွင်းပြန်၍
တဖွဖွ တမ်းတကာ အိပ်စက်မပျော်နိုင်အောင် ဖြစ်ခဲ့ရလေ တော့သည်။ နောက်ရက် များတွင်
လည်းမည်သူ့ကိုမျှစကားမပြောနိုင်၊ တိုင်းရေးပြည်ရာလည်းမစီမံနိုင်၊ ဥမ္မာဒန္တီ၏ အမည်ကိုသာ
တတွတ်တွတ်ရွတ်ဆိုနေပေတော့သည်။
နန်းတော်တစ်ခုလုံးမှလည်း မင်းကြီးယခုအတိုင်း အရှည်ဖြစ်နေမည်ဆိုလျှင် အသက်ကို
ပင်စိုးရိမ်ရသဖြင့် ကြံရာမရဖြစ်ကြရ၏။ ထိုအချိန်တွင် အဘိပါဒကစစ်သူကြီးသည် မင်းကြီး၏
စက်ရာခန်းဆောင်သို့ဝင်ရောက်၍-
" အရှင်မင်းကြီး ၊ ဒီကနေ့နံနက်မှာ ပူဇော်ပသရာ ညောင်ပင်ကြီးဆီသွားပြီး အရှင်မင်း
ကြီးအတွက် ပူဇော်ပသခဲ့ပါတယ်၊ အဲဒီကနေ အရှင်မင်းကြီး စိတ်ဖေါက်ပြားခံစားနေရတာဟာ
ဥမ္မာဒန္တီကို စွဲလမ်းနေလို့ ဖြစ်ကြောင်း သိရှိခဲ့ရပါတယ် ၊ ဒါကြောင့် ဘုရားကျွန်တော်မျိုးရဲ့ ဇနီး
သယ် ဥမ္မာဒန္တီကို အရှင်မင်းကြီးထံ ပေးဆက်ပါတယ်။ ကိုယ်လုပ်တော်တစ်ဦး အဖြစ် လက်ခံ
တော်မူပါဘုရား၊ ဥမ္မာဒန္တီ နဲ့အတူ ပျော်ပျော်ကြီး စံစားတော်မူပါဘုရား "
ဟူ၍ လျှောက်ထားလိုက်ရာတွင် သိဝိမင်းကြီး စိတ်ရူးသွပ်ဖေါက်ပြားနေရာမှ သတိပြန်
လည်ဝင်ရောက်ခါ လွန်စွာမှတုန်လှုပ်ချောက်ချားသွားရလေ၏။
" အဘိပါဒက ၊ ဥမ္မာဒန္တီကို ငါစွဲလန်းနေတာ နတ်တွေတောင် သိကုန်ကြပြီလား "
" မှန်လှပါ ၊ နတ်ရောလူပါ သိကုန်ကြပါပြီ ဘုရား "
သိဝိမင်းကြီးသည် ခေတ္တမျှ ငြိမ်၍ တွေးတောဆင်ခြင်နေပြီးမှ
" မတော်ပေဘူးအဘိပါဒက၊ သင့်ဘက်ကပေးပေမယ့် ငါ့ဘက်က လက်မခံသင့်ဘူး ၊
တကယ်လို့သာ ငါဟာ ဥမ္မာဒန္တီကိုလက်ခံပြီး ပျော်စံလိုက်ရင် တရားပျက်သွား ပေလိမ့်မယ် ၊
တိုင်းတော်ပြည်တော်တစ်ခုလုံး ဟိုးလေးတကျော် ဖြစ်သွားပေလိမ့်မယ်။ "
" စိုးရိမ်တော်မမူပါနဲ့ အရှင်မင်းကြီး၊ ဥမ္မာဒန္တီပေးဆက်တဲ့ကိစ္စကို အရှင်မင်းကြီးနဲ့ ဘုရား
ကျွန်တော်ကလွဲပြီး ဘယ်သူမှမသိစေရပါဘူး၊ အရှင်မင်းကြီးအလိုတော်ပြည့်ပြီးမှသာ ပြန်ပေး
တော်မူပါဘုရား "
" အဘိပါဒက ၊ လူတွေဟာကိုယ်တိတ်တဆိတ် ပြုတဲ့မကောင်းမှုကို ဘယ်သူမှမသိကြ
ဘူးထင်နေကြတယ်၊ တကယ်တော့သူပြုတဲ့မကောင်းမှုကို ဘုရား ပစ္စေကဗုဒ္ဓါနဲ့ ရဟန္တာပုဂ္ဂိုလ်
တွေ မြင်တော်မူကြတယ်၊ သမ္မာဒေ၀နတ်များလည်း မြင်ကြရတယ်၊ အထူးသဖြင့် မိမိကိုယ်မိမိ
တစ်သက်လုံးသိနေ၊ သတိတရရှိနေပြီးခြောက်လှန့်နေမယ့် အရေးက အဆိုးဝါးဆုံးပဲ "
" အရှင်မင်းကြီး၊ ဘုရားကျွန်တော်မျိုး ကိုယ်တိုင်က ကြည်ကြည်ဖြူဖြူ ပေးဆက်တဲ့အ
တွက် အရှင်မင်းကြီးမှာ မကောင်းမှု မဖြစ်နိုင်ပါဘုရား "
" အဘိပါဒက ၊ သင်အိမ်ပြန်သွားလို့ သင်ချစ်လွန်းလှတဲ့ ဥမ္မာဒန္တီ ကိုသာမမြင်ရရင် အ
ကြီးအကျယ် စိတ်ဆင်းရဲရပေတော့မယ် "
" အရှင်မင်းကြီး၊ ဒါတွေကိုငဲ့ကွက်တော် မမူပါနဲ့တော့၊ အရှင်မင်းကြီးဟာ ဘုရားကျွန်
တော်ရဲ့ အမိအဖလည်းဖြစ်ပါတယ်၊ မှီခိုအားထားရာလည်းဖြစ်ပါတယ်၊ ကျွန်တော်မျိုးတို့မိသား
စု တစ်ခုလုံးကို ကျွေးမွေးပြုစု ထားသူလည်း ဖြစ်ပါတယ်၊ ကိုးကွယ်ရာလည်း ဖြစ်ပါတယ်၊ ဒါ
ကြောင့် ကျေးကျွန်တစ်ယောက်ရဲ့ဇနီးဖြစ်သူကို အရှင်မင်းကြီးအလိုတော်ရှိတိုင်းအသုံးပြုတော်
မူပါဘုရား "
" အဘိပါဒက ၊ ငါသည် အစိုးရသူပေတကား ဆိုပြီး တစ်စုံတစ်ယောက်သောသူက မ
ကောင်းမှုကိုပြုလိုက်တယ်၊ ကိုယ်ပြုတဲ့အမှုကို သူတစ်ပါး တွေ့မြင်သွားလေမလား လို့လည်း
နည်းနည်းမှမထိတ်လန့်ဘူး၊ အဲသလိုပြုတဲ့သူဟာ အသက်လည်းတိုတတ်တယ်၊ နတ်ကောင်း
နတ်မြတ်တွေကလည်း မလိုလားတဲ့မျက်စေ့နဲ့ သူ့ကိုကြည့်တတ်ကြတယ်၊ "
" အရှင်မင်းကြီး၊ သူတစ်ပါးရဲ့ပစ္စည်းဖြစ်သော်လည်း ပိုင်ရှင်က ကြည်ကြည်ဖြူဖြူ ပေး
လှူတာကို အလှူခံပုဂ္ဂိုလ်ကလည်း တရားနဲ့အညီ လက်ခံယူပါတယ်၊ အဲသလိုပြုတဲ့အတွက်
ပေးတဲ့သူရော ခံယူသူပါချမ်းသာသုခ ရရာရကြောင်း ကောင်းမှုကုသိုလ် ပြုရာရောက်ပါတယ်
ဘုရား "
" အဘိပါဒက၊ တစ်စုံတစ်ယောက်ဟာ မိမိခံစားနေရတဲ့ဆင်းရဲဒုက္ခကို သူတစ်ပါးအပေါ်
ပစ်ချလိုက်တယ် ၊ သူတစ်ပါးခံစားနေရတဲ့ ချမ်းသာသုခကို မိမိဘက်ဆွဲယူလိုက်တယ်၊ အဲသ
လိုဆိုရင် သူဟာ တရားမသိရာ ရောက်တော့မှာပေါ့ "
ဤသို့ ဤသို့ဖြင့် အဘိပါဒက စစ်သူကြီး၏ တိုက်တွန်းချက်မှန်သမျှကို သိဝိမင်းကြီးက
ပယ်ချရုန်းထွက်၍ ပြန်လည်းတရားပြနိုင်ခဲ့လေ၏။
သိဝိမင်းနှင့် ဥမ္မာဒန္တီ တို့၏ဇာတ်လမ်းကိုကြားရလျှင် မယ်ဥမ္မာ၏အလှကွန်ယက်အတွင်း
သက်ဆင်းယစ်မူးကာ ရူးရရှာသော သိဝိမင်းကြီး၏အဖြစ်ကိုသာ ဖေါ်ထုတ်ကြသည်၊ တွေ့တတ်
မြင်တတ်ကြသည်။ သိဝိမင်း၏ သတိသမ္ပဇဉ်ဖြင့်ဆင်ခြင်၍ အမှားသံသရာဝဲဂယက်အတွင်းမှ
ရုန်းထွက်နိုင်မှုစွမ်းရည်ကို မတွေ့မမြင်တတ်ကြပေ။ ထို့ကြောင့် သိဝိမင်း၏ ရုန်းထွက်နိုင်မှုစွမ်း
ရည်ကို တွေ့တတ်၊ မြင်တတ်၊ အတုယူတတ်ကြစေလိုပါသည်။
အဓိကကျသောတာဝန်၊ ကြီးလေးသောတာဝန်၊ ဦးစီးဦးဆောင်ပြုရသောတာဝန်များကို
ထမ်းဆောင်နေကြရသော ပုဂ္ဂိုလ်များသည် တစ်ဖက်တွင် ကြီးလေးသောတာဝန်များကို ထမ်း
ဆောင်နေကြရသကဲ့သို့ အခြားတစ်ဖက်တွင်လည်း ကြီးမားသောအခွင့်အရေးများကို ရရှိနေ
ကြလေသည်။ ဤနေရာတွင် တရားသဖြင့်စံစားနေရသော အခွင့်အရေးများရှိသလို တရားနှင့်
မညီသောအခွင့်အရေးများလည်း ရရှိလာတတ်ကြသည်။ ထိုတရားနှင့်မညီသောအခွင့်အရေး
များကို ရယူခံစားလိုက်ပါက မိမိဂုဏ်သိက္ခာကိုလည်း ထိခိုက်စေနိုင်ပေသည်။ သက်ဆိုင်သူ
များ၏ စိတ်နှလုံးကိုလည်း ညှိုးချုံးပူပန်စေနိုင်သည်။ ဤသို့အခွင့်အရေးမျိုးကို တစ်ဖက်သော
သူက ကြည်ဖြူစွာပေးဆက်စေကာမူ ရယူခံစားမှု မပြုသင့်ပေ၊။
သိဝိမင်းကပေးသော သင်ခန်းစာကိုရယူ၍ မည်မျှပင် တပ်မက်လွန်းလှသော အရာဖြစ်
စေ၊ မည်မျှတပ်မက်ဖွယ် ကောင်းလှသည်ဖြစ်စေ ထိုတပ်မက်မှုတို့မှ အောင်မြင်စွာရုန်းထွက်
ကြရပေမည် ။ ရုန်းထွက်နိုင်သော စွမ်းရည်များ မွေးမြူ နိုင်ကြရပေမည်။ သို့မှသာ မိမိတို့၏
ကြီးလေးသောတာဝန်များနှင့် ထိုက်တန်သူ၊ ကြီးမြတ်သောဂုဏ်တို့နှင့် ထိုက်တန်သူများအဖြစ်
မော်ကြွား ရပ်တည်နိုင်ကြမည် ဖြစ်ပေတော့သတည်း။

ေ န လ မ င်း
( ၂ ၀ ၁ ၁ သြ ဂု တ် ၂ ၉ )


ref ; ( ပဏ္ဏာသနိပါတ် ၊ ဥမ္မာဒန္တီ ဇာတ် )
လူ့ဘောင်လမ်းပြ ငါးရာ့ငါးဆယ် ၀တ္တုများ ( ၀ဏ္ဏသီရိ )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...