Wednesday, April 3, 2013

ရွေးကောက်ပွဲ မဟာမိတ် လုပ်လို့ရမရ (မောင်ဝံသ)


by Maung Wuntha (Notes) on Tuesday, April 2, 2013 at 8:54am

ယခုအပတ်ထုတ်  ပြည်သူ့ခေတ်ဂျာနယ်ပါမောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါ
နိုင်ငံလုံးဆိုင်ရာ ပါတီကြီးတွေနဲ့ ပြည်နယ်အချို့ရှိ တိုင်းရင်းသားနိုင်ငံရေးပါတီများ ဆက်ဆံရေးနဲ့ စပ်လျဉ်းလို့ ရွေးကောက်ပွဲ မဟာမိတ်များအဖြစ် ညှိနှိုင်းဆောင်ရွက်ကြဖို့ စဉ်းစားသင့်တဲ့ အကြောင်း အရင်ဆောင်းပါးတစ်ပုဒ်မှာ ကျွန်တာ် ရေးခဲ့ပါတယ်။ အဲဒီဆောင်းပါး ဖတ်မိသူ လူငယ်နိုင်ငံရေးသမား တစ်ယောက်က တိုင်းရင်းသားပါတီများနဲ့သာမက ဗမာ ဒီမိုကရေစီပါတီအချင်းချင်းလည်း ရွေးကောက်ပွဲ မဟာမိတ်မလုပ်နိုင်ကြဘူးလား၊ အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကျွန်တော့် သဘောထားကို သိချင်ပါတယ်လို့ မေးလ်ပို့ပြီး မေးခွန်းထုတ်ပါတယ်။
ဒီမိုကရေစီပါတီချင်းပဲ၊ ရွေးကောက်ပွဲမဟာမိတ် လုပ်နိုင်ရင်ကောင်းတာပေါ့လို့ အလွယ် ဖြေလို့ မရတဲ့ မေးခွန်းဖြစ်ပါတယ်။ ကျွန်တော် တတ်နိုင်သလောက် ကြိုးစားပြီး စဉ်းစားမိတာကို တင်ပြလိုက်ပါတယ်။



အစိုးရအာဏာ ရဖို့အထိ
နိုင်ငံရေးပါတီတည်ထောင် ဖွဲ့စည်းတယ်ဆိုတာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေကျင်းပနိုင်တဲ့ နိုင်ငံတွေမှာ ပြည်သူလူထုရဲ့ ဆန္ဒမဲ အဆုံးအဖြတ်ကို ခံယူပြီး အစိုးရအာဏာ ရရှိဖို့အထိ မျှော်မှန်းကြစမြဲ ဖြစ်ပါတယ်။ ယခင် ပါလီမန်ဒီမိုကရေစီခေတ်က နိုင်ငံရေးပါတီတွေအကြောင်း မပြောတော့ဘဲ ရှစ်လေးလုံးအရေးတော်ပုံကြီး
နောက်ပိုင်းကစလို့ ပေါ်လာတဲ့ နိုင်ငံရေးပါတီတွေကို လေ့လာရင်ပဲ ပါတီတွေရဲ့ ရည်မှန်းချက်နဲ့ လုပ်ထုံးလုပ်နည်း ကွဲပြားတာတွေကို တွေ့ရပါမယ်။ ပါတီပေါင်း ၂၃၀ ကျော် ပေါ်ခဲ့ပါတယ်။ ဒါလည်း အဆန်းမဟုတ်ပါဘူး။ စပိန်နိုင်ငံမှာ အာဏာရှင်ကြီး ဖရန်ကို ၁၉၇၅ခုနှစ်မှာ သေဆုံးသွားတော့ သူ့နေရာကို ဆက်ခံသူဖြစ်တဲ့ ရှင်ဘုရင်က ဖရန်ကို အင်မတန်မုန်းတီးတဲ့ ဒီမိုကရေစီစနစ်ကို စပိန်နိုင်ငံမှာ ပြန်လည် သွတ်သွင်းပေးခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်း ၅၀ ကျော် မြေအောက်ပါတီဖြစ်ခဲ့ရတဲ့ ကွန်မြူနစ်ပါတီ အပါအ၀င် နိုင်ငံရေးပါတီပေါင်း ၂၀၀ကျော် ပေါ်လာတာပါပဲ။ ရွေးကောက်ပွဲလုပ်တော့ ဆိုရှယ်လစ်ပါတီက မဲအများဆုံးရလို့ အစိုးရ ဖွဲ့နိုင်ခဲ့ပါတယ်။ အခုဆိုရင် စပိန်မှာတကယ်တမ်း လှုပ်ရှားနေတဲ့ နိုင်ငံရေးပါတီ ၁၀ ပါတီ ကျော်ကျော်ပဲ ကျန်ရှိပါတော့တယ်။ နိုင်ငံရေးပါတီအများစုက ကောက်ရိုးမီးလို ပေါ်ခဲ့ပြီး နှစ်ပေါက်အောင်မခံဘဲ ပျောက်ကွယ်သွားပါတယ်။ တချို့ကျတော့ စိတ်တူကိုယ်တူ လေးငါးပါတီပေါင်းပြီး အင်အားစုစည်းကြပါတယ်။ သို့သော် နိုင်ငံရေးအာဏာ အနားမကပ်နိုင်ဘဲ ရပ်တည်ရုံရပ်တည်နေကြတာ ဖြစ်ပါတယ်။

ပါတီ မှတ်ပုံတင် လွယ်တဲ့အချိန်
ရှစ်လေးလုံးနောက်ပိုင်း ပေါ်လာတဲ့ နိုင်ငံရေးပါတီ ၂၃၀ ကို ပြန်ကြည့်ရင် အများစုဟာ သပိတ်ကြီးတုန်းက လက်တွဲလှုပ်ရှားခဲ့ကြသူတွေ မိမိတို့ သန်ရာသန်ရာ နိုင်ငံရေးသဘောထားတွေနဲ့ ဖွဲ့စည်းခဲ့ကြတာ များတယ်လို့ သုံးသပ်နိုင်ပါတယ်။ ဗဟို အလုပ်အမှုဆောင် ၁၄-၅ ယောက်စာရင်းတင်နိုင်ရင် ပါတီ မှတ်ပုံတင်လို့ ရလေတော့ အလွယ်တကူ မှတ်ပုံတင်ခဲ့ကြတာပါ။ နောက်ပိုင်းမှာ ၀ါဒတူရာ တူရာ ပေါင်းစပ်မိပြီး တပ်ပေါင်းစုတို့ မဟာမိတ်တို့ ဖွဲ့ကြတာလည်း ရှိခဲ့ပါတယ်။ သို့သော် တကယ်တမ်း ရွေးကောက်ပွဲ ၀င်နိုင်တာ၊ ပါတီရပ်တည်မှုကို ထိန်းနိုင်တာ အလွန်နည်းခဲ့ပါတယ်။ ကျွန်တော့် အရင်ဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ ပါတီကြီးတွေနဲ့ နိုင်ငံရေးဝါဒ ခိုင်မာတဲ့ နိုင်ငံရေးပါတီတချို့ပဲ နောက်ဆုံး ကြွင်းကျန်ပါတယ်။


ဒီချုပ်ရဲ့ မဟာမိတ်အတွေ့အကြုံ
ဒီမိုကရေစီပါတီတွေ မဟာမိတ်ဖွဲ့စည်းပြီး ဆောင်ရွက်တာ ကောင်းတယ်ဆိုတဲ့ ယေဘုယျအမြင်ကတော့ ဘယ်တော့မှ ငြင်းစရာ မလိုပါဘူး။ ၁၉၈၈ နှောင်းပိုင်းနဲ့ ၁၉၈၉  ပထမနှစ်ဝက်အတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဟာ အဲဒီတွန်းအားတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်
ကလည်း ဒီမိုကရေစီပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ပါတယ်။ အဲဒီတုန်းက ဒီချုပ်ရဲ့ အတွင်းရေးမှူးတစ်ဦး ဖြစ်တဲ့ ဟံသာဝတီ ဦးဝင်းတင်က ဒီမိုကရေစီပါတီအတော်များများနဲ့ လိုက်လံတွေ့ဆုံပြီး ပါတီ ၄၀ကျော် (၄၂ပါတီလား၊ ၄၃ပါတီလား မသေချာပါ) နဲ့ ညီနောင်ပါတီများအဖြစ် မဟာမိတ်ဖွဲ့နိုင်ခဲ့ပါတယ်။ ဒီချုပ်နဲ့ မဟာမိတ်ပါတီများ စာရင်းကို တရားဝင်ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။
အဲဒီတုန်းက အပြန်အလှန်အသိအမှတ်ပြုခဲ့တဲ့ ဒီချုပ်နဲ့ မဟာမိတ်ပါတီ ၄၀ ကျော်ဟာ ရွေးကောက်ပွဲ မဟာမိတ်အထိ သွားကောင်းသွားနိုင်တယ်လို့ ကျွန်တော် နားလည်ထားပါတယ်။ သို့ပေမယ့် အဲဒီအဆင့်အထိ ဆွေးနွေးခဲ့တာ ကတိက၀တ်ပြုထားတာတော့ မရှိသေးပါဘူး။
အလားတူပဲ  ဒေါ်အောင်ဆန်းစုကြည်ကို န၀တခေါင်းဆောင်များနဲ့ တွေ့ဆုံဆွေးနွေးဖို့ တစ်ဦးတည်းသော ကိုယ်စားလှယ်အဖြစ် ပါတီပေါင်း ၁၀၄ပါတီက လက်မှတ်ရေးထိုး တာဝန်ပေး mandate တဲ့အခါမှာ ဒီချုပ်မဟာမိတ်ပါတီများအဖြစ် ထုတ်ပြန်ကြေညာတဲ့ထဲ မပါတဲ့ ပါတီ ၆၀ကျော်ကလည်း ပူးတွဲ လက်မှတ်ထိုးခဲ့ကြတာပါပဲ။ နောက်တော့လည်း အဲဒီတုန်းက အစည်းအဝေး တက်ရောက်ကြောင်းပဲ လက်မှတ်ထိုးခဲ့တာပါလို့ ကိုယ်လွတ်ရုံးသူတချို့လည်း ရှိခဲ့ပါသေးတယ်။


ကိုယ့်အိမ်ကိုယ်ဆောက်အယူအဆ

၁၉၈၉ ဇူလိုင် ၄ ရက်မှာ ဆရာ ဦးဝင်းတင် အဖမ်းခံရတယ်။ ဇူလိုင် ၂၀ မှာ ဒေါ်စု ထိန်းသိမ်းခံရတယ်။ တစ်နေ့တည်းမှာပဲ ကျွန်တော်တို့လည်း ထိန်းသိမ်းခံရပါတယ်။ တတ်သိပညာရှင်အုပ်စုက ဒေါ်စုကစလို့ ဆရာ ဦးဝင်းတင်၊ ဒေါ်မြင့်မြင့်ခင်၊ ဦးအောင်လွင်၊ ဆရာ မောင်သော်က၊ ဦးထွန်းတင်၊ ဦးမိုးသူ၊ ဒေါက်တာ တင်မျိုးဝင်း၊ ဦးကိုယု၊ ဒေါ်စမ်းစမ်းနွဲ့ သာယာဝတီ၊ ကျွန်တော်စသည်ဖြင့် တစ်စုတစ်ပြုံလုံး ပြင်ပလောကနဲ့ အဆက်ပြတ်နေခဲ့ကြပါတယ်။
ရွေးကောက်ပွဲမတိုင်ခင် တစ်လအလိုမှာ ဒေါ်မြင့်မြင့်ခင်၊ ဒေါ်စမ်းနွဲ့စမ်းနွဲ့နဲ့ ကျွန်တော်တို့ အင်းစိန်ကရှေ့ဆင့်နောက်ဆင့် လွတ်လာတော့ ရွေးကောက်ပွဲအတွက် အမတ်လောင်းတွေ အားလုံး မှတ်ပုံတင်ပြီးကြပြီး မဲဆွယ် ခရီးတွေ ထွက်နေကြပါပြီ။ ဒီချုပ်က ဘယ်သူနဲ့မှ ရွေးကောက်ပွဲ မဟာမိတ်မလုပ်ဖြစ်ခဲ့ဘူးလို့ သိရပါတယ်။ "အားလုံး ပြင်ဆင်ထားပြီးသည့်အခြေအနေမှာ ကိုယ့်အိမ်ကိုယ်ဆောက်ကြပါစို့"ဆိုတဲ့  ဗဟို လူကြီး နိုင်ငံရေးသမားဟောင်းကြီးတစ်ယောက်ရဲ့ စာတမ်းထွက်ခဲ့တဲ့အကြောင်း၊ အချို့သော မဟာမိတ်ပ်ါတီများနဲ့ ရွေးကောက်ပွဲ မဟာမိတ်လုပ်ဖို့ အကြံပြုတဲ့ ဦးခင်မောင်ဆွေ၊ ဦးကျော်မင်း၊ ဦးအုန်းကြိုင်၊ ဦးတင်ထွတ်စတဲ့ တတ်သိဗဟိုကော်မတီဝင်တချို့နဲ့ အခြေအတင် ဖြစ်ကြသေးကြောင်း စတာတွေ ကြားရပေမယ့် အားလုံး တကယ်လည်း ပြီးစီးနေပြီဖြစ်လို့ ကျွန်တော်တို့ ဘာမှ မတတ်နိုင်တော့ပါ။


ဝိဓုရရဲ့ စာတမ်းတစ်ခု
ရွေးကောက်ပွဲမှာ ဒီချုပ် အပြတ်နိုင်ပြီးချိန်မှာ ၀ိဓုရ သခင်ချစ်မောင်က သုံးသပ်ချက် စာတမ်းတစ်ခု ရေးသား ထုတ်ဝေခဲ့တာ နိုင်ငံရေး သင်ခန်းစာ မှတ်သားစရာ တစ်ခုပါပဲ။ ရှာဖွေ ဖတ်ရှုလေ့လာဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ သဘောအရဆိုရင် ၀ိဓုရသခင်ချစ်မောင်လိုပုဂိုလ်မျိုးတွေကို (လွှတ်တော်ခေါ်ဖြစ်တာ မခေါ်ဖြစ်တာ အပထား) ထိပ်တိုက် ရင်မဆိုင်ဘဲ ညှိနှိုင်းပြီး ရှောင်ပေးသင့်ပါတယ်။ အလားတူ ဘကြီးဦးအောင်သန်း (ဗိုလ်ချုပ်အစ်ကို)ရဲ့ ပြည်သူ့ဒီမိုကရေစီပါတီ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီစသည်တို့ကို အချို့နေရာတွေမှာ ဒီချုပ်က ရှောင်ပေးရင် မဟာမိတ်အင်အားကို ထိန်းသိမ်းရာ ရောက်နိုင်ပါတယ်။ အဲဒီတုန်းက ဒီချုပ်ကထုတ်ပယ်လိုက်ရတဲ့ ဥက္ကဌဟောင်းရဲ့ ပါတီမျိုးကျတော့ ရပ်တည်ချက်ချင်းကို မတူတဲ့အတွက် မဟာမိတ်ကိစ္စ စဉ်းစားဖို့ မရှိပါဘူး။ သူတို့ကလည်း စိတ်ဝင်စားမှု မရှိပါဘူး။


လစ်ဘရယ်အယူအဆလမ်းကြောင်း
၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်း၊ ဒီချုပ်က ၂၀၁၂ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲဝင်တော့လည်း အထားတူ အသံတချို့ ကြားခဲ့ပါသေးတယ်။ သို့ပေမယ့် ခုချိန်မှာတော့ ဒီချုပ်ရဲ့ သဘောထား ဘယ်လိုရှိမယ်ဆိုတာ ကျွန်တော် မသိပါ။ တိုင်းရင်းသားပါတီတွေနဲ့ကိစ္စကို
တော့ သီးသန့် စဉ်းစားရလိမ့်မယ်လို့ ယူဆပါတယ်။
အိန္ဒိယနိုင်ငံမှာ ကွန်မြူနစ်ပါတီလို လစ်ဘရယ်ဒီမိုကရေစီကို လက်မခံတဲ့ပါတီတွေကလွဲလို့ အင်အားကြီး ပါတီတွေဟာ လစ်ဘရယ် ဒီမိုကရေစီ လမ်းကြောင်းကို လိုက်နေကြပါတယ်။ သို့ပေမယ့် သူတို့ချင်း မဟာမိတ် မလုပ်နိုင်ကြပါဘူး။ တခါတလေ သည်းသည်းမည်းတောင် တိုက်ခိုက်နေကြပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်အင်အားကို ကိုယ်ယုံကြလို့ပါပဲ။ ကိုယ့်အိမ်ကိုယ်ဆောက်ကြမယ်ဆိုတာ လစ်ဘရယ်ဒီမိုကရေစီမှာ အင်အားကောင်းတဲ့ ပါတီတွေအကြား အတော် ရေပန်းစားပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ဒီငြိမ်းပါတီတို့၊ ဥက္ကဌဟောင်းရဲ့ ပါတီတို့ကလည်း သူ့သဘောသူ ဆောင်ပြီး ကိုယ့်အိမ်ကိုယ်ဆောက်ခဲ့ကြတာပါ
ပဲ။

၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ဘယ်လို အခြေအနေတွေ ဖြစ်ပေါ်လာမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ သက်ဆိုင်တဲ့ နိုင်ငံရေးပါတီများအနေနဲ့လည်း အလေးအနက် စဉ်းစားနေကြလိမ့်မယ်လို့ ယူဆပါတယ်။ ယခုဆောင်းပါးမှာတော့ ကျွန်တော့် အယူအဆပြောစရာ မရှိပါ။ ကာယကံရှင် နိုင်ငံရေးပ်ါတီများ စဉ်းစားကြတဲ့အခါ အသုံးချလိုက ချနိုင်မယ့် အချက်အလက်အချို့ကိုသာ တင်ပြလိုက်ခြင်း ဖြစ်ကြောင်းပါ။

၃၁ ၀၃ ၂၀၁၃
maungwuntha@gmail.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...