Tuesday, April 23, 2013

လျှောက်လမ်းမတူပေမဲ့ ပန်းတိုင်တူတယ်

by Phio Thiha (Notes) on Monday, April 22, 2013 at 9:04am
 
"နင်တို့က ကူညီပေးမယ်ပြောလာပြီးရင် ဒီမှာလာပြီး ချောင်လာလာထိုးတယ်"
"ခင်ဗျားတို့ NGO တွေက လုပ်ပေးမယ်ပြော၊ ပြီးရင် project က ဘာဖြစ်လို့ ညာဖြစ်လို့နဲ့၊ ကျွန်တော်တို့မှာ မျက်နှာအတော်ပျက်ရတယ်"
"NGO အချင်းချင်း စကားပြောရတာပဲ အဆင်ပြေတယ်ဗျာ၊ အစိုးရရုံးတွေ သွားပြီး ပြန်လာရင် လူဆိုတာ ဘယ်လိုကြီး ဖြစ်ဖြစ်လာမှန်းကို မသိဘူး"
ဒီစကားတွေကတော့ NGO မှာ လုပ်နေသူတွေနဲ့ အစိုးရ၀န်ထမ်းတချို့ရဲ့ တစ်ဖက်ကိုတစ်ဖက် အပြစ်မြင်နေကြတဲ့ စကားသံများပဲ ဖြစ်ပါတယ်။


ကျွန်တော် တစ်ခါရေးဖူးတယ်..

အာဏာရှင်စနစ် အော်တိုကရေစီကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့နေရာမှာ ယေဘုယျအနေနဲ့ အဆင့်၃ဆင့် ရှိပါတယ်၊ ထိန်းချုပ်မှုတွေ လျော့ပါးလာတဲ့ အဆင့် (Liberalization)၊ ကူးပြောင်းရေးအဆင့် (Transition) နဲ့ ခိုင်မာရေးအဆင့် (Consolidation) တို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လက်ရှိရောက်နေတာကတော့ အသွင်ကူးပြောင်းနေတဲ့ အဆင့်လို့ ဆိုရမှာပါ။ တကယ်တော့ နိုင်ငံတစ်နိုင်ငံမှာ ဒီမိုကရေစီစနစ် ခိုင်မြဲဖို့၊ နောက်ကြောင်းပြန်မလှည့်ဖို့အတွက် အရေးကြီးတဲ့အပိုင်း ၅ပိုင်းရှိပါတယ်၊ အဲဒါတွေကတော့..

(၁) အစိုးရအဖွဲ့အစည်း (Political society)
(၂) တရားဥပဒေ စိုးမိုးရေး (Rule of Law)
(၃) ဗျူရိုကရေစီယန္တရား (Bureaucracy)
(၄) စီးပွါးရေးအဖွဲ့အစည်း (Economic society)နဲ့
(၅) အရပ်ဘက်လူ့အဖွဲ့အစည်း (Civil society) တို့ပဲ ဖြစ်ပါတယ်။

ကျွန်တော် ၂၀၁၂ခုနှစ်အတွင်းက ပဲခူးဘက်ကို ပရဟိတအဖွဲ့တစ်ခုနဲ့ အခမဲ့ဆေးကုသရေးခရီးစဉ် လိုက်သွားရင်း အူကျလို့ ခွဲစိတ်ဖို့လိုနေတဲ့ ကလေးတစ်ယောက်ကို တွေ့ခဲ့ဖူးပါတယ်။ အဖွဲ့မှာပါလာတဲ့ သူတွေက ငွေကြေးလှူကြမယ်ဆိုတာနဲ့ အဲ့ဒီကလေးကို ရန်ကုန်ခေါ်ပြီး ခွဲစိတ်ပေးတဲ့နေရာမှာ လုပ်အားဒါန ၀င်ပါဖြစ်ခဲ့ပါတယ်။ ရန်ကုန်ကလေးဆေးရုံကြီးကို ရောက်၊ အကျိုးအကြောင်း ပြောပြတော့ အားလုံးက ၀မ်းပန်းတသာ ကြိုဆိုကြပါတယ်၊ ကျွန်တော် ၀င်လုပ်ဖြစ်နေတဲ့ ပရဟိတအဖွဲ့လေးအကြောင်းကိုလည်း မေးကြမြန်းကြပါတယ်။ အရေးပေါ်အခြေအနေ မဟုတ်လို့ ချက်ချင်းခွဲရက် မရပေမဲ့ အဲ့ဒီကလေး ပဲခူးကို ပြန်စရာ မလိုခဲ့ပါဘူး၊ တစ်ပတ်အတွင်း ခွဲဖြစ်သွားပါတယ်။ လိုအပ်တဲ့ဆေးတွေကို ဆေးရုံဘက်ကလည်း ကူညီပေးပါတယ်။ သတိထားမိသလောက် မေးကြည့်မြန်းကြည့်သလောက် အဟိန်းအဟောက်လည်း မခံလိုက်ရပါဘူး။ ကလေးရဲ့ မိဘတွေလည်း စိတ်ချမ်းသာ၊ ဆရာဝန်၊ ဆရာမတွေလည်း ပျော်ရွှင်၊ ကျွန်တော်တို့တွေလည်း ပီတိဖြစ်လို့ပေါ့။

အဲ့ဒီလို အနေအထားမျိုးဆန်ဆန်ပဲ ကျွန်တော် NGO မှာ ၀င်လုပ်ပြီး ၄လလောက်အကြာမှာ ထပ်ဖြစ်ပြန်ပါတယ်။ သွေးတွေ မတရားဆင်းပြီး ဖြူဖျော့နေတဲ့ အမျိုးသမီးတစ်ယောက်ကို တခြားသော ကျန်းမာရေးနဲ့ မသက်ဆိုင်တဲ့ NGO တစ်ဖွဲ့က ရွာသွားရင်း တွေ့တော့ အမြင်မတော်တာနဲ့ပဲ ဆေးခန်းပြရအောင် မြို့ပေါ် ခေါ်လာပါတယ်။ ဆေးရုံကိုလည်း တန်းမသွားရဲတော့ ကျွန်တော့်ဆီ အကူအညီလာတောင်းပါတယ်။ ကျွန်တော်ကလည်း ကိုယ်မကုနိုင်တဲ့ အနေအထားဆိုတော့ ဆေးရုံသွားရမယ်၊ ကျွန်တော်လည်း လိုက်ကူညီပေးပါမယ်ပေါ့။ ငွေကြေးအလှူလေးပါ နိုင်သလောက် ထည့်လိုက်ပါသေးတယ်။ အဲ့ဒါနဲ့ ဆေးရုံကို ရောက်တော့ ပထမပိုင်းမှာ တော်တော်အဆင်ပြေပါတယ်။ နောက် လူနာ wardထဲရောက်ပြီး အကျိုးအကြောင်း ပြောပြလိုက်တော့မှ အဲ့ဒီက တာဝန်ကျဆရာဝန်က ချောင်လာထိုးတယ်လို့ ပြောတာကို ခံလိုက်ရတော့တာပါပဲ။ အမှန်အတိုင်း ပြောရရင် စိတ်ထဲတော့ အတော်လေး မကောင်းဖြစ်သွားပါတယ်။ ရွာက လူနာတစ်ယောက် ဆေးရုံတင်ဖို့ လိုနေတာကို တွေ့လို့ ဆေးရုံကို ပို့ပေးတယ်၊ ဒါဟာ ချောင်လာထိုးတာလား၊ လူနာဆိုတာ သုံးမရတဲ့ပစ္စည်းတစ်ခုမှ မဟုတ်တာ၊ အမှန်ဆို ငွေကြေးအကူအညီပေးတာတောင် ပရဟိတအဖွဲ့တစ်ခုလို အများကြီး ရှိလို့ ပေးနိုင်တာ မဟုတ်ဘူး၊ ကိုယ့်ဝင်ငွေထဲက နိုင်သလောက်လေး ထည့်ဝင်ထားကြတာ၊ NGO ၀န်ထမ်းတွေအနေနဲ့ ဒီလူနာကို ခေါ်လာတာ မဟုတ်ပါဘူး၊ လူသားတစ်ယောက်အနေနဲ့ ကူညီသင့်လို့ ကူညီပေးတာပဲ ဖြစ်ပါတယ်။ ဒါကို ဒီလိုမျိုးပြောတော့ အတော်လေး စိတ်မကောင်းဖြစ်မိတယ်။ ပိုဆိုးတာက ဆရာဝန်မဟုတ်သော တခြားသူများရဲ့ ရှေ့မှာ ဖြစ်နေတာပါပဲ။ ဆရာဝန်မဟုတ်တဲ့သူတွေက လူနာကို အမြင်မတော်လို့ လာပို့တာကို Noble profession ဆိုတဲ့ ဆရာဝန်က ချောင်လာထိုးတယ် လို့ တုံ့ပြန်လိုက်တာဆိုတော့လည်း ကျွန်တော် မျက်နှာပျက်ရပြန်တာပေါ့။ နောက်မှ စိတ်လေးနည်းနည်းအေးသွားလို့ သေချာစဉ်းစားကြည့်လိုက်တော့မှ မြင်လာတာတစ်ခုက အဲ့ဒီတာဝန်ကျဆရာဝန်ဟာ ကျွန်တော်တို့ရဲ့ရှေ့မှာ NGO အဖွဲ့အစည်း ဘယ်လောက်များများနဲ့ ကြုံခဲ့ဆုံခဲ့ပြီးလို့ ဒီလိုဖြစ်နေရတာလဲ ဆိုတာပါပဲ။ ဒီဖြစ်စဉ်နှစ်ရပ်မှာ ကျွန်တော့်ရဲ့ အားထုတ်မှု၊ ကျွန်တော်တို့ရဲ့ စေတနာ၊ လူနာရဲ့ အခြေအနေ အားလုံးအတူတူပါပဲ။ တစ်ခုပဲ မတူတော့တာက ကျွန်တော်ဟာ အရင်ကတော့ ပရဟိတအဖွဲ့တစ်ဖွဲ့ကို ကိုယ်စားပြုခဲ့သူဖြစ်ပြီး ခုမှာတော့ NGO တစ်ခုမှာ အလုပ်ဝင်လုပ်နေသူ ဖြစ်နေတာပါပဲ။ ပရဟိတအဖွဲ့ဆိုတော့ ယုံကြည်တယ်၊ လေးစားတယ်။ NGO ကျတော့ သူတို့ကို လှည့်နေပတ်နေတဲ့ အဖွဲ့အစည်းလို့ မြင်နေကြပါတယ်။ ဒီတော့မှ သဘောပေါက်လိုက်တယ်၊ တကယ်တော့ ယုံကြည်မှုတည်ဆောက်ဖို့ လိုနေတာ ကချင်နဲ့ မြန်မာ့တပ်မတော်တင် မဟုတ်ဘူး၊ အစိုးရနဲ့ NGO တွေကြားထဲမှာလည်း လိုအပ်နေတာပဲ ဆိုတာပါပဲ။

ဒါဖြင့် ရိုးရိုးပရဟိတအဖွဲ့နဲ့ NGO ဘာကွာပါသလဲ။ ပရဟိတအဖွဲ့မှာ တစ်သက်လုံးတော့ အချိန်ပြည့်လုပ်လို့မရပါဘူး၊ ဒါဟာ ပေ၇ာ်ဖက်ရှင်နယ်တစ်ခု မဟုတ်လို့ပါ၊ ကုသိုလ်ရေးအနေနဲ့ လုပ်ကြတဲ့အလုပ်တစ်ခုပေါ့။ အဲဒီအတွက် တာဝန်ယူမှု တာဝန်ခံမှုဆိုတာလည်း မရှိပါဘူး၊ ကိုယ်ခေါင်းကိုက်နေတယ်၊ ဒီတစ်ခေါက် မလိုက်ချင်ဘူးဆိုလည်း ဘယ်သူကမှ ဘာမှမပြောပါဘူး။ NGO မှာလုပ်ရင်တော့ ထိုက်သင့်တဲ့ လခတစ်ခု ရပါတယ်၊ အဲ့ဒီလခနဲ့ တန်တဲ့ တာဝန်ဆိုတာ ပါလာပါတယ်၊ Valentines Day အတွက်နဲ့တော့ ခွင့်ယူလို့ မသင့်ပါဘူး။ ပရဟိတအဖွဲ့အနေနဲ့ ရွာတစ်ရွာကိုသွားလို့ လူနာသိပ်မလာဘူးဆိုလည်း ပြဿနာ မရှိပေမဲ့ NGO အနေနဲ့တော့ အစစအရာရာ သေချာစီစဉ်ပြီးတော့မှ ငွေကြေးအလေအလွင့် မရှိရအောင် ဆောင်ရွက်ကြရပါတယ်။ တကယ်တော့ NGO ဆိုတာလည်း ပရဟိတအဖွဲ့ပါပဲ၊ လစာပေး ခန့်အပ်ထားတဲ့ ၀န်ထမ်းတွေနဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေနဲ့ ရည်မှန်းချက်အတိအကျထား ဆောင်ရွက်နေတဲ့ ပရဟိတအဖွဲ့အကြီးစားလို့ ဆိုရမှာပေါ့။

ဒါပေမဲ့ မြန်မာပြည်က NGO တွေကို တကယ်ရော ပရဟိတအဖွဲ့လို့ မြင်ကြရဲ့လား၊ သူတို့ကိုယ်တိုင်ရော အဲ့ဒီပုံစံပေါက်နေရဲ့လား စဉ်းစားကြရပါမယ်။ ဒါမှ ဘာကြောင့် ယုံကြည်မှုပျက်ပြားနေကြရလဲ သိနိုင်မှာပါ။
ဘာကြောင့် ဒီလိုမျိုးတွေ ဖြစ်လာရတာလဲ စဉ်းစားမိသလောက် ဆွေးနွေးကြည့်ပါမယ်။

အာဏာရှင်နဲ့ အကြောက်တရား
NGO ဆိုတာကို မြန်မာလို တိုက်ရိုက်ဘာသာပြန်တော့ အစိုးရမဟုတ်သော အဖွဲ့အစည်းပေါ့။ အစိုးရနဲ့ မပတ်သက်ဘူး၊ လက်အောက်ခံ မဟုတ်ဘူး ဆိုတဲ့ အနေအထားတစ်ရပ်မှာ ရှိနေပါတယ်။ မြန်မာပြည်မှာတော့ NGO ဆိုရင် နိုင်ငံခြားက အလှူရှင်တွေရဲ့ ငွေနဲ့ ရပ်တည်နေတဲ့ အဖွဲ့တွေကိုမှ NGO လို့ ထင်တတ်ကြတယ်။ အမှန်တော့ မဟုတ်ပါဘူး၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတိုင်းသည် NGO ပါပဲ။ နာရေးကူညီမှုအသင်း၊ ရုပ်ရှင်အစည်းအရုံး၊ ဆရာဝန်အသင်း၊ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ ဒါတွေအားလုံးဟာ NGO တွေပဲ ဖြစ်ပါတယ်။ သဘောသဘာဝအရ အစိုးရရဲ့ လက်အောက်ခံမဟုတ်သလို၊ အစိုးရလောက်လည်း ကျယ်ကျယ်ပြန့်ပြန့် အလုပ်မလုပ်နိုင်ပါဘူး၊ တစ်ပိုင်တစ်နိုင်သဘောမျှသာ ဖြစ်ပါတယ်။ သဘောချင်းတူတဲ့နေရာတွေမှာ ပူးပေါင်းဆောင်ရွက်တာမျိုး ရှိသလို၊ တစ်ခါတစ်ရံမှာလည်း check & balance ထိန်းညှိဝေဖန်တဲ့ သဘောရှိပါတယ်။ (မြစ်ဆုံလိုကိစ္စမျိုးမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ NGO များဟာ ဒီတာဝန်ကို အပြည့်အ၀ ကျေပွန်ကြရပါတယ်) အဲ့ဒီမှာတင် အစိုးရနဲ့ NGO ထိပ်တိုက်တွေ့ကြရတာပါပဲ။ တစ်ဖက်က ဆင်းရဲနွမ်းပါးမှုဆိုရင် လက်ခံဖို့ဝေးလို့ အသံတောင် မကြားချင်ဘူး။ တစ်ဖက်ကလည်း ဒီလို ဒီလိုတွေ ဆင်းရဲနေတယ်၊ နွမ်းပါးနေတယ်လို့ ပြောပြနိုင်မှ ရပ်တည်နိုင်မဲ့ အနေအထားမှာ ရှိနေတယ်။ တစ်ဖက်က HIV ဝေဒနာသည်တွေကို ကူညီဖို့ ကြိုးစားနေကြတယ်၊ တစ်ဖက်ကတော့ ဒီလူနာစာရင်းကို ဖြစ်နိုင်သမျှ ခပ်နည်းနည်းပဲ ကြားချင်တယ်။ အဲ့ဒီတော့ အာဏာရှင်စနစ်အောက်မှာ NGO တွေဟာ ရှင်သန်ခွင့် မရကြပါဘူး။ အဲ့ဒီအတွက် report တွေပို့တဲ့အခါမှာ တကယ့်အစစ်အမှန်ဆိုတာထက် ဟိုဘက်က သဘောကျလောက်မဲ့၊ ကိုယ့်အလုပ်တွေ ဆက်လုပ်လို့ ရလောက်မဲ့ ပမာဏတွေကိုသာ တင်ပြကြရပါတော့တယ်။ အချိန်တွေကြာလာတဲ့အခါမှာတော့ အစိုးရနဲ့ NGO ကြားမှာ ယုံကြည်မှုပျက်ပြားလာပါတယ်။ အမှန်မကြားချင်လို့သာ သူတို့တင်သမျှ မျက်စိမှိတ်ထားပေမဲ့ တကယ်မဟုတ်ဘူးဆိုတာကိုလည်း တစ်ဖက်က သိနေပြန်ပါတယ်။

ကိုယ်တိုင်တော့ မကြည့်ဖူးပေမဲ့ ဆရာဦးရဲမြင့်ကျော်ရေးတဲ့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးပါတယ်။ ဇာတ်ကားလေးတစ်ကားအကြောင်းပေါ့။ မှတ်မိသလောက် ဖတ်လို့ကောင်းအောင် ပြန်ရေးပါမယ်၊ အဲ့ဒီကားထဲမှာ မင်းသားက နာမည်ကျော်ရှေ့နေတစ်ယောက်၊ သူလိုက်သမျှ အမှုတိုင်းနိုင်တယ်၊ မှန်တာ မမှန်တာ နောက်ထားပေါ့၊ အဲ့ဒီဘ၀မှာလည်း မင်းသားက အရမ်းပျော်နေတယ်။ တစ်နေ့မှာတော့ မမျှော်လင့်ဘဲ မင်းသားဟာ သူ့စိတ်က မရည်ရွယ်ပါဘဲနဲ့ ပါးစပ်က အမှန်တွေချည်း ပြောထွက်ထွက်သွားတာမျိုး ဖြစ်လာပါတယ်။ အဲ့ဒီမှာတင် သူလိုက်သမျှအမှုတိုင်း ရှုံးတော့တာပေါ့။ စိတ်ဓါတ်တွေလည်း အကြီးအကျယ်ကျရတယ်။ ဒါပေမဲ့ အချိန်တစ်ခု ကြာလာတဲ့အခါမှာတော့ လူအများရဲ့ ယုံကြည်မှုကို ရလာတယ်၊ အရင်ကတော့ သူ့အရည်အသွေးကြောင့် အောင်မြင်ခဲ့ပေမဲ့ ခုတော့ သူ့ရဲ့ ရိုးသားမှုက အောင်မြင်မှုရဲ့ အသက်သွေးကြော ဖြစ်လာတယ်။ သူ့ပါးစပ်က ထွက်လိုက်ရင်တော့ အဲဒါမှန်လို့ပေါ့ ဆိုတဲ့ အနေအထားမျိုး ဖြစ်လာတယ်။ မဟုတ်မမှန် လုပ်ထားတဲ့သူတွေလည်း သူ့ကို ရှေ့နေလိုက်ပေးဖို့ မငှားရဲတော့ဘူး။ တရားသူကြီးကလည်း အထွေအထူးတောင် စဉ်းစားနေစရာ မလိုဘူး၊ သူပြောတဲ့စကား နားထောင်လိုက်ရုံနဲ့တင် ပြီးတယ်ဆိုတဲ့ အနေအထားမျိုးတွေ ဖြစ်လာတာပေါ့။ နောက်ဆုံးမှာတော့ အမှန်တရားသာလျှင် အင်အားပါပဲ ဆိုတာကို ပြသွားတဲ့ ကားလေးပါ။ အမှန်ကို တင်ပြလို့မရတဲ့ အခြေအနေ၊ အရှိအရှိတိုင်း ပြောလို့မဖြစ်တဲ့ အနေအထားတစ်ရပ်မှာ အပေါ်က ပြောင်းတာကို စောင့်မှာလား၊ ကိုယ်က အရင်ပြောင်းပြီး အမှန်အမှန်တိုင်း ပြောမှာလား ရွေးချယ်ကြရပါမယ်။ ယနေ့ခေတ်မှာ ပျက်ပြားနေသမျှသော ယုံကြည်မှုတွေ ပြန်လည်တည်ဆောက်နိုင်ဖို့အရေးမှာ ရိုးသားမှုနဲ့ အကြောက်တရားကင်းမှုဟာ အင်မတန် အရေးပါလာပါတယ်။

ပွင့်လင်းမြင်သာမှု
နောက်ထပ်လူပြောသူပြော အများဆုံးကိစ္စကတော့ Transparency လို့ခေါ်တဲ့ ပွင့်လင်းမြင်သာမှုပေါ့။ ခုနောက်ဆုံး Myanmar Peace Center တောင်မှ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေ ထွက်လာလို့ ရှင်းရလင်းရ လုပ်ရသေးတယ်မဟုတ်လား။ ကိုယ်တိုင်တော့ မကြုံဖူးပေမဲ့ ဖေ့စ်ဘွတ်ပေါ်က ပို့စ်လေးတစ်ခုမှာတော့ NGO ၀န်ထမ်းတွေဟာ ကိုယ်တက်ရမဲ့ Training ရဲ့ ခေါင်းစဉ်ကိုတောင် မသိဘဲ Perdium ရရင်ပြီးရော လာတက်ကြတာမျိုး၊ ရိုးရိုးကား ငှားစီးသွားရင် ရရက်နဲ့ ကားကို စင်းလုံးငှားသွားတာမျိုးတွေ ရှိတယ် လို့ ရေးထားတာကို ဖတ်ဖူးပါတယ်။ အင်မတန် မှတ်သားစရာ ကောင်းပါတယ်။ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်တို့လို ဆရာတွေကိုယ်တိုင် ဝေဖန်ထားတဲ့ ကိစ္စဖြစ်လို့ မျက်လုံးမှိတ်ဇွတ်ငြင်းနေလို့တော့ မရပါဘူး။ အစိုးရနဲ့ ယုံကြည်မှုတည်ဆောက်နိုင်ဖို့အတွက် ဒါဟာလည်း အင်မတန် အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုပဲ ဖြစ်ပါတယ်

အစွန်းမရောက်ဖို့
နောက်တစ်ခုကတော့ NGO အဖွဲ့အတော်များများမှာ Core values လို့ခေါ်တဲ့ မိမိတို့ တန်ဖိုးထားတဲ့ အရာများ ရှိတတ်ပါတယ်။ ဥပမာ ကိုယ်က ရိုးသားမှုကို တန်ဖိုးထားတယ်ဆို ကိုယ့်လုပ်သမျှအလုပ်တိုင်းမှာ ရိုးသားမှုဟာ ထင်ဟပ်နေမှာပေါ့။ ကိုယ့်ရဲ့ core value က ပိုက်ဆံဆို ကိုယ်ဘာလုပ်လုပ် ငွေရမှလုပ်မယ်ဆိုတဲ့ အနေအထားမျိုးပေါ့။ အဲဒီိလို NGO တွေရဲ့ core value မှာ ပါသင့်တာတစ်ခုကတော့ မဇျိမပဋိပဒါ ဆိုတဲ့ အလယ်အလတ်လမ်းစဉ်ပါပဲ။ အစွန်းမရောက်သွားဖို့ သိပ်ကို အရေးကြီးပါတယ်။

ပထမတစ်တွဲကတော့ မှတ်တမ်းမှတ်ရာ မရှိခြင်း နဲ့ အဖြစ်လုပ်ခြင်းပါ။ ကျွန်တော်တို့ မြန်မာတွေ သိပ်အားနည်းတဲ့ အပိုင်းလို့ ဆိုရမလားပဲ၊ ဘာလုပ်လုပ် ဘာကိုင်ကိုင် မှတ်တမ်းတင်ထားလေ့ မရှိကြဘူး၊ အဲ့ဒီတော့ ကိုယ်က ဘယ်လောက်ကြီးပဲ ကြိုးစားကြိုးစား၊ ဘယ်သူမှ မသိဘူး၊ တစ်ယောက်ယောက်က စစ်ဆေးရေးဝင်တဲ့အခါမှာ အလဲအကွဲ ဖြစ်ကြရတော့တာပါပဲ။ နောက်တစ်ဖက်စွန်းကတော့ မှတ်တမ်းဝင်ရင် ပြီးတာပဲ ဆိုတဲ့ အနေအထားမျိုးပေါ့။ ဟောပြောပွဲတစ်ခု လုပ်တယ်၊ ဓါတ်ပုံတွေ ရိုက်တယ်၊ လက်ဆောင်တွေ ဝေတယ်၊ ဘယ်သူလာကြည့်ကြည့် ဟောပြောပွဲလုပ်လား ဆို လုပ်တယ်၊ လက်ဆောင်ဝေလား ဆို ဝေတယ်၊ ဒါပေမဲ့ တက်ရောက်နားထောင်တဲ့သူတွေ တကယ်အကျိုးရှိသွားလားဆိုတော့ မရှိဘူး၊ မရှိဆို ဟောပြောတဲ့အချိန်က ခဏလေး၊ ဟောမဲ့ပြောမဲ့သူတွေက သေချာမပြင်ဆင်လာ ဆိုမှတော့ ဘယ်လိုမှ အကျိုးမရှိနိုင်တော့ဘူး။ ဒါမျိုးတွေ များလာတဲ့အခါမှာ သူတို့က ဟန်ပြပဲ လုပ်နေတာပဲ ဆိုပြီး ယုံကြည်မှု ကင်းမဲ့လာကြပါတယ်။ အဖြစ်လုပ်တာနဲ့ အလုပ်ဖြစ်တာ ကွဲပြားကြရပါမယ်။

နောက်တစ်တွဲကတော့ Target ဆိုတဲ့ ရည်မှန်းချက်ကို ဂရုမစိုက်ခြင်းနဲ့ Target ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ် ဆိုတဲ့ စိတ်မျိုးမွေးခြင်းပါ။ ခုနကပြောခဲ့သလို အပျော်တမ်းဝင်လုပ်နေတဲ့ Volunteer မဟုတ်ပါဘူး၊ လခတစ်ခုကို ယူထားတဲ့ ၀န်ထမ်းတွေဖြစ်လို့ Target ဆိုတာကို ဂရုမစိုက်လို့တော့ မရပါဘူး၊ ပရော်ဖက်ရှင်နယ် ပီသကြရပါမယ်။ ဒါပေမဲ့လည်း Target ဆိုတာ တစ်ခုတည်း ခေါင်းထဲရှိုနေလို့တော့ မရပါဘူး၊ ကိုယ့်လုပ်ရပ်တွေရဲ့ ရေရှည်အကျိုးသက်ရောက်မှုကိုလည်း ထည့်စဉ်းစားရပါမယ်။ မဟုတ်ရင် ကိုယ်တွေလုပ်ပေးလိုက်တဲ့ ဆောင်ရွက်မှုတွေရဲ့ အရည်အသွေးဟာ ကျလာတတ်ပါတယ်။ တစ်ဆက်တည်းမှာပဲ အများရဲ့ ယုံကြည်မှုဟာ ကျဆင်းလာတော့တာပါပဲ။

Sustainable Development
ကြုံကြိုက်တုန်းမှာ ဖတ်ဖူးတာလေးတစ်ခု ပြောပါရစေ၊ Sustainable Development လို့ ခေါ်တဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုအကြောင်းပါ။ စဉ်ဆက်မပြတ်လို့ ဘာသာပြန်လိုက်တော့ အများရဲ့အမြင်မှာ Continuous & Successive Development လို့ အမှတ်မှားသွားကြပါတယ်။ ဥပမာ ကျွန်တော့ဆေးခန်းကို ဒီလ လူနာတစ်ရာ လာလို့ နောက်လ နှစ်ရာ၊ နောက်တစ်လကျ သုံးရာ၊ အဲ့ဒီလို တစ်ဆင့်တစ်ဆင့် တက်တက်လာတာကို Sustainable Development လို့ မသတ်မှတ်ပါဘူး။ တကယ်တော့ Sustainable Development ဆိုတာဟာ Future Generation ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မထိခိုက်ဘဲ လက်ရှိ Generation ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းခြင်းကို ခေါ်တာပါ။ အဲ့လိုမှ မဟုတ်ရင်တော့ ကိုယ်တာဝန်ယူနေတဲ့ ကာလမှာတော့ ဖွံ့ဖြိုးလို့ တိုးတက်လို့၊ ကိုယ်လည်း အလုပ်ထွက်သွားရော နောက်လူက ဘာမှကို လုပ်လို့မရတော့လောက်အောင် ဖြစ်ကျန်ခဲ့ရတာမျိုးတွေနဲ့ ကြုံရနိုင်ပါတယ်။

ပခုံးပေါ်က တာဝန်
ဆရာကြီး ဗန်းမော်တင်အောင်ရဲ့ စကားတစ်ခွန်းကို ကျွန်တော်သိပ်သဘောကျပါတယ်။
လူတစ်ယောက်ရဲ့တန်ဖိုးကို သူဖြတ်သန်းနေတဲ့ ခေတ်ကြီးက သူရဲ့ပခုံးပေါ် တင်ပေးလိုက်တဲ့ တာဝန်ကို ဘယ်လောက်ထမ်းဆောင်နိုင်ခဲ့တယ် ဆိုတဲ့အချက်နဲ့ပဲ တိုင်းရမှာပဲ ဆိုတဲ့ စကားပါ။

၈၈မျိုးဆက်တွေအတွက်တော့ အာဏာရှင်စနစ် ပြုတ်ကျပြီး ဒီမိုကရေစီ ရဖို့က သူတို့ပခုံးပေါ်က တာဝန်ပေါ့။ ဒါဆို ကျွန်တော်တို့ ၂၀၁၁ မျိုးဆက်တွေကရော၊ ရလုရခင် ဖြစ်နေတဲ့ ဒီမိုကရေစီစနစ် နောက်ပြန်လှည့်မသွားဖို့ ပိုမိုခိုင်မြဲဖို့ဟာ ကျွန်တော်တို့ရဲ့ ခေတ်ကြီးက ပေးလိုက်တဲ့ တာဝန်ပေါ့။ ကျွန်တော်တို့တွေ ဒီတာဝန်ကိုသာ ကျေမယ်ဆို တန်ဖိုးမြင့်တဲ့ လူတွေဖြစ်လာမှာ ဖြစ်သလို၊ နောင်နှစ်ပေါင်း ၅၀၊ ၁၀၀ ကြာတဲ့အချိန်မှာ ရှိနေမဲ့ လူတွေရဲ့ ပခုံးပေါ်က တာဝန်ကလည်း ပြောင်းသွားမှာပေါ့၊ မြန်မာနိုင်ငံတော်ကြီးကို ကမ္ဘာ့နံပါတ်တစ်နိုင်ငံတစ်ခု ဖြစ်လာစေဖို့ ဆိုတာမျိုး ဖြစ်နေနိုင်တယ်လေ။

ဒါဆို ခုလောလောဆယ် ဒီတာဝန်ကို ဘယ်လို ထမ်းဆောင်ကြမလဲ။ လွှတ်တော်ထဲ ၀င်မှမဟုတ်ပါဘူး၊ လွှတ်တော်ထဲလည်း ကျွန်တော်တို့အားလုံး ၀င်နေလို့ မရပါဘူး။ ဒီမိုကရေစီစနစ် ခိုင်မာဖို့၊ အပြောင်းအလဲတွေ ရှေ့ကိုပဲ ဦးတည်နေဖို့ အစိုးရ (State)၊ ပုဂလိက (Private) နဲ့ အရပ်ဘက်လူ့အဖွဲ့အစည်း (Civil Society) ကဏ္ဍ(၃)ခုကြားက ပူးပေါင်းဆောင်ရွက်မှုဟာ သိပ်ကိုအရေးကြီးပါတယ်။ ခုခါမှာတော့ လွတ်လပ်စွာ အသင်းဖွဲ့စည်းနိုင်ခွင့်နဲ့အတူ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ တော်တော်များများတော့ ပေါ်ထွက်လာနေပါပြီ။ ပေါ်လာတိုင်းလည်း မရသေးပါဘူး။ အားကောင်းဖို့လည်း လိုပါသေးတယ်။ အဲဒီအတွက်တော့ သုံးဖက်စလုံးမှာ အပြန်အလှန် လေးစားမှု ယုံကြည်မှုတွေ ရှိကြရပါမယ်။ Us & Them ဆိုတဲ့ အမြင်မျိုး မဟုတ်ဘဲ ငါတို့အားလုံးဟာ ငါတို့မြန်မာနိုင်ငံအတွက် မြန်မာနိုင်ငံသူ နိုင်ငံသားတွေအတွက် အလုပ်လုပ်နေကြတာ ဆိုတဲ့ အမြင်မျိုး ရှိကြဖို့တော့ လိုပါတယ်။ လျှောက်လမ်းချင်းတော့ မတူဘူးပေါ့ဗျာ၊ ဒါပေမဲ့ ပန်းတိုင်ချင်း တူနေတာပဲ၊ ဘာဖြစ်လို့ လက်မတွဲနိုင်ကြရမှာလဲ၊ မယုံကြည်နိုင်ရမှာလဲ၊ မလေးစားနိုင်ကြရမှာလဲ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...